News @ M-Media

Tag: Rakhine State

  • ရိုဟင်ဂျာကိစ္စ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှု ဆိုးကျိုးပိုများမည်ဟု တတ်သိပညာရှင်အဖွဲ့တစ်ခု သုံးသပ်

    ရိုဟင်ဂျာကိစ္စ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှု ဆိုးကျိုးပိုများမည်ဟု တတ်သိပညာရှင်အဖွဲ့တစ်ခု သုံးသပ်

    ဒီဇင်ဘာ ၇၊ ၂၀၁၇
    M-Media

    ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာ သားအမိနှစ်ဦး (Photo credit – Reuters- September 2017)

    – ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများနိုင်ပြီး အခြေအနေတွေ ဆိုးရွားသွားနိုင်တယ်လို့ နိုင်ငံတကာ တတ်သိပညာရှင်များအဖွဲ့တစ်ခုဖြစ်တဲ့ International Crisis Group (ICG) က သတိပေးလိုက်ပါတယ်။

    Myanmar’s Rohingya crisis enters a dangerous new phase (အန္တရာယ်ရှိသောအဆင့်သို့ ရောက်လာသည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာပြဿနာ) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ICG က ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလားရာဟာ သတ်မှတ်ပြီးသားဖြစ်ပြီး ပြောင်းလဲဖို့ခက်မယ်လို့ ဆိုပါတယ်။

    “တစ်နိုင်ငံလုံးရဲ့ သဘောထားကို ကျော်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီကိစ္စမှာ အစိုးရ၊ စစ်တပ်နဲ့ ပြည်သူလူထု အားလုံးနီးပါးဟာ တစ်သဘောတည်းရှိနေပြီး ခေတ်သစ်သမိုင်းမှာ ဒီလိုမျိုး တစ်ခါမှ မရှိဖူးပါဘူး။ ဒါက တရားဝင်ပေါ်လစီကို ပြောင်းလဲဖို့အတွက် တော်တော်လေးကို ခက်ခဲမယ့်အနေအထား ရှိပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ၁၉ မျက်နှာပါဝင်တဲ့ အဲဒီအစီရင်ခံစာဟာ သြဂုတ်လ ၂၅ ရက်နေ့မှာ ARSA အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ခိုက်မှု၊ အဲဒီနောက်ပိုင်း စစ်တပ်ကလုပ်ခဲ့တဲ့ ဆိုးဆိုးရွားရွား စစ်ဆင်ရေးတွေ၊ စိန်ခေါ်မှုတွေကို ခြုံငုံသုံးသပ်ထားပြီး မြန်မာအစိုးရနဲ့ နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေကိုလည်း ဆွေးနွေးထားပါတယ်။

    ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်လို့ ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ နိုင်ငံတကာက ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး ICG က တစ်ခြားနိုင်ငံတွေမှာ ဒီလို အရေးယူမှုတွေလုပ်ရင် အခြေအနေက ရပ်တန့်သွားတတ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ကောင်းမွန်တဲ့အပြောင်းအလဲ ဖြစ်လာမှာမဟုတ်ဘဲ အခြေအနေကို ပိုဆိုးသွားစေမယ်လို့ သတိပေးခဲ့ပါတယ်။

    ပြန်လက်ခံချင်တဲ့ဆန္ဒမရှိ

    လက်ရှိ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးနေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေ ကုန်သလောက်နီးပါးဖြစ်မှ ရပ်တန့်မယ့်အနေအထားရှိတယ်လို့လည်း ICG က ဆိုပါတယ်။

    ICG ရဲ့ နောက်ထပ် အရေးပါတဲ့ သုံးသပ်ချက်တစ်ခုကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို မြန်မာနိုင်ငံက လက်ခံချင်တဲ့ဆန္ဒမရှိဘူးဆိုတဲ့ အမြင်ပါ။

    ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ဆန္ဒအလျောက်၊ အန္တရာယ်ကင်းစွာ၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ခွင့်ကို ဆက်လက် တောင်းဆိုသွားဖို့ လိုအပ်တယ်လို့ ICG က ထောက်ပြပါတယ်။

    “အခြေခံကျကျပြောရရင် အစိုးရရော၊ လုံခြုံရေးတပ်ဖွဲ့တွေရော ဒုက္ခသည်တွေ သူတို့သဘောဆန္ဒအလျောက် ပြန်လာနိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့၊ ဒါကိုအဆုံးသတ်နိုင်အောင် ယုံကြည်စိတ်ချရပြီး ထိရောက်တဲ့လုပ်ငန်းစဉ်မျိုး အကောင်အထည်ဖော်ပေးဖို့ နိုင်ငံရေးဆန္ဒရှိတာကို မတွေ့ရပါဘူး”

    ရိုဟင်ဂျာတွေဟာ လတ်တလောမှာ အိမ်ပြန်လို့ရမှာ မဟုတ်သေးဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

    နိုင်ငံဆုတ်ယုတ်မယ်

    ရိုဟင်ဂျာကိစ္စဟာ လူသားတွေ မစဉ်းစားနိုင်လောက်တဲ့ ထိခိုက်ခံစားရတဲ့ ပြဿနာတစ်ခုသာ မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေကို ပုံသွန်းပေးမှာဖြစ်ပြီး ဒေသတွင်း လုံခြုံရေးဆိုင်ရာ အနေအထားအပေါ်လည်း ကြီးကြီးမားမား သက်ရောက်မှုရှိမယ်လို့ ICG က သုံးသပ်ပါတယ်။

    “ဒီပြဿနာဟာ အနာဂတ်မှာ မြန်မာနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံအများစုရဲ့ ရှုမြင်မှုကို ပုံဖော်ပေးမှာဖြစ်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားကဏ္ဍတွေမှာ အနှုတ်လက္ခဏာဆောင်မှု ကြီးကြီးမားမား ဖြစ်လာပါလိမ့်မယ်။ ဆယ်စုနှစ်များစွာ အနောက်နိုင်ငံတွေရဲ့ စွန့်ပစ်ခံရမှုကနေ ရုန်းထွက်လာတဲ့ ဒီနိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းက စို့စို့ပို့ပို့ ရရှိထားတဲ့ ထောက်ခံအားပေးမှုတွေကို အလိုအပ်ဆုံးအချိန်မှာ ဖြုန်းတီးပစ်ခဲ့တာပါ”

    လုံခြုံရေးဆိုင်ရာ အန္တရာယ်

    ဒုက္ခသည်စခန်းတွေမှာ ပိတ်မိနေပြီး ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်ဖို့ ခက်ခဲလာခြင်းက နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေ ရှိလာနိုင်ပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်တာ၊ နိုင်ငံဖြတ်ကျော် အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာတာမျိုးတွေ ဖြစ်နိုင်တယ်လို့ အစီရင်ခံစာမှာ ထပ်မံသတိပေးထားကာ ဒါတွေကို ဖြေရှင်းဖို့လိုတယ်လို့ ဖော်ပြထားပါတယ်။

    နိုင်ငံတကာက ပေါ်လစီချမှတ်သူတွေကို ICG က ဘယ်လိုတုန့်ပြန်မှုမျိုးကိုမဆို မြန်မာပြည်သူတွေကို တတ်နိုင်သလောက် မထိခိုက်အောင် ဆောင်ရွက်သင့်တယ်လို့ အကြံပြုခဲ့ပြီး၊ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာမရှိဘဲ ကိုယ်လုပ်ချင်တာလုပ်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် မြန်မာပြည်သူတွေ ထပ်မံပေးဆပ်ရတာမျိုး မဖြစ်သင့်ဘူးလို့ တိုက်တွန်းထားပါတယ်။

    မြန်မာနိုင်ငံနဲ့ အဆက်အသွယ်ဖြတ်ဖို့ တိုက်တွန်းတာတွေကို နိုင်ငံတကာ ခေါင်းဆောင်တွေအနေနဲ့ လစ်လျူရှုထားဖို့၊ ဖွံ့ဖြိုးရေးအကူအညီတွေ ဆက်ပေးတာ၊ အရပ်သားအစိုးရနဲ့ ထိတွေ့ဆက်ဆံတာ၊ ပိတ်ဆို့မှုတွေလုပ်ရင် ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်စေဖို့ ဂရုစိုက်တာ၊ ပိတ်ဆို့မှုတွေမလုပ်ခင် စစ်တပ်၊ အရပ်သားအစိုးရတွေနဲ့ ဆွေးနွေးတာမျိုး လုပ်ဆောင်ဖို့လည်း အစီရင်ခံစာက အကြံပြုထားပါတယ်။

    Ref: Frontier Myanmar

     

  • ရိုဟင်ဂျာဒုက္ခသည်များအား လူမနေသည့်ကျွန်းသို့ ပို့မည့်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ရှေ့ဆက်

    ရိုဟင်ဂျာဒုက္ခသည်များအား လူမနေသည့်ကျွန်းသို့ ပို့မည့်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ရှေ့ဆက်

    ဒီဇင်ဘာ ၆၊ ၂၀၁၇
    M-Media

    ရိုဟင်ဂျာဒုက္ခသည်များကို ထားမည့် သန်ဂါချာကျွန်း မြင်ကွင်း

    – မြန်မာနိုင်ငံက အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားပင်လယ်အော်က ကျွန်းတစ်ကျွန်းမှာ သွားထားမယ့် အငြင်းပွားဖွယ် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်တဲ့အနေနဲ့ အဲဒီကျွန်းမှာ မကြာခင် အဆောက်အဦးတွေ သွားရောက်ဆောက်လုပ်တော့မယ်လို့ ဘင်္ဂလားဒေ့ရှ်က ကြေငြာလိုက်ပါတယ်။

    ကန်ဒေါ်လာ ၂၇၈ သန်း ကုန်ကျမယ့် ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် စီမံကိန်းဝန်ကြီး မွတ်စ်တာဖာကမားလ်က ထုတ်ပြန်ရာမှာ ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ တစ်သန်းလောက်ရှိတဲ့ ရိုဟင်ဂျာတွေထဲက တစ်သိန်းခန့်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာမှာ သန်ဂါချာဆိုတဲ့ အဲဒီကျွန်းမှာ ပထမဆုံး နေရာချပေးသွားမယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် အရင်က ဘင်္ဂလားဒေ့ရှ်ဖက်ကို ရိုဟင်ဂျာ ဒုက္ခသည ၃ သိန်းလောက် ရောက်ရှိနေပြီး သြဂုတ်လနှောင်းပိုင်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မတည်ငြိမ်မှုတွေကြောင့် နောက်ထပ် ၆ သိန်းကျော်လောက် ထပ်မံထွက်ပြေးခဲ့ရတာပါ။

    ရိုဟင်ဂျာအရပ်သားတွေအပေါ် ညှင်းပမ်း၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွဲချက်တွေကို မြန်မာအစိုးရနဲ့ စစ်တပ်တို့က ငြင်းဆိုထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့အတွက် နိုင်ငံတကာက ချီးကျူးမှုတွေ ရှိနေပေမယ့် အမြဲတမ်း ရေမြုပ်လေ့ရှိတဲ့ ကျွန်းတစ်ကျွန်းမှာ သွားထားဖို့ အစီအစဉ်ကိုတော့ ကန့်ကွက်မှုတွေ ရှိနေပါတယ်။

    ဒီအစီအစဉ်ကို နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက အတည်ပြုခဲ့တာဖြစ်ပြီး လူ့အခွင့်အရေးအဖွဲ့ Amnesty International က တော်တော်လေး မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ပြောကြားခဲ့ပါတယ်။

    သန်ဂါချာကျွန်းဟာ ဧက ၇၄၀၀၀ လောက် ကျယ်ဝန်းပြီး ကျွန်းမကြီးနဲ့ ၃၇ မိုင်ဝေးပါတယ်။ လက်ရှိမှာ လူသူနေထိုင်ခြင်းမရှိဘဲ အမြဲတမ်းလိုလို ရေကြီးရေလျှံလေ့ရှိတဲ့ နေရာပါ။

    ဝေဖန်မှုတွေရှိတာကြောင့် ဘင်္ဂလာဒေ့ရှ်ရေတပ်က လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပြီး ဒီကျွန်းကို ပြန်လည် ပြုပြင်တာမျိုးလုပ်ရင် လူနေထိုင်လို့ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဒီနေရာမှာ တန်းလျား ၁၅၀၀ နီးပါးနဲ့၊ ကယ်ဆယ်ရေးစခန်း ၁၂၀ လောက် ဆောက်လုပ်ဖို့ စီစဉ်ထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနဲ့ကပ်နေတဲ့ နယ်စပ်က ကူတူပါလောင် ဒုက္ခသည်စခန်းမှာ ဧက ၃၀၀၀ လောက်ကျယ်တဲ့ ဒုက္ခသည်စခန်းသစ်တစ်ခုကိုလညး ဆောက်လုပ်နေပါတယ်။

    Ref: CNN

  • ရခိုင်ကိစ္စ မြန်မာလုံခြုံရေးတပ်ဖွဲ့များအပေါ် ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန် စွပ်စွဲ

    ရခိုင်ကိစ္စ မြန်မာလုံခြုံရေးတပ်ဖွဲ့များအပေါ် ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန် စွပ်စွဲ

    ဒီဇင်ဘာ ၅၊ ၂၀၁၇
    M-Media

    – ရိုဟင်ဂျာလူနည်းစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေမှာ အပြစ်ရှိနိုင်တယ်လို့ ကုလ လူ့အခွင့်အရေးအကြီးအကဲ ဇိုက် ရာအဒ် အလ်-ဟူစိန် ပြောကြားလိုက်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ရဲ့ တောင်းဆိုမှုကြောင့် ကုလ လူ့အခွင့်အရေးကောင်စီက ဒီကနေ့မှာပြုလုပ်တဲ့ အထူးအစည်းအဝေးမှာ အလ်-ဟူစိန်က အခုလို ပြောကြားလိုက်တာပါ။

    ကုလဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ဦးထင်လင်းက မိမိတို့အစိုးရအနေနဲ့ ထွက်ပြေးသွားသူတွေ ပြန်လာရေးကိစ္စ ၂ လအတွင်း စတင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး၊ ဒုက္ခသည်စခန်းတွေ ရှိတော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    လူ့အခွင့်အရေးကောင်စီ အကြီးအကဲက ဒီလိုသဘောတူညီချက်တွေရရှိထားပေမယ့် ရိုဟင်ဂျာတွေက ဆက်လက်ထွက်ပြေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ထိခိုက်ခံစားနေရမှုမှာ ‘လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု ပုံစံမျိုးတွေ’ မြင်တွေ့ရတယ်လို့လည်း ယခင်က အလ်-ဟူစိန်က ပြောကြားဖူးပါတယ်။

    ဒီကနေ့အစည်းအဝေးမှာတော့ သူက ‘လူတွေကို အိမ်ထဲမှာ သော့ပိတ်ပြီး မီးရှို့သတ်ဖြတ်ပစ်တာ၊ ရင်ခွင်ပိုက်တွေနဲ့ လူမမယ်လေးတွေကို သတ်ဖြတ်တာ၊ ထွက်ပြေးကြတဲ့ အရပ်သားတွေကို မြင်မြင်သမျှ သေနတ်နဲ့ ပစ်သတ်တာ၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အဓမ္မကျင့်တာ၊ အိမ်တွေ၊ ကျောင်းတွေ၊ ဈေးတွေနဲ့ ဗလီတွေကို မီးရှို့ဖျက်ဆီးပစ်တာတွေအပါဝအင် ရိုဟင်ဂျာတွေအပေါ် စက်ဆုပ်ရွံ့ရှာဖွယ်ရာ ပြစ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ တူညီတဲ့ သတင်းမျိုးတွေ’ အဖက်ဖက်က ကြားနေရတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီလုပ်ရပ်တွေအတွက် ‘တာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ရေး ရာဇ၀တ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေကို ကူညီဖို့’ အတွက် နည်းလမ်းသစ်တစ်ခု ဖော်ဆောင်ရေး ကုလ အထွေထွေညီလာခံမှာ အကြံပြုဖို့ လူ့အခွင့်အရေးကောင်စီကို အလ်-ဟူစိန်က တိုက်တွန်းခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် နှိပ်စက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေအတွက် လုံခြုံးရေးတပ်ဖွဲ့တွေကို အပြစ်ပေး အရေးယူတာမျိုး အလွန်နည်းတယ်လို့လည်း လူ့အခွင့်အရေးအကြီးအကဲ ထောက်ပြခဲ့ပါတယ်။

    ရခိုင်ကိစ္စ ကုလရဲ့ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် မာဇူကီ ဒါရုစ်မန်က မလေးရှားကနေ ဗီဒီယိုကတစ်ဆင့်ပြောတဲ့ မိန့်ခွန်းမှာ သူတို့အနေနဲ့ သက်သေအထောက်အထားတွေက ခေါ်ဆောင်တဲ့နောက်ကို လိုက်မှာဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေ၊ စွပ်စွဲချက်တွေကို အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    မြန်မာအစိုးရကတော့ ဒီအချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံထဲ ၀င်ရောက်ခွင့် မပေးပါဘူး။

    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော်လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေမှာ ရိုဟင်ဂျာအရပ်သားတွေအပေါ်မှာ ကျူးလွန်မှုတွေ ရှိတယ်လို့ နိုင်ငံတကာက စွပ်စွဲပြောဆိုထားပြီး မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပါတယ်။

    Ref: Reuters

  • မြန်မာစစ်တပ်-AA တိုက်ပွဲကြောင့် ဒုက္ခသည် တစ်ထောင်ကျော် အိန္ဒိယသို့ ထွက်ပြေး

    မြန်မာစစ်တပ်-AA တိုက်ပွဲကြောင့် ဒုက္ခသည် တစ်ထောင်ကျော် အိန္ဒိယသို့ ထွက်ပြေး

    ဒီဇင်ဘာ ၄၊ ၂၀၁၇
    M-Media

    အိန္ဒိယသို့ ထွက်ပြေးရသည့် မြန်မာနိုင်ငံမှ လူများ

    – မြန်မာစစ်တစ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ပွဲတွေအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ မြန်မာနိုင်ငံက လူ ၁၃၀၀ လောက်ကို အိန္ဒိယက မီဇိုရမ်ဒေသထဲမှာ ခိုလှုံခွင့်ပေးထားတယ်လို့ သိရပါတယ်။

    ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ အိန္ဒိယနိုင်ငံထဲ ၀င်မလာဖို့အတွက် တင်းကြပ်တဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက အရှေ့မြောက်ပိုင်း ပြည်နယ်တွေကို ညွှန်ကြားထားပေမယ့် အခု အုပ်စုကိုတော့ ခြွင်းချက်အဖြစ် ၀င်ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    ချင်းလူမျိုးတွေနဲ့ အခြားလူမျိုးတွေအပါအ၀င် ဒီဒုက္ခသည် ၁၃၀၀ ဟာ မီဇိုရမ်ရဲ့ Lawngtlai ခရိုင်က ရွာ ၄ ရွာမှာ ခိုလှုံနေတာဖြစ်ပြီး၊ ဒုက္ခသည်တွေနဲ့ ဒေသခံတွေအကြားမှာ တင်းမာမှုတွေ မြင့်တက်လာတာကို ဖြေရှင်းဖို့ အာဏာပိုင်တွေက ရုန်းကန်နေရတယ်လို့ မီဇိုရမ် အစိုးရ ရင်းမြစ်တွေက ဆိုပါတယ်။

    Lawngtlai ခရိုင်က လက်ထောက်ကော်မရှင်နာမင်းကြီး တီ အာရွန်က လွန်ခဲ့တဲ့ ၆ ရက်လောက်ကတည်းက ဒီဒုက္ခသည်တွေ ရောက်လာတာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ အခြားနေရာတွေမှာ ခိုလှုံနေကြောင်း၊ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုရှိတယ်ဆိုတာ မငြင်းနိုင်ပေမယ့် လူသားချင်း စာနာထောက်ထားမှု ရှုထောင့်ကနေ အစားအသောက်တွေ ထောက်ပံ့ပေးတာ၊ ကျန်းမာရေး စစ်ဆေးပေးတာတွေ လုပ်ထားကြောင်း၊ လုံခြုံရေးအတွက်လည်း ရဲတပ်ဖွဲ့ဝင်တွေကို ထပ်တိုးချထားကြောင်း ပြောကြားခဲ့ပါတယ်။

    “ပြဿနာက ရွာတစ်ရွာမှာ လူက ၂၀၀ ကနေ ၄၀၀ လောက်ပဲ ရှိတာဖြစ်ပြီး ဒီလောက် လူများများ ရောက်လာတဲ့အပေါ် တော်တော်လေး စိုးရိမ်မကင်းဖြစ်မှုတွေ ရှိနေပါတယ်” လို့ အာရွန်က ဆိုပါတယ်။

    မီဇိုရမ် ရဲတပ်ဖွဲ့ အကြီးအကဲကတော့ လက်ရှိအခြေအနေမှာ လုံခြုံရေးအရ ခြိမ်းခြောက်မှုမျိုးအဖြစ် မရှုမြင်သေးဘဲ မြန်မာနိုင်ငံမှာ အခြေအနေကောင်းရင် သူတို့ဟာ ပြန်သွားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

    “ဒီကိစ္စကို ကျွန်တော်တို့ ဂရုစိုက်ပြီး ရဲတွေလည်း ချထားပေးပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေကြောင့် ရွာသားတွေ ဒုက္ခမရောက်အောင်တော့ သေသေချာချာလေး လုပ်ပေးထားပါတယ်။ အဲဒီဒုက္ခသည်တွေဟာ ရွာ ၄ ရွာမှာ နေထိုင်နေကြတာပါ”

    ရခိုင်ပြည်နယ်က ထွက်ပြေးရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေလည်း အိန္ဒိယမှာ ရှိနေပြီး အိန္ဒိယအစိုးရကတော့ လုံခြုံရေး စိုးရိမ်ရတဲ့အတွက် မြန်မာနဲ့ ကပ်နေတဲ့ နယ်စပ်တွေကို ပိတ်ထားဖို့ ပြည်နယ်တွေကို ညွှန်ကြားထားပါတယ်။

    Ref: Economic Times

  • ရိုဟင်ဂျာများ၏အခွင့်အရေးကို လေးစားဖို့ မြန်မာခေါင်းဆောင်များကို ပုပ်ရဟန်မင်းကြီး တိုက်တွန်းခဲ့

    ရိုဟင်ဂျာများ၏အခွင့်အရေးကို လေးစားဖို့ မြန်မာခေါင်းဆောင်များကို ပုပ်ရဟန်မင်းကြီး တိုက်တွန်းခဲ့

    ဒီဇင်ဘာ ၃၊ ၂၀၁၇
    M-Media

    – ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ အမှန်တရားဟာ အပေးအယူလုပ်ရမယ့် ကိစ္စမဟုတ်ဘဲ ဒီလူတွေရဲ့ အခွင့်အရေးကို လေးစားဖို့ မြန်မာအရပ်ဖက်၊ စစ်ဖက်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တယ်လို့ ပုပ်ရဟန်မင်းကြီး ဖရန်စစ်က ဖွင့်ဟလိုက်ပါတယ်။

    မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို သွားရောက်ပြီးနောက်ပိုင်း မနေ့က ရောမကို ပြန်မယ့်အချိန်  ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖရန်စစ်က ဒီလို ပြောကြားလိုက်တာပါ။

    မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့အတွက် မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်က တာဝန်ရှိတွေ တိုက်တွန်းခဲ့တာကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီစကားလုံးကို မိန့်ခွန်းတွေမှာ အသုံးမပြုခဲ့ပါဘူး။

    ဒါ့ကြောင့် တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။

    မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးမပြုခဲ့ပေမယ့် သူတို့တွေ ခံစားနေရတဲ့ အခြေအနေတွေ၊ သူတို့ရဲ့ အခွင့်အရေးတွေအကြောင်း ပြောခဲ့တယ်လို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

    “တရားဝင်မိန့်ခွန်းတွေမှာ ဒီစကားလုံးကို အသုံးပြုမယ်ဆိုရင် ကျွန်တော့်ကို စိတ်ကွက်မှာပါ။ ဒါ့ကြောင့် လူထုကို ပြောတဲ့ မိန့်ခွန်းမှာ အခြေအနေတွေ၊ အခွင့်အရေးအကြောင်းတွေ၊ နိုင်ငံသားဖြစ်ရေးမှာ ဘယ်သူ့ကိုမှ ချန်ထားလို့ မရဘူး ဆိုတာလောက်ကိုပဲ ပြောခဲ့ပြီး သီးခြားတွေ့ဆုံမှုတွေမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့ပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက သတင်းထောက်တစ်ယောက်ရဲ့ အမေးကို ပြန်ဖြေခဲ့ပါတယ်။

    မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်အတွင်းမှာ ရိုဟင်ဂျာတွေဖက်က ရပ်တည်ခဲ့ပြီး သူတို့ရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့ လိုအပ်တယ်ဆိုတာ ပြောကြားခဲ့တယ်လို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

    သောကြာနေ့က ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် မျက်ရည်ကျမိတယ်လို့လည်း ဖရန်စစ်က ဖွင့်ဟခဲ့ပါတယ်။

    တနင်္လာနေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ပုပ်ရဟန်မင်းကြီး ဖရန်စစ်ဟာ စစ်ခေါင်းဆောင်တွေကို ကြာသာပတေးနေ့မှ တွေ့ဆုံဖို့ စီစဉ်ထားပေးမယ့် ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ တနင်္လာနေ့ ညပိုင်းမှာပဲ ရန်ကုန်မှာ ပုပ်ရဟန်းမင်းကြီးကို လာရောက်တွေ့ဆုံခဲ့တာပါ။

    အရပ်ဖက်ခေါင်းဆောင်တွေကို မတွေ့ခင် စစ်ခေါင်းဆောင်တွေကို တွေ့ဆုံတာဟာ သံတမန်ကျင့်ဝတ်ကို ကျော်လွန်လုပ်ဆောင်ရာရောက်တယ်ဆိုတာ မိမိတို့ သိရှိကြောင်း ဗာတီကန်က ၀န်ခံခဲ့ပါတယ်။

    မြန်မာစစ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးမှုဟာ ကောင်းမွန်တယ်လို့ ပုပ်ရဟန်မင်းကြီးက ပြောပါတယ်။

    “ကောင်းမွန်တဲ့ ဆွေးနွေးမှုပါ။ အမှန်တရားနဲ့တော့ အပေးအယူမလုပ်ပါဘူး”

    အဲဒီတွေ့ဆုံမှုမှာ ရိုဟင်ဂျာဆိုတဲ့စကားလုံး သုံးခဲ့သလားဆိုတဲ့အမေးကိုတော့ “သူတို့ နားလည်သဘောပေါက်စေမယ့် စကားလုံးကိုတွေကို ရွေးသုံးခဲ့တယ်။ သူတို့နားလည်ပြီဆိုရင်တော့ ကျွန်တော် ပြောချင်တာကို ပြောဖို့ နောက်မတွန့်တော့ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    အဲဒီအဖြေနောက်မှာ လက်တင်စကား Intelligenti Pauca ဆိုတာကို ဖရန်စစ်က ထည့်ပြောခဲ့ပြီး ‘အရိပ်ပြရင် အကောင်မြင်သူအတွက် စကားလုံးနည်းနည်းက လုံလောက်ပါတယ်’ ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒါဟာ စစ်ခေါင်းဆောင်တွေ မလိုလားတဲ့စကားလုံးကို အသုံးပြုခဲ့တယ်လို့ သွယ်ဝိုက်ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။

    Ref: Reuters