News @ M-Media
Tag: Rohingya
  • ယနေ့ အစိုးရ သတင်းစာများရဲ့ ထူးခြားချက်
    ယနေ့ အစိုးရ သတင်းစာများရဲ့ ထူးခြားချက်
    နိုဝင်ဘာ ၂၇ ၊၂၀၁၂
    M-Media
    ယနေ့ထုတ်သတင်းစာများတွင် Crisis Group မှပေးအပ်မည့် In Pursuit of Peace ဆုကို သမ္မတဦးသိန်းစိန် လက်ခံရရှိကြောင်း International Crisis Group ၏ In Pursuit of Peace award dinner-Peace, prosperity and the presidency ကို ဘာသာပြန်ဆို ဖော်ပြသည့် သတင်းတွင် ထူးထူးခြားခြား ရိုဟင်ဂျာလူမျိုး နာမည် ဖေါ်ပြထားတာ တွေ့ရပါတယ်။
    အမေရိကန်သမ္မတ ဘာရက် အိုဘားမား မိန့်ခွန်းပြောရာတွင် ရိုဟင်ဂျာလူမျိုးနာမည် သုံး၍ပြောဆိုသွားခြင်းအား အမေရိကန် သံရုံးသို့ စာပို့ ပြီး အိုဘားမားအား ကန့်ကွက်သွားမည်ဟု ရခိုင်ကွန်ယက်အဖွဲ့မှ သတင်းစာရှင်းလင်းပွဲပြုလုပ်ထားသည်မှာ တစ်ရက်သာရှိသေးသည်။
    သတင်းတစ်ခုလုံးကို ဖတ်ကြည့်ရင်လည်း နောက်ထပ်ထူးခြားမှု တစ်ခုကတော့ – “အဆိုပါဖြစ်ရပ်များကြောင့် ပြည်သူများ၏ ဘ၀များပျက်ဆီးခြင်းများ ဖြစ်နေဆဲဖြစ်ရာ တိတိပပဆိုရလျှင် မွတ်ဆလင် ရိုဟင်ဂျာလူနည်းစုများတွင် ပိုမိုပျက်ဆီးနေရသည်။” လို့ မကွယ်မ၀ှက်ဘဲ (ထုံးစံအတိုင်းအတိုင်း မဟုတ်ဘဲ) ရေးသားဖေါ်ပြထားတာ တွေ့ရပါတယ် ။
    from ဦးဦးမှော်ဆရာ
  • နယ်ကျော် ပုဒ်မဖြင့် ဖမ်းခံရပြီး နေရပ်ပြန်ပို့သည့် ရိုဟင်ဂျာများအား ပြည်မြို့ခံ မွတ်စလင်မ်များ အကူညီပေး
    နယ်ကျော် ပုဒ်မဖြင့် ဖမ်းခံရပြီး နေရပ်ပြန်ပို့သည့် ရိုဟင်ဂျာများအား ပြည်မြို့ခံ မွတ်စလင်မ်များ အကူညီပေး
    နိုဝင်ဘာ၊ ၉၊၂၀၁၂
    M-Media
    သတင်း- ဇာဏီ
    ကော့သောင်းမြို့တွင် နယ်ကျော် လ.ဝ.က ဥပဒေဖြင့် အဖမ်းခံရသည့်  ရိုဟင်ဂျာ(၇၈) ဦးအား ၄င်းတို့နေရပ် ရခိုင်ပြည်နယ်သို့  မနေ့က (၉.၁၁.၁၂)နေ့တွင် ရန်ကုန်မှတဆင့် ပြန်လည် ပို့ဆောင်ခဲ့ရာ ပြည်မြို့မှာ ခရီးတထောက်နားခဲ့ပါတယ်။  အဆိုပါ  ရိုဟင်ဂျာ(၇၈) ဦးကို ပြည်မြို့မွတ်စလင်မ်များမှ ညစာ ကျွေးမွေးလှူဒါန်း ကြကြောင်း သတင်းရရှိပါသည်။
    ကော့သောင်းမြို့တွင် နယ်ကျော်ပုဒ်မဖြင့် ဖမ်းခံရသည့် ရခိုင်မှ ရိုဟင်ဂျာများကို တောင်ကြီးသင်္ဘောဖြင့်ခေါ်ဆောင်လာပြီး Asia Express ကားဖြင့် ရခိုင်ပြည်နယ် ၄င်းတို့ နေရပ်သို့ ပြန်ပို့ရန် ရွှေ့ပြောင်းရာ သာကေတဆိပ်ကမ်းတွင် တွေ့ရစဉ်
    ကော့သောင်းမြို့တွင် နယ်ကျော်ပုဒ်မဖြင့် ဖမ်းခံရသည့် ရခိုင်မှ ရိုဟင်ဂျာများကို ရခိုင်ပြည်နယ် ၄င်းတို့ နေရပ်သို့ ပြန်ပို့ရန် ခရီးလမ်းတထောက်နားရာ ပြည်မြို့တွင် ရပ်နားစဉ် မြို့ခံ မွတ်စလင်မ်များမှ ညစာကျွေးမွေးလှူဒါန်းစဉ်
    ရိုဟင်ဂျာ အမျိုးသား(၇၆)ယောက်၊ အမျိုးသမီး(၂)ယောက်သည် မနေ့ကမနက်ကပိုင်းတွင် ရန်ကုန် သာကေတဆိပ်ကမ်းသို့ တာဝန်ရှိ လ.၀.က ၀န်ထမ်းများနှင့်အတူ ရောက်ရှိလာပြီး ထိုမှတဆင့် ညပိုင်းတွင် ပြည်မြို့သို့ ရောက်ရှိမည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်အရ ပြည်မြို့ရှိ မွတ်စလင်မ်များက ညစာကျွေးမွေးခဲ့ကြပြီး မုန့်များ၊ အအေးဗူးများပေးခြင်း၊ စောင်နှင့်အ၀တ်အစားများပေးခြင်းဖြင့် ကူညီခဲ့ကြကြောင်းသိရပါသည်။
    ယင်း ရိုဟင်ဂျာ(၇၈)ယောက်တွင် အများစုမှာ မြန်မာလို ရေလည်အောင်ပြောနိုင်ကြကြောင်း၊ စစ်တွေမှအများဆုံးဖြစ်ပြီး၊ မြောက်ဦးမှ ၂၀-ယောက်နှင့် ကျောက်တော်မှ အနည်းငယ်ပါဝင်သည်။ အများစုသည် အသက်(၂၅)နှစ်နှင့် (၃၀)၀န်းကျင်ဖြစ်ကြောင်း၊ ၇၈-ယောက်အနက် တချို့မှာ မလေးရှားသို့ အလုပ်သွားလုပ်ရန် ထွက်ခွာခဲ့၍ လွန်ခဲ့သော ဧပြီလက ဖမ်းဆီးခံထားရသူများ၊ တချို့မှာ ရခိုင်ပြည်နယ်တွင် ဇွန်လကဖြစ်ပွားခဲ့သော အရေးများကြောင့် ထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။
    နယ်ကျော်ပုဒ်မဖြင့် ဖမ်းရာမှ ပါဝင်တဲ့ ရိုဟင်ဂျာ အမျိုးသမီး(၂) ဦးကို ပြည်မြို့ခံ မွတ်စလင်အမျိုးသမီးများမှ အားပေးစကားပြောကြားစဉ်
    “အခုဒီမှာပါတာ စစ်တွေက (၅၀)ကျော်၊ မြောက်ဦးက(၂၂)ယောက်၊ ကျောက်တော်က(၁)ယောက်ပါ။ ရခိုင်ကထွက်လာရတာက ကျွန်တော်တို့ မြို့တစ်မြို့နေ တစ်ခြားမြို့ကို သွားလို့မရဘူး။ ကျွန်တော်တို့သွားမယ်ဆိုရင် ထောက်ခံချက်လိုတယ်။ ရခိုင်မှာ အလုပ်လုပ်လို့မရဘူးလေ။ တစ်ရွာကနေ တစ်ရွာကိုသွားရင် အဖမ်းခံရတယ်။ အဲဒါကြောင့် ထွက်လာပြီး တစ်ခြားမှာအလုပ်လုပ်တာ။ ကျန်တဲ့ပိုက်ဆံကို စုစုပြီးနေတာ။ အဲဒီအချိန်မှာ အဖေအမေက ဒုက္ခကျပြီဟိုမှာ။ ဒါကြောင့်ပြန်ချင်ပြီ။”လို့ ဒုက္ခသည်တစ်ယောက်ကပြောပြခဲ့ပါတယ်။
    “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ၊ ကမန် နှင့် အခြားသော အစ္စလာမ်ဘာသာ ကိုးကွယ်သူများမှာ မြို့နယ်ကျော်ပြိး ခရီးသွားလာလိုလျင် သက်ဆိုင်ရာမှ ခရီးသွားခွင့် လက်မှတ် တောင်းခံရကြောင်း၊ အဆိုပါ လက်မှတ်မပါဘဲ သွားလာလျင် နယ်ကျော်ပုဒ်မဖြင့် ဖမ်းဆီး အရေးယူခြင်းခံရတယ်။ လက်မှတ်ကလဲ ဘယ်တော့မှ လွယ်လွယ်နဲ့မရဘူး။   အိမ်ထောင်ပြုချင်ရင်လဲ သက်ဆိုင်ရာကို လက်ထပ်ခွင့် လျောက်လွှာတင်ပြီး ခွင့်ပြုမှာသာ လက်ထပ်ခွင့်ရကြောင်း၊ ယခုကဲ့ သို့ ဖိနှိပ်ချူပ်ချယ်မှုများပြုလုပ်နေသည့်မှာ နှစ်ပေါင်း ၂၀ ကျော်နေပြီဖြစ်ကြောင်း ၊ မိမိတို့ အ၇ပ်ဒေသမှာ လုပ်ကိုင်နေထိုင်စားသောက်ရန် အခက်အခဲပေါင်းစုံ ရှိသဖြင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာအများစုမှာ အန္တရာယ်များပြားလှတဲ့ ရေလမ်းခရီးမှတဆင့် ထိုင်း၊ မလေးရှားနိုင်ငံများသို့ အလုပ်လုပ်ရန်  အသက်စွန့် ပြိး ထွက်ပြေးလာရာမှ ယခုကဲ့သို့ နယ်ကျော်ပုဒ်မှ ဖြင့် အဖမ်းခံရခြင်း ဖြစ်ကြောင်း” ဒုက္ခသည်များထဲက တယောက်မှ ပြောကြားခဲ့တယ်။
  • ရိုဟင်ဂျာ အက်သနစ် ဟုတ် မဟုတ်
    ရိုဟင်ဂျာ အက်သနစ် ဟုတ် မဟုတ်
    နိုဝင်ဘာ၊ ၆ ။ ၂၀၁၂
    ဧရာဝတီ မှကူးယူဖော်ပြပါသည်။
    စစ်တွေမြို့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ မွတ်စလင် ဒုက္ခသည်များ (ဓာတ်ပုံ- Reuters)
    ရိုဟင်ဂျာ ဆိုတဲ့ ပြသနာရဲ့  အရင်းအမြစ်ဟာ အက်သနစ် (Ethnic) ကို တိုင်းရင်းသားလို့ ဘာသာပြန်ဆို (သို့မဟုတ်) နားလည်သဘောပေါက် တာက စတယ်လို့ မြင်ပါတယ်။ အက်သနစ် ကို မြန်မာလို တိုင်းရင်းသား လို့ ဘာသာပြန်ဆိုလိုက်တာနဲ့ အော်တိုမစ်တစ်  တွဲပါလာတာက မူရင်းဌာနေလူမျိုး ဆိုတဲ့ အဓိပ္ဗါယ် ပါပဲ။ မူရင်းဌာနေလူမျိုးဆိုတာကတော့ Native (or) Indigenous ပါပဲ။ အမှန်က အက်သနစ် နဲ့ မူရင်း ဌာနေလူမျိုးဆိုတာကွာပါတယ်။ ဒီ ၂ ခုကို ၁ ခုတည်း အနေနဲ့  တိုင်းရင်းသား ဆိုပြီး ပြန်ဆိုလိုက်တဲ့နေရာမှာ ရောထွေးပြီး ရိုဟင်ဂျာ အက် သနစ် ဟုတ်မဟုတ်ကနေ  မြန်မာပြည်ရဲ့  လူမျိုး ဟုတ်မဟုတ်၊ တိုင်းပြည်ရဲ့  အရင်း ဟုတ်မဟုတ်၊ ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိမရှိ ဆိုတာတွေဖြစ်လာပါတယ်။
    ဒီ concepts တွေကို အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်
    (၁) အက်သနစ် ဆိုတာ လူစု (Cultural group) ပါပဲ။ လူတစုမှာ ဘာသာ၊ စကား၊ စသဖြင့် အုပ်စုတစ်ခု ရဲ့ သွင်ပြင်လက္ခာတွေရှိမယ်၊ လူအစုအဝေး အနေနဲ့ ပြစရာရှိမယ်ဆိုရင် သူဟာ အက်သနစ် (သို့ ) ကာချရာဂရုပါပဲ။ အက်သနစ် သွင်ပြင်လက္ခဏာဟာ တသက်လုံး တည်ငြိမ်မှုမ ရှိနိုင်ပါဘူး။ သူ့ သဘောသဘာဝအရ စီးပွားရေး၊ နိုင်ငံရေး၊ စသဖြင့် လိုအပ်ချက်ပေါ်မူတည်ပြီး အက်သနစ်သွင်ပြင်တွေ ကို ပြောင်း လဲခြင်း၊ ပြင်ခြင်းခြင်း၊ အသစ်သွင်းခြင်း၊ ထုတ်ပြစ်ခြင်း စသဖြင့်လုပ်လေ့ရှိပါတယ်။ မြန်မာပြည်က ကချင်လူမျိုးတွေ အကြောင်း လေ့လာတဲ့ Edmond Leach က ၁၉၅၀ လောက်ကတည်းက ဒီအချက်ကို ထောက်ပြထားပါတယ်။ ချင်းနဲ့  ကယားလူမျိုးတွေအကြောင်းလေ့လာတဲ့ Dr. FK Lehman (aka) Chit Hlaing ကလည်း ၁၉၇၀ လောက်ကတည်းက ဒီလိုပဲဆိုပါတယ်။ အက်သနစ်နဲ့ပတ်သက်ပြီး လေ့လာသူတိုင်း ဒီအချက်ကို နားလည်ပါတယ်။
    ဥပမာ အက်သနစ် နာမည်ဖြစ်တဲ့ ရှမ်း (သို့ ) သျှမ်း ဆိုတာ အရင်က မရှိခဲ့ပါဘူး။ ရှမ်းတွေက အခုထက်ထိ သူတို့ ကိုယ်သူတို့  တိုင်း (Tai) လို့ ခေါ်ပါတယ်။ ရှမ်းပြည်ကို မုံးတိုင်း လို့ ခေါ်ပါတယ်။ ကိုလိုနီ ခေတ်ပတ်ဝန်းကျင်တုန်းက ရှမ်းတွေနဲ့ လူမျိုချင်းနီးစပ်တဲ့ တိုင်းလူမျိုးတွေနေထိုင်တဲ့ စယမ် (Siam) – ယခု ထိုင်းနိုင်ငံ – ကို အခြေပြုပြီး စယမ် – စယမ် ဆိုရာကနေ တဖြည်းဖြည်းပြောင်းလဲလာပြီး Shan/သျှမ်း ဆိုတာဖြစ်လာတာပါ။ ပတ်ကညောကနေ ကရင်၊ ကယားလီကနေ ကယားကနေ အခု ကရင်နီ (Karenni)၊ ဂျိမ်းဖော်အုပ်စုတစုက အစချီပြီး ကချင် စတဲ့ နာမည်တွေ ဖြစ်လာပါတယ်။ ဘာသာစကားဆိုရင်လည်း အရင်က ကရင်နီစာပေမရှိခဲ့ပေမဲ့ အခု ကရင်နီဘာသာစာပေအသစ်ကို ဒီနှစ်ဆန်းပိုင်းက ကွယ်လွန်သွားတဲ့ ကရင်နီ ခေါင်းဆောင်ဟောင်း ထယ်ဗူးဖဲ က တီထွင်ခဲ့တာပါ (May his soul rest in peace)။
    (၂) အက်သနစ်ဆိုတာ မူရင်းဌာနေလူမျိုး နဲ့ ကွာပါတယ်။ ကနေဒါလိုနိုင်ငံမျိုးမှာ Red Indian (ကျနော်တို့ ငယ်ငယ်တုန်းကအ တန်း ကျောင်းတွေမှာ သင်ရတဲ့ အက်စကီးမိုး) တွေဟာ နေ့ တစ်ဖ် တွေဖြစ်ပါတယ်။ သူတို့ ဟာ နှစ်ထောင်ပေါင်းများစွာကတည်းက ကနေဒါမှာ နေနေတဲ့လူတွေဖြစ်တဲ့အတွက် အင်ဒီးဂျီးနက်စ် (သို့ ) နေ့တစ်ဖ် လို့ ခေါ်တဲ့ မူရင်းဌာနေလူမျိုးဖြစ်ပါတယ်။ နောက်မှ ၀င်ရောက်လာတဲ့ ဗီယက်နမ်တို့ ၊ မြန်မာတို့ ကို ကနေဒါမှာ အက်သနစ် တွေလို့ ခေါ်ပါတယ်။ ဒါကြောင့် Ethnic Communities of Canada ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိုင်းရစ်တွေ၊ တရုတ်တွေ၊ ဗီယက်နမ်တွေ၊ မြန်မာတွေလည်း ပါတာပါ။ ဥပမာအနေနဲ့  ဒီကနေဒါအစိုးရ လင့်ခ်ကို ၀င်ကြည့်ပါ။ http://www.statcan.gc.ca/bsolc/olc-cel/olc-cel?catno=89-621-X&CHROPG=1&lang=eng
    ဒီလင့်ခ်မှာ ဖော်ပြထားတဲ့ ကိုးရီးယား၊ ဗီယက်နန် စတဲ့ လူစုတွေက မုရင်းဌာနေလူမျိုးတွေမဟုတ်၊ အက်သနစ်တွေဖြစ်ပြီး နိုင်ငံသားစည်း ကမ်းနဲ့ ညီရင် နိုင်ငံသားဖြစ်ခွင့်ရှိပြီး နိုင်ငံသားအခွင့် အရေး အပြည့်အ၀ရကြသလို နိုင်ငံအပေါ်ထားရှိရမဲ့ တာဝန်ဝတ္ထရားကို လည်း ကျေပွန်ရပါမယ်။
    ဒါကြောင့် အက်သနစ် သို့  ယဉ်ကျေးမှုအုပ်စု (Cultural group) လို့ ပြောတိုင်း အဲ့ဒီအုပ်စုတွေဟာ ကနေဒါမှာ နှစ်ပေါင်း ရာ ထောင်ချီကတည်းကရှိတဲ့ အင်တီးဂျီးနက်စ်တွေလို့ ယူဆစရာမလိုပါ။
    အချုပ်အားဖြင့်ပြောရရင်
    – အက်သနစ် (Ethnic) ဆိုတာ လူစုတစု (Cultural group) ပဲဖြစ်ပြီး မူရင်းဌာနေလူမျိုး (Native သို့ Indigenous) နဲ့ ကွာပါတယ်။
    – သျှမ်း၊ ကချင်၊ ကရင် စတဲ့ နာမည်တွေဟာ အသစ် အသစ်တွေချည်းဖြစ်ပါတယ်။ ဘာသာစကားနဲ့  သွင်ပြင်လက္ခဏာတချို့ တွေက လည်း ပြောင်းလဲ၊ တီထွင်၊ လျစ်လျူရှု စသဖြင့် ရှိတတ်ပါတယ်။
    ဒါကြောင့်
    – ရိုဟင်ဂျာဆိုတာ အက်သနစ်ဟုတ်ပါသလားဆိုရင် ဟုတ်ပါတယ်။ သွင်ပြင်လက္ခဏာ၊ လူစုလူဝေးရှိလို့ ။
    – ရိုဟင်ဂျာဆိုတဲ့ နာမည် ရှိလို့ ရပါ့မလားဆိုရင် ရှိနိုင် ရနိုင်ပါတယ်။ တခြား လူမျိုးနာမည်လည်း တီထွင်ပြောင်းလဲခဲ့ကြတာပါပဲ။
    – ရိုဟင်ဂျာတွေ နိုင်ငံသားနဲ့ နိုင်ငံသားအခွင့်အရေး ပေးသင့်သလားဆိုရင် စည်းကမ်းနဲ့ ညီရင် ပေးသင့်ပါတယ်။ တိုင်းပြည်အပေါ် သစ္စာလည်းရှိ၊ နိုင်ငံသားဝတ္ထရားလည်း ထမ်းဆောင်ဖို့ လိုပါတယ်။
    – ရိုဟင်ဂျာတွေဟာ မူရင်းဌာနေလူမျိုးတွေဟုတ်သလားဆိုရင်တော့ ဒီအချက်က ဆွေးနွေးစရာပါ။ အခု ဆွေးနွေးမယ် ဆိုရင်  ဆွေးနွေးရမှာက ရိုဟင်ဂျာ နာမည် ရှိမရှိမဟုတ်ပါ၊ ရိုဟင်ဂျာ အက်သနစ်ဟုတ်မဟုတ်ပါ။ မူရင်းဌာနေလူမျိုးဟုတ်မဟုတ် ဆိုတာပဲဖြစ်ပါတယ်။
    စာရေးသူသည် ကနေဒါနိုင်ငံ Simon Fraser တက္ကသိုလ်တွင် ပါရဂူဘွဲ့ယူစာတမ်း ပြုစုနေသူ ဖြစ်သည်။
  • ရိုဟင်ဂျာကိစ္စ အရေးယူဆောင်ရွက်ရန် အာဆီယံ အတွင်းရေးမှူးချူပ်မှ အာဆီယံကို ပြောကြား
    ရိုဟင်ဂျာကိစ္စ အရေးယူဆောင်ရွက်ရန် အာဆီယံ အတွင်းရေးမှူးချူပ်မှ အာဆီယံကို ပြောကြား
    အောက်တိုဘာ၊ ၂၈ ၊ ၂၀၁၂
    M-Media
    Source: bangkokpost.
    ၇ခိုင်အကြမ်းဖက်များကြောင့် ကျောက်ဖြူမြို့မှ စက်လှေဖြင့် ထွက်ပြေးလာ၇သော မွတ်စလင်မ်များ
    အခြေအနေ ဆိုးရွားလာသော ရခိုင်ပြည်နယ် တွင်း အခြေအနေများဟာ အာဆီယံနှင့် နိုင်ငံတကာ၏ အရေးတကြီး အာရုံစိုက်မှူ လိုအပ်နေကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင် ပစ်ဆူဝမ် က ဘန်ကောက်ပို့စ်သို့ ပြောကြားလိုက်သည်။
    Mr. Surin ကဤအချက်ကို ထပ်မံ တိုက်တွန်းလိုကြောင်း သို့မဟုတ် လျှင် ရိုဟင်ဂျာ လူမျိုးစုတစ်ခုလုံး ချေမှုန်းခံရနိုင်သည်ဟု ပြောဆိုသည်။
    ဇွန်လ ကတည်းက စတင် ဖြစ်ပွားလာခဲ့သော ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးတို့ အကြား အကြမ်းဖက် တိုက်ခိုက်မှူများကြောင့် အနည်းဆုံး လူ ၁၅၀ခန့် သေဆုံးခဲ့ရသည်။
    Mr. Surin သည် ဩဂုတ်လတွင်လည်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသို့ ရိုဟင်ဂျာကိစ္စ ဆောင်ရွက်ရန် တိုက်တွန်းသည့် စာတစ်စောင်ပို့ခဲ့သည်။ အာဆီယံ ဥက္ကဋ္ဌ ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဟော်နမ်ဟွန်း က ဦးဆောင်၍ အစည်းအဝေး တစ်ခု ခေါ်ယူခဲ့သော်လည်း မြန်မာနိုင်ငံမှ အခြေအနေ တည်ငြိမ်နေပြီဟု ဆိုကာ အစည်းအဝေး ကို ငြင်းပယ်ခဲ့သည်။
    ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနောက်ပိုင်းဒေသတွင် ထပ်မံဖြစ်ပွားခဲ့သော အကြမ်းဖက်မှူများကြောင့် လူဦးရေ အနည်းဆုံး ၆၇ဦး ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အရေအတွက်မှာ ၎င်းထက် ပိုမို များပြားသည်။ အဏာပိုင်များမှ အရေးပေါ် ဥပဒေ ထုတ်ပြန်ထားကြောင်း သိရသည်။
    အခြေအနေမှာ ပိုမို ဆိုးရွားလာနေပြီး ရိုဟင်ဂျာ လူမျိုးစုတစ်ခုလုံး ချေမှုန်းခံရနိုင်ခြေ ရှိနေပြီး မည်သူ့အတွက်မှ ကောင်းနိုင်မည် မဟုတ်ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူး က ဆိုသည်။
    ပဋိပက္ခကို အစ္စလာမ် ဘာသာရေးနှင့် ပတ်သက်သည်ဟု ဆိုကြသော်လည်း အမှန်မှာ ထိုကဲ့သို့ မဟုတ်ကြောင်း နိုင်ငံရေး၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး၊ အခြေခံဥပဒေ ပြဿနာများနှင့် ဆက်စပ်လျက် ရှိပြီး ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု့နှင့် အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များနှင့် တိုက်ရိုက် ပတ်သက်လျက် ရှိသည်။
    ထိရောက်သော ဖြေရှင်းမှု့မရှိလျင် အခြေအနေမှာ ဆိုးရွားသွားနိုင်ပြီး တစ်သန်းခွဲသော ရိုဟင်ဂျာ လူမျိုးစုတစ်ခုလုံး ချေမှုန်းခံရနိုင်သည်ဟု ပြောဆိုသည်။
    ပိုမိုကျယ်ပြန့်တဲ့ မဟာဗျူဟာနှင့် လုံခြုံရေး အစီအမံများ ရှိရမည်ဟု Mr Surin ကဆိုသည်။
    ”မာလက္ကာ ရေလက်ကြားဒေသကို ဆိုမာလီးယား ရေပြင်လို အကြမ်းဖက်မှု့ ဒေသအဖြစ် မြင်ယောင်ကြည့်ပါ။ ဒါဟာ အရှေ့အာရှနှင့် အရှေ့တောင် အာရှ စီးပွားရေးကို ထိခိုက်စေနိုင်ပါတယ် ” ဟုဆက်လက်ပြောဆိုသည်။
    အာဆီယံ အထွေထွေ အတွင်းရေးမှူးက လူပေါင်း ၁၃၈,၀၀၀ခန့် သေဆုံးခဲရသော နာဂစ်ကာလ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပုံစံမျိုး ဖြင့် ကိုင်တွယ်ဆောင်ရွက်ရန် တိုင်တွန်းပြောဆို သည်။
    ကမ္ဘာ့ကုလသမဂ္ဂ မှ လည်း ယခု ကဲ့သို့ ရခိုင်နှင့် ရိုဟင်ဂျာတို့ အကြား ဖြစ်ပေါ်နေသော သွေးထွက်သံယိုတိုက်ခိုက်မှုများသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု့ များကို ခြိမ်းခြောက်လျက် ရှိကြောင်း တုန့်ပြန်ပြောဆိုလိုက်သည်။
    ”ပစ်မှတ်ထား ခြိမ်းခြောက်တိုက်ခိုက်မှူများ ပြောဆိုမှူများ ရပ်သင့်ပါပြီ” ဟု ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့ ရန်ကုန်မြို့ ၌ ထုတ်ပြန်ပြောဆိုသည်။ ထိုကဲ့သို့ မလုပ်ဆောင်ပါက လက်ရှိ အစိုးရ၏ ပြုပြင်ပြောင်းလဲမှု့များ ကို ထိခိုက်စေလိမ့်မည် ဟု ဆက်လက်ပြောဆိုသည်။
    နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ၎င်း၏ ယခင်က စစ်အစိုးရ အုပ်ချုပ်ခဲ့သော နိုင်ငံကို ပြုပြင်ပြောင်းလဲနိုင်ခဲ့မှု့များကြောင့် ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခံရသူ ဖြစ်သည်။ သို့သော်လည်း ရခိုင် အကြမ်းဖက်မှူများက ပြုပြင်ပြောင်းလဲမှု့များကို ပြတ်ပြတ်သားသား စိန်ခေါ်လျက် ရှိသည်။
  • အောင်ဆန်းစုကြည်၊ မြန်မာပြည်က ရိုဟင်ဂျာများနဲ့ ယုံကြည်ချက်ရဲ့ စိန်ခေါ်မှု (ဘာသာပြန်)
    အောင်ဆန်းစုကြည်၊ မြန်မာပြည်က ရိုဟင်ဂျာများနဲ့ ယုံကြည်ချက်ရဲ့ စိန်ခေါ်မှု (ဘာသာပြန်)
    By and Harrison Akins
    ၂၃-၁၀-၂၀၁၂
    source: http://www.washingtonpost.com/blogs/guest-voices/post/aung-san-suu-kyi-the-rohingya-of-burma-and-the-challenge-of-faith/2012/10/24/31901eda-1e11-11e2-9cd5-b55c38388962_blog.html
    “She came she saw, she conquered.” အမေရိကန်ကွန်ကရက်ရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းစုကြည်လက်ခံရယူခဲ့စဉ်မှာတော့ သူမက လိုက်လျောဖော်ရွေနေတဲ့ ကန်ထိပ်သီးနိုင်ငံရေးခေါင်းဆောင်တွေနဲ့အတူ ရင်ပေါင်တန်းခဲ့တာ ဂုဏ်ယူဖွယ်ပါ။ သူမက ကမ္ဘာ့အာရုံစူးစိုက်မှုကို ဖမ်းစားထားတာတင်မဟုတ်ဘဲ ကမ္ဘာ့အချစ်တော်လည်း ဖြစ်ခဲ့သူပါ။ ဂျွန်မက်ကိန်းကဆိုရင် သူရဲ့ကိုယ်ပိုင်သူရဲကောင်းဟာ ဒေါ်အောင်ဆန်းစုကြည်ပါလို့တောင် ပြောဆိုခဲ့ပါတယ်။
    အမေရိကန်တက္ကသိုလ်ကို ဂုဏ်ပြုဒေါက်တာဘွဲ့ယူဖို့ လာရောက်တော့လည်း သူမရဲ့ပုံရိပ်က ကျွန်တော်တို့အတွက် စွမ်းအားပြင်းခဲ့သေးတာပေါ့။ သူမကတော့ လွတ်လပ်ခြင်းအတွက်  ဟစ်တိုင်၊ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်။ ဒါတွေတင်မက ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားများအတွက်ရော၊ လူနည်းစု တိုင်းရင်းသားများအတွက်ပါ ဆန္ဒဖော်ထုတ်နိုင်ဖို့ စမ်းပေါက်တစ်ခုဖြစ်ပါတယ်။ လူနည်းစု တိုင်းရင်းသားမျိုးနွယ်တွေကတော့ မြန်မာပြည်ရဲ့ ဖိနှိပ်တဲ့အစိုးရလက်ထက်မှာ အချိန်ကြာမြင့်စွာ ဖြတ်သန်းကျင်လည်ခဲ့ရတာပါ။
    သူမကတော့ နိုင်ငံရေးခေါင်းဆောင်အဖြစ်သာမက ဗုဒ္ဓဘာသာဝင်များရဲ့ ကရုဏာတရားအတွက်လည်း ဟစ်တိုင်ဖြစ်နေပါသေးတယ်။ ဒါ့ပြင် အဖိနှိပ်ခံတွေရဲ့ မဟာမိတ်ဆိုလည်း ဟုတ်ပါတယ်။ ဗုဒ္ဓကတော့ သူ့သာသနာရဲ့ သဘောသဘာဝမှာ ကိုယ်ချင်းစာတရားသည် ဗဟိုချက်မဖြစ်တယ်၊ တပါးသူရဲ့ ဂုဏ်သိက္ခာကို လေးစားရမယ်ဆိုတဲ့အချက်တွေကို ထိထိမိမိ ဟောပြောခဲ့ပါတယ်။
    ဒါပေမယ့် ဒေါ်စုကြည်ကတော့ မြန်မာပြည်က လူ့အခွင့်အရေးဆိုင်ရာ အရေးအကြီးဆုံး ပြဿနာရပ်ကြီးအပေါ်မှာ လုံးဝနုတ်ဆိတ်နေတာကတော့ စိတ်ဝင်စားဖွယ်ဖြစ်နေဆဲပါ။ အဲဒီလူ့အခွင့်အရေးပြဿနာရပ်ကြီးကတော့ ရိုဟင်ဂျာများရဲ့ ဒုက္ခဗျာပါဒတွေပါပဲ။
    လက်ရှိ ဒီမိုအသွင်ပြောင်း ဦးသိန်းစိန်အစိုးရကလည်း ဒီရိုဟင်ဂျာတွေရဲ့ ပြဿနာရပ်ကို ပုံသဏ္ဌာန်မပြောင်း ပေးရုံမက ၂၀၁၂ ဇူလိုင်လမှာ ရိုဟင်ဂျာတွေကို အသိအမှတ်မပြု၊ သူတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးတွေကို လည်း အသိအမှတ်မပြု၊ သူတို့ကို ကုလမဟာမင်းကြီးရုံးဆီ လွှဲပြောင်း ပေးအပ်လိုကြောင်း ဖော်ပြထားတဲ့ ကြေငြာချက်တောင် ထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာမှာတော့ ဗုဒ္ဓဘာသာရဟန်းတွေဟာ ဗုဒ္ဓရဲ့ သွန်သင်ချက်ကို ဆန့်ကျင်ပြီး အန္တီရိုဟင်ဂျာ ဆန္ဒပြပွဲတွေတောင် ကျင်းပပြီး ဦးသိန်းစိန်ရဲ့ အဆိုကို ထောက်ခံခဲ့ကြပါတယ်။ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီကိုလည်း ပြည်တွင်း ရုံးစိုက်ပြီး အထောက်အပံ့ပေးရေးကိစ္စမှာ မြန်မာအစိုးရက ပိတ်ဆို့ဟန့်တားခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ မငြိမ်သက်သေးလို့ဘဲဖြစ်ပါတယ်။
    မြန်မာလူထုရဲ့ ရာနှုန်း ၃၀ လောက်ကတော့ ဗမာမဟုတ်တဲ့ လူမျိုးခြားတွေပါ။ သူတို့ကတော့ စစ်တပ်အုပ်ချုပ်ရေးအောက်မှာ အဖိနှိပ်ခံပြစ်မှတ်တွေပါ။ ရိုဟင်ဂျာတွေကတော့ သီးခြားခွဲထွက်နေတဲ့ အခြိမ်းခြောက်ခံတွေပါ။
    ၁၉၆၂ မှာ ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းပါတယ်။ အောင်ဆန်းရဲ့ အတွင်းအမြင်တွေကို ဖယ်ရှားပြီး မျိုးချစ်စိတ်ဓာတ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံကာ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဆိုတဲ့အယူဆီကို ပြောင်းလဲခဲ့ပါတော့တယ်။ ရိုဟင်ဂျာတွေကတော့ ဗမာလည်းမဟုတ်ဘူး၊ မွတ်စလင်ဆိုပြီးတော့လည်း ကင်ပွန်းအတပ်မခံရဘူး၊ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလို့ မှားယွင်းချွတ်ချော်စွာ နာမည်အတပ်ခံရပါတယ်။
    ၁၉၇၈ မှာ ဆောင်ရွက်ခဲ့တဲ့ စစ်တပ်ရဲ့ နဂါးမင်းခေါ်တဲ့ လူမျိုးခြားရှင်းလင်းသုတ်သင်မှုစစ်ဆင်ရေးကတော့ တိုင်းပြည်တွင်းက နိုင်ငံသားဖြစ်ရင်ဖြစ်၊ မဟုတ်ရင်တော့ ခိုးဝင်လာသူဆိုတဲ့ ပုဒ်မတပ်ဖို့ ရည်ရွယ်ခဲ့တာပါ။ ရိုဟင်ဂျာတွေကတော့ မုဒိန်းကျင့်ခံရတယ်၊ အကြောင်းပြချက်မရှိဖမ်းဆီးခံရတယ်၊ ဗလီတွေဖျက်ခံရတယ်၊ ရွာတွေအဖျက်ခံရတယ်၊ မြေယာတွေ အလုခံရတယ်။
    ၁၉၉၁ မှာတော့ ဒုတိယမ္ပိစစ်ဆင်ရေးလုပ်ပြန်ပါတယ်။ နာမည်က ပြည်သာယာစစ်ဆင်ရေး။ ရည်ရွယ်ချက်ကတော့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း တထေရာတည်းပါ။ ရလဒ်က ရိုဟင်ဂျာပေါင်း ၂ သိန်းလောက်ဟာ ဘင်္ဂါလားဒေ့ရှ်ကို ဒုက္ခသည်တွေအဖြစ် ထွက်ပြေးခဲ့ရပါတယ်။ ယနေ့ကျန်ရစ်တဲ့ ရိုဟင်ဂျာ ၃ သိန်းလောက်ကလည်း စားစရာမရှိ၊ ဆေးအထောက်အပံ့နတ္ထိ။ မွတ်စလင်အဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေကိုလည်း ငြင်းဆန်ပယ်ချပစ်ကြပါတယ်။
    ၁၉၈၂ နိုင်ငံသားဖြစ်ရေးဥပဒေဆိုတာကတော့ ရိုဟင်ဂျာတွေကို ထိရောက်စွာ နှိမ်နှင်းတဲ့ ဥပဒေပါ။ နိုင်ငံသားဖြစ်ခွင့်မရမှာတော့ ရိုဟင်ဂျာတွေဘ၀ကျောင်းဖို့ဆိုတာ ခက်ခဲသွားပါပြီ။ သူတို့တွေဟာ ရွာအပြင်ထွက်ပြီး ခရီးသွားခွင့်ပိတ်ပင်ခံရတယ်၊ သူတို့ရဲ့ ၀တ်ပြုရာကျောင်းဆောင်တွေ ပြုပြင်ခွင့်မရဘူး၊ ပညာသင်ခွင့် လက်ထပ်ထိမ်းမြားခွင့်ပိတ်ပင်ခံရတယ်။ သူတို့တွေက အဲဒီလိုပိတ်ပင်ခံထားရတာကို ချိုးဖောက်မယ်ဆိုရင် (သူတို့အခွင့်အရေးကို သူတို့အပြစ်မဲ့စွာရယူမယ်ဆိုရင်)  ထောင်ချခံရမယ်၊ ထောင်ထဲမှရိုက်နှက်ခံရမယ်၊ အမျိုးသမီးဆိုရင် ဆက်တိုက်မုဒိန်းကျင့်ခံရမယ်။
    အဖေမပေါ်တဲ့ ကိုယ်ဝန်ဆောင်ကတော့ မောင်းထုတ်ခံရမယ်၊ ဒါမှမဟုတ် အန္တရာယ်အများလှတဲ့ ကိုယ်ဝန်ဖျက်ချမှုပုံစံမျိုးနဲ့ ကလေးဖျက်ချခံရမယ်၊ ဒီတော့ အများစုက သေဆုံးကြရပါတယ်။
    ရိုဟင်ဂျာတွေကတော့ ခေတ်သစ်ကျေးကျွန်တွေပါပဲ။ သူတို့ကို အဓမ္မစေခိုင်းမှုတွေလည်း ရှိနေပါတယ်။ အမျိုးသမီးတွေကို ဗမာလုံခြုံရေး တပ်သားတွေက ပြည့်တန်ဆာအဖြစ်မတရားသိမ်းသွင်းကြပါသေးတယ်။
    မြန်မာအစိုးရရဲ့ တံခါးဖွင့်ဒီမိုကရေစီကတော့ အများကြီးလုပ်ဖို့ ကျန်ပါသေးတယ်။ နယ်လ်ဆင်မင်ဒဲလားလို့ ဆင်တူတဲ့ ဒေါ်စုကြည်ကတော့ ရိုဟင်ဂျာအရေးကိစ္စမှာ ပါဝင်ပြီး ချစ်ခင်ကြည်နူးဖွယ်လူ့အဖွဲ့အစည်းကို တည်ထောင်ပေးသင့်ပါတယ်။ ဒီအထဲမှာ ရိုဟင်ဂျာတွေသာမက တိုင်းရင်းသားလူနည်းစုအားလုံးကိုလည်း ပါဝင်စေရပါမယ်။ သူမက သူမရဲ့ ဗုဒ္ဓဘာသာယုံကြည်ချက်အတိုင်း ကိုယ်ချင်းစာတရားကိုပြသမယ်ဆိုရင် တော့ အားလုံးက သူမနောက်လိုက်ကြမှာပါ။
    ရိုဟင်ဂျာတွေကို စနစ်ကျစွာ အန္တရာယ်ပြုနေခြင်းကို ရပ်တန့်မှာသာလျှင် မြန်မာပြည်ကို နိုင်ငံတကာကရော သူ့ရဲ့ပြည်သူတွေကပါ တရားဝင်ဒီမိုနိုင်ငံအဖြစ် မြင်ကြမှာဖြစ်ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအတွက်ပထမခြေလှမ်းကတော့ ရိုဟင်ဂျာများတည်ရှိနေခြင်းကို အသိအမှတ်ပြုပေးရပါလိမ့်မယ်။