News @ M-Media

Tag: Public Health

  • HIV/AIDS ကုသရေး ဒေါ်လာ ၅ သန်း ပိုသုံးမည်ဟု  ကျန်းမာရေးဝန်ကြီး ဦးသန်းအောင်  ပြော

    HIV/AIDS ကုသရေး ဒေါ်လာ ၅ သန်း ပိုသုံးမည်ဟု ကျန်းမာရေးဝန်ကြီး ဦးသန်းအောင် ပြော

    အောက်တိုဘာ ၁၈ ၊ ၂၀၁၄
    M-Media
    20141017_Myanmar_632
    – မြန်မာနိုင်ငံအတွင်း HIV ကုသရေးလုပ်ငန်းအတွက် ရန်ပုံငွေကို အမေရိကန် ဒေါ်လာ ၅ သန်း တိုးမြှင့်သုံးစွဲသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဦးသန်းအောင် က ကုလအတွင်းရေးမှူးချုပ်၏ အာရှ-ပစိဖိတ် ဒေသ AIDS ရောဂါဆိုင်ရာ အထူးကိုယ်စားလှယ် ဂျေဗီအာရ် ပရာဆာဒါ ရာအိုအား ကတိပြုခဲ့သည်ဟု သိရသည်။

    မစ္စတာရာအိုမှာ AIDS ရောဂါ ကာကွယ်ရေးလုပ်ငန်းများအား လျင်လျင်မြန်မြန်နှင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ၏ အားထုတ်မှုများကို ထောက်ခံအားပေးရန်အတွက် မြန်မာနိုင်ငံသို့ ၅ ရက်ကြာ လာရောက်ခဲ့ပြီး အောက်တိုဘာ ၁၇ ရက်နေ့က ပြန်လည် ထွက်ခွာသွားခဲ့သည်။

    မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံနေရသူ ဦးရေမှာ ၁၉၀၀၀၀ ရှိပြီး ၂၀၁၃ ခုနှစ်အတွင်းမှာပင် ထပ်မံကူးစက်သူဦးရေမှာ ၆၇၀၀ ခန့် ရှိခဲ့သည်။

    ထိုပမာဏထဲမှ ၂၀၁၃ခုနှစ်တွင် ဆေးကုသမှုခံယူနေသူ အရေအတွက်မှာ ၆၅၀၀၀ သာရှိပြီး ယခုကဲ့သို့ ရန်ပုံငွေ တိုးမြှင့်မှုကြောင့် HIV ပိုး ကူးစက်ခံနေရသူ လူနာ ၄၀၀၀၀ ကျော်အား ထပ်မံ၍ ဆေးဝါးများ ပေးအပ်နိုင်မည်ဖြစ်ကာ ရောဂါကူးစက်နေသူများ ၈၅ ရာခိုင်နှုန်းအထိ ကုသနိုင်လာမည်ဟု ကျန်းမာရေးဝန်ကြီးဌာက တွက်ချက်ထားသည်။

    ထို့ပြင် ရာနှုန်းပြည့်ကုသနိုင်ရေး ကုန်ကျစားရိတ်များကို တွက်ချက်နိုင်ရန်အတွက် ဌာနလက်အောက်ရှိ ၀န်ထမ်းများအနေဖြင့် UNAIDS နှင့် ပူးတွဲလုပ်ဆောင်ရန် ကျန်းမာရေး ၀န်ကြီးဌာနက တိုက်တွန်းထားသည်။

    မစ္စတာ ရာအိုကမူ AIDS ရောဂါအား တုံ့ပြန်ရာတွင် မြန်မာနိုင်ငံ၏ ယခုကဲ့သို့ ကတိပြုခဲ့မှုအား ကြိုဆိုပါကြောင်း၊ ၂၀၃၀ ခုနှစ်တွင် AIDS ရောဂါ ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားရေး ရည်မှန်းချက်အတွက် ခိုင်မာသော အားပေးဆောင်ရွက်မှုကို မြန်မာခေါင်းဆောင်များအနေဖြင့် တိုးချဲ့ပြုလုပ်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

    ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် HIV ပိုး ကူးစက်နေသူ ၁၀၀၀၀ အတွက်  opioid substitution therapy နည်းလမ်းဖြင့် တိုးချဲ့ကုသနိုင်ရေး ကန်ဒေါ်လာ ၁ သန်း ထပ်မံ သုံးစွဲသွားမည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက ကတိပြုခဲ့သည်။

    မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲသူများ၊ လိင်အလုပ်သမားများ၊ လိင်တူဆက်ဆံသူများမှာ HIV ပိုးကူးစက်နိုင်မှု အန္တရာယ် မြင့်မားလျက်ရှိနေသည်။

    ref_ UN AIDS

  • သိထားရန် လိုအပ်တဲ့ အီဘိုလာ ဗိုင်းရပ်စ် အကြောင်း

    သိထားရန် လိုအပ်တဲ့ အီဘိုလာ ဗိုင်းရပ်စ် အကြောင်း

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media

    – ယခုနှစ် အစောပိုင်း အနောက်အာဖရိကနိုင်ငံတစ်ချို့မှာ စတင်ပေါ်ပေါက်လာခဲ့တဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးဟာ အခုအချိန်မှာ အရှိန်အဟုန်နဲ့ ကူးစက်ပြန့်နှံ့နေ ပါတယ်။ သေဆုံးသူ ၃ ထောင်နီးပါးရှိလာပြီး ကူးစက်သူတွေဟာလည်း တစ်နေ့တစ်ခြား များလာနေပါတယ်။ ယခုနောက်ဆုံး အမေရိကန်နိုင်ငံမှာတောင် အီဘိုလာကူးစက်နေသူ တစ်ဦးကို တွေ့ရှိခဲ့ရပြီး ကုသမှုတွေ ပြုလုပ်နေပါတယ်။ ဒါကြောင့် အီဘိုလာအကြောင်း သိသင့်တာတွေကို M-Media ပရိတ်သတ်ကြီး အတွက် ဖော်ပြပေးလိုက်ပါတယ်။

    140926175630-ebola-health-workers-story-top

    အီဘိုလာဟာ ကူးစက်နိုင်တဲ့ ရောဂါပါ။ ဒါပေမယ့် ပထမဆုံးသိရမှာက အလွယ်တကူ ကူးစက်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ သာမန်အဖျားရောဂါလို ချောင်းဆိုးတာ၊ နာစေးတာမျိုးတွေကနေ လေထဲမှာပြန့်ပြီး ကူးစက်တာမျိုး မဟုတ်ပါဘူး။ အီဘိုလာဟာ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကို မကြာခဏ ထိတွေ့တာကနေတစ်ဆင့် ကူးစက်နိုင်ပြီး ရောဂါ လက္ခဏာပြတဲ့ သူတွေဆီကနေလည်း ကူးစက်နိုင်ပါတယ်။

    အီဘိုလာရှိသူတွေ နေမကောင်းဖြစ်ရင်…..

    ဗိုင်းရပ်စ်ပိုးအမျာစုဟာ ခန္ဓာကိုယ်မှာ ပုံးအောင်နိုင်ပြီး ကူးစက်နေတဲ့သူမှာ ဘာလက္ခဏာမှ မပြဘဲ လူတစ်ယောက်ကနေ နောက် တစ်ယောက်ဆီကို ကူးစက်ပြန့်နှံ့နိုင်ပါတယ်။ အီဘိုလာကတော့ ဒီလိုမဟုတ်ပါဘူး။

    “အီဘိုလာကူးစက်ခံထားရတဲ့လူတစ်ယောက် နေမကောင်း မဖြစ်မချင်း ဒီပိုးဟာ ကူးစက်ပြန့်နှံ့မှု မရှိပါဘူး။ အဖျားနဲ့ အခြားသော ရောဂါ လက္ခဏာတွေမရှိတဲ့ သူတွေဆီကနေလည်း အီဘိုလာဟာ မပြန့်နှံ့ပါဘူး” လို့ အမေရိကန် ရောဂါဘယ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး စင်တာ CDC မှ ဒါရိုက်တာ ဒေါက်တာ သောမတ်စ် ဖရိုင်ဒန်က ဆိုပါတယ်။

    အီဘိုလာဗိုင်းရပ်စ်ပို ပေါက်ဖွား ပြန့်နှံ့ချိန်ဟာ ၂ ရက်ကနေ ၂၁ ရက်အထိရှိပြီး ရောဂါလက္ခဏာတွေကတော့ ရောဂါပိုးကူးစက်ပြီး ၈ ရက်ကနေ ၁၀ ရက်အတွင်းမှာ ရုတ်တရက် ပြလာတတ်ပါတယ်။

    အီဘိုလာရှိသူတွေ ကျန်းမာရေးယိုယွင်းလာလေလေ သူတို့ဆီကနေ အလွယ်တကူ ရောဂါကူးစက်နိုင်လေလေပဲလို ကျွမ်းကျင်သူများက ဆိုပါတယ်။ ပြီးတော့ လူနာသေဆုံး သွားပြီးတဲ့နောက်မှာလည်း အလောင်းကထွက်တဲ့ အရည်တွေ ကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါသေးတယ်။

    ခန္ဓာကိုယ်တွင်းက အရည်ဆိုတာ…..

    သွေး၊ ချွေး၊ ကျင်ကြီး၊ အန်တဲ့အရည်၊ သုတ်သွေးနဲ့ တံတွေးတွေဖြစ်ပြီး အခြေခံအားဖြင့် ခန္ဓာကိုယ်ကထွက်တဲ့ အရည်တိုင်းကို ဆိုလိုပါတယ်။ ချွေးကတစ်ဆင့် ကူးစက်နိုင်တာကြောင့် အီဘိုလာပြန့်နှံ့နေတဲ့ အနောက်အာဖရိက ပြည်သူတွေဟာ အချင်းချင်း လက်ဆွဲနှုတ်တာ၊ ဖက်လှဲတကင်းနှုတ်ဆက်တာမျိုးတွေတောင် မလုပ်ကြတော့ပါဘူး။

     

    1397220833296

    ရောဂါပိုး မကူးစက်သေးတဲ့သူတွေဟာ ချွေးက တစ်ဆင့် ရောဂါပိုးတွေ ၀င်ရောက်နိုင်တဲ့ သူတို့လက်ရဲ့ အရေပြားကို ဂရုစိုက်မှုတွေ လုပ်နေရတယ်လို့ အီဘိုလာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ ဆန်ဂျေး ဂွပ္ပတာက ဆိုပါတယ်။

    “ကျွန်တော်တို့ရဲ့ အရေပြားတွေကို အသေးစား ဂရုစိုက်မှုတွေ လုပ်ပေမယ့်လည်း ချွေးကနေ တစ်ဆင့် ဗိုင်းရပ်စ်ပိုး ၀င်ရောက်နိုင်ချေ ရှိနေပါသေးတယ်” လို့ သူက ပြောခဲ့ပါတယ်။

    အီဘိုလာရောဂါသည်တွေကို နိစ္စဓူဝ ထိတွေ့ဆက်ဆံနေရတဲ့ ကျန်းမာရေး ၀န်ထမ်းတွေ၊ မိသားစုဝင်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဟာ ရောဂါပိုးကူးစက်နိုင်တဲ့ အန္တရာယ် အမြင့်ဆုံးမှာ ရှိနေတယ်လို့ CDC က ဆိုပါတယ်။ အီဘိုလာရောဂါပိုး ကူးစက်ခံရသူတွေဟာ အလွန်အမင်း အန်မယ်၊ ၀မ်းလျှောမယ်၊ အဖျားအရမ်းကြီးမယ်။ ပြီးတော့ ချွေးအလွန် ထွက်တာတွေလည်း ဖြစ်တတ်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ရဲ့ မျက်စိတွေ၊ ပါးစပ်နဲ့ အခြားသော ဒွါရပေါက်တွေကနေ သွေးတွေထွက်လာ ပါတော့တယ်။

    “ဒါဟာ လေပေါ်ကနေပဲ ဆောင်ရွက်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေ ဒါမှမဟုတ် သွေးတွေနဲ့ မကြာခဏ တိုက်ရိုက် ထိတွေ့ဖို့ လိုအပ်တာမျိုးတွေ ရှိပါတယ်” လို့ CDC က ရောဂါပိုး ကူးစက်သူတွေကို ပြောင်းရွှေ့ပေးခြင်းနှင့် သီးသန့်ခွဲထားမျိုးတွေ လုပ်ဆောင်ပေးနေတဲ့ ဌာနက ဒါရိုက်တာ ဒေါက်တာ မာတီ စီထရွန်က ဆိုပါတယ်။

    အီဘိုလာ ဘယ်လောက်ထိအသက်ရှင်လဲ……

    ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေနဲ့အတူ အပြင်ကိုရောက်လာတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးဟာ ရက်အနည်းငယ်လောက် ဆက်လက် အသက်ရှင်နိုင်တယ်လို့ ယုံကြည်ရပေမယ့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကတော့ ကလိုရင်း၊ အပူ၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်တွေဟာ အဲဒီဗိုင်းရပ်စ်ကို သေစေတယ်လို့ ပြောကြပါတယ်။

    လေကြောင်းခရီးသွားလာမှုကနေ အီဘိုလာဟာ ကမ္ဘာတစ်ဝှမ်းကို ပြန့်နှံ့နိုင်သလား…..

    အနောက်အာဖရိကက အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်နေသူ တစ်ယောက်ဟာ လေကြောင်းခရီးကနေ အခြားတစ်နိုင်ငံကို ရောက်သွားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အမေရိကန်က လိုက်ဘေးရီးယားတစ်ဦး အီဘိုလာကူးစက်နေတာက ထင်ရှားတဲ့ သာဓက တစ်ခုပါပဲ။ ဒါပေမယ့် ဒီလိုလေကြောင်းခရီးစဉ်မှာ ရောဂါပိုးပြန့်နှံ့နိုင်တဲ့ အခွင့်အလမ်းတွေကတော့ နည်းပါးပါတယ်။ ဒီခရီးသည်ဟာ သွေးလျှံတာမျိုး၊ အလွန်အမင်း ချွေးထွက်တာမျိုး ဒါမှမဟုတ် ကိုယ့်အပေါ် အန်ချတာမျိုးဖြစ်မှသာ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တာပါ။

    “အီဘိုလာကူးစက်ကြောင်း ရောဂါလက္ခဏာပြနေတဲ့ လူတစ်ယောက်ဟာ ကောင်းကောင်းမွန်မွန် ခရီးသွားနိုင်လောက်တဲ့ ခံစားမှုမျိုးရဖို့ အလားအလာ မရှိပါဘူး” လို့ နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေး အဖွဲ့က ဆိုပါတယ်။

    ခရီးသွားတွေကတော့ ရောဂါပိုး ဖြစ်ပွားနေတဲ့ဒေသတွေကိုရှောင်ကျဉ်ဖို့၊ အီဘိုလာကူးစက်နေသူ လူနာတွေနဲ့ ထိတွေ့တာမျိုးတွေကို ရှောင်ကျဉ်ဖို့ စတဲ့ ကြိုတင် ကာကွယ်မှုတွေ သတိရှိမှုတွေ လိုအပ်ကြောင်းပါ။

    ** CNN သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ “How the Ebola virus spreads” ဆောင်းပါးကို လေးမောင်(M-Media) ဘာသာပြန်တင်ဆက်ပါသည်။

  • ဓာတ်ခွဲစစ်ဆေးမှုအရ ကူးစက်မြန် အီဘိုလာ သံသယရှိသူများ ရောဂါပိုး လုံးဝ မရှိကြောင်း သိရှိရ

    ဓာတ်ခွဲစစ်ဆေးမှုအရ ကူးစက်မြန် အီဘိုလာ သံသယရှိသူများ ရောဂါပိုး လုံးဝ မရှိကြောင်း သိရှိရ

    စက်တင်ဘာ ၂ ၊ ၂၀၁၄
    M-Media

    ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းဆောင်ရွက်မှု အရ ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိသော လူနာနှင့် ၎င်းနှင့် အနီးကပ်ထိတွေ့သူ (၄)ဦးတို့၏ ကျန်းမာရေး အခြေအနေမှာ လုံးဝကောင်းမွန်လျက် ရှိကြောင်း သိရှိရပါသည်။

    ၎င်းတို့ (၅)ဦး၏ ဓာတ်ခွဲနမူနာကို ကူးစက်မြန် အီဘိုလာရောဂါ ဟုတ်-မဟုတ် အတည်ပြုနိုင်ရန် (၂၉-၈-၂၀၁၄) ရက်နေ့တွင် ဂျာမနီနိုင်ငံ၊ ဟန်းဘတ်မြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ (၅)ဦးစလုံး၏ ဓာတ်ခွဲနမူနာတွင် ကူးစက်မြန်အီဘိုလာ ရောဂါပိုး လုံးဝမရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

    ဩဂုတ် (၁၉) ရက်နေ့ ညပိုင်းက အီဘိုလာ ပြန့်ပွားနေသည့် အာဖရိက အနောက်နိုင်ငံ တခုတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် မြန်မာနိုင်ငံသား တစ်ဦး၌ အဖျားရောဂါတွေ့ရှိပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကျန်းမာရေးအဖွဲ့က သံသယ လူနာအဖြစ် သတ်မှတ်၍ ဝေဘာဂီ အထူးကု ဆေးရုံသို့ လွှဲပြောင်းပြီး လိုအပ်သော ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများပြုလုပ် ခဲ့ခြင်းဖြစ်သည်။

    ကိုးကား- MOI

  • ရန်ကုန်ဆေးရုံကြီးတွင် စက်တင်ဘာ ၁ ရက် မှ စပြီး Ultrasound၊ Digital X-Ray အခမဲ့ရိုက်ပေးတော့မည်။

    ရန်ကုန်ဆေးရုံကြီးတွင် စက်တင်ဘာ ၁ ရက် မှ စပြီး Ultrasound၊ Digital X-Ray အခမဲ့ရိုက်ပေးတော့မည်။

    သြဂုတ် ၂၉၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။       ။ရန်ကုန်တိုင်းဆေးရုံကြီးတွင် အရေးပေါ်လူနာတွေနှင့် အတွင်းလူနာများအတွက် ကျန်းမာရေးအထောက်အပံ့ပစ္စည်းများကို ရရှိတော့မည်ဖြစ်ကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

    စက်တင်ဘာ ၁ရက်နေ့မှစတင်ကာ အရေးပေါ်လူနာများအတွက် အခြေခံဓာတ်ခွဲစမ်းသပ်မှုများ၊ Digital X-Ray ရိုက်ကူးမှုတွေနဲ့ Ultrasound ရိုက်ကူးမှုများကို အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ပြီး အတွင်းလူနာများအတွက် အချို့သော စမ်းသပ်မှုများကို အခမဲ့စစ်ဆေးမှုများ၊ အခြေခံဆေးဝါးများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများကို ထောက်ပံ့ပေး သွားမည်ဆိုပြီး ထုတ်ပြန်ကြေငြာထားပါသည်။

    ယခု သြဂုတ်လ ၁ ရက်နေ့မှစတင်ကာ အတွင်းလူနာများအား သွေးသွင်းမှုများကို အခမဲ့ လုပ်ဆောင်ပေးနေသည်ဖြစ်ပြီး ပြင်ပ လူနာများအတွက် ဆေးမှတ်တမ်းစာ အုပ်များကိုလည်း အခမဲ့ပြုလုပ်ပေးလျက်ရှိသည်။

    “ယခင်က ဆေးရုံလာပြရင် ပိုက်ဆံကုန်တယ်။ မတတ်နိုင်လို့ ဆေးရုံကြီးမှာလာပြရတာလေ။ အခုတော့ နောက်လကနေစပြီး အခမဲ့တွေရတော့မယ် ဆိုတော့ တော်တော် အဆင်ပြေသွားမယ် ထင်ပါတယ်။ အခုလို သတ်မှတ်ပေးတဲ့ သက်ဆိုင်ရာက လူတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ရန်ကုန်ဆေးရုံကြီးတွင် လာရောက်ပြသနေသူ  အဘွားအိုတစ်ဦးက ပြောသည်။

    ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် အသုံးစရိတ်ကို နှစ်ဆတိုးမြှင့်သုံးစွဲလာသည်ဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသသော လူနာများအတွက် လိုအပ်သော ပစ္စည်းများ ၀ယ်ယူသုံးစွဲနိုင်ရေးအတွက်လည်း ရန်ပုံငွေအား တိုးမြှင့်ချထားပေးဖြစ်ပါတယ်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိပါသည်။

  • “အရှေ့တောင်အာရှတွင် ပျံ့နှံ့လာသော ဆေးမတိုးသည့် ငှက်ဖျားရောဂါ”

    “အရှေ့တောင်အာရှတွင် ပျံ့နှံ့လာသော ဆေးမတိုးသည့် ငှက်ဖျားရောဂါ”

    သြဂုတ် ၇ ၊ ၂၀၁၄
    M-Media
    ရေးသားသူ- မီလာ
    10561634_337755339714304_186576658486489339_n
    ငှက်ဖျားရောဂါ ကုသရာမှာ အသုံးပြုတဲ့ အာတီမီတာ၊ အာတီဆူနိတ် အစရှိတဲ့ အာရ်တီမီဆလင်းဆေးယဉ်ပါး တဲ့ ငှက်ဖျားရောဂါပိုး (Artemisinin resistant parasites) ဟာ ကမ္ဘောဒီယား၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် နယ်စပ်မှာ လျှင်မြန်စွာ ပျံနှံ့လာပြီလို့ သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ ဆေးမတိုးတဲ့ ငှက်ဖျားရောဂါဟာ မြန်မာနိုင်ငံအလယ်ပိုင်း၊ လာအိုနိုင်ငံ တောင်ပိုင်းနဲ့ ကမ္ဘောဒီယား အရှေ့မြောက်ပိုင်းတွေ မှာပါ တွေ့ရှိလာ ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာဖရိကတိုက်ရှိ ကင်ညာ၊ နိုင်ဂျီးရီးယားနဲ့ ကွန်ဂိုနိုင်ငံတွေမှာ တော့ Artemisinin resistant parasites ကို မတွေ့ရသေးကြောင်း ဖော်ပြထားပါတယ်။

    ငှက်ဖျားရောဂါဟာ အပူပိုင်းဒေသ (tropical zone) နဲ့ အပူလျော့ပိုင်းဒေသ (subtropical zone) တွေမှာ အဖြစ်များတဲ့ရောဂါဖြစ်ပြီး အာရှ၊ အမေရိကနဲ့ အာဖရိကတိုက်မှာ အဓိက တွေ့ရတဲ့ရောဂါပါ။ Parasite (ကပ်ပါးရောဂါပိုး) ကြောင့် ဖြစ်ပွါးပြီး ခြင်ကိုက်ရာမှ တဆင့် ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ ယခင်ကတော့ Plasmodium falciparum, P. vivax, P.ovale နဲ့ P.malariae အစရှိတဲ့ ရောဂါပိုး မျိုးစိတ်လေးမျိုးကပဲ လူတွေမှာ ငှက်ဖျားရောဂါ ဖြစ်စေတယ်လို့ သိခဲ့ပေမယ့် ၁၉၆၅ နောက်ပိုင်းကစပြီး ပရိုင်းမိတ်တွေမှာ ကူးစက်တဲ့ P. knowlesi  ဆိုတဲ့မျိုးစိတ်ဟာလည်း လူကိုကူးစက်နိုင်ပြီး ငှက်ဖျားရောဂါဖြစ်စေတယ်လို့ ရှာဖွေတွေ့ရှိလာပါတယ်။ ယခင်က P. falciparum တစ်မျိုးတည်းကသာ ပြင်းထန်တဲ့ ငှက်ဖျားရောဂါ (severe malaria) ဖြစ်စေတယ်လို့ ယူဆထားပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ P. vivax  ကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ ငှက်ဖျားရောဂါဝေဒနာရှင်တွေ တော်တော်များများတွေ့လာရပါတယ်။

    တကယ်တော့ ဆေးမတိုးတဲ့ ငှက်ဖျားရောဂါပိုးတွေဟာ ထိုင်း၊ မြန်မာ နဲ့ ကမ္ဘောဒီယားနယ်စပ်တွေမှာ ရှေးယခင်ကတည်းက စတင်ပေါ်ပေါက်လေ့ ရှိပြီး ဒီနယ်စပ်ဒေသကို  “ဆေးမတိုးသော ငှက်ဖျားပိုး စတင်ရာနေရာ” (” birth place of drug resistant parasites”) လို့ ညွှန်းဆို သုံးစွဲကြပါတယ်။ ၁၉၅၀ လောက်မှာ ငှက်ဖျားရောဂါကို ကုသဖို့ ကလိုရိုကွင်း (chloroquine) ငှက်ဖျားဆေးကို စတင် သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် ကလိုရိုကွင်းကို ဆေးမတိုးတော့တဲ့ အတွက် Sulfadoxine and Pyrimethamine ကို အစားထိုး သုံးစွဲခဲ့ပါတယ်။ နှစ်အနည်းငယ် အတွင်းမှာပဲ Sulfadoxine-Pyrimethamine ကို ဆေးမတိုးတဲ့ ပိုးတွေ ထပ်မံပေါ်ပေါက်လာပြန်တဲ့အတွက် Artemisinin ဒြပ်ပေါင်းပါဝင်တဲ့ ဆေးဝါးကို အစားထိုးအသုံးပြုလာရပါတယ်။

    Chloroquine နဲ့ Sulfadoxine-Pyrimethamine ဆေးမတိုးတဲ့ ငှက်ဖျားရောဂါပိုးတွေဟာ အာရှတိုက်မှာ စတင်ပေါ်ပေါက်လာပြီး အာဖရိကတိုက်အထိပျံ့နှံ့သွားခဲ့ပါတယ်။ ငှက်ဖျားရောဂါကို ကုသနိုင်တဲ့ ဆေးဝါးအုပ်စုဟာ သိမ်မများလှတဲ့အပြင် ဆေးယဉ်ပါးမှု လျှင်မြန်စွာပေါ်ပေါက်လာတာဟာလည်း ကျန်းမာရေးလောက အတွက်တော့ အန္တရာယ်ပါပဲ။ Artemisinin ဆေးဟာ လက်ရှိမှာ ငှက်ဖျားရောဂါ ကုသရေး အတွက် အစွမ်း အထက်ဆုံးဆေးဝါးပါ။ ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) က ငှက်ဖျားရောဂါ (uncomplicated malaria) အတွက် Coartam လို့ခေါ်တဲ့ Artemisinin ကိုအခြေခံထုတ်လုပ်ထားတဲ့ ဆေးကို အသုံးပြုဖို့ညွှန်ကြားထားပါတယ်။

    ဒါပေမယ့်လည်း လူနာပေါင်း ၁၂၄၁ ဦးပါဝင်တဲ့ သုတေသန စာတမ်းမှာတွေ့လာရတဲ့ အာရ်တီ မီဆလင်းဆေးယဉ်ပါး တဲ့ ရောဂါပိုးကြောင့် တာဝန်ရှိသူတွေက ဆေးယဉ်ပါးမှုကို ဘက်ပေါင်းစုံမှ တားဆီးမှသာလျှင် ဆေးယဉ်ပါးသည့်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို အချိန်မီ တားဆီးနိုင် လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဆေးယဉ်ပါးမှု အဓိကဖြစ်ရခြင်းဟာ ဆရာဝန်(သို့) ကျန်းမာရေး ၀န်ထမ်းများရဲ့ ညွှန်ကြားမှု မရှိဘဲ ဆေးဆိုင်များမှ အလွယ်တကူ ၀ယ်ယူသောက်သုံးနေခြင်း၊ အရည်အသွေးမပြည်မှီတဲ့ ဆေးဝါးအတုများ ဈေးကွက်အတွင်းမှာ ရောင်းချနေခြင်း၊ သက်တမ်း လွန်နေသော ဆေးဝါးများကို သောက်သုံးနေခြင်း၊ သတ်မှတ်ထားသော ဆေးအညွန်းအတိုင်းပြည့်အောင် မသောက်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ငှက်ဖျားဆေးယဉ်ပါးမှုအန္တရာယ်ကို ထိန်းချုပ်နိုင်ရန်အတွက် ဆေးဆိုင်များတွင် လူနာအားတိုက်ရိုက် မရောင်းချရန်နှင့် ဆေးခန်းများ တွင် အခမဲ့ရယူနိုင်ရန် စီစဉ်ထားပေမယ့် ထိရောက်စွာတားဆီးနိုင်မှုမရှိသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ငှက်ဖျားရောဂါကူးစက်ခံရပါက မိမိတို့ဘာသာ ဆေးဝယ်ယူသောက်သုံးနေခြင်း မပြုဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် သွားရောက်ပြီး စနစ်တကျ  စစ်ဆေးကာ၊ ထိရောက်သည့် ကုသမှုကို ခံယူသင့်ပါတယ်လို့ တင်ပြလိုက်ရပါတယ်။

    မီလာ

    References
    1. Ashley et al., 2014, Spread of artemisinin resistance in Plasmodium falciparum malaria. N Engl J Med, 371, 411-23.
    2. medicalobserverph.com/international-drug-resistant-malaria-spreading-fast-in-southeast-asia/
    3. http://en.wikipedia.org/wiki/Plasmodium_knowlesi
    4. http://myanmar.mmtimes.com/index.php/national-news/5809-2013-06-27-06-27-50.html