News @ M-Media

Tag: Ransomeware

  • လတ်တလော ကမ္ဘာ့ဆိုက်ဘာတိုက်ခိုက်မှုမှာ ဒေတာဖျက်ဆီးရန် ဖြစ်သည်ဟု ပညာရှင်များပြော

    လတ်တလော ကမ္ဘာ့ဆိုက်ဘာတိုက်ခိုက်မှုမှာ ဒေတာဖျက်ဆီးရန် ဖြစ်သည်ဟု ပညာရှင်များပြော

    ဇွန် ၂၉၊ ၂၀၁၇
    M-Media

    – ကမ္ဘာတစ်ဝှမ်းက စီးပွားရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Petya malware အမည်နဲ့ ရိုတ်ခတ်ခဲ့တဲ့ ဒေတာပြန်ပေးဆွဲတိုက်ခိုက်မှု (ransomware attack) ဟာ ငွေကြေးလိုချင်တာထက် အချက်အလက်တွေ လိုချင်တာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    ဒီ malware ဟာ ဖိုင်တွေကို ပုံဖျက်ပြီး ငွေကြေးတောင်းတာမျိုး ဖြစ်ပေမယ့် သုတေသနပညာရှင်တွေကတော့ အခုတစ်ခေါက် တိုက်ခိုက်မှုဟာ အချက်အလက်တွေကို ဖျက်ဆီးဖို့သာ ဖြစ်တယ်လို့ အခုအချိန်မှာ ယုံကြည်လာကြပါတယ်။

    အဓိကဖိုင်တွေကို ပြန်ယူလို့မရအောင် လုပ်ထားတဲ့ malware ရဲ့ ဒီဇိုင်းကို ပညာရှင်တွေက ထောက်ပြခဲ့တာဖြစ်ပြီး လုံခြုံရေးဆိုင်ရာ လုပ်ငန်း Comae က မတ် ဆူချီဆိုသူကတော့ ဒီပရိုဂရမ်ဟာ ‘၀ိုက်ပါ’ ဖြစ်တယ်လို့ ဆိုပါတယ်။

    “၀ိုက်ပါတစ်ခုရဲ့ ရည်ရွယ်ချက်က ဖျက်ဆီးဖို့ပါ” လို့ သူကဆိုပြီး ransomware ပုံစံ လုပ်ထားတာဟာ မီဒီယာတွေ စိတ်ဝင်စားအောင် လှည့်စားထားတာလို့ ပြောကြားခဲ့ပါတယ်။

    Petya ဟာ ကနဦး ransomware နဲ့ တော်တော်လေး ဆင်တူပေမယ့် ကွန်ပျူတာထဲက အရေးကြီးတဲ့ဖိုင်တွေကို ပုံဖျက်တာထက် အချက်အလက်တွေကို လုံးဝ ပျက်ဆီးအောင်လုပ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ရုရှား ဆိုက်ဘာလုံခြုံရေးလုပ်ငန်း Kaspersky Lab က အန်တွန် အိုင်ဗန်နော့ဗ်နဲ့ အော့ခ်မန် မာမီဒေါ့ဗ်တို့ကလည်း ဒီပရိုဂမ်ဟာ ပိုက်ဆံလိုချင်တာထက် အချက်အလက်တွေကို ဖျက်ဆီးဖို့ ဖန်တီးခဲ့တာဖြစ်တယ်ဆိုပြီး ကောက်ချက်ချခဲ့ပါတယ်။

    သူတို့ရဲ့ လေ့လာမှုအရ ဒီ malware မှာ အချက်အလက်ကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ဆောင်ရွက်မယ့် နည်းလမ်းမျိုး မပါဝင်ဘူးလို့ တွေ့ခဲ့ရပါတယ်။

    The Grugq လို့ အမည်ရတဲ့ ကွန်ပျူတာလုံခြုံရေးဆိုင်ရာ သုတေသနပညာရှင်ဟောင်းကလည်း ဒီပရိုပရမ်ကို ဖန်တီးသူဆီ ငွေပို့ပေးရမယ့် လမ်းကြောင်း အားနည်းမှုက အထက်က ပညာရှင်တွေပြောတဲ့ သံသယတွေကို ပိုပြီး ခိုင်မာအားကောင်းစေတဲ့လို့ ဆိုပါတယ်။

    “Petya အစစ်က ငွေရှာတဲ့ ရာဇ၀တ်လုပ်ငန်းဗျ။ အခုဟာက ငွေရှာဖို့လုပ်ထားတာမဟုတ်ဘူး”

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုကို နိုင်ငံပေါင်း ၆၄ နိုင်ငံက စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေက ခံစားခဲ့ရပြီး အထိနာဆုံးကတော့ ယူကရိန်းနိုင်ငံ ဖြစ်ပါတယ်။

    Ref: BBC

  • ဒေတာပြန်ပေးဆွဲ ဆိုက်ဘာတိုက်ခိုက်မှု ကမ္ဘာတစ်ဝှမ်း ထပ်ဖြစ်ပြန်

    ဒေတာပြန်ပေးဆွဲ ဆိုက်ဘာတိုက်ခိုက်မှု ကမ္ဘာတစ်ဝှမ်း ထပ်ဖြစ်ပြန်

    ဇွန် ၂၈၊ ၂၀၁၇
    M-Media

    – ကွန်ပျူတာမှာရှိတဲ့ အချလက်တွေကို ဖောက်ထွင်းရယူပြီး ငွေကြေးတောင်းခံတဲ့ ‘ဒေတာပြန်ပေးဆွဲ ဆိုက်ဘာတိုက်ခိုက်မှု’ (ransomware) ဟာ မနေ့က ဥရောပနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    Petya လို့ အမည်ပေးထားတဲ့ အဲဒီ ဆိုက်ဘာတိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရတယ်လို့ ယူကရိန်းနဲ့ ရုရှားနိုင်ငံတွေရဲ့ အဓိကလုပ်ငန်းတွေက ပြောကြားခဲ့ပြီး နောက်ပိုင်းမှာ ဥရောပနိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်ခဲ့ပါတယ်။

    အဆိုးဝါးဆုံး တိုက်ခိုက်ခံရတာကတော့ ယူကရိန်းနိုင်ငံဖြစ်ပြီး ဓာတ်အားပေးလုပ်ငန်း၊ ဘဏ်တွေ၊ အစိုးရရုံးတွေဟာ ဆိုးဆိုးဝါးဝါး ထိခိုက်မှုတွေရှိခဲ့ကာ မြို့တော်ကိဗ်က Boryspil လေဆိပ်လည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

    ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက မကြံစဖူး ဆိုက်ဘာတိုက်ခိုက်မှုပြီးတဲ့နောက် အာဏာပိုင်တွေအနေနဲ့ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

    ဒုတိယ၀န်ကြီးချုပ် ပါဗလို ရိုဇန်ကိုကလည်း မှောင်မဲနေတဲ့ ကွန်ပျူတာစခရင် ဓာတ်ပုံကို Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပြီး အစိုးရရုံးချုပ်တွေက ကွန်ပျူတာစနစ်တွေ ပိတ်သွားတယ်လို့ ရေးသားခဲ့ပါတယ်။

    ယူကရိန်းဗဟိုဘဏ်က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံရပ်ခြားက တိုက်ခိုက်သူတွေဟာ ယူကရိန်းဘဏ်အချို့ရဲ့ ၀ဘ်ဆိုက်တွေကို တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ သတိပေးခဲ့ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုကို ကိဗ်မြို့အခြေစိုက် Kyivenergopower စွမ်းအင်ကုမ္ပဏီကလည်း ခံခဲ့ရပြီး၊ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် Chernobyl ဓာတ်ပေါင်းဖိုက ဓာတ်ရောင်ခြည် ထွက်လာမှုအတွက် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။

    ကွန်ပျူတာတွေကို ဖောက်ထွင်းဝင်ရောက်ကာ အချက်အလက်တွေကို ပုံဖျက်ပြီး ပြန်ပေးငွေတောင်းတဲ့ ဒီတိုက်ခိုက်မှုဟာ ဇွန်လအတွင်းကလည်း ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားခဲ့ပြီး နိုင်ငံပေါင်း ၁၅၀ က ကွန်ပျူတာအလုံးပေါင်း သိန်းနဲ့ချီ ထိခိုက်ခဲ့ပါတယ်။ ဆိုက်ဘာလုံခြုံရေး တာဝန်ရှိသူတွေက ပုံစံအသစ်နဲ့ တိုက်ခိုက်မှု ရှိလာနိုင်တယ်လို့ အဲဒီတုန်းကတည်းက သတိပေးထားတာပါ။

    ဒီတိုက်ခိုက်မှုဟာ မြောက်ကိုရီးယားနဲ့ ဆက်သွယ်မှုတွေရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဘယ်သူက လုပ်တယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်ခဲ့ပါဘူး။

    Ref: Aljazeera