အောက်တိုဘာ ၁၈ ၊ ၂၀၁၄
M-Media

– မြန်မာနိုင်ငံအတွင်း HIV ကုသရေးလုပ်ငန်းအတွက် ရန်ပုံငွေကို အမေရိကန် ဒေါ်လာ ၅ သန်း တိုးမြှင့်သုံးစွဲသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဦးသန်းအောင် က ကုလအတွင်းရေးမှူးချုပ်၏ အာရှ-ပစိဖိတ် ဒေသ AIDS ရောဂါဆိုင်ရာ အထူးကိုယ်စားလှယ် ဂျေဗီအာရ် ပရာဆာဒါ ရာအိုအား ကတိပြုခဲ့သည်ဟု သိရသည်။
မစ္စတာရာအိုမှာ AIDS ရောဂါ ကာကွယ်ရေးလုပ်ငန်းများအား လျင်လျင်မြန်မြန်နှင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ၏ အားထုတ်မှုများကို ထောက်ခံအားပေးရန်အတွက် မြန်မာနိုင်ငံသို့ ၅ ရက်ကြာ လာရောက်ခဲ့ပြီး အောက်တိုဘာ ၁၇ ရက်နေ့က ပြန်လည် ထွက်ခွာသွားခဲ့သည်။
မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံနေရသူ ဦးရေမှာ ၁၉၀၀၀၀ ရှိပြီး ၂၀၁၃ ခုနှစ်အတွင်းမှာပင် ထပ်မံကူးစက်သူဦးရေမှာ ၆၇၀၀ ခန့် ရှိခဲ့သည်။
ထိုပမာဏထဲမှ ၂၀၁၃ခုနှစ်တွင် ဆေးကုသမှုခံယူနေသူ အရေအတွက်မှာ ၆၅၀၀၀ သာရှိပြီး ယခုကဲ့သို့ ရန်ပုံငွေ တိုးမြှင့်မှုကြောင့် HIV ပိုး ကူးစက်ခံနေရသူ လူနာ ၄၀၀၀၀ ကျော်အား ထပ်မံ၍ ဆေးဝါးများ ပေးအပ်နိုင်မည်ဖြစ်ကာ ရောဂါကူးစက်နေသူများ ၈၅ ရာခိုင်နှုန်းအထိ ကုသနိုင်လာမည်ဟု ကျန်းမာရေးဝန်ကြီးဌာက တွက်ချက်ထားသည်။
ထို့ပြင် ရာနှုန်းပြည့်ကုသနိုင်ရေး ကုန်ကျစားရိတ်များကို တွက်ချက်နိုင်ရန်အတွက် ဌာနလက်အောက်ရှိ ၀န်ထမ်းများအနေဖြင့် UNAIDS နှင့် ပူးတွဲလုပ်ဆောင်ရန် ကျန်းမာရေး ၀န်ကြီးဌာနက တိုက်တွန်းထားသည်။
မစ္စတာ ရာအိုကမူ AIDS ရောဂါအား တုံ့ပြန်ရာတွင် မြန်မာနိုင်ငံ၏ ယခုကဲ့သို့ ကတိပြုခဲ့မှုအား ကြိုဆိုပါကြောင်း၊ ၂၀၃၀ ခုနှစ်တွင် AIDS ရောဂါ ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားရေး ရည်မှန်းချက်အတွက် ခိုင်မာသော အားပေးဆောင်ရွက်မှုကို မြန်မာခေါင်းဆောင်များအနေဖြင့် တိုးချဲ့ပြုလုပ်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် HIV ပိုး ကူးစက်နေသူ ၁၀၀၀၀ အတွက် opioid substitution therapy နည်းလမ်းဖြင့် တိုးချဲ့ကုသနိုင်ရေး ကန်ဒေါ်လာ ၁ သန်း ထပ်မံ သုံးစွဲသွားမည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက ကတိပြုခဲ့သည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲသူများ၊ လိင်အလုပ်သမားများ၊ လိင်တူဆက်ဆံသူများမှာ HIV ပိုးကူးစက်နိုင်မှု အန္တရာယ် မြင့်မားလျက်ရှိနေသည်။
ref_ UN AIDS

Leave a Reply
You must be logged in to post a comment.