News @ M-Media

Tag: Riot

  • ဒေါ်အောင်ဆန်းစုကြည်နှင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး တွေ့ဆုံဆွေးနွေး

    ဒေါ်အောင်ဆန်းစုကြည်နှင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး တွေ့ဆုံဆွေးနွေး

    ဧပြီ ၈၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    ရန်ကုန် ။          ။        နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော လက်ရှိ အကြောင်းအရာများနှင့် နိုင်ငံတော်အတွင်း စည်းလုံးညီညွတ်မှုရစေရန် ရည်ရွယ်၍ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ ယနေ့ နံနက် ၁၁း၃၀ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဦးဝဏ္ဏရွှေ၊ အလ်ဟာဂ်ျမောင်လာနာ ဦးသိန်းမြင့်၊ ဟာဂျီ ဦးမြင့်ထွန်း၊ ဟာဂျီ ဦးကျော်ခင်၊ ဟာဂျီဦးကိုကိုလတ်၊ ဦးကျော်ငြိမ်း စသူတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးကြရာတွင် နိုင်ငံအတွင်း အေးအေးချမ်းချမ်း နေထိုင်နိုင်ကြရန် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါသည်။

    ယင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ  “ညီညီညွတ် ညွတ်လုပ်ဆောင်စေဖို့ အကြံဥာဏ်ပေးစေချင်တယ်။ ဒါပေမယ့် အခက်အခဲတွေရှိရင်လည်း ပွင့်ပွင့်လင်းလင်းတင်ပြပါ။ ဘာဖြစ်လို့လဲဆိုတော့ လူနည်းစုများဟာ အခက်အခဲဆိုတာ ရှိတတ်ပါတယ်။ ဒါကတော့ ကျွန်မတို့ နိုင်ငံတင် မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ ဖြစ်တတ်ပါတယ်။ ကျွန်မတို့ ဒီလိုပြဿနာတွေဖြစ်တာ ဘာကြောင့်ဖြစ်သလဲဆိုတာ ဇစ်မြစ်ကို ရှာဖွေပြီး နောင်ပြဿနာတွေ မဖြစ်အောင် ကျွန်မတို့ အားလုံးဝိုင်းဝန်းပြီး ကြိုးစားကြရမယ်။ အဲဒါအတွက်ကို ကျွန်မတို့ကို အကြံဥာဏ်ပေးပါ။ အခက်အခဲတွေရှိလည်း ပွင့်ပွင့်လင်းလင်း တင်ပြပါ။

    အမှန်ပြောရရင် ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းတစ်ခုပဲ။ အစိုးရအဖွဲ့မဟုတ်ပါဘူး။ သို့သော်ငြားလည်း ကျွန်မတို့က ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်နေတဲ့ နိုင်ငံရေးအဖွဲ့ အစည်းဆိုတော့ အစိုးရမဟုတ်လည်း တာဝန်မရှိဘူးလို့ မသတ်မှတ်ပါဘူး။ လူတိုင်းမှာ တာဝန်ရှိပါတယ်။ နိုင်ငံသားတိုင်း တာဝန်ရှိတယ်။ ကျွန်မတို့လို နိုင်ငံရေးပါတီဆိုရင်တော့ တာဝန်မကင်းဘူး။ အခု မိတ္ထီလာမှာဖြစ်တဲ့ကိစ္စတွေကို ကျွန်မတို့ဘက်က လုပ်တာတွေကို တင်ပြရမယ်ဆိုရင် ကျွန်မတို့ဘက်က ဘာမှပြောတာဆိုတာ ကြေညာချက်တွေထုတ်တာ မရှိပေမယ့် ပထမဆုံးဖြစ်တဲ့နေ့ကတည်းက ဦးဝင်းထိန်ကို နေပြည်ကနေ မိတ္ထီလာလွှတ်လိုက်တယ်။ ချက်ချင်းကြားကြားချင်း ပဋိပက္ခဖြစ်ပြီဆိုတာနဲ့ ဦးဝင်းထိန်ကလည်းသွားရမလား၊ ကျွန်မကလည်း သွားပါ၊ ချက်ချင်းသွားပါဆိုတော့ ချက်ချင်း အဲ့ဒီနေ့ကတည်းက မိတ္ထီလာရောက်သွားတယ်။ ကျွန်မတို့ တစ်ချိန်လုံး အဆက်အသွယ်ရှိနေတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် ဘာလုပ်သင့်တယ်ဆိုတာကို ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ညှိပြီးလုပ်တယ်။ အခြေအနေဘယ်လိုရှိတယ်ဆိုလည်း ဦးဝင်းထိန်က တစိုက်မတ်မတ်သတင်းပို့လို့ သိခဲ့ရတယ်။ အဲဒီတော့ အဲဒီမှာ ကျွန်မ အမြဲပြောတာက အဲလို ပဋိပက္ခတွေမဖြစ်ဖို့အတွက် ပထမဦးဆုံးလိုအပ်ချက်က ဥပဒေစိုးမိုးရေး၊ တချို့က ကျွန်မက ဥပဒေစိုးမိုးရေးကို အလွန်အကျွံ ဇောင်းပေးတယ်လို့ထင်တယ်။ ဒါက လိုအပ်ချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေစိုးမိုးရေးဆိုတာ မရှိရင် အကြမ်းဖက်မှုဆိုတာ ဖြစ်နိုင်တယ်။ အကြမ်းဖက်မှုဖြစ်ပြီဆိုရင် အပျက်အစီး အသေအကြေတွေ ရှိမယ်ဆိုရင် အရှိန်အဟုန်တက်လာတယ်။ မကျေနပ်မှုတွေ၊ ဒေါသတွေဖြစ်လာတော့ ပိုပိုပြီးတော့ ကိုင်တွယ်ရ ခက်လာတယ်။ ဒါကြောင့် ဥပဒေစိုးမိုးရေးကို အဓိကထားပြောတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စတွေ မဖြစ်အောင်လို့၊ စောစောစီးစီးကတည်းကနေ တားထားလို့ရအောင်။ တစ်ယောက်နဲ့တစ်ယောက် ဆဲရုံဆိုရုံနဲ့က မြန်မြန်ပြေလည်အောင် လုပ်လို့ရတယ်။ နောက်တစ်ဆင့် ရိုက်ရုံပုတ်ရုံနဲ့လည်း နည်းနည်းမဆိုးဘူး။

    ဒါပေမယ့် သတ်တဲ့ဖြတ်တဲ့အဆင့် ရောက်လာပြီဆိုရင် ပြေလည်ဖို့ရာ တော်တော်ခက်သွားပြီ။ ဒါကြောင့် ကျွန်မ ဥပဒေစိုးမိုးရေးကို ဦးစားပေးတာပါ။ ကိုဝင်းထိန်နဲ့လည်း ကျွန်မ တစ်ချိန်လုံး အဆက်သွယ် လုပ်နေတဲ့အခါမှာ ဥပဒေ စိုးမိုးရေးကိုပဲ အဓိကထားပြောတာပါ။ နောက်တစ်ခုကလည်း ကာကွယ်ရမည်။ ဒုက္ခသည်တွေကို ကာကွယ်ရမယ်။ အကြမ်းဖက်မှုကို လုံးဝ အားမပေးရဘူး။ အကြမ်းမဖက်တဲ့ဘက်က ရပ်တည်ရမယ်။ အကြမ်းဖက်တဲ့ကိစ္စတွေကို ဆန့်ကျင်ရမယ်ဆိုတာ ဦးဝင်းထိန်က တစိုက်မတ်မတ်လုပ်သွားပါတယ်။ ကျွန်မ ကြွားပြောတယ်ဆိုရင်လည်း အပြောခံရမှာပါ။ မိတ္ထီလာမှာ အစကတည်းက တတ်နိုင်သလောက် လူမှုရေးအရ လုပ်ဆောင်ပေးတာက ဦးဝင်းထိန်ဦးဆောင်ပြီးတော့ NLD အဖွဲ့က လုပ်ပေးပါတယ်။ ကျန်တဲ့ ပတ်ဝန်းကျင်က မန္တလေးစသဖြင့် မြို့တွေကလည်း ကူညီပေးပါတယ်။ ကျွန်မတို့ ကော့မှူးရွာကတောင်မှ မနေ့ကထိ တတ်နိုင်သမျှ ကူညီပေးပါတယ်။ ဒါပေမယ့် ကျွန်မတို့ကတော့ အလုပ်နဲ့ပဲ ပြချင်တယ်။ ကြေညာချက်ထုတ်တာတို့ ပြောတာဆိုတာတို့ထက် အလုပ်နဲ့ပဲ ထိထိရောက်ရောက်ပြစေချင်တယ်။ ကျန်တဲ့သူတွေကိုလည်း အလုပ်နဲ့ပြတာကိုပဲ ဦးစားပေးစေချင်တယ်။ အလုပ်နဲ့ပြတယ်ဆိုတာ ပဋိပက္ခတွေ မပွားရေးအတွက်၊ နောက်ပြီးတော့ ဒုက္ခရောက်တဲ့သူတွေကို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် တတ်နိုင်သမျှကူညီရေးအတွက် နောက် ပြေလည်ရေးအတွက်။ ဒီတော့ ကျွန်မတို့ဘက်ကတော့ ကျွန်မတို့ အတတ်နိုင်ဆုံး လုပ်သင့်လုပ်ထိုက်တယ်လို့ ထင်တာကို လုပ်ခဲ့ပါတယ်။ ပိုပြီးတော့ လုပ်သင့်လုပ်ထိုက်တယ်လို့ထင်တာတွေကို ကျွန်မတို့ကို အကြံဥာဏ် ပေးပါ။ နောင် ဒီလို ကိစ္စတွေ ထပ်မဖြစ်အောင်လို့။ ကျွန်မတို့ ဒီနိုင်ငံမှာ အေးအေးချမ်းချမ်း နေနိုင်အောင်လို့ တတ်နိုင်သမျှ ဘယ်လိုလုပ် သင့်တယ်ဆိုတာလည်း ကျွန်မတို့ကို အကြံဥာဏ်တွေ ပေးစေချင်ပါတယ်။” ဟု ပထမပိုင်းတွင် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြောင်း သိရသည်။

    ဘာသာရေးအဖွဲ့ကြီးမှ ပြန်လည်တင်ပြဆွေးနွေးရာတွင် “လေးစားရတဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ၊ NLD အဖွဲ့ချုပ် နာယကကြီးများနှင့် အစ္စလာမ့်အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ တွေ့ဆုံရသည့်အတွက် ၀မ်းသာကြောင်း၊ ယခုဖြစ်ပေါ်နေတဲ့ လုပ်ရပ်များနဲ့ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ တာဝန်ပျက်ကွက်မှုများ၊ ပြဿနာတွေ ကျယ်ပြန့်ပြီးတော့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်သာမက သာသနိက အဆောက်အအုံတွေ၊ ဗလီတွေဖျက်ဆီးခံရတဲ့အထိကို အကြောင်းအမျိုးမျိုးနဲ့ တင်ပြဆွေးနွေးလိုကြောင်း၊ ဥက္ကဌကြီးအနေနဲ့ ဂရုတစိုက် နားသောတဆင်ပြီးတော့ မိမိတို့ရဲ့ ကိုယ်စွမ်း၊ ဥာဏ်စွမ်း၊ အာဏာစွမ်းရှိသဖြင့် ကူညီဆောင်ရွက်ပေးပါရန် အလေးအနက် မေတ္တာရပ်ခံကြောင်း၊ မိမိတို့တွေ၏ နဖူးစာကောင်းမှုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်တစ်ဦး မိမိတို့နိုင်ငံတွင် ရှိနေသည့်အတွက် အလွန်ပဲ အားရ၀မ်းသာကြောင်း၊ အစ္စလာမ်ဘာသာဝင် လူထုအနေနှင့်လည်း ငြိမ်းချမ်းရေးကို လိုအပ်နေကြောင်း၊ ဒါကြောင့် ထာဝစဉ်ငြိမ်းချမ်းရေးကို လက်ဆွဲပြုထားတဲ့ အမေစုတစ်ယောက် ငြိမ်းချမ်းရေးကို နည်းမျိုးစုံနဲ့ ဖော်ဆောင်တတ်တဲ့ အမေစုအနေဖြင့် ကျွန်တော်တို့ စိတ်အားငယ်ပြီး စိုးရိမ်ထိတ်လန့်နေရတဲ့ မြန်မာနိုင်ငံရှိ မွတ်စလင်မ်များကို အားပေးမှု၊ ကူညီပေးပါရန် ယုံကြည်အားကိုးစွာဖြင့် မေတ္တာရပ်ခံပန်ကြားကြောင်း မိတ်ဆက်ပြောကြားခဲ့ကြောင်းလည်း သိရသည်။

    မိမိတို့ ဆွေးနွေးလိုကြသည်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော ပြဿနာများရေရှည်မှာ မဖြစ်အောင်ဆိုသည့်အချက်ပေါ် မူတည်ကြောင်း၊ မိမိတို့နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၅၀-ခန့်ကတည်းက ပြောလိုသည်မပြောရ၊ လုပ်လိုသည်မလုပ်ရဖြင့် နေလာခဲ့ပြီးမှ ရုတ်တရက် လွန်မြောက်လာသောအခါ အသီးသီးမှာ ခံစားချက်တွေ ရှိလာခဲ့ကြပြီး၊ အမှောင်တွင်းမှ အလင်းထဲသို့ ရုတ်တရက်ရောက်ရှိလာချိန်တွင် မိမိညီနောင် အချင်းချင်း တစိမ်းပြင်ပြင် နေမိလာကြကြောင်း၊ နိုင်ငံတော်၏ သမိုင်းကို ပြန်ကြည့်ပါက ရှေးမြန်မာမင်းများ လက်ထက်ကတည်းက အစ္စလာမ်သာသနာရောက်ရှိခဲ့ကြောင်း၊ နိုင်ငံမှာ အများစုက ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး မေတ္တာ တရားကြီးများစွာဖြင့် စောင့်ရှောက်ခဲ့ကြကြောင်း၊ ဘုရားကျောင်းကန်များရှိခဲ့သည့်နည်းတူ ဗလီများတည်ရှိခွင့်ကိုလည်း လွတ်လပ်စွာ ခွင့်ပေးခဲ့ကြကြောင်းပြောပါသည်။ ဆက်လက်ပြီး နိုင်ငံတော်တွင် လွတ်လပ်ရေး ဆုံးရှုံးပြီးနောက်ပိုင်း ၁၉၃၀-ခုနှစ်ခန့်ကက ဘာသာရေးအဓိကရုဏ်းစဖြစ်ခဲ့ကြောင်း၊ ရှေ့မြန်မာမင်းများလက်ထက်တွင် ဘာသာရေး အဓိကရုဏ်းဆိုသည် မကြားဖူးခဲ့ကြောင်း၊ ၁၉၃၈-ခန့်ကနောက်တစ်ကြိမ်ဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်းသည်လည်း ၁၉၃၁-ခုနှစ်ခန့်က ထုတ်ထားသည့် မော်လ၀ီ-ယောဂီစာအုပ်ကို ပြန်ထုတ်ပြီး လှုံ့ဆော်ခဲ့ကြကြောင်း၊ ယင်းအချိန်ကာလသည် မြန်မာ့သမိုင်းတွင် နိုင်ငံရေးဒီရေအတက်ဆုံး အချိန်ဖြစ်သည့်အတွက် အရေးကြီးဆုံး အချိန်တွင် နိုင်ငံရေးအာရုံလွှဲသည့် ဖန်တီးချက်ဟု မိမိတို့အနေနှင့် သုံးသပ်ရရှိထားကြောင်း၊ နိုင်ငံတော်အတွက် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတွင် ရိုးသားဖြောင့်မတ်ပြီး လူမျိုးဘာသာအသီးသီးအပေါ်၌ စာနာခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် မြန်မာမွတ်စလင်မ်များသည် ၀န်ကြီးအဆင့်ထိ ရှိခဲ့ကြောင်း၊ လွတ်လပ်ရေး တိုက်ပွဲတွင်လည်း မွတ်စလင်မ်တွေ ကျရာတာဝန်ထမ်းရွက်ခဲ့ကြကြောင်း၊ ၁၉၆၁-ခုနှစ်တွင်လည်း မြောက်ဥက္ကလာ အရေးအခင်းဖြစ်ခဲ့သော်လည်း နိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေသော ကာလတွင် ဒီမိုကရေစီအစိုးရဖြစ်သည့် အစိုးရက ဘက်မလိုက်ပဲ ဖြေရှင်းပေးခဲ့ကြောင်း၊

    ၁၉၆၂-ခုနှစ်တွင် လူထုဆန္ဒအား မလေးမထားပဲ လူတစ်စုဆန္ဒသာ အလေးထားသည့်စနစ်ပေါ်ပေါက်လာပြီးနောက် လူတစ်စုမှ မိမိအာဏာ တည်မြဲရေးအတွက် နိုင်ငံသားချင်းသွေးကွဲစေရန် ကိစ္စများ စတင်ဆောင်ရွက် လာကြောင်း၊ နိုင်ငံအစိုးရက နိုင်ငံရေးအရ အမျိုးသားရေးကို ရှေ့တန်းတင်ပြီး သြဇာအာဏာ တည်မြဲရေးအတွက် ဆောင်ရွက်ချက်များကို ရိုးရိုးသားသားတင်ပြရပါက ငယ်စဉ် ကျောင်းနေစဉ်ကပင် ကျောင်း၌ မှတ်ပုံတင်ပြုလုပ်သောအခါ မှတ်ပုံတင် မရှိသည့်ကလေးတွေ မတ်တပ်ရပ်သည့်ဆိုသည့် အတွက် မတ်တပ်ရပ်သည့်အခါ မွတ်စလင်မ်ကလေးတွေ မပါဘူး ပြန်ထိုင်ဟု ပြောကြောင်း၊ ပြန်ထိုင်ရပြီးသည့်အခါ ဘေးတွင်အတူယှဉ်တွဲထိုင်ခဲ့သည့် ညီနောင် သူငယ်ချင်းတွေရဲ့စိတ်ဓါတ် မတူကွဲပြားခြားနားခြင်းဆိုသည့်အသိကို အဲ့ဒီမှာပဲ စပေးပါကြောင်း၊ မွတ်စလင်မ်တွေမှာလည်း အားငယ်စိတ်ကို စတင်ဝင်လာခဲ့ကြောင်း တင်ပြပါသည်။

    ဆက်လက်ပြီး ဘာသာရေးအဖွဲ့ကြီးမှ တင်ပြသည်မှာ – ကျောင်းတက်သည်မှ လွန်မြောက်ပြီး တက္ကသိုလ်တက်သည့်အခါတွင်းလည်း တချို့သော ဆရာ/ဆရာမများသည် ရင်ဝယ်သားပမာ ဆက်ဆံသော်လည်း အချို့မှာ ခွဲခြားဆက်ဆံမှုအပေါ် အမြစ်တွယ်လာပြီး ကုလားကလေးဟု ခွဲခြားခံရမှုများရှိကြောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။

    ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဆွေးနွေးသည်မှာ – တရားဥပဒေစိုးမိုးရေးကော်မတီအနေနှင့်လည်း လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အစိုးရပိုင်းအားလည်း တတ်နိုင်သမျှ ဆော်သြမည်ဖြစ်ကြောင်း၊ အကြမ်းဖက်လမ်းစဉ်ဖြင့် အပြောင်းအလဲလုပ်ဆောင်မည်ကို လုံးဝလက်မခံကြောင်း၊ အခြေအနေတစ်ခုကို ပြောင်းလဲစဉ် အကြမ်းဖက်နည်းကို သုံးစွဲသည်မှာ ယဉ်ကျေးသည့်လူများ၏ လုပ်ရိုးလုပ်စဉ်မဟုတ်ကြောင်း၊ လူရိုင်းများသည်သာ အကြမ်းဖက်သည့်နည်းဖြင့် ပြဿနာအား ဖြေရှင်းကြောင်း၊ ယဉ်ကျေးသည့်သူများသည် ဦးနှောက်နှင့် နှလုံးသားအားအသုံးပြုပြီး ပြဿနာရှိပါက အကြမ်းမဖက်ပဲ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ပြဿနာရှိပါက အကြမ်းမဖက်ပဲ ဖြေရှင်းနိုင်ရမည်ဖြစ်ကြောင်း၊ အကြမ်းမဖက်ပဲ ဖြေရှင်းနိုင်သည့် အရည်အချင်းရှိရန်လိုကြောင်း၊ ချို့တဲ့နေသူများ၏စိတ်ဓါတ်တွင် ခံစားမှုတွေ ပြင်းထန်စွာ ရှိတတ်ကြောင်း၊ တစ်ယောက်နဲ့တစ်ယောက် ကူညီသွားရန်လိုကြောင်း များကို ပြန်လည် ဆွေးနွေးပြောကြားဆွေးနွေးခဲ့ပြီး ၁၂း၄၀ နာရီတွင် ဆွေးနွေးမှု ပြီးဆုံးခဲ့ကြောင်းသိရပါသည်။

    ဆွေးနွေးမှုအသေးစိတ်အား ထပ်မံဖော်ပြပါမည်။

  • မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို ဖို့ဝိန်းရောက် မြန်မာမွတ်စလင်များ ရှုံချ ဆန္ဒပြ

    ဧပြီ-၇-၂၀၁၃
    M-Media
    သတင်း- နေစိုင်း

    DSC_0104 - copy

    အမေရိကန်ပြည်ထောင်စု ဖို့ဝိုန်းမြို့မှာ အခြေချ နေထိုင်ကြတဲ့ မြန်မာမွတ်စလင်တွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အစ္စလာမ်ဘာသာဝင်များအပေါ် အကြမ်းဖက်မှုများကို ရှုံ့ချတဲ့အနေနဲ့ ဧပြီလ (၇) ရက်နေ့မှာ ဖို့ဝိုန်းမြို့ တရားရုံးရှေ့တွင် စုဝေးကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
    ဆန္ဒပြသူတွေဟာ အကြမ်းဖက်မှုများအား ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူရေး၊ အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေရများအား ကူညီမှုကန့်သတ်ချက်များ ပယ်ဖျက်ရေး၊ ပျက်ဆီးဆုံးရှုံးမှုများ ပြန်လည်ပြုပြင်ပေးရေးနဲ့ အနာဂါတ်မှာ ထပ်မံမဖြစ်ပွားစေရန် ဥပဒေကြောင်းအရ အာမခံချက်များပေးရေးတို့ကို အဓိကထား တောင်းဆိုကြတာဖြစ်ပြီး တောင်းဆိုချက်များကိုလည်း မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ပေးပို့မှာဖြစ်ကြောင်းလည်း သိရပါတယ်။

    ပြီးခဲ့တဲ့နှစ်မှ စတင်ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ-ရခိုင် ပဋိပက္ခတွေဟာ အစ္စလာမ်ဘာသာဝင်များအပေါ် တစ်ဖက်သတ် အကြမ်းဖက်မှုတွေအဖြစ် မြန်မာနိုင်ငံအနှံ့ ပြန့်ပွားကူးဆက်ခဲ့တာကို ဆန့်ကျင် ခဲ့တာဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းရာမှာ နှောင့်နှေးခဲ့တဲ့အတွက် အခြေအနေတွေ ပိုမိုဆိုးရွာလာခဲ့တာဖြစ်တယ်လို့ ဦးအယွတ်ခန်းကပြောပါတယ်။

    ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် ကိုအေးမင်းကလည်း မြန်မာမွတ်စလင်ညီနှောင်တွေ မြန်မာနိုင်ငံအနှံ့မှာ အကြမ်းဖက်ခံ သတ်ဖြတ်ခံနေရတာကို ကမ္ဘာကသိစေချင်ကြောင်း၊ အဖြစ်မှန်တွေကို မြန်မာပြည်သူတွေသိဖို့ လိုအပ်ကြောင်း၊ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုအပ်ကြောင်း ပြောပါတယ်။

    “အစ္စလာမ်ဆန်ကျင်ရေး၊ မုန်းတီးရေး လုပ်ရပ်တွေ ထင်ထင်ပေါ်ပေါ် လုပ်လာနေကတည်းက ဒီလို အကြမ်းဖက်မှုတွေ ဖြစ်လာမယ်ဆိုတာ သိသာနေတာဘဲ။ ဒါပေမယ့်ဗျာ…အစိုးရအနေနဲ့ ဖြစ်လာမယ်ဆိုတာ သိလျက်နဲ့ ကြိုတင်ထိန်းသိမ်းထားခဲ့သင့်တယ်။ ဖြစ်ပျက်နေတဲ့အချိန်မှ ချက်ချင်း ကိုင်တွယ်သင့်တယ်လို့ ကျနော်တို့ ယူဆတယ်ဗျ။” ဟု ဦးအယွတ်ခန်းကပြောပါတယ်။
    DSC_0092 - copy
    မော်လဝီဂျလားကလည်း မြန်မာမွတ်စလင်တွေဟာ အမိမြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ သစ္စာရှိရှိ နေထိုင်လာခဲ့ကြောင်း၊ ခေတ်အဆက်ဆက်မှာ အမိမြန်မာပြည်အတွက် အကျိုးပြုခဲ့ကြကြောင်း၊ အခုလိုအကြမ်းဖက်မှုလုပ်ရပ်ကြီးကတော့ မြန်မာနိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲအောင် အချို့သော ဗုဒ္ဓဘာသာ အစွန်းရောက်များက အကြံအစည်ရှိရှိ လုပ်ကိုင်ကြတာဖြစ်ကြောင်း၊ ဘာသာတရားတစ်ခုလုံး၊ လူမျိုးတစ်မျိုးလုံးကို အပြစ်တင်၍မရကြောင်း ဆန္ဒပြသူတွေကိုပြောကြားခဲ့ပါတယ်။

    “ကျနော်တို့က ဘယ်ဘာသာကိုမှလည်း မစော်ကားဘူး။ ကျနော့်တို့ကိုစော်ကားတာကိုလည်း မကြိုက်ဘူး။ ဒီကိစ္စက ဘာသာတရားအကြားမှာဖြစ်ပျက်တဲ့ကိစ္စလည်းမဟုတ်ဘူး။ ဗုဒ္ဓဘာသာအမည်ခံ အချို့အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ဖြစ်တယ်။ ဒီအနောက်မှာ နိုင်ငံရေးသမားတွေလည်းပါတယ်။ ဒါကို နိုင်ငံခေါင်းဆောင်တွေကလည်း သိသိရဲ့နဲ့ မလွန်ဆန်နိုင်တဲ့ သဘောမှာရှိတာကို တွေ့ရတယ်။” ဟု မော်လဝီဂျလားမှ ရှင်းပြပါတယ်။

    ဆန္ဒပြသူတွေဟာ “ဘယ်ဘာသာဘဲဖြစ်ဖြစ် သတ်ဖြတ်တာကို လက်ခံဘူး”၊ “တရားမျှတမှုကိုလိုလာတယ်”၊ “မွတ်စလင်တွေကိုသတ်တာ… ဗလီတွေဖြတ်တာ ချက်ချင်းရပ်” အစရှိတဲ့ ဆိုင်းပုဒ် ပိုစတာများဆွဲကိုင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။
    အင်ဒီယားနာပြည်နယ် ဖို့ဝန်းမြို့မှာနေထိုင်ကြတဲ့ မြန်မာမွတ်စလင်မိသားစုတွေ စုပေါင်းပြီး အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေကြသူတွေကို အလှူဒါနပြုကြဖို့အတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်းလည်းသိရပါတယ်။

  • အကြမ်းဖက်မှု တိမ်းရှောင်သူတချို့ နေရပ်ပြန်

    အောင်ရဲ မောင်မောင်
    ဗီအိုအေ မှ ကူးယူဖော်ပြသည်။
    05.04.2013

    59269_634927983199585_288436051_n
    Photo- Peace Cultivation Network – PCN

    ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းက အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြီး ရန်ကုန်ကို သွားရောက် ခိုလှုံနေကြတဲ့ မွတ်ဆလင် ဒုက္ခသည် အများစုကို ဒီကနေ့ မနက်အစောပိုင်းကပဲ သူတို့ရဲ့နေရပ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ ဇီးကုန်း၊ နတ်တလင်းမြို့တွေကို ပြန်ပို့ပေးနိုင်ခဲ့တယ်လို့ ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ယက်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
    နယ်မြေ လုံခြုံရေးအခြေအနေတွေ အတန်ငယ် အေးချမ်းသွားပြီလို့ ဆိုရနိုင်ပေမဲ့ ပဲခူးတိုင်း အနောက်ဘက်ခြမ်းမှာ ပုဒ်မ ၁၄၄ ကို မရုတ်သေးပါဘူး။ ဒါပေမဲ့ တားမြစ်ထားတဲ့ နာရီတွေကိုတော့ အနည်းငယ် လျှော့ချပေးလိုက်ပြီလို့ မင်းလှမြို့ခံတစ်ဦးက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန် အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာဖြစ်ပါတယ်။

    မကြာသေးခင်က ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲတဲ့ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမြို့တွေက ဒုက္ခသည် ၁၀၀ ကျော် ကို ရန်ကုန်ကနေ သူတို့နေရပ်တွေကို ဒီကနေ့မနက် အစောပိုင်းကပဲ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့လည်း ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ယက်က နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

    “မင်းလှ၊ အုတ်ဖိုက ဒုက္ခသည် တစ်ရာကျော်ကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ လုံခြုံ စိတ်ချစွာ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။”

    ပဲခူတိုင်းဒေသကြီး အနောက်ခြမ်းက မွတ်ဆလင် လူမျိုးအများစုပါတဲ့ ဒုက္ခသည် ၁၀၀ ကျော်ကို သူတို့နေရပ်ကနေ ရန်ကုန်ကို ခေါ်လာပြီး အကူအညီတွေ ပေးနိုင်ဖို့ ဒေသခံတွေရဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုအတော်အများများ လုပ်ခဲ့ရတယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။
    အဲဒီဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့အတွက် ပထမအသုတ်အနေနဲ့ လူ ၁၃ ဦးကို အရင် ပို့ဆောင်ပေးခဲ့ပြီးတော့ နယ်မြေတည်ငြိမ်မှုတွေကို လေ့လာစေခဲ့ပြီးတဲ့နောက်မှာ ကျန်တဲ့လူ ၁၀၀ ကျော်ကို ဒီကနေ့ မနက်အစောပိုင်းးမှာ ပဲခူတိုင်း အနောက်ခြမ်းက မြို့တွေကို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

    “ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ယက်က ၂၈ ရက်မှာ သွားခေါ်တယ်။ သွားခေါ်ပြီးတော့ မြို့နယ် အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ တရားဝင် ခေါ်လာတယ်၊ တရားဝင် သူတို့ကို ပြန်ပို့မယ်ဆိုတဲ့အချိန်မှာ အထူးသဖြင့် မင်းလှက ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ ပထမခရီးအနေနဲ့ ၁၃ ယောက်ကို သွားပို့တယ်။ ၁၃ ယောက် သွားပို့တဲ့ အချိန်မှာလည်း နယ်မြေအေးချမ်းပါတယ်။ နယ်မြေလည်း တည်ငြိမ်နေပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အပြုံးနဲ့ ကြိုဆိုပါတယ်။ အခုကတော့ ထပ်ပြီးတော့ ၁၀၀ ကျော်ကို ပို့တာပါ။ အဲဒါလည်း အဆင်ပြေ ချောမွေ့ပါတယ်။”

    နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောခဲ့တာပါ။

    အခုလို ဒုက္ခသည်အများစုရဲ့ မိသားစုတွေကို ကူညီပေးရေးအတွက် ၂၀၀၇ ရွှေဝါရောင်တုန်းက တက်ကြွ လှုပ်ရှားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ရွှေဝါရောင်သံဃာတော်များ ကွန်ယက်နဲ့ ဘာသာပေါင်းစုံပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ဥပဒေပညာရှင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းမှု တည်ဆောင်ရေး ကွန်ယက်တို့ကနေ ပူးပေါင်းပြီး ကူညီခဲ့တာဖြစ်ပါတယ်။

    မတ်လအတွင်း မိတ္ထီလာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီးဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းက ဒုက္ခသည်တွေကို ရန်ကုန်က မင်္ဂလာတောင်ညွှန့် ၁၀၁ လမ်းထိပ်က ရောင်နတ်ဗလီဘေး ပုဂ္ဂလိက အဆောက်အအုံတစ်ခုမှာ နေရာပေးပြီး ကူညီတာတွေ ဆောင်ရွက်ပေးခဲ့တယ် လို့လည်း ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ယက်က ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

    မိတ္ထီလာမြို့မှာ ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ ဆူပူမှုတွေ ဖြစ်ခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ဒေသ အတော်များများမှာလည်း ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။

    အဲဒီလို ဖြစ်ပွားခဲ့တာကြောင့် အရေးပေါ် အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး တည်ငြိမ်အောင်အခြေအနေတွေကို ထိန်းခဲ့ရတာလည်း ဖြစ်ပါတယ်။
    လက်ရှိအချိန်မှာတော့ နယ်မြေဒေသ အနည်းငယ် တည်ငြိမ်လာပြီး ဈေးဆိုင်တွေလည်း အတော်များများ ပြန်ဖွင့်လာနိုင်တာကြောင့် အာဏာပိုင်တွေက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို အချိန်အနည်းငယ် လျှော့ပေးလိုက်တယ်လို့လည်း မင်းလှဒေသခံလည်းဖြစ်၊ မင်းလှမြို့ ပေါ်က တိုင်တရာဗလီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးစံလှက ပြောပါတယ်။

    “အခုတော့ အေးချမ်းတာပေါ့ဗျာ။ အခုတော့ အားလုံး ကိုယ့်အိမ်အသီးသီး သွားနေကြပြီ။ ဆိုင်တွေ ဘာတွေလည်း ပြန်ဖွင့်နေကြပါပြီ။ လုံခြုံရေးကတော့ ညပိုင်းပဲ ကင်းလှည့်တဲ့ သဘောရှိတယ်။ နေ့ခင်း၊ နေ့လည်ကတော့ ဘာမှ သိပ်မတွေ့တော့ပါဘူး ခင်ဗျ။ အခြေအနေကတော့ အေးချမ်းပါတယ်။ ပုဒ်မ ၁၄၄ ကိုလည်း လျှော့ထားပါတယ်။ ည ၁၀ နာရီက မနက် ၄ နာရီ။”

    မိတ္ထီလာနဲ့ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းဒေသတွေမှာဆူပူမှုတွေအပြီး အကြမ်းဖက်သူ (၆ဂ) ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်နေတယ်လို့လည်း ပြည်ထဲရေး ၀န်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။

  • ကြိုပင်ကောက်တွင် ညမထွက်ရ အချိန်လျော့ချပေး၊ အခြေအနေ တည်ငြိမ်လာသော်လည်း ပြန်လည် ထူထောင်ရေးအတွက် အကူအညီများ မရရှိသေး

    ဧပြီလ ၄၊ ၂၀၁၃
    M-Media
    သတင်း- ဆူးထက်

    kyo pin kyout copy

    အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ကြို့ပင်ကောက်တွင် ပုဒ်မ ၁၄၄ ထုတ်ထားသည့်ကြားမှ ညပိုင်း အိမ် ၂လုံး အဖျက်ခံရ ပြီနောက် ယခု ပြန်လည် တည်ငြိမ်စ ပြုလာပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

    ယခု လတ်တလောအခြေအနေနှင့် ပတ်သက်၍ ကြိုပင်ကောက်မြို့နေ ဒေသခံ တစ်ဦးအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    “ စိုးရိမ်ကြောင့်ကျစွာ နေနေရ ရာကနေ အခုတော့ နည်းနည်းတည်တည်ငြိမ်ငြိမ် ဖြစ်နေပါပြီ။ ညမထွက်ရ အချိန်ကို အခု ည၁၀း၀၀ ကနေ မနက် ၄း၀၀ ထိ လျော့ချပေးထားပါတယ်။ အခု ကွန်တော်တို့အိမ်တွေ အဖျက်ဆီးခံရတဲ့ အနေအထားမှာ ခုကိုယ်ပါကိုယ် နိုင်သလောက်လေး ပြုပြင်ပြီး နေနေရတာပါ။ ပျက်ဆီး ဆုံးရှုံးသွားတဲ့ အိမ်တွေကို ပြန်လည် ပြုပြင်ပေးမယ်လို့ တီဗွီတွေမှာ ပြောတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီကို လာရောက် မေးမြန်းတာမျိုးတောင် မရှိပါဘူး။အခြားခြားသော အဖွဲ့အစည်းတွေကလည်း လာရောက်လှူဒါန်းတာမျိုးလည်း မရှိသေးပါဘူး ခင်ဗျာ။ ဌာနဆိုင်ရာ ၀န်ကြီးတွေ လာကြပါတယ် ဒါပေမယ့် တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိပါဘူး။အကူအညီ ပေးခြင်း မရှိသေးပါဘူး ခင်ဗျား” ဟု M-Media သို့ပြောကြားခဲ့သည်။

    ဓါတ်ပုံအညွှန်း- မတ်လ ၂၈ ရက်နေ့ည အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ကြို့ပင်ကောက်မြို့ အပျက်အစီးများမြင်ကွင်း ဖြစ်ပါသည်။

  • ဇီးကုန်းမြို့ အခြေအနေပြန်လည် တည်ငြိမ်လာ

    ဧပြီ ၄၊ ၂၀၁၃
    M-Media
    သတင်း- ဆူးထက်

    zingon

    ဇီးကုန်း။ ။ ပဲခူးတိုင်း ဇီးကုန်းတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ မတ်လ ၂၇ရက်နေ့က ဖျက်ဆီးခဲ့ပြီးနောက် ယခု ပြန်လည် အခြေအနေတည်ငြိမ်လာခဲ့ပြီ ဖြစ်ကြောင်း အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော ဒေသခံတစ်ဦးအား ဆက်သွယ် မေးမြန်းချက်အရ သတင်းရရှိသည်။

    “ကျွန်တော်တို့ ဇီးကုန်းနဲ့ ၂မိုင်ကွာက မရင်းရွာက ဗုဒ္ဓဘာသာဝင် လူကြီး လူကောင်း တစ်ဦးဖြစ်တဲ့ အသက်၈၉နှစ်အရွယ် အဘဦးတင်အေးက ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် အယောက် ၁၅၀ ကိုကယ်ထားပေးခဲ့တာပါ။သူစောင့်ရှောက်ကာကွယ်ပေးထားတဲ့ ရက်တွေမှာ ကျွန်တော်တို့ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ နေရေးထိုင်ရေး နောက်ဆုံး ကျွန်တော်တို့ရဲ့ လုံခြုံရေး အတွက် လိုလေသေးမရှိ တာဝန်ယူခဲ့ပါတယ်။ရေကအစ အဲဒီရွာက ရေတောင် မတိုက်ဘူး ရေသန့်ဗူးတွေ ၀ယ်တိုက်ပါတယ်။ သူ ကျွေးမွေး စောင့်ရှောက်ထားတဲ့ ကုန်ကျငွေ အားလုံးဟာ သူများဆီက အလှူငွေတွေနဲ့ လုံးဝမဟုတ်ဘူး၊ အားလုံး သူ့ကိုယ်ပိုင် ပိုက်ဆံနဲ့ စောင့်ရှောက်ခဲ့တာပါ။ ကျွန်တော်တို့ကို ဘော်ဒါဆောင် တစ်ခုမှာ နေရာချထားပေးတာပါ။အဲဒီ အဘဦးတင်အေး ကယ်ပေးထားလို့သာ ကျွန်တော်တို့တတွေဟာ ဟိုပြေးလိုက် ဒီပြေးလိုက် နဲ့ ကမ်းနားသစ်ပင် မဖြစ်ခဲ့တာပါ၊ ကျွန်တော်တို့ နေတဲ့ နေရပ်ကို အာမခံပေးလို့သာ လမ်းကြောင်းနဲ့ ပြန်ပို့ပေးတာပါ၊ ကျွန်တော်အဲဒီရွာမှာ ၅ရက် ခိုလှုံခဲ့ပါတယ် ”

    `“အခုတော့ ကျွန်တော်တို့ ဇီးကုန်းမှာ အေးအေးဆေးဆေး ဖြစ်သွားပါပြီ။ ကံကောင်းလို့ ကွန်တော်အိမ်လေး မပါသွားခဲ့ပါဘူး။ဆိုင်ခန်းပဲ ပါသွားပါတယ်။ ခုဆိုင်လည်း ပြန်ဖွင့်နေပါပြီ ”ဟု အဆိုပါ ဇီးကုန်မြို့ခံမှ M-Media သို့ပြောကြားခဲ့သည်။