သြဂုတ် ၂၂၊ ၂၀၁၅
M-Media

– ဘာသာအယူ ပြောင်းလဲသက်ဝင်မှုနှင့် မယားပြိုင်ထားခြင်းကို ကန့်သတ်သော၊ နိုင်ငံအတွင်း လူမျိုးရေး တင်းမာမှုများကို မီးထိုးပေးမည့် အန္တရာယ်ရှိနေသော ဥပဒေနှစ်ခုအား မြန်မာနိုင်ငံက အတည်ပြုခြင်းကို အဓိက အလှူရှင်နိုင်ငံများက လူသိရှင်ကြား ရှုတ်ချသင့်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ယမန်နေ့တွင် ပြောကြားလိုက်သည်။
ထိုဥပဒေ ၂ နှစ်ခုကို အတည်ပြုခဲ့ခြင်းကြောင့် မွတ်စလင် ဆန့်ကျင်ရေး သဘောထားများကို အားမနာပ ပြောဆိုကြသည့် သဘောထားတင်းမာသော ဘုန်းကြီးများအုပ်စုမှ တွန်းအားပေးသော မျိုးစောင့် ဥပဒေအောက်မှ ဥပဒေကြမ်း လေးခုစလုံး အတည်ပြုပြီးဖြစ်သည်။
“လွှတ်တော်ဟာ အခြေခံလူ့အခွင့်အရေးတွေကို လစ်လျူရှုတာသာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တင်းမာနေတဲ့ လူမျိုးစုအချင်းချင်း ဆက်ဆံရေးတွေအပေါ်မှာ မီးထိုးပေးလိုက်တာဖြစ်ပြီး၊ အစိတ်စိတ်အမြွှာမြွှာဖြစ်နေတဲ့ အသွင်းကူးပြောင်းရေးကိုလည်း အန္တရာယ်ဆီ တွန်းပို့လိုက်တာလည်း ဖြစ်ပါတယ်” ဟု Human Rights Watch အဖွဲ့၏ အာရှရေးရာ လက်ထောက်ဒါရိုက်တာဖြစ်သူ ဖီးလ် ရော်ဘတ်ဆန်က ပြောကြားခဲ့သည်။
မြန်မာစစ်အာဏာရှင်များမှာ ၂၀၁၁ ခုနှစ်က ဆင်းပေးခဲ့ပြီး အငြိမ်းစား ဗိုလ်ချုပ်ကြီးများဖြင့် ဖွဲ့စည်းသော ပြုပြင်ပြောင်းလဲရေး အစိုးရအတွက် လမ်းဖွင့်ပေးခဲ့သည်။ သို့သော်လည်း တိုင်းပြည်မှာ လစ်ဘရယ်ဖြစ်လာသည့်အချိန်တွင် မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားများ ပေါ်ထွက်လာခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုများလည်း ဖြစ်လာခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် လူရာချီသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
“မြန်မာနိုင်ငံရဲ့ အဓိကအလှူရှင်နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ဥရောပသမဂ္ဂ၊ ယူကေနဲ့ အမေရိကန်တို့က ဒီဥပဒေတွေကို လူသိရှင်ကြား ရှုတ်ချသင့်ပြီး၊ ဒီဥပဒေတွေကို ချက်ခြင်းရုပ်သိမ်းဖို့ တိုက်တွန်းသင့်ပါတယ်” ဟု ရောဘတ်ဆန်က ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂကမူ ထိုဥပဒေများမှာ အမျိုးသား ရင်ကြားစေ့ရေးနှင့် ပွင့်လင်းသော ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းအား အခြေပျက်စေသည်ဟု ပြီးခဲ့သည့် ဇူလိုင်လတွင် ပြောကြားခဲ့သည်။
အမျိုးသားရေး ဗုဒ္ဓ၀ါဒမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များကပင် မြန်မာနိုင်ငံတွင် အမြစ်တွယ်ခဲ့သော်လည်း ထင်ရှားသည့် ဘုန်းကြီများက ဗုဒ္ဓဘာသာမှာ ခြိမ်းခြောက်မှုအောက်ရောက်နေသည်ဟု ဟောပြောမှုနှင့်အတူ မကြာသေးမီနှစ်များအတွင်း ထိုဝါဒမှာ နိုင်ငံရေးလွှမ်းမိုးမှု ပိုမိုရရှိခဲ့သည်။
“ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ဆို့တဲ့ သူတို့ရဲ့ ဒီဥပဒေတွေကို ဖန်တီးတဲ့သူတွေဟာ ခရစ်ယာန်အပါအ၀င် အခြားသော ဘာသာရေးလူနည်းစုတွေကိုလည်း ခြိမ်းခြောက်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ညှင်းပန်းနှိပ်စက်ခံ မွတ်စလင်လူနည်းစုတွေကိုပေါ့။ လူတစ်ဦးချင်းဆီရဲ့ အယူဝါဒနဲ့ ပတ်သက်ပြီး တော်တော်လေး နီးနီးကပ်ကပ် ကန့်သတ်ဖို့ ဒေသခံ အာဏာပိုင်တွေကို ခွင့်ပြုလိုက်တာဟာ ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ် ချုပ်ခြယ်မှုဆီ လမ်းခင်းပေးလိုက်တာလည်း ဖြစ်ပါတယ်။ ” ဟု ရော်ဘတ်ဆန်က ထပ်လောင်းပြောကြားခဲ့သည်။
Leave a Reply
You must be logged in to post a comment.