News @ M-Media

Tag: religious conversion bill

  • မျိုးစောင့် ဥပဒေပြဌာန်းမှု မြန်မာအစိုးရကို အလှူရှင်နိုင်ငံများ ရှုတ်ချဖို့ HRW တိုက်တွန်း

    မျိုးစောင့် ဥပဒေပြဌာန်းမှု မြန်မာအစိုးရကို အလှူရှင်နိုင်ငံများ ရှုတ်ချဖို့ HRW တိုက်တွန်း

    သြဂုတ် ၂၂၊ ၂၀၁၅
    M-Media

    weyathu
    မျိုးစောင့်ဥပဒေပြဌာန်းပေးဖို့ ၉၆၉ အဖွဲ့မှ နိုင်ငံတဝှမ်း လှုံဆော်၍ လက်မှတ်များ ကောက်ခံခဲ့သည့် ကမ်ပိန်းတခုတွင် တွေ့ရသည့် ဦးဝီရသူ (ဓါတ်ပုံ ဧရာဝတီ)

    – ဘာသာအယူ ပြောင်းလဲသက်ဝင်မှုနှင့် မယားပြိုင်ထားခြင်းကို ကန့်သတ်သော၊ နိုင်ငံအတွင်း လူမျိုးရေး တင်းမာမှုများကို မီးထိုးပေးမည့် အန္တရာယ်ရှိနေသော ဥပဒေနှစ်ခုအား မြန်မာနိုင်ငံက အတည်ပြုခြင်းကို အဓိက အလှူရှင်နိုင်ငံများက လူသိရှင်ကြား ရှုတ်ချသင့်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ထိုဥပဒေ ၂ နှစ်ခုကို အတည်ပြုခဲ့ခြင်းကြောင့် မွတ်စလင် ဆန့်ကျင်ရေး သဘောထားများကို အားမနာပ ပြောဆိုကြသည့် သဘောထားတင်းမာသော ဘုန်းကြီးများအုပ်စုမှ တွန်းအားပေးသော မျိုးစောင့် ဥပဒေအောက်မှ ဥပဒေကြမ်း လေးခုစလုံး အတည်ပြုပြီးဖြစ်သည်။

    “လွှတ်တော်ဟာ အခြေခံလူ့အခွင့်အရေးတွေကို လစ်လျူရှုတာသာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့  တင်းမာနေတဲ့ လူမျိုးစုအချင်းချင်း ဆက်ဆံရေးတွေအပေါ်မှာ မီးထိုးပေးလိုက်တာဖြစ်ပြီး၊ အစိတ်စိတ်အမြွှာမြွှာဖြစ်နေတဲ့ အသွင်းကူးပြောင်းရေးကိုလည်း အန္တရာယ်ဆီ တွန်းပို့လိုက်တာလည်း ဖြစ်ပါတယ်” ဟု Human Rights Watch အဖွဲ့၏ အာရှရေးရာ လက်ထောက်ဒါရိုက်တာဖြစ်သူ ဖီးလ် ရော်ဘတ်ဆန်က ပြောကြားခဲ့သည်။

    မြန်မာစစ်အာဏာရှင်များမှာ ၂၀၁၁ ခုနှစ်က ဆင်းပေးခဲ့ပြီး အငြိမ်းစား ဗိုလ်ချုပ်ကြီးများဖြင့် ဖွဲ့စည်းသော ပြုပြင်ပြောင်းလဲရေး အစိုးရအတွက် လမ်းဖွင့်ပေးခဲ့သည်။ သို့သော်လည်း တိုင်းပြည်မှာ လစ်ဘရယ်ဖြစ်လာသည့်အချိန်တွင် မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားများ ပေါ်ထွက်လာခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုများလည်း ဖြစ်လာခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် လူရာချီသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    “မြန်မာနိုင်ငံရဲ့ အဓိကအလှူရှင်နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ဥရောပသမဂ္ဂ၊ ယူကေနဲ့ အမေရိကန်တို့က ဒီဥပဒေတွေကို လူသိရှင်ကြား ရှုတ်ချသင့်ပြီး၊ ဒီဥပဒေတွေကို ချက်ခြင်းရုပ်သိမ်းဖို့ တိုက်တွန်းသင့်ပါတယ်” ဟု ရောဘတ်ဆန်က ပြောကြားခဲ့သည်။

    ဥရောပသမဂ္ဂကမူ ထိုဥပဒေများမှာ အမျိုးသား ရင်ကြားစေ့ရေးနှင့် ပွင့်လင်းသော ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းအား အခြေပျက်စေသည်ဟု ပြီးခဲ့သည့် ဇူလိုင်လတွင် ပြောကြားခဲ့သည်။

    အမျိုးသားရေး ဗုဒ္ဓ၀ါဒမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များကပင် မြန်မာနိုင်ငံတွင် အမြစ်တွယ်ခဲ့သော်လည်း ထင်ရှားသည့် ဘုန်းကြီများက ဗုဒ္ဓဘာသာမှာ ခြိမ်းခြောက်မှုအောက်ရောက်နေသည်ဟု ဟောပြောမှုနှင့်အတူ မကြာသေးမီနှစ်များအတွင်း ထိုဝါဒမှာ နိုင်ငံရေးလွှမ်းမိုးမှု ပိုမိုရရှိခဲ့သည်။

    “ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ဆို့တဲ့ သူတို့ရဲ့ ဒီဥပဒေတွေကို ဖန်တီးတဲ့သူတွေဟာ ခရစ်ယာန်အပါအ၀င် အခြားသော ဘာသာရေးလူနည်းစုတွေကိုလည်း ခြိမ်းခြောက်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ညှင်းပန်းနှိပ်စက်ခံ မွတ်စလင်လူနည်းစုတွေကိုပေါ့။ လူတစ်ဦးချင်းဆီရဲ့ အယူဝါဒနဲ့ ပတ်သက်ပြီး တော်တော်လေး နီးနီးကပ်ကပ် ကန့်သတ်ဖို့ ဒေသခံ အာဏာပိုင်တွေကို ခွင့်ပြုလိုက်တာဟာ ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ် ချုပ်ခြယ်မှုဆီ လမ်းခင်းပေးလိုက်တာလည်း ဖြစ်ပါတယ်။ ” ဟု ရော်ဘတ်ဆန်က ထပ်လောင်းပြောကြားခဲ့သည်။

  • မျိုးစောင့်ဥပဒေမှ ဘာသာပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းဖြင့် လူထု တုံ့ပြန်မှု အစိုးရ သွေးတိုးစမ်း

    မေ ၂၈ ၊ ၂၀၁၄
    M-Media
    timthumb.php
    – မည်သူမဆို အခြားသာသာသို့ ကူးပြောင်းပါက ဒေသခံအာဏာပိုင်များ၏ ခွင့်ပြုချက် ရယူရမည်ဆိုသော အမျိုးသားရေး ၀ါဒီသံဃာများက တင်ပြသည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍  လူထုထောက်ခံမှု မည်မျှရှိသည်ကို အကဲဖြတ်ရန် ကြိုးစားနေပြီဖြစ်သည်။

    ထိုဥပေဒ အတည်ဖြစ်သွားပါက ဘာသာပြောင်းရန် စည်းရုံးသိမ်းသွင်းကြောင်း အပြစ်ရှိသည်ဟု တွေ့ရှိရသူမှာ ထောင်ဒဏ် ၁ နှစ်အထိ ကျခံရတော့မည်ဖြစ်သည်။

    လူဦးရေ သန်း ၆၀ ရှိပြီး ဗုဒ္ဓဘာသာဝင်ဦးရေ အများဆုံးရှိသည့် မြန်မာနိုင်ငံတွင် ရာစုနှစ်တစ်ဝက်ကြာ စစ်တပ်အုပ်ချုပ်ခဲ့ရာမှ လွန်ခဲ့သည့် ၃ နှစ်က ဒီမိုကရေစီစနစ်သို့ စတင်ကူးပြောင်းခဲ့သည်။ ထိုအချိန်ကတည်းက နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့၏။

    လူပေါင်း ၂၈၀ အထိ သေဆုံးခဲ့ပြီး ၁ သိန်း ၄ သောင်းကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ အများစုမှာ အစွန်းရောက် ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မှုကို ခံကြရသော မွတ်စလင်များဖြစ်လေသည်။

    မေလ ၂၇ ရက် အင်္ဂါနေ့က နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြခဲ့သည့် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွင် မည်သည့်ဘာသာတရားကိုမှ သီးသန့် ဖော်ပြထားခြင်မျိုးမရှိ။

    သို့သော်လည်း ဘာသာရေးတင်းမာမှုများဖြစ်အောင် လှုံ့ဆော်သည်ဟု  စွပ်စွဲခံရသည့် အမျိုးသားရေးဝါဒီ သံဃာတော်များဦးဆောင်သော အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တင်သွင်းခြင်းဖြစ်သောကြောင့် ထိုဥပဒေ မူကြမ်းမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများအား မွတ်စလင်များက အိမ်ထောင်ပြုခြင်း သို့မဟုတ် အခြားသော နည်းလမ်းဖြင့် ဘာသာအား စွန့်လွှတ်စေခြင်းကို တားမြစ်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားကြလေသည်။

    ထိုဥပဒေမူကြမ်းအရ မည်သူမဆို ဘာသာပြောင်းလဲလိုပါက ဘာသာကူးပြောင်းခြင်းဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့မှ ခွင့်ပြုချက်လိုအပ်မည်ဖြစ်သည်။ ထိုအဖွဲ့အား ဘာသာရေးခေါင်းဆောင်များ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိများ၊ ဒေသအာဏာပိုင်များ၊ အမျိုးသမီးရေးရာဥက္ကဌနှင့် ဒေသ ပညာရေးအရာရှိများဖြင့် ဖွဲ့စည်းထားမည်ဖြစ်သည်။

    ထိုအဖွဲ့မှ ခွင့်ပြုချက်မရဘဲ ဘာသာပြောင်းသူအတွက် မည်ကဲ့သို့ အရေးယူမည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

    လူသိများသည့် စာရေးဆရာမဖြစ်ပြီး ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့ဖူးသည့် မသီတာကတော့ အဆိုပါဥပဒေမူကြမ်းအား ကန့်ကွက်သည်ဟု ဆိုသည်။

    “ဘာသာပြောင်းဖို့အတွက် အာဏာပိုင်တွေကနေ ခွင့်ပြုချက်ယူရမယ်ဆိုတာ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ကန့်သတ်တာပါပဲ။ အရွယ်ရောက်ပြီးတဲ့ ဘယ်သူမဆို အုပ်ချုပ်သူတွေရဲ့ ကြားဝင်မှုမပါဘဲနဲ့ သူကြိုက်တဲ့ ဘာသာတရားကို ပြောင်းခွင့်ရှိပါတယ်” ဟု သူမက ဖွင့်ဟခဲ့သည်။

    သံဃာများနှင့် အရပ်သားများ ပါဝင်ဖွဲ့စည်းထားသည့် အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အသင်းကတော့ အဆိုပါ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို ထောက်ခံသူ ၁.၃ သန်း၏ လက်မှတ်များကို ယမန်နှစ်က ကောက်ခံခဲ့သည်။

    ထိုကိစ္စမှာ နိုင်ငံရေးအရ ထိလွယ်ရှလွယ်သည့် ကိစ္စဖြစ်သည်ဟု အစိုးရကရှုမြင်ပြီး ပြည်သူလူထု၏ ထောက်ခံမှု အတိုင်းအတာကို ကြည့်ရှုရန် ကြိုးစားနေလေပြီ။

    Ref: AP

    ဓါတ်ပုံအညွှန်း- မျိုးစောင့်ဥပေဒ ပြဌာန်းပေးရန် အစိုးရအဖွဲ့ကို တွန်းအားပေး တောင်းဆိုခဲ့သည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည်တွင် ဖွဲ့စည်းခဲ့သည့် အခမ်းအနား မြင်ကွင်း  (Photo: Teza Hlaing / The Irrawaddy)