News @ M-Media
Tag: Rakhine State
  • UNHCR လက်ထောက်မဟာမင်းကြီး၏ မြန်မာနိုင်ငံ ၂ ရက်ကြာခရီးစဉ် ပြီးဆုံး
    UNHCR လက်ထောက်မဟာမင်းကြီး၏ မြန်မာနိုင်ငံ ၂ ရက်ကြာခရီးစဉ် ပြီးဆုံး
    နိုဝင်ဘာ ၃၊ ၂၀၁၇
    M-Media
    အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်
    – ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လက်ထောက်မဟာမင်းကြီးရဲ့ မြန်မာနိုင်ငံခရီစဉ်အတွင်းမှာ ရခိုင်ပြည်နယ်အတွင်း လိုအပ်ချက်ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အကန့်မသတ်မရှိ ၀င်ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
    မစ္စတာ ဗိုလ်ကာ တာ့ခ်ရဲ့ ဗုဒ္ဓဟူးနေ့က ပြီးဆုံးခဲ့တဲ့ ၂ ရက်ကြာခရီးစဉ်မှာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးက ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အလု
    ပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
    အဲဒီလိုတွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ်အတွင်း လူ့အဖွဲ့အစည်းအားလုံးကို ကာကွယ်ပေးရေးနဲ့ သူတို့အတွက် လုံခြုံတဲ့ ရပ်ဝန်းတစ်ခု ဖန်တီးပေးဖို့၊ အသက်ရှင်သန်နိုင်ရေး အကူအညီ ပေးနိုင်ရေး လူသားချင်းစာနာထောက်ထားမှုအဖွဲ့တွေကို ၀င်ရောက်ခွင့်ပေးဖို့၊ ကိုယ့်ဆန္ဒနဲ့ကိုယ် အန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေး ဆောင်ရွ
    က်ပေးဖို့၊ ဒုက္ခသည်များ ပြန်လည်လက်ခံရေး ပုံမှန်ဆောင်ရွက်သွားဖို့လည်း တောင်းဆိုခဲ့ပါတယ်။
    ဒုက္ခသည်တွေ လူ့အဖွဲ့အစည်းအတွင်းမှာ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် အခြေအနေတွေ ဖန်တီးပေးနိုင်မယ့် လူ့အဖွဲ့အစည်းအခြေပြု အစီအစဉ်တွေကို ရခိုင်ပြည်နယ်မှာ ဆောင်ရွက်ရေးအတွက် ပါဝင်ပတ်သက်သူတွေအားလုံး ခိုင်မာတဲ့ စေ့စပ်ဆောင်ရွက်မှုတွေရဲ့ အရေးကြီးပုံကိုလည်း လက်ထောက်မဟာမင်းကြီးက အလေးထား ပြောကြားခဲ့ပါတယ်။
    ဒုက္ခသည်တွေ သူတို့ သဘောဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေး ဦးတည်မယ့် နိုင်ငံတကာ စံချိန်စံညွှန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို အောက်တိုဘာ ၃၁ ရက်နေ့မှာ UNHCR နဲ့ ပူးပေါင်းပြုလုပ်တဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်ကို တာ့ခ်က ကြိုဆိုခဲ့ပါတယ်။
    ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေတယ်ဆိုတဲ့ အစိုးရရဲ့ ပြောကြားမှုကိုလည်း သူက ချီးကျူးခဲ့ပါတယ်။
    လက်ထောက်မဟာမင်းကြီး တာ့ခ်ဟာ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားရောက်ဖို့ ရှိနေပါတယ်။
    Ref: UNHCR.org
  • ယခုလအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်
    ယခုလအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်
    နိုဝင်ဘာ ၃၊ ၂၀၁၇
    M-Media
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်
    – ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို အဆုံးသတ်ရေး တွန်းအားပေးဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်ဟာ အခုလနှောင်းပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ အမေရိကန်အစိုးရက မနေ့မှာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
    သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ ၁၀ ရက်ကြာ အာရှခရီးစဉ်ကို လိုက်ပါလာမယ့် တီလာဆန်ဟာ နိုဝင်ဘာ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်လာမှာ ဖြစ်ပါတယ်။
    ရိုဟင်ဂျာမွတ်စလင်တွေ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ တီလာဆန်ဟာ မြန်မာနိုင်ငံအပေါ် လူသိရှင်ကြား ဝေဖန်ရှုတ်ချသူတစ်ဦးဖြစ်ပြီး အခုလအစောပိုင်း ၀ါရှင်တန်ဒီစီက တတ်သိပညာရှင်များအဖွဲ့တစ်ခုနဲ့ တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
    အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက တီလာဆန်ဟာ အခုခရီးစဉ်မှာ ‘ရိုဟင်ဂျာတွင် ရခိုင်ပြည်နယ်ကို လုံလုံခြုံခြုံနဲ့ သူတို့ရဲ့ သဘောဆန္ဒအလျောက် ပြန်လာနိုင်မယ့် အခြေအနေတွေကို ဖန်တီးပေးဖို့ မြန်မာခေါင်းဆောင်တွေကို တိုက်တွန်းမယ်’ လို့ CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဖုန်းဆက်စကားပြောဆိုခဲ့ပါတယ်။
    Ref : CNN
  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မောင်တောဒေသသို့ သွားရောက်
    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မောင်တောဒေသသို့ သွားရောက်
    နိုဝင်ဘာ ၂၊ ၂၀၁၇
    M-Media
    စစ်တွေလေဆိပ်ကို ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်
    – နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို ဒီကနေ့မှာ နေ့ချင်းပြန်ခရီးစဉ် သွားရောက်ခဲ့ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
    အစိုးရတာဝန်ရှိသူတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ ပြည်နယ်မြို့တော် စစ်တွေကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဟတ်ယာဉ်တွေနဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို သွားရောက်ခဲ့ပါတယ်။
    Arakan Project စောင့်ကြည့်ရေးအဖွဲ့က ခရစ္စလီဝါက မောင်တောကိုရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခတွေမဖြစ်ပွားဖို့ ပြောကြားခဲ့ကြောင်း၊ မိမိတို့အစိုးရအနေနဲ့လည်း ကူညီပေးသွားမှာဖြစ်ကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လူတွေကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ခုနှစ် အာဏာရပြီးကတည်း ပထမဆုံးအကြိမ် ရခိုင်ပြည်နယ်ကို သွားရောက်တာဖြစ်ပါတယ်။
    ရခိုင်ပြည်နယ်အတွင်း​ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေမှုအတွက် ဒေါ်အောင်စုကြည်ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ၁၉၉၀ ပြည့်နှစ်တွေက နှစ်နိုင်ငံ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်အတိုင်း ပြန်လည်လက်ခံမယ်လို့ ကတိပြုခဲ့ပြီး၊ ပြီးခဲ့တဲ့လကလည်း ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်နေရာချထားရေး စီမံကိန်းတစ်ခုကို စတင်ခဲ့ကာ သူမကိုယ်တိုင် ဦးဆောင်မှာ ဖြစ်ပါတယ်။
    Ref: Reuters
  • ၂ ရက်အတွင်း ရခိုင်ပြည်နယ်မှ ထွက်ပြေးရသည့် ရိုဟင်ဂျာဒုက္ခသည် ၇ ဦး ရေနစ်သေဆုံး
    ၂ ရက်အတွင်း ရခိုင်ပြည်နယ်မှ ထွက်ပြေးရသည့် ရိုဟင်ဂျာဒုက္ခသည် ၇ ဦး ရေနစ်သေဆုံး
    အောက်တိုဘာ ၃၁၊ ၂၀၁၇
    M-Media
    ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးရသည့် ရိုဟင်ဂျာများ
    – ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ရိုဟင်ဂျာဒုက္ခသည်တွေ စက်လှေနဲ့ ထွက်ပြေးမှုမှာ နှစ်ရက်အတွင်း အနည်းဆုံး ၇ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
    ဒီနေ့မနက်ပိုင်းမှာ ရိုဟင်ဂျာ ၃၀ ကျော်လောက်ကို တင်ဆောင်သွားတဲ့ စက်လှေဟာ ရာသီဥတုမကောင်းတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတမ်းမှာ နစ်မြုပ်ခဲ့ပြီး အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပါတယ်။
    အဲဒီလှေမှောက်မှုကြောင့် ဒဏ်ရာရပြီး ဆေးရုံတင်ထားရသူတစ်ချို့ ရှိနေကာ ကျန်တဲ့သူတွေကတော့ ကမ်းခြေကို ကူးခတ်အရောက်သွားနိုင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကလည်း တစ်ချို့ကို ကယ်ဆယ်ခဲ့ပါတယ်။
    အဲဒီမတိုင်ခင်တုန်းကလည်း ရေနစ်သေဆုံးခဲ့တဲ့ ရင်ခွင်ပိုက်ကလေးငယ် ၃ ဦးရဲ့ အလောင်းကို ဘင်္ဂလားဒေ့ရှ်ဖက်က ဆယ်ယူရရှိခဲ့ပြီး မနေ့ညနေက တက်ခ်နက်မြို့ကို ကမ်းကပ်မယ့် စက်လှေပေါ်ကနေ ရေထဲကို ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ် ၃
    ဦးဟာ ၃ လကနေ ၁၀ လသားလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။
    သြဂုတ်လနှောင်းပိုင်းကတည်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မတည်ငြိမ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းလောက် ထွက်ပြေးခဲ့ရပြီး နတ်မြစ်အတွင်း လှေမှောက်ကာ ရေနစ်သေဆုံးသူ အရေအတွက်က အနည်းဆုံး ၂၀၀ လောက် ရှိနေပါတယ်။
    Ref: CNA
  • ရခိုင်အစွန်းရောက်များကို ကူညီမှုနှင့် အဖမ်းခံထားရသည့် ဦးဦးချစ်မောင်ထံမှ အရေးပါသည့်သတင်းများ ရရှိဟု ဘင်္ဂလားဒေ့ရှ်ပြော
    ရခိုင်အစွန်းရောက်များကို ကူညီမှုနှင့် အဖမ်းခံထားရသည့် ဦးဦးချစ်မောင်ထံမှ အရေးပါသည့်သတင်းများ ရရှိဟု ဘင်္ဂလားဒေ့ရှ်ပြော
    အောက်တိုဘာ ၃၀၊ ၂၀၁၇
    M-Media
    ဓာတ်ပုံ – BBC
    – ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ဝါဒကို ကူညီမှုနဲ့ အဖမ်းခံထားရတဲ့ ရခိုင်လူမျိုး ဦးဦးချစ်မောင်ကို ရမန် ၃ ရက်ယူပြီးတဲ့နောက် ထောင်ကို ပို့လိုက်ပြီး၊ စစ်ကြောမှုအတွင်းမှာ အရေးပါတဲ့ သတင်းအချက်အလက်တွေ ရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြပါတယ်။
    တနင်္ဂနွေနေ့မှာ လေဆိပ်ရဲစခန်းက လက်ထောက် စစ်ဆေးရေးမျူး ဖာရ်ဟဂ်ျ ဟိုစိန်က ဦးဦးချစ်မောင်ကို တရားရုံးခေါ်ဆောင်လာခဲ့ပြီး သူဟာ အရေးပါတဲ့ အချက်အလက်တွေကို ရမန်ရက်အတွင်းမှာ ပြောကြားခဲ့ကြောင်း၊ စစ်ကြောရေး သေသေချာချာလုပ်နိုင်ဖို့အတွက် ထောင်ကိုပို့ဖို့ လိုအပ်ကြောင်း လျှေက်ထားခဲ့ပါတယ်။
    ဦးဦးချစ်မောင် ဦးဆောင်နေတဲ့ ရခိုင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (RDF) ဟာ မြန်မာနိုင်ငံ ရခိုင်လူ့အဖွဲ့အစည်းက အစွန်းရောက်တွေကို ကူညီနေတယ်လို့ ရဲတပ်ဖွဲ့ရင်းမြစ်တွေက ဆိုပါတယ်။ သူ့ရဲ့ဇနီး ဒေါ်စောမြရာဇာလင်းဟာ ရခိုင်လွတ်မြောက်ရေးပါတီ ALP မှာ ပါဝင်နေသူဖြစ်ပါတယ်။
    ALP ဟာ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြဿနာမှာ ရိုဟင်ဂျာဆန့်ကျင်ရေးသဘောထားရှိတဲ့အဖွဲ့ ဖြစ်ပြီး RDF ဟာ ALP ပါတီကို ရန်ပုံငွေထောက်ပံ့နေတယ်လို့ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရကြောင်း အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။
    အောက်တိုဘာ ၁၈ ရက်နေ့က Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာနိုင်ငံကိုသွားမယ့် အသက် ၆၇ နှစ်အရွယ် ဦးဦးချစ်မောင်ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ရဲ့ Rapid Action Battalion (RAB) ဌာနက ဖမ်းဆီးခဲ့တာဖြစ်ပြီး အကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားပါတယ်။
    လေဆိပ်ရဲတပ်ဖွဲ့တာဝန်ခံ နူအက်ဇ်မန်က သံယဖြစ်ဖွယ် ဓာတ်ပုံတွေနဲ့ စာရွက်စာတမ်းတွေကို ဦးဦးချစ်မောင်ရဲ့ လက်ပ်တော့မှာ တွေ့ခဲ့ရပြီးတဲ့နောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီဓာတ်ပုံတွေထဲမှာ ဒေါ်စောမြရာဇာလင်း လက်နက်တွေ ကိုင်ထားတဲ့ပုံလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
    “ဦးဦးချစ်မောင်နဲ့ ဒေါ်စောမြရာဇာတို့ဟာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေစုစည်းပြီး အိမ်နီးချင်းနိုင်ငံက သက်ဆိုင်ရာအာဏာပိုင်တွေကို ပို့ဆောင်လေ့ရှိပါတယ်။ သူတို့ဟာ ALP ကိုလည်း ငွေကြေးထောက်ပံ့မှုတွေလုပ်ပါတယ်။ ကျွန်တော်တို့ဟာ သူ့ထံက အရေးပါတဲ့သတင်းအချို့ ရခဲ့ပြီး အဲဒါကို စီစစ်နေပါတယ်။ စုံစမ်းစစ်ဆေးနေတဲ့အတွက် ဒီသတင်းအချက်အလက်တွေကို ထုတ်ပြန်လို့ မရသေးပါဘူး”
    Ref: Dhaka Tribune