News @ M-Media

Tag: Rohingya

  • ရိုဟင်ဂျာများ ပြန်လက်ခံရေး မြန်မာဖက်က အဆင်သင့်မဖြစ်သေးဟု ကုလအကြီးအကဲပြော

    ရိုဟင်ဂျာများ ပြန်လက်ခံရေး မြန်မာဖက်က အဆင်သင့်မဖြစ်သေးဟု ကုလအကြီးအကဲပြော

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုနေသည့် မူလာ

    – ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် မြန်မာနိုင်ငံဟာ အဆင်သင့်မဖြစ်သေးဘူးလို့ ကုလရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး အူရ်ဆူလာ မူလာက ပြောကြားလိုက်ပါတယ်။

    “လူတွေထံကနေ ကျွန်မ မြင်ရတာ၊ ကြားရတွေကိုပြောရရင် ကျန်းမာရေးစောင့်ရှောက်မှု မရဘူး၊ ကာကွယ်ပေးပါ့ မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်။ ဆက်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်။ လူတွေပြန်လာလို့ရမယ့် အခြေအနေမျိုး မဟုတ်ပါဘူး” လို့ သူမက ဆိုပါတယ်။

    မူလာဟာ မြန်မာနိုင်ငံကိုလာရောက်ကာ ရခိုင်ဒေသအပါအ၀င် နိုင်ငံတစ်ဝှမ်း ပဋိပက္ခတွေ၊ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြသူတွေရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို သွားရောက်ကြည့်ရှုခဲ့တာပါ။

    မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ မူလာရဲ့ ဒီမှတ်ချက်ကို တုန့်ပြန်ခြင်း မရှိသေးပါဘူး။

    နိုဝင်ဘာလအတွင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ၊ လုံခြုံစွာ နေရပ်ပြန်လာနိုင်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာအစိုးရက အကောင်းဆုံး လုပ်ဆောင်ပေးသွားမယ်လို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။

    ဇန်န၀ါရီလမှာလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ၂ နှစ်အတွင်း ပြီးဆုံးအောင် ဆောင်ရွက်ဖို့ ထပ်မံသဘောတူခဲ့ကြပါတယ်။

    မြန်မာတာဝန်ရှိသူတစ်ဦးက သူတို့အနေနဲ့ အခုအထိ ရာနဲ့ချီတဲ့ရိုဟင်ဂျာတွေကို အတည်ပြုထားပြီး ပထမဆုံးအသုတ် နေရပ်ပြန်လာသူတွေ ဖြစ်လိမ့်မယ်လို့ ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။

    မူလာဟာ ရခိုင်ပြည်နယ်က ထိခိုက်ခံစားရဆုံး ဒေသတွေကို သွားရောက်ခွင့်ရခဲ့ပြီး စစ်တပ်က ထိန်းချုပ်ထားတဲ့ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနတွေက ၀န်ကြီးတွေ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အခြားတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    “အကြမ်းဖက်မှုကို အဆုံးသတ်ဖို့၊ ကော့ဇ်ဘဇားက ဒုက္ခသည်တွေ နေရပ်ပြန်လာမှုဟာ သူတို့ရဲ့ ကိုယ်ပိုင်သဘောဆန္ဒ၊ ဂုဏ်သိက္ခာရှိစွာဖြစ်ဖို့နဲ့ ဖြေရှင်းမှုတွေ ရေရှည်တည်တံ့ဖို့ (မြန်မာအာဏာပိုင်တွေကို) ကျွန်မ တောင်းဆိုခဲ့ပါတယ်” လို့ မူလာက ရန်ကုန်မြို့က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ဂျူးအဖွဲ့တစ်ခုက ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် ဂုဏ်ပြုဆု ပြန်ရုပ်သိမ်း

    ဂျူးအဖွဲ့တစ်ခုက ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် ဂုဏ်ပြုဆု ပြန်ရုပ်သိမ်း

    မတ် ၈၊ ၂၀၁၈
    M-Media

    – ဒေါ်အောဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဂုဏ်ပြုဆုတစ်ခုကို အမေရိကန် ဟိုလိုကက်စ် အောက်မေ့ဖွယ်ပြတိုက် United States Holocaust Memorial Museum က မနေ့မှာ ပြန်ရုပ်သိမ်းလိုက်ပြီး တိုင်းပြည်အတွင်း ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေအပေါ် လူမျိုးစုလိုက် ရှင်လင်းဖယ်ရှားမှုကို ၀န်ခံပြောကြားတာမျိုး၊ ရပ်တန့်အောင် ဆောင်ရွက်တာမျိုး မရှိတာကြောင့်လို့ ဆိုပါတယ်။

    နာဇီတွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကနေ လွတ်မြောက်ခဲ့ပြီး နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဖြစ်ခဲ့တဲ့ ဂျူးလူမျိုး အီလီ ၀ိုက်ဆဲလ်ကို ဂုဏ်ပြုကာ ချီးမြှင့်တဲ့ Elie Wiesel ဆုဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့တာပါ။

    ပထမဆုံးရရှိသူက ၀ိုက်ဆဲလ်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယမြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။

    ဒီဆုဟာ ကမ္ဘာတစ်ဝှမ်းက အမုန်းတရားဆန့်ကျင်ခြင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးခြင်း၊ လူ့ဂုဏ်သိက္ခာကို မြှင့်တင်ခြင်း စတဲ့ ပြတိုက်ရဲ့ ရည်ရွယ်ချက်တွေကို ဖော်ဆောင်ပေးသူတွေကို နှစ်စဉ် ပေးအပ်ချီးမြှင့်တာပါ။

    ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီရည်ရွယ်ချက်ကို ရှင်သန်အောင် မလုပ်နိုင်ခဲ့ဘူးလို့ မနေ့က သူမထံ ပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။

    “လူ့ဂုဏ်သိက္ခာနဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးပေါ်မှာ နှစ်မြှုပ်ဆောင်ရွက်တယ်လို့ ကျွန်တော်တို့နဲ့ အခြားသူတွေ မှတ်ယူကြသူပီပီ ခင်ဗျားဟာ စစ်တပ်ရဲ့ ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို ရှုတ်ချဖို့၊ ရပ်တန့်စေဖို့ တစ်ခုခုလုပ်မယ်၊ ပစ်မှတ်ထားခံရတဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းရှိကြောင်း ပြောမယ်လို့ ကျွန်တော်တို့ ထင်ခဲ့တာပါ”

    သူမနဲ့ သူမရဲ့ပါတီ NLD က ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်မှု၊ ဂျာနယ်လစ်တွေကို ၀င်ရောက်ခွင့်ပိတ်ပင်မှုတွေ ရှိခဲ့သလို ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး အမုန်းစကားတွေ ပြန့်နှံ့တာကိုလည်း လစ်လျူရှုထားတယ်လို့ ပြတိုက်ရဲ့ ဒီစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    စစ်တပ်က ပြုလုပ်နေတဲ့ လူမျိုးစုအကြမ်းဖက်မှု၊ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒတွေနဲ့ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေတဲ့အပေါ် နိုင်ငံတကာ ဝေဖန်ပြောဆိုမှုတွေထဲမှာ ဟိုလိုကက်စ်ပြတိုက်ရဲ့ ဆုပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အပြင်းထန်ဆုံး တုန့်ပြန်မှုတွေထဲက တစ်ခု ဖြစ်လာပါတယ်။

    အမေရိကန်နဲ့ အခြားနိုင်ငံတွေက မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုတွေ လုပ်နေတယ်လို့ စွပ်စွဲပြောဆိုထားပြီး ကုလကလည်း လူမျိုးတုန်းသတ်ဖြတ်မှု လက္ခဏာတွေကို မြင်နေရတယ်လို့ ပြောကြားထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ အရပ်သားအစိုးရရဲ့ ခေါင်းဆောင် ဖြစ်ပေမယ့် စီးပွားရေးနဲ့ အရေးပါတဲ့ အစိုးရဌာနတွေကို စစ်တပ်က လွှမ်းမိုးကိုင်တွယ်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာဟာ အကန့်အသတ်နဲ့သာ ရှိနေပါတယ်။

    ဟိုလိုကက်စ်ပြတိုက်က စစ်တပ်ရဲ့ ဆယ်စုနှစ်ချီ မတော်မတရား အုပ်စိုးခဲ့မှုကို ရင်ဆိုင်ရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခက်ခဲတေဲ့အခြေအနေတစ်ခု ရှိမယ်ဆိုတာ နားလည်ကြောင်း၊ ဒါပေမယ့် ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဒုက္ခသုက္ခတွေနဲ့ပတ်သက်ရင်တော့ တုန့်ပြန်ဖို့လိုကြောင်း စာထဲမှာ ထည့်သွင်းရေးသားခဲ့ပါ
    တယ်။

    အကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ရယူဖို့အတွက် ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ တာဝန်ရှိသူတွေကို အရေးယူဖို့၊ စစ်အာဏာရှင်လက်ထပ်က ပြဌာန်းခဲ့တဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “ကြားနေ၀ါဒဆိုတာ ထိခိုက်ခံစားရသူအတွက်မဟုတ်ဘဲ ဖိနှိပ်သူတွေကို ပံ့ပိုးပေးတာဖြစ်သလို၊ ဆိတ်ဆိတ်နေတယ်ဆိုတာဟာလည်း ညှင်းပမ်းသူကို အားပေးတာမျိုးဖြစ်ပါတယ်” လို့ ၀ိုက်ဆဲလ်ရဲ့ စကားတစ်ခွန်းနဲ့ စာကို နိဂုံချုပ်ထားပါတယ်။

    Ref: NY Times

  • ရိုဟင်ဂျာများခံစားရမှုမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးများကဲ့သို့ဖြစ်နေဟု ဂျူးအဖွဲ့ပြော

    ရိုဟင်ဂျာများခံစားရမှုမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးများကဲ့သို့ဖြစ်နေဟု ဂျူးအဖွဲ့ပြော

    မတ် ၅၊ ၂၀၁၈
    M-Media

    ဟိုလိုကက်စ်အဖြစ်အပျက်မှ ပုံရိပ်တစ်ခု

    – မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပကဂျူးတွေကို နာဇီတွေက ရှင်းလင်းသုတ်သင်မှုနဲ့ အလားသဏ္ဍာန်တူနေတယ်လို့ အမေရိကန်အခြေစိုက် Holocaust Memorial and Tolerance စင်တာ ဥက္ကဌက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

    “လူအချင်းချင်း မတူညီမှုကို အခြေခံပြီး ဟိုလိုကက်စ်(လူမျိုးတုန်းသတ်ဖြတ်မှု) ဖြစ်ပွားတာပါ။ သမိုင်းကနေ သင်ယူခဲ့ကြတယ်လို့ ကျွန်တော်တို့ ထင်ကြပါတယ်။ ဒါပေမယ့် အခု ရိုဟင်ဂျာလူမျိုးတွေအပေါ် ဟိုလိုကက်စ် ဖြစ်နေပြီး ကျွန်တော်တို့ နိုးထဖို့ လိုပါပြီ” လို့ နယူးယောက်က Webb Institute မှာပြုလုပ်တဲ့ ရိုဟင်ဂျာအရေး အ ခမ်းအနား အဖွင့်မိန့်ခွန်းမှာ စတီဗင် မာကိုဝစ်ဇ်က ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ရွာတွေကို ဖျက်ဆီးခဲ့တာ၊ မောင်းထုတ်ခဲ့တာတွေနဲ့ပတ်သက်လို့ အဲဒီအခမ်းအနားမှာ ပြသခဲ့ပြီး လူပေါင်း ၁၀၀ လောက် တက်ရောက်နားထောင်ခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် သြဂုတ်လနှောင်းပိုင်းမှာ ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ကပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာ သန်းဝက်ကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    စစ်ဆင်ရေးအတွင်းမှာ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ရွာတွေကို မီးရှို့တာ၊ အမျိုးသမီးတွေကို အဓမ္မကျင့်တာတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒီပြောကြားချက်တွေကို ငြင်းဆိုထားပါတယ်။

    Ref: NewsDay

  • ဘင်္ဂလားဒေ့ရှ်ရောက် နိုဘယ်ဆုရှင် ၃ ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ဘာတွေတိုက်တွန်းသလဲ

    ဘင်္ဂလားဒေ့ရှ်ရောက် နိုဘယ်ဆုရှင် ၃ ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ဘာတွေတိုက်တွန်းသလဲ

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈
    M-Media

    – လူနည်းစု ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရတာနဲ့ပတ်သက်ပြီး ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ၃ ဦးက ဒီကနေ့မှာ တိုက်တွန်းခဲ့ပြီး ဒီလိုမှမဟုတ်ရင် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲခံရနိုင်တဲ့အန္တရာယ် ရှိတယ်လို့လည်း သတိပေးလို
    က်ပါတယ်။

    နိုဘယ် ငြိမ်းချမ်းရေးဆုရှင်တွေဖြစ်ကြတဲ့ သာဝါကွလ် ကာရ်မန်၊ ရှီရင်း အီဘာဒီနဲ့ မရီဒ် မဂွိုင်းယားတို့ဟာ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းနီးပါးလောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီးနောက်ပိုင်းမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုတွေကနေ ‘နိုးထဖို့’ လည်း ပန်ကြားခဲ့ပါတ
    ယ်။

    “ဒါဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ် မြန်မာအစိုးရနဲ့ စစ်တပ်တို့က ကျူးလွန်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ လုံးဝ၊ လုံးဝ၊ လုံးဝကို ရှင်းနေပါတယ်။ မြန်မာအစိုးရရဲ့ ဒီ လူမျိုးတုန်းသတ်ဖြတ်မှု ပေါ်လစီကို ကျွန်မတို့ ရှုတ်ချပါတယ်။ သူတို့ကို နိုင်ငံတကာရာဇ၀တ်ခုံရုံး ICC ကို ပို့ရမှာဖြစ်ပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်သူတွေဟာ ဒီအတွက် တာဝန်ခံရမှာပါ” လို့ မဂွိုင်းယားက ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် စနစ်တကျ ကျူးလွန်မှုတွေဟာ လူမျိုးစုလိုက် သုတ်သင်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နေပြီလို့ ကုလက ပြောကြားထားပြီး၊ မြန်မာစစ်တပ်ဟာ စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

    နိုဘယ်ဆုရှင် ၃ ဦးဟာ ဒုက္ခသည်စခန်းတွေကို သွားရောက်ရာမှာ ရိုဟင်ဂျာတွေ အဓမ္မကျင့်၊ အသတ်ခံရတဲ့ အဖြစ်အပျက်တွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ နားထောင်ခဲ့ပါတယ်။

    ယီမင်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကာရ်မန်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကိစ္စမှာ ကြားဝင်ဆောင်ရွက်မှု မလုပ်ဘူးဆိုရင် သူမကိုယ်တိုင် ICC ရောက်နိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေကို ရိုဟင်ဂျာ လက်နက်ကိုင်တွေ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာ သန်းဝက်ကျော်လောက် ဘင်္ဂလားဒေ့ရှက်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    ဒီလူတွေ နေရပ်ပြန်လာဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူထားပေမယ့် ဒီလိုပြန်ရောက်လာရင် ရိုဟင်ဂျာတွေဟာ အကျဉ်းစခန်းမှာ နေရသလိုမျိုး ဖြစ်လိမ့်မယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးထားပါတယ်။

    Ref: CNA

  • ရိုဟင်ဂျာရွာများကို အပြောင်ရှင်းကာ ကျူးလွန်မှုများကို မြန်မာအစိုးရက လက်စဖျောက်နေသည်ဟု  HRW စွပ်စွဲ

    ရိုဟင်ဂျာရွာများကို အပြောင်ရှင်းကာ ကျူးလွန်မှုများကို မြန်မာအစိုးရက လက်စဖျောက်နေသည်ဟု  HRW စွပ်စွဲ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈
    M-Media

    မီးလောင်ထားသည့်ရွာရွာများ ဘူဒိုဇာနှင့် မရှင်းမီ (၀ဲ) နှင့် ရှင်းပြီး (ယာ)

    – ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ထားတဲ့ သက်သေ အထောက်အထားတွေကို လက်စဖျောက်ဖို့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာရွာ အနည်းဆုံး ၅၅ ရွာလောက်ကို မြန်မာအစိုးရဟာ ဘူဒိုဇာနဲ့ အပြောင်းရှင်းလိုက်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ပြောကြားလိုက်ပါတယ်။

    မီးရှို့ဖျက်ဆီးခံထားရတဲ့ ရွာတွေဖြစ်ပြီး ဒါဟာ ‘အခင်းဖြစ်ရာနေရာအဖြစ် သတ်မှတ်ကာ’ ထိန်းသိမ်းထားသင့်တယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်တွေက ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်က ဆောင်ရွက်တဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းကြောင့် ရိုဟင်ဂျာ သန်းဝက်ကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    စစ်သားတွေနဲ့ ရခိုင်ပြည်သူ့စစ်တွေဟာ ရိုဟင်ဂျာ အရပ်သားတွေကို သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိတယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒီပြောကြားချက်တွေကို ငြင်းဆိုထားပါတယ်။

    မီးရှို့ခံထားရတဲ့ ကျေးရွာတွေကို အစိုးရက ဒီလို ဘူဒိုဇာနဲ့ အပြောင်ရှင်းတာဟာ တိုင်းပြည်ပြင်ပရောက်သွားတဲ့ ရိုဟင်ဂျာတွေအနေနဲ့ သူတို့နေရာတွေကို ပြန်လည် ပြောပြလို့မရအောင် လုပ်တာဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။

    ကုလတာဝန်ရှိသူတွေ ဒီဒေသကို ၀င်ရောက် စစ်ဆေးခွင့်ကိုလည်း မြန်မာအစိုးရက ခွင့်မပြုပါဘူး။

    “ဒီကျေးရွာ တော်တော်များများဟာ ရိုဟင်ဂျာတွေအပေါ် ရပ်စက်ကြမ်းကြုတ်မှုတွေ လုပ်ထားတဲ့ နေရာတွေဖြစ်ပြီး၊ ကုလက ခန့်အပ်ပေးတဲ့ ပညာရှင်တွေ ၀င်ရောက်ကာ အထောက်အထားယူနိုင်အောင် ဒီနေရာတွေကို ထိန်းသိမ်းထားသင့်ပါတယ်။ ဒါမှ ဒီကိစ္စအတွက် ဘယ်သူက တာဝန်ရှိလဲဆိုတာကို အထောက်အထားတွေကြည့်ပြီး တွက်လို့ရမှာ ဖြစ်ပါတယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အာရှဆိုင်ရာ ဒါရိုက်တာ ဘရဒ် အဒမ်က ပြောကြားခဲ့ပါတယ်။

    “ဒီနေရာတွေကို ဘူဒိုဇာနဲ့ အပြောင်ရှင်းတာဟာ ရိုဟင်ဂျာတွေ အရင်နေရာတွေကို မမှတ်မိဖို့၊ သူတို့ အဲဒီနေရာတွေမှာ နေထိုင်ခဲ့တာနဲ့ပတ်သက်ပြီး တရားရေးဘောင်ဝင်တဲ့ အရာတွေကို ဖယ်ရှားဖို့ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်နေပါတယ်”

    ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ သဘောတူထားပြီး ပြန်လာမယ့်သူ တွေအတွက် ကြိုဆိုရေးစခန်းတွေ ဆောက်လုပ်နေကာ ရွာသစ်တွေ တည်ပေးသွားဖို့ စီစဉ်နေတယ်လို့လည်း မြန်မာဖက်က ထုတ်ပြန်ထားပါတယ်။

    မစ္စတာ အဒမ်ကတော့ ဒီလို ရိုဟင်ဂျာရွာတွေကို အပြောင်ရှင်းတာဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက် စိုးရိမ်စရာဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မြန်မာတာဝန်ရှိသူတွေက ဒီလို အပြောင်ရှင်းတာဟာ ရွာအသစ်တွေတည်ဖို့ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    Ref: BBC