News @ M-Media
Tag: ramadan
  • အမေရိကန် အိမ်ရာမဲ့များဆီသို့ ရမဿွာန် လမြတ်၏ ကောင်းခြင်းများ ရောက်ရှိ
    ဇူလိုင်-၁၅၊ ၂၀၁၃
    M-Media
    Texas ပြည်နယ်၊ San Antonioနေ အမေရိကန် မွတ်စလင်မ်များသည် အထူးဝါဖြေပွဲ စားသောက်ဖွယ်ရာများကို မျှဝေခြင်းနှင့် အစ္စလာမ်ကို ပိုမို နားလည်စေရန် အခွင့်အလမ်း ဖန်တီးပေးခြင်းတို့အားဖြင့် အိမ်ရာမဲ့များဆီသို့ ရမဿွာန်လမြတ်၏ ပျော်ရွှင်မှုနှင့် ကရုဏာတရားတို့ကို ဆောင်ကြဉ်းပေးကာ အကူအညီလိုအပ်နေသူတို့ မျက်နှာများတွင် အပြုံးပန်းဝေစေခဲ့သည်။
    Ramadan Iftars Provide For America Homeless
    “အသင်တို့ကို ကျွေးမွေးခဲ့တာ ကျွန်တော်တို့ဆိုပေမယ့် ကျွန်တော်တို့ကို လာခွင့် လှူဒါန်းခွင့်ပေးခဲ့တာ အသင်တို့ပါ၊ အဲ့ဒီအတွက် အသင်တို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ” ဟု မွတ်စလင်မ် ကလေးငယ်များ ပညာရေးနှင့် အရပ်ဖက် စင်တာ (MCECC)၏ လူမှုဆက်ဆံရေး ညွှန်ကြားရေးမှူးဖြစ်သူ စကိဘ်ရှိုက်ခ်က San Antonio Express သတင်းဌာန ကို ဇူလိုင် ၁၅ရက်၊ တနင်္လာနေ့က ပြောကြားခဲ့ပါသည်။
    မွတ်စလင်မ် ယဉ်ကျေးမှုအမွေအနှစ် စိုဆိုင်တီနှင့် ပူးပေါင်းကာ MCECCက မြို့တော်၏ အိမ်ရာမဲ့များ ခိုနားရာ“မျှော်လင့်ချက် ရိပ်မြုံ”စင်တာမှ အဖွဲ့ဝင် ၃၀၀ ကို အထူးစားဖွယ်ရာများကို ပေးလှူခဲ့သည်။
    တနင်္ဂနွေ ညနေခင်းတွင် ကျွေးမွေးခဲ့သော စားဖွယ်ရာများသည် ရမဿွာန်လအခါ မွတ်စလင်မ်တို့၏ ၀ါဖြေချိန်တွင် ရောက်လာခဲ့သည်။
    ဤ၀ါဖြေပွဲကို မြို့ထဲရှိ မွတ်စလင်မ်အဖွဲ့နှစ်ဖွဲ့စလုံးမှ ပရဟိတလုပ်အားပေး ၅၀ ၀န်းကျင်က လုပ်အားပေးခဲ့ပြီး ကိတ်မု့န်ချိုများ၊ ကြက်သားကဗတ်၊ ဟင်းရွက်လုံးနှင့် အခြား အရသာရှိ အစားအစာများ ပါဝင်သော ပလတ်စတစ်ကာတွန်းဗူးများကို ရိပ်မြုံမှ နေထိုင်သူများကို ပေးဝေခဲ့ကြသည်။
    စင်တာတွင် နေထိုင်သူများက အစ္စလာမ်နှင့် အစ္စလာမ့်ယုံကြည်ချက်ဆိုင်ရာများကို သုတရရန် သူတို့ကို အခွင့်အလမ်းပေးခြင်းအတွက် ဤအစပျိုးလှုပ်ရှားမှုကို ချီးမွမ်းခဲ့ကြသည်။
    “ဘာကြောင့် ရမဿွာန်ကို ကျင်းပကြတာလဲ”ဟု StarLisa Leonardက ညနေစာ မတည်ခင်းမှီ ပင်မအဆောင်ထဲရှိ ဘာသာပေါင်းစုံချစ်ကြည်ရေး ၀တ်ပြုခန်းတွင် ရပ်လျက် မေးခဲ့သည်။
    မွတ်စလင်မ်လုပ်အားပေးများထဲမှ တစ်ဦးဖြစ်သူ Nazli Siddiquiက စားရန်အတွက် အစားအစာ၊ သောက်ရန်အတွက် ရေစသည် ကောင်းခြင်းများကို သတိတရဖြစ်ရန်နှင့် ဒုက္ခရောက် ခံစားနေရသူများကို ကိုယ်ချင်းစာ စာနာတတ်ရန် မွတ်စလင်မ်တို့သည် ရမဿွာန်လမြတ်တွင် ဥပုသ်သီလ စောင့်ကြပါသည်ဟု ရှင်းပြခဲ့ပါသည်။
    “ကမ္ဘာပေါ်မှာ အချို့သူတွေဟာ တစ်နေ့လုံးမှ တစ်နပ်ပဲ စားကြရတယ်”ဟု အမွေအနှစ်စိုဆိုင်တီ၏ ညွှန်ကြားရေးမှူးဖြစ်သူ Siddiqui က ပြောပြခဲ့သည်။
    “ကျွန်တော်တို့တွေ သနားကြင်နာမှု ခံစားဖြစ်တည်ဖို့ တစ်လကြာအောင် ဒီလိုရှင်သန်မှုမျိုးနဲ့ နေဖို့ ကြိုးစားကြတာပါ။”
    ညနေစာပြီးသောအခါ မွတ်စလင်မ်များသည် ၀တ်ပြုရန်အတွက် စောင်ဖြူများနှင့် ၀တ်ပြုအခင်းများကို အခန်းထဲတွင် ဖြန့်ခင်းလိုက်ကြသည်။
    အစ္စလာမ့်ပြက္ခဒိန်တွင် အထူးမြတ်ဆုံး လဖြစ်သော ရမဿွာန်လမြတ်သည် အမေရိကားတွင် ဇူလိုင် ၉ရက်၊ ကြသာပတေးနေ့တွင် စတင်ခဲ့သည်။
    ရမသွာန်လမြတ်တွင် အရွယ်ရောက်ပြီး မွတ်စလင်မ်များသည် စားခြင်း၊ သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် သံဝါသတို့ကို အရုဏ်ဦးမှ နေ၀င်ချိန်အထိ ရှောင်ကြဉ်ကြပါသည်။
    ဥပုသ်သီလစောင့်ထိန်းခြင်းသည် မွတ်စလင်မ်တို့ကို သည်းခံခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနှင့် နာမ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းစသည်တို့ကို သင်ကြားပေးသည် မည်ပါသည်။ ၀တ်ပြုခြင်း၊ ကျမ်းတော်မြတ် ကုရ်အာန်ကို ရွတ်ဖတ်သရဇ္ဇယ်ခြင်းနှင့် ကောင်းမှုများကျင့်ဆောင်ခြင်းတို့ဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိရန် နှစ်မြှုပ်ထားသော လမြတ်အချိန်ခါလည်းဖြစ်ပါသည်။
    လမြတ်ကာလအတွင်း မွတ်စလင်မ်အများစုကြီးသည် ဆင်းရဲသားများနှင့် လိုအပ်နေသူများကို ဇကားသ်ဆင်းရဲသားဒါနကြေး ပေးရန် အခြားလများထက် ပိုမိုနှစ်သက်ကြပါသည်။
    ကျိုးပျက်သွားသော အေးစက်မှုများ
    အစ္စလာမ့် အလှစစ်ကို ရိပ်မြုံတွင် နေထိုင်သူများဆီသို့ ပိုမိုနီးကပ်စေခဲ့သော ဤအစပျိုးလုပ်ဆောင်မှုသည် အစ္စလာမ်၊ ရမဿွာန်နှင့် အစ္စလာမ့်ယုံကြည်ချက် မဏ္ဍိုင်များအပေါ်တွင် လုံးဝ သက်ရောက်မှု ဖြစ်စေခဲ့သည်။
    “မွတ်စလင်မ်တွေမှာ နားလည်ရခက်တဲ့ ဘာသာတရားရှိတယ်လို့ သင်ကြားဖူးလိမ့်မယ်၊ ဒါပေမယ့် အဲ့ဒါဟာ တကယ်မဟုတ်ပါဘူး” ဟု ရိပ်မြုံမှ Linda Downs က ပြောပြခဲ့သည်။
    “ကျွန်မတို့ (ရိပ်မြုံ အဖွဲ့ဝင်)တွေဟာ ကျွန်မတို့ဘ၀ရဲ့ ခက်ခဲလှတဲ့ အချိန်မှ ရှိနေပါတယ်။
    သူတို့တွေ ဒီမှာရှိနေပြီး ကျွန်မတို့ကို မျှဝေခံစားတာဟာ အင်မတန်မှကို သနားကြင်နာမှုပါပဲ။”
    ဒုက္ခရောက်ခံစားနေရသူတွေကို ကိုယ်ချင်းစာတတ်ဖို့အတွက် နာရီပေါင်းရှည်လျားစွာ အစာနှင့် ရေကို ရှောင်ကြဉ်သော အကြံဥာဏ်သည် Downsအတွက် အံ့သြစရာကောင်းနေပေသည်။
    “သူတို့ တစ်လလုံး ဥပုသ်သီလယူကြပြီး စွန့်လှူကြတယ်။ အဲ့ဒါက သူတို့ နှလုံးသားတွေကို ပြည့်ဝစေတယ်။”ဟု သူမက ပြောပြခဲ့သည်။
    “သူတို့တွေက လူကောင်းတွေပါ။”
    တရားဝင် ထုတ်ပြန်ထားသော ကိန်းဂဏန်းများ မရှိသော်လည်း၊ အမေရိကန် နိုင်ငံသည် ၆သန်းမှ ၈သန်းကြားရှိသော လူနည်းစု မွတ်စလင်မ်များ၏ အမိမြေဖြစ်သည်။
    အမေရိကန် သုသေတနစစ်တမ်းတစ်ခုအရ အမေရိကန်အများစုကြီးသည် မွတ်စလင်မ်များနှင့် အစ္စလာမ်အကြောင်းကို အနည်းငယ်မျှသာ သိကြသည်။
    သို့သော်လည်း မကြာသေးမီက မေးခွန်းစစ်တမ်းတစ်ခုအရ နိုင်ငံအနှံ့မှ ၄၃ ရာခိုင်နှုန်းသော အမေရိကန်များသည် မွတ်စလင်မ်များနှင့်ပတ်သက်ပြီး အနည်းငယ်မျှတော့ အကြောင်းမဲ့ မကောင်းမြင်ကြကြောင်း တွေ့ခဲ့ရသည်။
    Ref:OnIslam
  • ယူကေမွတ်စလင်မ်များ အိမ်ခြေမဲ့သူများနှင့် ရမဿွာန်လမြတ်ကို မျှဝေခံစား
    ယူကေမွတ်စလင်မ်များ အိမ်ခြေမဲ့သူများနှင့် ရမဿွာန်လမြတ်ကို မျှဝေခံစား
    ဇူလိုင်-၁၅၊ ၂၀၁၃
    M-Media
    လန်ဒန်- လူမှုအကျိုးပြုဆောင်ရွက်မှုများတွင် လန်ဒန်မြို့တော်သူမြို့တော်သားများ ချိတ်ဆက်မိကာ မွတ်စလင်မ်ပရဟိတအဖွဲ့တစ်ဖွဲ့သည် အစ္စလာမ်နှင့်ပတ်သက်၍ အထင်အမြင်လွဲမှားမှုများကို ပြုပြင်ရန်နှင့် ကြားအတားအဆီးများကို ချေဖျက်ရန် အိမ်ရာမဲ့များနှင့် အခြားလူမှု အသိုင်းအ၀န်းများအတွက် အထူးဝါဖြေပွဲများကို စီစဉ်ကျင်းပလိုက်သည်။
    “ကျွန်တော်တို့ ဒီရမဿွာန်လှုပ်ရှားမှုကို အစ္စလာမ်နဲ့ပတ်သက်ပြီး လူတွေမှာ ရှိနေတဲ့ အထင်အမြင်လွဲမှားမှုများကို ရပ်တန့်သွားစေဖို့ ရည်ရွယ်ပါတယ်”ဟု လန်ဒန်တက္ကသိုလ်၏ အရှေ့တိုင်းနှင့် အာဖရိကဆိုင်ရာလေ့လာမှု ကျောင်း(SOAS)မှ ကျောင်းသားဟောင်း အိုမရ်စလ်ဟ က ဇူလိုင်လ၊ ၁၁ရက်နေ့က ဘီဘီစီ (BBC) သတင်းဌာနကို ပြောကြားခဲ့ပါသည်။
    “ဒါပေမယ့် ဒါက လူ့အသိုင်းအ၀န်းတွေအားလုံးကို ပိုပြီး လူသားဆန်တဲ့ မျှချေတစ်ခုမှာ ချိတ်ဆက်မိစေတာလည်းပဲ ဖြစ်ပါတယ်။
    ဒါဟာ မွတ်စလင်မ်တွေနဲ့ လန်ဒန်မြို့သားတွေဖြစ်ကြတဲ့ ကျွန်တော်တို့ ရမသွာန်လမြတ်ရဲ့ စိတ်ဝိညာဉ်နဲ့ ပိုပြီးကျယ်ပြန်တဲ့ လန်ဒန်မြို့ လူ့အသိုင်းအ၀န်းတွေကို ကျွေးမွေးပြုစုဖို့ အခွင့်အရေးသာလျှင် ဖြစ်ပါတယ်” ဟု သူက ထပ်ပြောခဲ့သည်။
    လန်ဒန်မြို့အလယ်ပိုင်း Bloomsburyမှ SOAS ကျောင်းရှိ ရမဿွာန်ရွက်ဖျင်တဲတွင် ကျင်းပခဲ့သော အထူးဝါဖြေပွဲများကို ဗြိတိန်နိုင်ငံအ၀န်းရှိ မွတ်စလင်မ်လူမှုရေးလှုပ်ရှားသူများမှ လူမှုရေးလှုပ်ရှားသူတစ်ဦးဖြစ်သူ စလ်ဟ က ပထမဦးဆုံး အကြံပေးခဲ့ခြင်းဖြစ်ပါသည်။
    ဤ၀ါဖြေပွဲတွင် ပါဝင်ဆင်နွဲသူများသည် အစားအစာများကို လန်ဒန်မြို့လယ် Holbornရှိ ပြည်သူ့ရင်ပြင်ကြီးရှိ လင်ကွန်း Inn ကွင်းပြင်များမှ အိမ်ရာမဲ့များကို ကျွေးမွေးခဲ့ကြသည်။
    ဤအတွေ့အကြုံက စလ်ဟ ကို St Mungo’s အိမ်ရာမဲ့များကို လှူဒါန်းမှုမျိုးကဲ့သို့ စားသောက်ဆိုင်များနှင့် တစ်ဦးချင်းအလှူရှင်များ၏ အကူအညီဖြင့် ယခုနှစ် ရမသွာန်တစ်လလုံး ပိုပြီး စနစ်တကျဖြစ်သော လှုပ်ရှားမှုများကို ဖန်တီးရန် တွန်းအားဖြစ်စေပါသည်။
    သူ့အတွက် ဤ၀ါဖြေပွဲများသည် အစ္စလာမ်ကို အဆိုးမြင်ပုံဖော်မှုများကို ဖယ်ရှားရန်နှင့် မွတ်စလင်မ်များအတွက် လန်ဒန်မြို့တော် ကောင်းခြင်းအတွက် မည်သို့ပါဝင်နိုင်သည်ကို နားလည်သဘောပေါက်ရန် အရေးပါလှပါသည်။
    “St Mungo’sက နေထိုင်တဲ့သူအချို့ သူတို့အိမ်တွေမှာ ကျွန်တော်တို့ ကြော်ငြာတွေကို တွေ့မြင်ခဲ့ကြပြီး လာရောက်ခဲ့ကြပါတယ်” ဟု စလ်ဟ က ပြောပြခဲ့ပါသည်။
    “အစပိုင်းမှာ သူတို့ ဘယ်သူတွေဆိုတာကို ပြောဖို့ တုန့်နှေးနေကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ အိမ်ရာမဲ့တွေကို ကူညီပေးကမ်းရတာကို ပျော်ရွှင်ခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။”
    အစ္စလာမ့်ပြက္ခဒိန်၏ အမြင့်မြတ်ဆုံး ရမဿွာန်လမြတ်သည် ဗြိတိန်တွင် ဇူလိုင် ၁၀ရက်၊ ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပါသည်။
    ရမသွာန်လမြတ်တွင် အရွယ်ရောက်ပြီး မွတ်စလင်မ်များသည် စားခြင်း၊ သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် သံဝါသတို့ကို အရုဏ်ဦးမှ နေ၀င်ချိန်အထိ ရှောင်ကြဉ်ကြပါသည်။
    ဥပုတ်သီလစောင့်ထိန်းခြင်းသည် မွတ်စလင်မ်တို့ကို သည်းခံခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနှင့် နာမ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းစသည်တို့ကို သင်ကြားပေးသည် မည်ပါသည်။ ၀တ်ပြုခြင်း၊ ကျမ်းတော်မြတ် ကုရ်အာန်ကို ရွတ်ဖတ်သရဇ္ဇယ်ခြင်းနှင့် ကောင်းမှုများကျင့်ဆောင်ခြင်းတို့ဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိရန် နှစ်မြှုပ်ထားသော လမြတ်အချိန်ခါလည်းဖြစ်ပါသည်။
    လမြတ်ကာလအတွင်း မွတ်စလင်မ်အများစုကြီးသည် ဆင်းရဲသားများနှင့် လိုအပ်နေသူများကို ဇကားသ်ဆင်းရဲသားဒါနကြေး ပေးရန် အခြားလများထက် ပိုမိုနှစ်သက်ကြပါသည်။
    ရှင်သန်သက်ဝင်စေသော အတွေ့အကြုံ
    “ဒီအခမ်းအနားက သူတို့နဲ့ မတူကွဲပြားတဲ့ ယုံကြည်သက်ဝင်မှုနဲ့ ယဉ်ကျေးမှုကို လူတွေအနေနဲ့ ထိတွေ့လေ့လာခွင့် ရရှိစေပါတယ်” ဟု ဆွစ်ဇလန်မှ ဒေးဗစ်မူလာက ပြောပြခဲ့ပါသည်။
    “ပိုမိုများပြာတဲ့လူတွေက ဒီဟာကို နှစ်သက်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါကြောင်းလည်း ဒီစုစည်းတွေ့ဆုံးမှုက တန်ဖိုးရှိပါတယ်။”
    အမေရိကားမှ Alyna Rogow က ဤအတွေ့အကြုံသည် ပညာရကြောင်း သိခဲ့ရသည်။
    “စွန်ပလွံသီးစားခြင်းဟာ အရေးကြီးတယ်ဆိုတာကို သိခဲ့ရပါပြီ”ဟု Rogow က ပြောပြခဲ့ပါသည်။
    “ဒါပေမယ့် ရမဿွာန်ရဲ့ အခေါ်အဝေါ်တွေနဲ့ပတ်သက်ပြီး ပိုမို သင်ယူပြီးပါပြီ။ ဒီနေ့ ဒီနေရာလေးက အသိုက်အ၀န်းလေးကို တကယ့်ကို နှစ်သက်မိပါတယ်။ ပြီးတော့ ဘယ်လို လုပ်အားပေးခဲ့တယ်၊ ဘယ်လိုလှူဒါန်းခဲ့တယ်ဆိုတာကို လူတွေကို ပြောပြဖြစ်ခဲ့ပါတယ်။”
    သူတို့ရဲ့ အောင်မြင်မှု အတွေ့အကြုံကို တွေ့မြင်ခဲ့ပြီး လှုပ်ရှားမှုသည် ပိုမိုကြီးထွားလာမည်ဖြစ်ပြီး လန်ဒန်၏ အရေးကြီးသော အမှတ်အသားများတွင် ပါဝင်လာမည်ကို မျှော်လင့်ခဲ့ကြောင်း စလ်ဟ က ပြောပြခဲ့ပါသည်။
    “လူနေမှုဘ၀ပေါင်းစုံမှ လူအများနဲ့ လူမှုအသိုင်းအ၀န်းအားလုံးတို့နဲ့ Trafalgar ရင်ပြင်မှာ ၀ါဖြေကြဖို့ ကျွန်တော်တို့ မျှော်လင့်ချက် ထားထားပါတယ်။”
    “အဲ့ဒါဟာ လန်ဒန်မြို့ရဲ့ အသွင်မတူကွဲပြားမှုတွေပေါ်မှာ ကြီးမားတဲ့ ပြန်လှန်လေးစားမှုကို ဖော်ဆောင်ရာ ဖြစ်လာပါလိမ့်မယ်။”
    ဗြိတိန်နိုင်ငံသည် လူသန်းပေါင်း ၂.၇ သန်းခန်ရှိ များပြားသော မွတ်စလင်မ် လူနည်းစု၏ အမိမြေ ဖြစ်ပါသည်။
  • ကမ္ဘာကို ကိုင်လှုပ်ခဲ့သော ရမဿွာန်လအတွင်းမှ သမိုင်းဝင်ဖြစ်အင် ၅ ရပ်
    ဇူလိုင်-၁၄၊ ၂၀၁၃
    M-Media
    ဘာသာပြန်ဆိုသူ- သြရသရေချမ်း
    ရမဿွာန် ဟူသည် ဥပုသ်သီတင်းဆောက်တည်ရသော လမြတ် ဖြစ်ကြောင်း၊ နေ့ပိုင်းတွင် အစာရေစာနှင့်ကာမမှုကို ရှောင်ကြဉ်၍ မိမိကိုယ်ကိုဆင်ခြင် သုံးသပ်နေရမည့်လဖြစ်ကြောင်း ကျွန်ုပ်တို့ သိရှိကြ၏။ သို့တစေ ရမဿွာန်လသည် ယနေ့ကျွန်ုပ်တို့နေထိုင်နေသည့်ကမ္ဘာကြီးအား ထူးခြားအံ့ချီးဖွယ် သမိုင်းဖြစ်အင်များ ခြယ်သခဲ့သည်ကိုမူ ကျွန်ုပ်တို့ သိချင်မှသိပါလိမ့်မည်။ ရမဿွာန် လမြတ်အတွင်း ဖြစ်ပွားခဲ့သော ထိပ်တန်းဖြစ်အင် ၅ ရပ်အား လေ့လာကြည့်ပါစို့။
    OLYMPUS DIGITAL CAMERA
    ၁။ ဗဒရ် စစ်ပွဲ
    မှတ်သားလောက်စရာ အပြောင်းကြီးပြောင်းလဲစေခဲ့သော ဖြစ်အင်တို့၏ လက်ဦးပထမမှာ ဗဒရ် စစ်ပွဲ ဖြစ်၏။ ၄င်းသည် လူ့သမိုင်း၌ ယနေ့တိုင်အောင် အရေးပါနေဆဲဖြစ်သည့် ဒုစရိုက်နှင့် သုစရိုက်အကြားက တိုက်ပွဲ တစ်ခုဟူသည်ကို သံသယမ၀င်လေနှင့်။ ၄င်းစစ်ပွဲ၏အင်အားစုတစ်ရပ်မှာ အန္တိမ တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းသာယာမှုနှင့်မင်္ဂလာအပေါင်း သက်ရောက်စေသား) နှင့် နောက်လိုက် ၃၀၀ ကျော်လေးမျှသာ ရှိခဲ့သည်။ ဆန့်ကျင်ဖက်အုပ်စုမှာကား လူဦးရေ၊ လက်နက်၊ ဓနအင်အား အဆမတန်သာလွန်နေသည့် ရုပ်ဝါဒီ ကုရိုင်းရှ် မျိုးနွယ်ဝင်များ ဖြစ်ကြ၏။
    ထိုစစ်ပွဲ၏သမိုင်းဝင်အကျိုးဆက်သည် ကမ္ဘာ့တစ်ဝှန်း မွတ်စ်လင်မ်တို့နှင့်အတူ ယနေ့တိုင် တွဲဖက်ရှင်သန်လျက်ရှိပေသည်။ ဤနေရာ၌ သမိုင်းဝင် အကျိုးဆက်ဟုဆိုခြင်းမှာ ပမာဏများပြားခြင်းကို မဆိုလို။ ဤစစ်ပွဲအတွင်းရှိ ခမ်းနားထယ်ဝါလှသော လုပ်ဆောင်ချက်အကြောင်းတရားမှာ မည်မျှအရေးပါကြောင်း သိအပ်သည်။ စစ်ပွဲ မစတင်မှီ တမန်တော်မြတ် (ငြိမ်းချမ်းသာယာမှုနှင့်မင်္ဂလာအပေါင်း သက်ရောက်စေသား) သည် မိမိ၏လက်အစုံကို ကောင်းကင်ဖက်သို့ ပင့်မြှောက်လျက် “ ဤလက်တစ်ဆုပ်စာမျှသောအုပ်စုလေးသာ ယနေ့တွင် မျိုးသုဉ်းပျောက်ကွယ်သွားပါက ဤကမ္ဘာမြေပေါ်ဝယ် အသျှင်မြတ်အား ကိုးကွယ်ဆည်းကပ်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ကျန်ရစ်တော့မည် မဟုတ်တော့ပါ ” ဟုဆိုကာ လေးလေးနက်နက် ဆုပန်တော်မူခဲ့၏။ ၄င်းသူ (မွတ်စ်လင်မ်)တို့မှာ မျိုးသုဉ်းပျောက်ကွယ်မှု မဖြစ်ခဲ့ကြ။ သို့သာမက “ အလ္လာဟ်အသျှင်မြတ်မှအပ ခ၀ပ်ကိုးကွယ်အပ်ရာ ဟူသည် အလျဉ်းမရှိ၊ မုဟမ္မဒ်သည် ထိုအသျှင်စေလွှတ်တော်မူသော (ကျမ်းရ)တမန်တော် ဧကန်ဖြစ်၏ ” ဟု ထွက်ဆိုနေသူများ ယနေ့တိုင်အောင် တိုးပွားလျက် ရှိနေလေသည်။ ဤသည်မှာ ထာဝရကျေးဇူးတော်တစ်ရပ်တည်း။
    ၂။ မက္ကဟ်မြို့တော်ကို အောင်နိုင်ခြင်း
    မက္ကဟ်မြို့တော်ကိုအောင်နိုင်ခြင်းသည် အစ္စလာမ့်ရာဇ၀င်၌ အောက်ခြေမှတ်စုဖော်ပြချက်ဆိုသည်ထက် အဆပေါင်းများစွာ ကျယ်ဝန်းနက်ရှိုင်းပါ၏။ ဟူသမျှသောအံ့ဖွယ်ဖြစ်ရပ်များအနက် ၀မ်းမြောက်ဖွယ်အကောင်းဆုံး အဆုံးသတ်မှုတစ်ရပ် ဖြစ်ခဲ့ပေသည်။ ထိုဖြစ်စဉ်ကို ရှုပါလေ။ လက်တစ်ဆုပ်စာမျှသော အမျိုးသား၊ အမျိုးသမီးတို့မှာ မိမိတို့၏ယုံကြည်ချက်အယူဝါဒကြောင့် မိမိတို့၏မွေးရပ်ဌာနီမှာပင် အပြင်းထန်ဆုံး ညှင်းပန်းနှိပ်စက်ခံခဲ့ကြရသည်။ သူတို့သည် ခိုကိုးရာမဲ့ဘ၀ဖြင့် အဘယ်ကဲ့သို့ အလွတ်ရုန်းထွက်ခဲ့ကြကုန်သနည်း၊ သို့သာမက ဆယ်စုနှစ်တစ်ခုအတွင်းမှာပင် အဘယ်ကဲ့သို့ အောင်နိုင်သူများအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ကြသနည်း ?
    မက္ကဟ်မြို့တော်အားအောင်နိုင်မှုသည် ကမ္ဘာ့သမိုင်း၏အလှည့်အပြောင်းတစ်ခု ဖြစ်သွားခဲ့၏။ အစ္စလာမ်သည် မိမိ၏ ဘူမိနက်သန်ဌာနီသို့ ပြန်လည်ရောက်ရှိလာ၏။ ကအ်ဗဟ် ဗိမာန်တော်သည် (ရှေးတစ်ချိန်ကအတိုင်း) အလ္လာဟ်အသျှင်မြတ်တစ်ပါးတည်းကိုသာလျှင် ဆည်းကပ်ဝတ်ပြုသောနေရာအဖြစ် အကြွင်းမဲ့ ပြန်လည်ဖြစ်တည်လာခဲ့၏။ မက္ကဟ်မြို့တော်အား အောင်နိုင်ခြင်းက ကျန်ရှိသော အာရေဗျနယ်ပယ်တို့ကို အောင်မြင်ရာ ရောက်သွား၏။ မက္ကဟ်သို့ချီတက်ထွက်ခွာမည့်သတင်း ရရှိသည့် အခိုက်အတန့်အတွင်း ကျွန်းဆွယ်ထဲရှိ မျိုးနွယ်စုဝင် အားလုံးနီးပါးမှ မဒီနဟ်မြို့သို့ ကိုယ်စားလှယ်အသီးသီးစေလွှတ်ကာ သစ္စာခံမဟာမိတ်ဖွဲ့ခဲ့ကြကုန်သည်။
    ယနေ့သော်ကား ဤရွှေမြို့တော်အရပ်ဖက် မျက်နှာမူ၍ ၁.၆ ဘီလီယံအထက်ရှိ မွတ်စ်လင်မ်တို့သည် နေ့စဉ်နေ့တိုင်း ငါးကြိမ် ၀တ်ပြုလျက် ရှိနေပေပြီ။ တစ်သက်လျှင် အနည်းဆုံးတစ်ကြိမ် ဤမြို့တော်သို့ ဟဂ်ျခရီးနှင်နေလေပြီ။ ကျွန်ုပ်တို့၏ကွယ်လွန်သူများကို ၄င်းအရပ်ဖက်သို့ မျက်နှာမူစေပြီး မြှုပ်နှံသင်္ဂြိုလ်နေကြလေပြီ။ ဤမြို့ကို အောင်နိုင်ခဲ့သည်မှာ ရမဿွာန်လမြတ်၏ မင်္ဂလာနေ့ရက်တစ်ရက်ဖြစ်ခြင်းကြောင့်တည်း။
    ၃။ ဂိုလိယက် မှ နောက်ဆုံးခံစစ်
    မိမိတို့ရည်ရွယ်လမ်းကြောင်းအတွင်းရှိ မည်သည့်အရာကိုမဆို ဖြိုလှဲသွားနိုင်ခဲ့ကြသော ရိုင်းစိုင်းကြမ်းတမ်းလှသည့် လက်တစ်ဆုပ်စာ လူမျိုးတစ်စုအကြောင်း ကြားသိဖူးသူ အလွန်းနည်းပါးကြပါလိမ့်မည်။ ၄င်းတို့သည် မွန်ဂိုလိယမှ မွန်ဂိုတာတာများ ဖြစ်၏။ ၄င်းတို့ကို မွတ်စ်လင်မ်များက မည်မျှအထိ ကြောက်ရွံ့ခဲ့ကြကြောင်း  အဆိုတစ်ရပ်ကို ဖော်ပြပါမည်။ မွန်ဂိုတာတာစစ်သည်တစ်ဦးသည် မွတ်စ်လင်မ်အမျိုးသားတစ်ဦးကို သတ်ဖြတ်ရန် လက်နက်တစ်စုံတစ်ရာ မရှိဖြစ်နေသည်။ ထို့ကြောင့် ဓားတစ်ချောင်းသွားရှာ၍ပြန်ရောက်လာသည်အထိ ဒူးထောက် စောင့်ဆိုင်းနေရန် ထိုသူအား အမိန့်ပေး၏။ ထိုမွတ်စ်လင်မ်အမျိုးသားမှာလည်း စွန့်စားရင်ဆိုင်မည့်အစား ထိုအတိုင်းသာ စိတ်ရှည်သည်းခံစွာ (လာရောက်သတ်ဖြတ်လိုက်ချိန်အထိ) စောင့်ဆိုင်းနေခဲ့ပေသည်။ ၄င်းသည် သေခြင်းတရားထက် ဆိုးဝါးသည့် ကံကြမ္မာဟု ဆိုရမည်ဖြစ်ခြင်း !
    ကြောက်မက်ဖွယ် ဤရန်သူသစ်နှင့်ရင်ဆိုင်ရာဝယ် အစ္စလာမ့်ကမ္ဘာတစ်ခုလုံးနီးပါး ပြိုလဲသွားခဲ့သည်။ နောက်ဆုံးသော ဒေသတစ်ခုသာ ကျန်ရစ်နေသည်။ အီဂျစ်ရှိ မမ်းလူးက် စုလ်တာန် ကုသုဇ် က အလှည့်ကျသေဆုံးရမည့်အဖြစ်ကို ထိုင်စောင့်မနေရန် ဆုံးဖြတ်လိုက်သည်။ သူသည် မိမိ၏စစ်သည်များကို စုဆောင်း၍ နောက်ဆုံးခံစစ်ကြောင်း တစ်ခု ဖွဲ့ခဲ့သည်။ ဂိုလိယက် (Ain Jalut) ရှိ စမ်းချောင်းဒေသ၌ ဖြစ်သည်။ ၄င်းသည်ကား ရှုံးပွဲမရှိ မွန်ဂိုများနှင့် ရင်ဆိုင်တော့မည့် အစ္စလာမ့်ကမ္ဘာမှ နောက်ဆုံးလက်ကျန် စစ်တပ်လေး တစ်ခုသာတည်း။ ထိုအခြေအနေမှာ အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံ နှင့် နံရိုးပြိုင်းပြိုင်းစိန်ခေါ်သူတို့၏ လက်ဝှေ့ပွဲတစ်ခုနှယ် ဖြစ်နေပေ၏။ သန်းနှင့်ချီသော အသက်များကို ရင်းနှီးထားခြင်းသာ ကွာခြား၏။ သို့နှင့် မွတ်စ်လင်မ်နှင့်မွန်ဂိုတို့အကြား တိုက်ပွဲအဖြေမှာ သူတစ်ပြန် ကိုယ်တစ်လှည့် ဖြစ်နေခဲ့၏။ နောက်ဆုံးအချိန်ထိတိုင်အောင် ကုသုဇ်သည် မိမိကိုယ်တိုင် ရန်သူ့စစ်ကြောင်းတွင်းသို့ ဦးဆောင်ဖောက်ထွင်းဝင်ရောက်တိုက်ခိုက်ခဲ့ပေသည်။ အဆုံးသတ်သော် မွန်ဂိုများအဖို့ ပထမဆုံးနှင့်အကြီးမားဆုံး ရှုံးနိမ့်ရသည့် စစ်ပွဲတစ်ခုအဖြစ် သမိုင်းတွင်ရစ်သွားပါတော့သည်။ ထိုဒေသတွင်း၌ အစ္စလာမ်မှာ ဘေးကင်းလုံခြုံခဲ့ရသည်။ ၄င်းမှာ ရမဿွာန်လအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    ၄။ ဟက်တင် စလာဟုဒ္ဒီန်း အိုင်ယူဘီ၏ ထိုးစစ်များ
    ဟက်တင် စလာဟုဒ္ဒီးန် အိုင်ယူဘီသည် အစ္စလာမ့်ရာဇ၀င်တွင် သြချရလောက်သည့် သူရဲကောင်းများအနက် တစ်ဦး အပါအ၀င်ဖြစ်၏။ သူသည် ခရူးဆိတ်စစ်ဆင်သူများအပေါ် အောင်နိုင်ခဲ့သူ၊ ရာစုနှစ်တစ်ခုနီးပါး ချိုးနှိမ်စော်ကားခံရသော မွတ်စ်လင်မ်နှင့် အစ္စလာမ်တို့အတွက် ဂျေရုဆလင်အား ပြန်လည် ရယူပေးခဲ့သူအဖြစ် ကျော်ကြားသည်။ သူ၏ အလယ်ခေတ်သူရဲကောင်းပီသမှုနှင့် ရိုးသားဖြောင့်မတ်မှုကိုယ်ရည်ကိုယ်သွေးတို့မှာ သူ၏ရန်သူများကပင် အသိအမှတ်ပြုခဲ့ကြ ရသည်ကိုလည်း ကျွန်ုပ်တို့ သိရှိကြပေ၏။
    သို့သော် ထိုဖြစ်အင်၏ ဟာကွက်မရှိ ချိန်သားကိုက် ဆောင်ရွက်ခဲ့သော ကာလကိုမူ ကျွန်ုပ်တို့ သိခဲ့ကြမည် မဟုတ်။ စလာဟုဒ္ဒီးန်သည် ခရူးဆိတ်စစ်ဆင်သူများ၏ ပိုင်နက်နယ်ပယ်များအား နှစ်အတန်ကြာအောင် ဖြည်းဖြည်းချင်း လှည့်လည်ကြည့်ရှုနေခဲ့သည်။ အင်အားတောင့်တင်းအောင် တည်ဆောက်နေခဲ့သည်။ မိမိ၏အင်အားစုအတွင်းရှိ အားနည်းပျော့ညံ့ချက်များကို ရှင်းလင်းပယ်ဖျက်ခဲ့သည်။ ခရူးဆိတ်စစ်ဘုရင်ကြီးနှင့် ဧရာမစစ်ပွဲဆင်နွှဲနိုင်ရေးအတွက် အဓိကအရာများ၌ လုံးပန်းနေခဲ့သည်။ အချိန်တန်လေလျှင် ခရစ်သက္ကရာဇ် ၁၁၈၇ ခုနှစ်၊ ရမဿွာန်လ အတွင်း ထိုးစစ်ဆင်ခဲ့သည်။ စစ်တိုက်ခြင်းထက် ရန်သူများ၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာအပေါ် စလာဟုဒ္ဒီးန်၏ ဗျူဟာကျကျ ကျွမ်းကျင်စွာ ကိုင်တွယ်တတ်မှုကြောင့် အဆုံးသတ်သော် မွတ်စ်လင်မ်တို့ အောင်ပွဲခံခဲ့ပေသည်။ ခရူးဆိတ်ခေါင်းဆောင်များ အကျဉ်းသားဘ၀သို့ရောက်ခဲ့သည်။ ဂျေရုဆလင်မှာ လမ်းကြောင်းရှင်းသွားခဲ့သည်။ လက်လွှတ်ဆုံးရှုံးခဲ့ရသော အစ္စရာ့အ် နှင့် မိအ်ရာဂ်ျ အထိမ်းအမှတ်ကိုလည်း ပြန်လည်ဆောင်ရွက်နိုင်ခဲ့ပေသည်။
    { တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းသာယာမှုနှင့်မင်္ဂလာအပေါင်း သက်ရောက်စေသား) သည် မက္ကဟ်ဝတ်ကျောင်းတော်မှ ဂျေရုဆလင်ဝတ်ကျောင်းတော်၊ ထိုမှတဆင့် ကောင်းကင်ခရီးသို့ ကြွမြန်းခဲ့ခြင်းကို အစ္စရာ့အ်နှင့်မိအ်ရာ့ဂ်ျ ဟု ခေါ်၏ } ။ ဤသည်မှာ ကာလတစ်ခုအတွင်း ချိန်သားကိုက်ဆောင်ရွက်ခြင်းဖြစ်အင် မဟုတ်ပေသလော။
    ၅။ ဂူဒါလက် စစ်ပွဲ
    ဟိဂ်ျရီ ၉၂ ခုနှစ် (ခရစ် ၇၁၁ ခုနှစ်)၊ ရမဿွာန်လတွင် အာဖရိကရှိ အုမိုင်ယဒ်မြို့စား၏ကျွန်စေတစ်ဦး နှင့် သူ၏ ဘာဘေးရီးယန်းတပ်ဖွဲ့ဝင်များသည် စပိန်၏ ဗီစီဂေါ့သ် (Visigoth) ဘုရင်အား ယှဉ်ပြိုင်ရင်ဆိုင်ခဲ့ကြသည်။ ၄င်း သွာရီးက် ဗင်န် ဇိယာ့ဒ်သည် ကျွန်အဖြစ်မွေးဖွား၍ ချို့တဲ့စွာသေဆုံးသော်ငြား ကမ္ဘာ့ရာဇ၀င်၌ အဆင့်အမြင့်ဆုံး ဗိုလ်ချုပ်ကြီးအဆင့်အထိ စီမံကွပ်ကဲနိုင်ခဲ့သူဖြစ်၏။
    စပိန်ပြည်ကမ်းစပ်ရှိကျောက်တုံးကြီး(အငူ)သို့ခြေချမိသည်နှင့် သွာရီးက်သည် မိမိနှင့်အတူ သွေးသောက်ရဲဘော်များ စီးနင်းလာသည့် လှေငယ်များအားလုံးကို မီးရှို့ဖျက်ဆီးလိုက်သည်။ (ယနေ့သော် ယင်းအငူအား သူ၏အမည်ကို အစွဲပြု၍ ခေါ်ဆိုထားသည်)။ ထိုလုပ်ရပ်မှာ အဆုံးစွန်သောတွန်းအားဖြစ်ခဲ့သည်။ ရန်သူ့အင်အားသည် ၄င်းတို့ထက် သုံးဆကျော် များပြားသာလွန်နေသော်ငြား ဂူဒါလက်စစ်ပွဲတွင် ဗီစီဂေါ့သ်ဘုရင် ရိုဒဲရစ် (Roderic) ကို အနိုင်ရအောင် တိုက်နိုင်ခဲ့ကြ၏။ ရှေ့ဆက်ပြီး စပိန်ပြည်တစ်ခုလုံး နှင့် ပြင်သစ်နယ်အားလုံးနီးပါးကို အောင်မြင်ခဲ့လေသည်။
    ထိုအချိန်မှစ၍ အင်ဒလူစီယာ၌ မွတ်စ်လင်မ်တို့ နှစ်ပေါင်း ၈၀၀ တိုင် အုပ်ချုပ်ခဲ့ရာ အုမိုင်ယဒ်ယဉ်ကျေးမှု သြဇာကြီးစွာ ထွန်းကားလာခဲ့သည်။ ထိုယဉ်ကျေးမှုသည် ဥရောပ၏ပညာတန်ဆောင်ခေတ်အတွက် အုတ်မြစ်ချပေးခဲ့ခြင်းဖြစ်သည့်ပြင်၊ ကာလရှည်ကြီးတစ်ရပ်အထိ မွတ်စ်လင်မ်၊ ခရစ်ယာန်နှင့် ဂျူးတို့ အတူတစ်ကွ တစ်သားတည်း နေထိုင်သွားနိုင်ခြင်းကို ဖော်ဆောင်နိုင်ခဲ့သည်။
    သမိုင်းထဲက သင်ခန်းစာ
    ရမ်ဿွာန်လမြတ်ကို နာမ်ပိုင်းဆိုင်ရာ ပြုပြင်သန့်စင်သော လတစ်လအဖြစ်သာ ရှုမြင်လိုက်ခြင်းသည် ကျွန်ုပ်တို့၏ ရာဇ၀င်တစ်လျှောက် ရမဿွာန်လ၏အနှစ်သာရတစ်ရပ်ဖြစ်သည့် စွန့်လွှတ်အနစ်နာခံခြင်း၊ ရုန်းကန်အားထုတ်ခြင်း စသည့် အစစ်အမှန်စံနမူတို့အား အမြင်လျှမ်းသွားစေသည်။ ဤရမဿွာန်လမြတ်အတွင်း၌ အသင့် အသိုင်းအ၀ိုင်း နှင့် ကမ္ဘာ တစ်ခွင်ရှိ မွတ်စ်လင်မ်များအတွက် ထူးခြားစေသော အစီအမံတစ်ရပ် ရှိနေပါသည်။
    မူရင်း ရေးသားတင်ပြသူ မုဟမ္မဒ် ၀ါဂျိဒ် အခ်သာရ် အကြောင်း
    Ref: Muslim Matters
  • ရမဿွာန်ကို ကြိုဆိုသောအားဖြင့် လူတိုင်း ပါဝင်နိုင်သည့် ၀ါဖြေပွဲများ ဂျပန်နိုင်ငံတွင် ပြုလုပ်
    ဇူလိုင်-၁၃၊ ၂၀၁၃
    M-Media
    Japan Free Iftars Welcome Ramadan
    ရမဿွာန် ဥပုသ်လကို ကြိုဆိုသောအားဖြင့် ဂျပန်လူမျိုးမွတ်စ်လင်မ်များက ဂျပန်နိုင်ငံ၏ အကြီးဆုံး ဗလီကျောင်းတော်တွင် လူတိုင်းပါဝင်နိုင်သောဝါဖြေပွဲများ ပြုလုပ်ခဲ့သည်။ မွတ်စ်လင်မ် မဟုတ်သူများပါ လာရောက်သုံးဆောင်နိုင်ပြီး အစ္စလာမ့်ယဉ်ကျေးမှုများကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။
    “ဥပုသ်သီလဆောက်တည်ခြင်းဟာ ကျွန်တော်တို့ကို ပိုမို တိုးတက်ကောင်းမွန်အောင်ပြုပြင်ပေးပါတယ်။ တကယ့်ကို ပျော်ဖို့လည်းကောင်းပါတယ်” ဟု   စားသောက်ပွဲအား စိတ်အားထက်သန်စွာစောင့်မျှော်နေခဲ့သူ မော်ရိုကိုမှ အသက် ၂၇ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်သော ဘန်ဂ်ျဒီ အလ်မဟ်ဒီ (Benjdi El Mehdi) မှ The Japan Times သို့ ပြောကြားခဲ့ပါသည်။
    အစ္စလာမ့်ပြက္ခဒိန်တွင် အမွန်မြတ်ဆုံးလဖြစ်သော ရမဿွာန်လသည် ဂျပန်နိုင်ငံ၌ ဇူလိုင်လ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့က စတင်ခဲ့သည်။
    ရမဿွာန်လ၌ အရွယ်ရောက်ပြီး မွတ်စ်လင်မ်များသည် အစာရေစာ၊ ဆေးလိပ်သောက်ခြင်း နှင့် လိင်မှုကိစ္စများအား နံနက်နေထွက်ချိန်မှ နေ၀င်ချိန်အထိ ရှောင်ကြဉ်ကြရသည်။ မွတ်စ်လင်မ်တို့သည် မိသားစုစုံညီစွာဖြင့် စုပေါင်းဝါဖြေမှုများ ပြုလုပ်လေ့ရှိကြသည်။
    ဂျပန်နိုင်ငံရှိ အကြီးဆုံးဗလီကျောင်းတော် တိုကျို ကာမီ (Tokyo Camii) တွင် ရမဿွာန်လအတွင်း နေ့စဉ်နေ့တိုင်း ၀ါဖြေပွဲများကို ဗလီမှ တာဝန်ယူကျွေးမွေးပြီး၊ လာရောက်ဝါဖြေကြသူ လူ ၂၀၀ နီးပါး ရှိသည် ဟု သိရသည်။
    ဤ၀ါဖြေပွဲများမှာ မွတ်စ်လင်မ် ဆင်းရဲသူများ နှင့် ခရီးသွားများအား ဧည့်ခံကျွေးမွေးရာမှ စတင်ပေါ်ပေါက်လာခဲ့ပြီး၊
    လွန်ခဲ့သောနှစ်အနည်းငယ်၌ တိုကျိုကာမီ ဗလီကျောင်းတော်က နိုင်ငံမျိုးစုံ၊ ဘာသာပေါင်းစုံ လူတို့အား တည်ခင်းဧည့်ခံကျွေးမွေးသော ယင်းအစဉ်အလာကို စတင်ကျင့်သုံးခဲ့သည်။
    ရမဿွာန်လတွင် ဥပုသ်ဆောက်တည်ခြင်းသည် မွတ်စ်လင်မ်များအား စိတ်ရှည်သည်းခံခြင်း၊ မိမိကိုယ်ကိုထိန်းချုပ်ခြင်းကို သင်ကြားပေးပြီး၊ ထိုလ၏အချိန်ကာလများကို ၀တ်ပြုမှုများ၊ ကုရ်အာန်ဖတ်ရွတ်မှုများ နှင့် ကောင်းမှုကျင့်ရပ်များအားဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိရေး၌ မြှုပ်နှံလုံးပန်းထားကြသည်။
    ဤလအတွင်း မွတ်စ်လင်မ်အများစုသည် နွမ်းပါးသူများ နှင့် ဒုက္ခရောက်နေသူများအတွက် ဇကာ့သ်ပေးကမ်းခြင်းကို ပိုမိုဦးစားပေးတတ်ကြသည်။
    နေ့စဉ်ပြုလုပ်သည့် ရမဿွာန်ဝါဖြေပွဲများသည် အစ္စလာမ့်ယဉ်ကျေးမှု နှင့် ထုံးတမ်းဓလေ့များအတွက် ဖွင့်လှစ်ပြသပေးသော ပြူတင်းတစ်ချပ် ဖြစ်လျက်ရှိသည်။
    “ အစ္စလာမ်ဘာသာအကြောင်း ကျောင်းမှာ သင်ကြားထားလို့ ဒီကိုလာရောက်လေ့လာတာဖြစ်တယ်။ မွတ်စ်လင်မ်တွေ အသားစားတယ်ဆိုတာ ကျွန်မ အရင်ကမသိခဲ့ဘူး ။ သူတို့အကြောင်း ထပ်ပြီးတော့ လေ့လာချင်သေးတယ် ” ဟု အဖော်တစ်ဦးနှင့်အတူ ဗလီကျောင်းတော်သို့ လာရောက်သူ အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူတစ်ဦးက ဆိုသည်။
    ယင်းစားဖွယ်များကို တူရကီနိုင်ငံမှလာရောက်သော စားဖိုမှူးသုံးဦးမှ ၀ါဖြေပွဲအတွက် သီးသန့် ချက်ပြုတ်ပေးထားခြင်းဖြစ်၏။ ၄င်းတို့သည် နေ့လည်ခင်းမတိုင်မီ စတင်ချက်ပြုတ်ကြပြီး၊ သြဂုတ်လ ရမဿွာန်ပြီးသည်အထိ နေ့စဉ်လူ ၂၀၀ စာအတွက် တာဝန်ယူဆောင်ရွက်ကြရသည်။
    ၁၉၃၀ ခုနှစ်တွင် ဂျပန်နိုင်ငံရှိ ဇာတိမတူညီသောမွတ်စ်လင်မ်ဦးရေမှာ ၁၀၀၀ နီးပါးရှိလာခဲ့သည်။
    ၁၉၈၀ ခုနှစ်တွင် အီရန်၊ ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ် မှ လာရောက်ကြသည့် ပြောင်းရွှေ့လုပ်သားများကြောင့် ဂျပန်ရှိ မွတ်စ်လင်မ်ဦးရေသည် ထပ်မံမြင့်တက်လာခဲ့သည်။ ကမ္ဘာ့ဒဿမမြောက်လူနေအထူထပ်ဆုံးဖြစ်ပြီး၊ လူဦးရေ ၁၂၇ သန်းရှိသော ဂျပန်နိုင်ငံတွင် ယခုအခါ မွတ်စ်လင်မ်ဦးရေ ၁၂၀,၀၀၀ ၀န်းကျင်ရှိနေပြီဖြစ်သည်။
    Ref: OnIslam
  • ရမဿွာန်လ ၀ါဖြေပွဲကြောင့် အမေရိကန် နိုင်ငံသားများကြား ပိုမိုရင်းနှီးစေ
    ဇူလိုင်-၁၂၊ ၂၀၁၃
    M-Media
    Ramadan Iftars Bring Americans Closer“ American Islamic Relations ကောင်စီမှ ရမဿွာန်နဲ့သက်ဆိုင်တဲ့ အကြောင်းအချက်များကို ကျွန်တော်တို့ဆီက မွတ်စ်လင်မ်မဟုတ်တဲ့ အသိုင်းအ၀ိုင်းနဲ့မိတ်ဆွေများထံ ပို့ဆောင်ခဲ့ပြီး၊ ကျွန်တော်တို့ဖက်ကလည်း ရမဿွာန် အကြောင်း ပြောဆိုရှင်းပြနိုင်တဲ့ အစီအစဉ်တစ်ခုပါ ” ဟု CAIR ၏ အမှုဆောင် ဒါရိုက်တာ နီဟဒ် အာဝဒ် (Nihad Awad) မှ Voice of America သို့ပြောကြားခဲ့ပါသည်။
    အစ္စလာမ့်ပြက္ခဒိန်၏ အမြင့်မြတ်ဆုံးလ ဖြစ်သော ရမဿွာန်လသည် မြောက်အမေရိကတိုက်တွင် ဇူလိုင်လ ၉ ရက်၊အင်္ဂါနေ့က စတင်ကျရောက်ခဲ့သည်။
    ရမဿွာန်လတွင် အရွယ်ရောက်ပြီးမွတ်စ်လင်မ်များသည် အစာရေစာ၊ ဆေးလိပ်သောက်ခြင်း နှင့် လိင်မှုရေးရာ အား နံနက်နေထွက်ချိန် မှ နေ၀င်ချိန်အထိ ရှောင်ကြဉ်ကြရသည်။
    နေမကောင်းသူမကျန်းမာသူများ နှင့် ခရီးဝေးရောက်နေသူများသည် ကျန်းမာရေးအား ထိခိုက်စေမည် ဆိုပါက ဥပုသ်ဆောက်တည်ခြင်းမှ အထူးသီးသန့်အားဖြင့် ကင်းလွတ်ခွင့်ရရှိကြသည်။
    ကမ္ဘာတစ်ဝှန်းရှိ မွတ်စ်လင်မ်များသည် မိသားစုဝင်များ စုံညီ ၀ါဖြေခြင်း၊ ဘာသာရေး လေ့လာမှုများ ပြုလုပ်ခြင်း၊ ညဥ့်ဘက် အထူးဝတ်ပြုမှုဆောင်ရွက်ခြင်း နှင့် ဆင်းရဲသူများအား ထောက်ပံ့ခြင်း စသော အစဉ်အလာများဖြင့် ရမဿွာန်လကို ဖြတ်သန်းလေ့ရှိကြသည်။
    မွတ်စ်လင်မ်အဖွဲ့အစည်းများအတွက် ရမဿွာန်လသည် အမေရိကန်ရှိ ပြည်သူများကို မွတ်စ်လင်မ်တို့၏ ဘာသာရေးကျင့်ထုံးများ နှင့် အစ္စလာမ့်သက်ဝင် ယုံကြည်ချက်များအား ပြောဆို တင်ပြနိုင်ရန် ယေဘူယျအားဖြင့် အကောင်းဆုံးအချိန်အခါဖြစ်သည်။
    CAIR မှ စီစဉ်သော အစ္စလာမ့် ပညာပေးလုပ်ဆောင်ချက်များတွင် ဒေသခံ ဗလီကျောင်းတော်များ နှင့် အစ္စလာမ့် စင်တာများတွင် မည်သူမဆို လာရောက်လေ့လာနိုင်ခွင့်ပေးခြင်း၊ ရမဿွာန်နှင့်ပတ်သက်သော လူထုဟောပြောပွဲများ၊ အခြားဘာသာဝင်များကိုဖိတ်ခေါ်ဝါဖြေပွဲများ ပြုလုပ်ခြင်း၊ မွတ်စ်လင်မ်များသည်လည်း အမေရိကန် လူ့အဖွဲ့အစည်း၏အစိတ်ပိုင်းတစ်ခုဖြစ်ကြောင်း အမေရိကန်လူမျိုးအပေါင်းကို သိရှိစေသည့် တီဗီ ကြော်ငြာများ  စသည်တို့ ပါဝင်သည်။
    ဥပမာ  CAIR အသင်းအဖွဲ့မှစီစဉ်ဆောင်ရွက်သော ဘာသာပေါင်းစုံစုပေါင်းဝါဖြေပွဲကို ကိုလံဘတ်စ် (Columbus) မြို့၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် လက်ခံဆောင်ရွက်ကျင်းပပြီး  လူ ၂၅၀ ခန့် ပါဝင်ကြမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဟန်နာ တိုင်လာ (Hannah Tyler) က ပြောကြားခဲ့သည်။
    အသင်းအဖွဲ့မှ ၄င်းကဲ့သို့ စုပေါင်းဝါဖြေပွဲအား တာဝန်ယူကျင်းပလာခဲ့သည်မှာ ယခုဆို ၁၆ နှစ်တိုင်ရှိပြီဖြစ်သည်။
    “ကိုလံဘတ်စ်ကလူများဟာ အများအားဖြင့် နားလည်လိုက်လျောမှု ရှိကြတယ်။ လူနည်းစု ဒါမှမဟုတ် ဓလေ့မတူသူအတွက် နေထိုင်ဖို့ အကောင်းဆုံးမြို့လို့ ဆိုနိုင်ပါတယ် ” ဟု သူမက Columbia Dipatch သို့ပြောပြခဲ့သည်။
    ဒပ်ဘလင်ရှိ နူးရ် အစ္စလာမ့်ယဉ်ကျေးမှုစင်တာ (Noor Islamic Cultural Center in Dublin) ၌လည်း ရမဿွာန် အထူးအစီစဉ်များ လုပ်ဆောင်ခဲ့ရာ၊ လူငယ်များသည် ရမ်ဇန်အစီအစဉ်တစ်ရပ်အနေနှင့် ဟီလီယာဒ် အစားအသောက် ခင်းကျင်းပွဲ (Hilliard Food Pantry) တွင် စားဖွယ်များ ရွေးချယ်စုဆောင်းခဲ့ကြကြောင်း သိရသည်။
    “ ကျွန်တော်တို့ အမြဲတစေ ဆွေးနွေးတတ်တဲ့ အချက်တစ်ခုရှိတယ်။ ကျွန်တော်တို့ဟာ လူသားတွေဖြစ်ကြတဲ့အတွက် တူညီမှုတွေ တော်တော်များတယ်ဆိုတာပါပဲ။ ကျွန်တော်တို့ရဲ့ ကွဲပြားခြားနားချက်တွေက မဆိုစလောက်ပဲ ရှိပါတယ်။ တူညီမှုတွေကတော့ အပုံအပင်ဖြစ်နေပါတယ် ” ဟု ဗဟိုဘုတ်အဖွဲ့ဝင် ဖြစ်သော အင်မ်ရာန် မာလစ်ခ် (Imran Malik) ကဆိုသည်။
    အမေရိကန်မွတ်စ်လင်မ်များသည် မျိုးနွယ်ကွဲပြားသော၊ ဘ၀နောက်ကြောင်း မတူညီသော အခြားမွတ်စ်လင်မ်တို့ကိုလည်း ပိုမိုရင်းနှီးမှုရရှိစေရန် အထူးအစီစဉ်များကို စီမံလျက်ရှိသည်။
    “ ဘယ်မွတ်စ်လင်မ်နိုင်ငံ၊ ဘယ်မွတ်စ်လင်မ်အသိုင်းအ၀ိုင်းကဖြစ်ဖြစ် သူတို့အားလုံး အတူတူပဲလို့ ခံစားနိုင်အောင်လို့ ကျွန်တော်တို့ကြိုးစားတာပါ။ သူတို့ ဥပုသ်ဖြေဖို့ အစားအသောက်ကို ကျွန်တော်တို့တည်ခင်းကျွေးမွေးတယ်။ ကျွန်တော်တို့နဲ့အတူ အမျိုးသား၊ အမျိုးသမီး၊ သူတို့ရဲ့ကလေး နဲ့ မိသားစုတွေအပါအ၀င် လူ ၆၀၀ ကျော် စုစည်းတွေ့ဆုံကြတယ်။ ၀ါဖြေပြီးတော့ ကျွန်တော်တို့နဲ့အတူ ၀တ်ပြုကြပါတယ် ”  ဟု ၀ါရှင်တန်ဒီစီ (Washington DC) မှ Islamic Center ၏ ဥက္ကဌဖြစ်သူ အီမာမ် အဗ်ဒူလာခေါင်ဂ်ျ (Imam Abdulla Khouj) က Voice of America သို့ပြောကြားခဲ့သည်။
    မွတ်စ်လင်မ် မိသားစုများသည် ဥပုသ်ဖြေဆိုပြီးနောက်တွင် သရာဝီးဟ် ဟုခေါ်သော ညဘက် (အထူး) ၀တ်ပြုခြင်း အမှုကို ဆောင်ရွက်လေ့ရှိကြသည်။
    “ရမဿွာန်လအတွင်း ညစဉ် (သရာဝီးဟ်) ၀တ်ပြုမှုဟာ  ယုံကြည်ကိုင်းရှိုင်းခြင်း နဲ့ အပြစ်များမှကင်းလွတ်ရေး အတွက် ဖော်ပြချက်တစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ညဥ့်ကို ကျမ်းမြတ်ကုရ်အာန်ရဲ့အပိုင်းအခြားတစ်ခု ပြီးအောင် (၀တ်ပြုမှုအတွင်းမှာ) ရွတ်ဖတ်ကြပါတယ်။ ရမဿွာန်လ ကုန်လွန်တဲ့အခါမှာတော့ ကျွန်တော်တို့အဖို့ ကျမ်းမြတ်ကုရ်အာန်က အပိုင်းအခြား ၃၀ စလုံးကို ဖတ်ရွတ်ပြီးသား ဖြစ်သွားတာပေါ့ဗျာ ” ဟု မွတ်စ်လင်မ် အမေရိကန် စီးပွားရေးသမား အလီ ဂါမေ (Ali Gamay) မှ ဆိုသည်။
    သို့သာမက မီရှီဂန် (Michigan) ၊ ဒီယာဘွန်း (Dearborn) တွင်လည်း အမေရိကန်မွတ်စ်လင်မ်များအတွက် အထူး ပရိုဂရမ်များကို ကျင်းပဆောင်ရွက်ကြသည်။
    “ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောဆိုနိုင်တဲ့ ကျွန်တော်တို့ရဲ့အုပ်စုဝင်များဟာ မွတ်စ်လင်မ် မဟုတ်သူများကို အစ္စလာမ်အကြောင်းပြောပြပေးမယ့် သံတမန်များလို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒါ့ကြောင့် သူတိုရဲ့အစ္စလာမ့်အသိပညာကျယ်ပြန့်လာရေးအတွက် လူငယ်များအတွက် အထူးကဏ္ဍအစီအစဉ်တစ်ရပ်လညိးရှိပါလိမ့်မယ်။ ရမဿွာန်ကာလအတွင်း ဒီမှာရှိတဲ့လူငယ်များက သူတို့မိဘတွေအတိုင်း မွတ်စ်လင်မ် ဟုတ်သူဖြစ်စေ မဟုတ်သူဖြစ်စေ ချို့တဲ့နွမ်းပါးသူများကို ကူညီတတ်ကြတယ် ” ဟု ဒီရာဘွန်းရှိ Islamic Center of America မှ ဦးဆောင်သူ အီမာမ် ဟတ်ဆန် ကဇ်ဝီနီ (Imam Hassan Qazwini) က ဆိုသည်။
    အတိကျ တရားဝင် ကိန်းဂဏန်း မပြသနိုင်သော်လည်း အမေရိကန်နိုင်ငံတွင် မွတ်စ်လင်မ် လူဦးရေ ၆ သန်းမှ ၈ သန်း အကြား နေထိုင်လျက်ရှိသည်ဟု ယုံကြည်ကြသည်။
    ဥပုသ်သီလစောင့်ခြင်းသည် မွတ်စ်လင်မ်များအား စိတ်ရှည်သည်းခံခြင်း၊ မိမိ၏ရုပ်နှင့်နာမ်ကို ထိန်းချုပ်ခြင်းတို့ကို သင်ကြားပေးသည်။ ရမဿွာန်၏အချိန်သည် ၀တ်ပြုမှုများ၊ ကုရ်အာန်ဖတ်ရွတ်မှုများ နှင့် ကောင်းမှုကုသိုလ်ရေးလုပ်ရပ်များဖြင့် အလ္လာဟ်အရှင်မြတ်နှင့် ပိုမိုနီးကပ်စေရန် (အရှင့်နှစ်မြို့မှုပိုမိုရရှိစေရန်) လုပ်ဆောင်ရသော ကာလဖြစ်သည်။
    ဤရမဿွာန်လအတွင်း မွတ်စ်လင်မ်အများစုသည် ဆင်းရဲနွမ်းပါးသူများ နှင့် ဒုက္ခသည်များအတွက် ဇကာ့သ် ပေးကမ်းခြင်းကို ပိုမိုအထူးပြုဆောင်ရွက်ကြသည်။ (ဇကာ့သ် ဟူသည် ပြေလည်သူမွတ်စ်လင်မ်တစ်ဦးအဖို့ မိမိ၏ ပိုလျှံသောငွေကြေးဥစ္စာများအနက် ၀.၂၅ % ကို မဖြစ်မနေ နှစ်စဉ် လှူဒါန်းပေးကမ်းမှုဖြစ်သည်)။