ဇွန် ၂၉၊ ၂၀၁၇
M-Media
– ကမ္ဘာတစ်ဝှမ်းက စီးပွားရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Petya malware အမည်နဲ့ ရိုတ်ခတ်ခဲ့တဲ့ ဒေတာပြန်ပေးဆွဲတိုက်ခိုက်မှု (ransomware attack) ဟာ ငွေကြေးလိုချင်တာထက် အချက်အလက်တွေ လိုချင်တာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဒီ malware ဟာ ဖိုင်တွေကို ပုံဖျက်ပြီး ငွေကြေးတောင်းတာမျိုး ဖြစ်ပေမယ့် သုတေသနပညာရှင်တွေကတော့ အခုတစ်ခေါက် တိုက်ခိုက်မှုဟာ အချက်အလက်တွေကို ဖျက်ဆီးဖို့သာ ဖြစ်တယ်လို့ အခုအချိန်မှာ ယုံကြည်လာကြပါတယ်။
အဓိကဖိုင်တွေကို ပြန်ယူလို့မရအောင် လုပ်ထားတဲ့ malware ရဲ့ ဒီဇိုင်းကို ပညာရှင်တွေက ထောက်ပြခဲ့တာဖြစ်ပြီး လုံခြုံရေးဆိုင်ရာ လုပ်ငန်း Comae က မတ် ဆူချီဆိုသူကတော့ ဒီပရိုဂရမ်ဟာ ‘၀ိုက်ပါ’ ဖြစ်တယ်လို့ ဆိုပါတယ်။
“၀ိုက်ပါတစ်ခုရဲ့ ရည်ရွယ်ချက်က ဖျက်ဆီးဖို့ပါ” လို့ သူကဆိုပြီး ransomware ပုံစံ လုပ်ထားတာဟာ မီဒီယာတွေ စိတ်ဝင်စားအောင် လှည့်စားထားတာလို့ ပြောကြားခဲ့ပါတယ်။
Petya ဟာ ကနဦး ransomware နဲ့ တော်တော်လေး ဆင်တူပေမယ့် ကွန်ပျူတာထဲက အရေးကြီးတဲ့ဖိုင်တွေကို ပုံဖျက်တာထက် အချက်အလက်တွေကို လုံးဝ ပျက်ဆီးအောင်လုပ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရုရှား ဆိုက်ဘာလုံခြုံရေးလုပ်ငန်း Kaspersky Lab က အန်တွန် အိုင်ဗန်နော့ဗ်နဲ့ အော့ခ်မန် မာမီဒေါ့ဗ်တို့ကလည်း ဒီပရိုဂမ်ဟာ ပိုက်ဆံလိုချင်တာထက် အချက်အလက်တွေကို ဖျက်ဆီးဖို့ ဖန်တီးခဲ့တာဖြစ်တယ်ဆိုပြီး ကောက်ချက်ချခဲ့ပါတယ်။
သူတို့ရဲ့ လေ့လာမှုအရ ဒီ malware မှာ အချက်အလက်ကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ဆောင်ရွက်မယ့် နည်းလမ်းမျိုး မပါဝင်ဘူးလို့ တွေ့ခဲ့ရပါတယ်။
The Grugq လို့ အမည်ရတဲ့ ကွန်ပျူတာလုံခြုံရေးဆိုင်ရာ သုတေသနပညာရှင်ဟောင်းကလည်း ဒီပရိုပရမ်ကို ဖန်တီးသူဆီ ငွေပို့ပေးရမယ့် လမ်းကြောင်း အားနည်းမှုက အထက်က ပညာရှင်တွေပြောတဲ့ သံသယတွေကို ပိုပြီး ခိုင်မာအားကောင်းစေတဲ့လို့ ဆိုပါတယ်။
“Petya အစစ်က ငွေရှာတဲ့ ရာဇ၀တ်လုပ်ငန်းဗျ။ အခုဟာက ငွေရှာဖို့လုပ်ထားတာမဟုတ်ဘူး”
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုကို နိုင်ငံပေါင်း ၆၄ နိုင်ငံက စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေက ခံစားခဲ့ရပြီး အထိနာဆုံးကတော့ ယူကရိန်းနိုင်ငံ ဖြစ်ပါတယ်။
Ref: BBC