News @ M-Media
Tag: Rohingya
  • ရိုဟင်ဂျာများအား လက်ခံရန်အသင့်ဟု ပြည်ထဲရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်သမ္မတကို ပြော
    ရိုဟင်ဂျာများအား လက်ခံရန်အသင့်ဟု ပြည်ထဲရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်သမ္မတကို ပြော
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈
    M-Media
    မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးတို့ တွေ့ဆုံစဉ်
    – ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ပထမအသုတ်အဖြစ် လူ ၈ ထောင်ကျော်ရဲ့ စာရင်းတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက သောကြောနေ့မှာ မြန်မာပြည်ထဲရေးဝန်ကြီးကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
    ပြီးခဲ့တဲ့ နိုဝင်ဘာလက ရရှိခဲ့တဲ့ နှစ်နိုင်ငံ သဘောတူညီချက်အောက်မှာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး လုပ်ငန်းစဉ်ကို စတင်မှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန် ခန်းက အခုပေးလိုက်တဲ့စာရင်းဟာ အိမ်ထောင်စု ၁၆၇၃ စု ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအိမ်ထောင်စုတွေကို ဘယ်လို ရွေးချယ်ခဲ့သလဲဆိုတာကိုတော့ သူက မပြောခဲ့ပါဘူး။
    သြဂုတ်လနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းနီးပါး နေရပ်ပြန်ရေးကိစ္စကို ပြီးခဲ့တဲ့လမှာ စတင်ဖို့ စီစဉ်ထားပေမယ့် ဒုက္ခသည်တွေ ဆန္ဒမပါဘဲ အတင်း ပြန်ခိုင်းတာ၊ လုံခြုံရေးအခြေအနေ စိတ်မချရတာတွေ ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
    ခန်းက ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို ပထမအသုတ် နေရပ်ပြန်မယ့်သူတွေစာရင်း ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးနှစ်ဦးဟာ ဒီလုပ်ငန်းစဉ်အပြင် နယ်စပ်ဒေသနဲ့ပတ်သက်တဲ့ အခြားကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
    “မြန်မာဖက်က စာရင်းတွေကို လိုလိုလားလား လက်ခံခဲ့ပြီး ဒါကို အကောင်အထည်ဖော်ဖို့ အခြားအသော အကူအညီတွေလည်း ရှာဖွေခဲ့ပါတယ်” လို့ ခန်းက ပြောကြားခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ဒီကိစ္စနဲ့ပတ်သက်လို့ မီဒီယာတွေကို ပြောကြားခဲ့ခြင်း မရှိပါဘူး။
    မြန်မာအာဏာပိုင်တွေဟာ အဲဒီအထဲက လူ ၆၅၀၀ ကို ရွေးချယ်ပြီး နောက်တစ်ပတ်အင်္ဂါနေ့မှာ စာရင်းကို ပြန်ပို့ပေးမယ်လို့ ခန်းက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နေရပ်ပြန်ရေးလုပ်ငန်းစဉ်ကို ဘယ်တော့စမလဲဆိုတာကို အတိအကျ မပြောခဲ့ပါဘူး။
    “ဒီလူတွေအားလုံးကို ၃ သုတ်ခွဲပြီး လက်ခံမယ်လို့ သူတို့က ပြောပါတယ်။ ဘယ်တော့ စပြီး လက်ခံမလဲဆိုတာနဲ့ပတ်သက်ပြီး တိကျတဲ့အချိန်ဇယားကို မဆုံးဖြတ်ရသေးပါဘူး”
    ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် လုံခြုံအေးချမ်းတဲ့အခြေအနေတွေ၊ သင့်တင့်တဲ့ အဆောက်အဦးတွေရှိနေဖို့ လိုလားတယ်လို့ ခန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ကြာသာပတေးက ဘင်္ဂလားဒေ့ရှ်သမ္မတ အဘ်ဒူလ် ဟာမစ်နဲ့တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေကြောင်း၊ ကုလ အတွင်းရေးမှူးဟောင်း ကိုဖီအန်နန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်က ထုတ်ပြန်ထားတဲ့ အကြံပြုချက်တွေကို အကောင်အ
    ထည်ဖော်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
    Ref : Washington Post
  • ရခိုင်တွင် ကျူးလွန်မှုများကို မြန်မာစစ်တပ်က တာဝန်ခံရေး ဆောင်ရွက်ရန် ကုလကို အမေရိကန် တိုက်တွန်း
    ရခိုင်တွင် ကျူးလွန်မှုများကို မြန်မာစစ်တပ်က တာဝန်ခံရေး ဆောင်ရွက်ရန် ကုလကို အမေရိကန် တိုက်တွန်း
    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈
    M-Media
    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး
    – ရိုဟင်ဂျာတွေ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းခံရတာကို မြန်မာနိုင်ငံက ငြင်းဆိုနေတာဟာ ‘အလွန်အမင်း မိုက်မဲတဲ့’ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်က ပြောကြားလိုက်ပြီး ကျူးလွန်ခဲ့တာတွေအတွက် မြန်မာစစ်တပ်က တာဝန်ခံရေး၊ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကြောက်မယ်ဖွယ်ရာ အခြေအနေတွေကို ၀န်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးရေး လုံခြုံရေးကောင်စီကိုလည်း တိုက်တွန်းခဲ့ပါတယ်။
    “မြန်မာအစိုးရထဲက အာဏာပါဝါရှိတဲ့ အင်အားစုတွေဟာ ရခိုင်ပြည်နယ်က လူမျိုးစုလိုက် ရှင်းလင်းသုတ်သတ်မှုကို ငြင်းဆိုထားပါတယ်။ သူတို့ရဲ့ ဒီမိုက်မဲတဲ့ ငြင်းဆိုမှုတွေနဲ့ ကွဲလွဲတဲ့စကားတွေ ထွက်မလာစေဖို့ ရက်စက်ကြမ်းကြုတ်မှုတွေကို မြင်တွေ့သွားနိုင်တဲ့ ကုလလုံခြုံရေးကောင်စီအပါအ၀င် ဘယ်သူ့ကို၊ ဘယ်အဖွဲ့အစည်းကိုမှ ရခိုင်ပြည်နယ်ကို ၀င်ရောက်ခွင့်မပေးတာ ဖြစ်ပါတယ်” လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက မနေ့ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
    ရိုဟင်ဂျာမွတ်စလင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို သတင်းလိုက်တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း ဟာလေးက တိုက်တွန်းခဲ့ပါတယ်။
    ကုလဆိုင်ရာ ပြင်သစ်သံအမတ် Francois Delattre က ရိုက်တာသတင်းဌာနကနေ ဖော်ထုတ်တဲ့ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှုဟာ ‘လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအဖြစ်’ သတ်မှတ်လို့ရနေပြီလို့ ပြောကြားခဲ့ပါတယ်။
    ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် မြန်မာအစိုးရနဲ့ စစ်တပ်တို့က ငြင်းဆိုထားပါတယ်။
    လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားတဲ့ ရုရှားနဲ့ တရုတ်တို့ကတော့ ရခိုင်ပြည်နယ်က အခြေအနေဟာ တည်ငြိမ်နေတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။
    ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ ကိစ္စတွေအတွက် စိုးရိမ်ကြောင်း ဗြိတိန်၊ နယ်သာလန်၊ ပြင်သစ်၊ ကာဇက်စတန်နဲ့ ဆွီဒင်တို့ကလည်း လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။
    Ref: Reuters
  • ရိုဟင်ဂျာဒုက္ခသည်များကို ကြိုဆိုလက်ခံသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကို ပုပ်ရဟန်းမင်းကြီး ကျေးဇူးတင်
    ရိုဟင်ဂျာဒုက္ခသည်များကို ကြိုဆိုလက်ခံသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကို ပုပ်ရဟန်းမင်းကြီး ကျေးဇူးတင်
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈
    M-Media
    – မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို ကြိုဆိုလက်ခံထားတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
    ပုပ်ရဟန်းမင်းကြီးဟာ လွန်ခဲ့တဲ့ ၂ လအရင်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို လာရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို သုံစွဲတာမျိုး၊ သူတို့အပေါ်မှာ စစ်တပ်က ကြမ်းကြမ်းတမ်းတမ်း ပြုမူတာတွေကို လူသိရှင်ကြား ဝေဖန်ရှုတ်ချတာမျိုး မလုပ်ခဲ့ပါဘူး။
    ဒါပေမယ့် ဘင်္ဂလာဒေ့ရှ်ကို သွားရောက်တဲ့အခါမှာ ပုပ်ရဟန်းမင်းကြီးဟာ ရိုဟင်ဂျာဒုက္ခသည်တစ်ချို့နဲ့ တွေ့ဆုံကာ အားပေးနှစ်သိမ့်ခဲ့ပါတယ်။
    မနေ့က ဘင်္ဂလားဒေ့ရှ်ဝန်ကြီချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပုပ်ရဟန်းမင်းကြီးက ရိုဟင်ဂျာတွေရဲ့ ဆိုးရွားလှတဲ့ ထိခိုက်ခံစားရမှုတွေအတွက် မျှတပြီး၊ တည်တံ့တဲ့ အဖြေတစ်ခုရမယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref : VOA
  • ဗုဒ္ဓဘာသာဝင်ဟောင်းတစ်ဦးဖွင့်ချတဲ့ ရခိုင်ပြည်နယ် တူလာတူလီရွာက လူသတ်ပွဲ
    ဗုဒ္ဓဘာသာဝင်ဟောင်းတစ်ဦးဖွင့်ချတဲ့ ရခိုင်ပြည်နယ် တူလာတူလီရွာက လူသတ်ပွဲ
    ဖေဖော်ဝါရီ ၅၊ ၂၀၁၈
    M-Media
    ဗုဒ္ဓဘာသာဝင် စစ်သားဟောင်းဖြစ်ပြီး ရိုဟင်ဂျာအမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အစ္စလာမ်ဘာသာဝင်ဖြစ်လာတဲ့ နဇ်မူလ် အစ္စလာမ်
    – ရိုဟင်ဂျာအရပ်သားတွေ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ တူလာတူလီရွာက သူ့အိမ်ကို စစ်တပ်က တိုက်ခိုက်ဖို့ ပြင်ဆင်နေတာကို နဇ်မူလ် အစ္စလာမ်တစ်ယောက် ထိုင်ကြည့်နေခဲ့ရပါတယ်။
    အလောင်းတွေကို မီးရှို့လက်စဖျောက်ပြီးတဲ့နောက် စစ်သားတွေက ကြက်သားဟင်းချက်ဖို့ အမိန့်ပေးပါတယ်။
    ရခိုင်ပြည်နယ်မြောက်ပိုင်း တူလာတူလီရွာမှာ ရိုဟင်ဂျာမွတ်စလင်တွေကို အဓမ္မပြုကျင့်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ နဇ်မူလ်က ပြောတဲ့ စစ်သားတွေအတွက် ဒေသခံ ဗုဒ္ဓဘာသာဝင်တွေက အစားအသောက်တွေ ပြင်ဆင်ပေးနေတာကိုလည်း နဇ်မူလ်က မြင်ခဲ့ရပါတယ်။
    နေစောင်းသွားတဲ့အချိန်မှာ ရွာက တိတ်ဆိတ်သွားပြီး မီးလောင်ညှော်နံ့တွေကတော့ တစ်ထောင်းထောင်းပါပဲ။ အရာရှိတစ်ယောက်က “လူ ၁၀၀ စာ ထမင်းနဲ့ ကြက်သားဟင်းလိုတယ်။ ငါတို့ဆီယူလာခဲ့” လို့ အော်ပြောလိုက်ပါတယ်။
    စစ်သားတွေရဲ့ မောက်မာခက်ထန်မှုဟာ စက်ဆုပ်စရာကောင်းပေမယ့် အသက် ၆၀ အရွယ် ကျေးရွာ လက်ထောက်အုပ်ချုပ်ရေးမှူး နဇ်မူလ်အတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။ တစ်ချိန်တုန်းက သူဟာလည်း စစ်သားတစ်ယောက် ဖြစ်ခဲ့တာပါ။
    ဗုဒ္ဓဘာသာဝင် စစ်သားဟောင်းဖြစ်ပြီး ရိုဟင်ဂျာအမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အစ္စလာမ်ဘာသာဝင်ဖြစ်လာတဲ့ နဇ်မူလ်ဟာ လူ တစ်သန်းနီးပါးရှိပြီး ပြန့်ကျဲနေတဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ မြင်နေကျမဟုတ်ဘဲ တစ်မူထူးသူတစ်ယောက် ဖြစ်ပါတယ်။
    မိန်းမ၊ ကလေး ၅ ယောက်ဟာ အိမ်နီးချင်းတွေနဲ့အတူ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ပေမယ့် သူ့ကို ရခိုင်က ရွာတစ်ခုမှာ စစ်သားတွေက ဖမ်းဆီးခဲ့ပြီး ဗုဒ္ဓဘာသာပြန်ပြောင်းဖို့ ကြိုးစားခဲ့တယ်လို့ နဇ်မူလ်က ပြောပါတယ်။ ဖမ်းဆီးခံရပြီးနောက်ပိုင်း (ဂါးဒီးယန်းသတင်းဌာနက စက်တင်ဘာ ၇ ရက်နေ့မှာ ဖော်ပြခဲ့တဲ့) တူလာတူလီ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို နဇ်မူလ်တစ်ယောက် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပါတယ်။
    “အင်း….. ကျွန်တော် အားလုံးကို မြင်ခဲ့တယ်ဗျ။ ကြည့်နေရုံကလွဲပြီး ဘာမှမလုပ်နိုင်ဘူး” လို့ နဇ်မူလ်က ပြောပါတယ်။
    တူလာတူလီက ရိုဟင်ဂျာရွာသား ဒါဇင်ဝက်ကျော်ကျော်နဲ့ သီးခြားအင်တာဗျူးမှာ ကြားခဲ့ရတဲ့ ကိစ္စတွေကို နဇ်မူလ်ရဲ့ ပြောကြားချက်တွေက ထောက်ခံအတည်ပြုနေပါတယ်။ ဒါဟာ ကုလနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုလုပ်ရပ်လို့ သမုတ်နေကြတဲ့ ကမ္ဘာ့ အဆိုးဝါးဆုံး ကိစ္စတွေထဲက တစ်ခုကို ထပ်မံ မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။
    မြန်မာနိုင်ငံမှာ ကာလရှည် ညှင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေထဲက ၆ သိန်း ၅ သောင်းကျော်လောက်ဟာ သြဂုတ်လကတည်းက ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။ နယ်မြေရှင်းလင်းရေး လုပ်ငန်းအတွင်း မြန်မာစစ်သားတွေ၊ ရဲတွေနဲ့ ဗုဒ္ဓဘာသာ ပြည်သူ့စစ်တွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အုပ်စုဖွဲ့ အဓမ္မကျင့်တာ ရွာတွေကို ပြာကျတဲ့အထိ မီးတင်ရှို့တာတွေ လုပ်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။
    နယ်စည်းမခြား ဆရာဝန်များအဖွဲ့က နယ်မြေရှင်းလင်းရေးအတွင်း အနည်းဆုံး ရိုဟင်ဂျာ ၆၇၀၀ လောက် အသတ်ခံရတယ်လို့ ယုံကြည်နေပါတယ်။ ရိုဟင်ဂျာတွေရဲ့ ပြောစကားအရဆိုရင် တူလာတူလီမှာ ၁၁၇၉ ဦးလောက် အသတ်ခံရပါတယ်။
    ဂူဒါပြင်ရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာ အနည်းဆုံး ၅ ခု တွေ့ခဲ့တယ်လို့ AP သတင်းဌာနက ပြီးခဲ့တဲ့တစ်ပတ်မှာ ဖော်ပြခဲ့ပါတယ်။ နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာကို စုံစမ်းစစ်ဆးနေတဲ့ ရိုက်တာသတင်းထောက်ဦးကို အစိုးရက နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆိုထားပါတယ်။
    တူလာတူလီရွာကို ဂြိုဟ်တုမှ မြင်ရပုံ
    မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကတော့ ဒီလို စွပ်စွဲချက်တွေဟာ “လုပ်ကြံဖန်တီးမှုတွေ” သာ ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါပမယ့် နောက်ရွာတစ်ရွာ(အင်းဒင်)မှာ ရိုဟင်ဂျာ ၁၀ ဦးကို သတ်ဖြတ်ပြီး တစ်နေရာတည်းမှာ စုပြုံမြှုပ်နှံထားမှုအတွက် စစ်တပ်က ၀တ်ကျေတန်းကျေ ၀န်ခံထားပါတယ်။ အခုဇာတ်လမ်းအတွက် တပ်မတော် သတင်းမှန်ပြန်ကြားရေးဆိုတဲ့ အဖွဲ့ကို မေးလို့ မရသေးပါဘူး။
    ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်လာရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူလက်မှတ်ရေးထိုးထားပေမယ့် ပြန်လာချင်တဲ့လူ သိပ်မရှိဘဲ ပြန်လာရင် ထပ်ပြီး အညှင်းခံရမယ်လို့ သူတို့က ပြောပါတယ်။
    ဒီလိုစိုးရိမ်မှုတွကို ၁၀ စုနှစ်တစ်ခုကျော်လောက် စစ်သားဖြစ်ခဲ့ပြီး ရခိုင်မှာပဲ တာဝန်ကျတာများတဲ့ နဇ်မူလ်တစ်ယောက် နားလည်ပါတယ်။
    “(စစ်တပ်က) မွတ်စလင်တွေကို အပြီးရှင်းချင်နေတယ်လို့ သူတို့စိတ်ထဲမှာ ထင်နေတာ” လို့ နဇ်မူလ်က ပြောပါတယ်။
    ၁၉၈၃ ခုနှစ် စစ်တပ်ကထွက်ပြီးနောက် သူဟာ ရခိုင်မှာ အခြေချပြီး မောင်တောမြို့နယ်မြောက်ပိုင်း ပူရ်မာမြစ်ကမ်းနဖူးပေါ်မှာရှိကာ မင်းကြီးရွာလို့လည်းခေါ်တဲ့ တူလာတူလီက ဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုပါတယ်။
    ရိုဟင်ဂျာတွေက မြစ်ကမ်းနားမှနေပြီး၊ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက ကုန်းမြင့်တွေမှာ အများအားဖြင့် နကြပါတယ်။ ဒါပေမယ့် သူတို့တွေဟာ အလုပ်အတူလုပ်၊ လယ်အတူစိုက်၊ ငါးအတူဖမ်းခဲ့ကြသူတွေပါ။
    နဇ်မူလ်ဟာ သူ့အိမ်မှာ အိမ်အကူအဖြစ် အလုပ်လုပ်တဲ့ အသက် ၂၀ ကျော်အရွယ် ရိုဟင်ဂျာအမျိုးသမီး မာဘီယာ ခါတွန်နဲ့ စကားလက်ဆုံကြခဲ့ပါတယ်။
    မာဘီယာဟာ သွက်လက်ပြီး အာဝဇ္ဇန်းရွှင်သူတစ်ယောက်ပါ။ ဒါပေမယ့် သူတို့လူမျိုးတွေ ရင်ဆိုင်နေရတဲ့ ဖိနှိပ်ချုပ်ခြယ်မှုကို နဇ်မူလ်က သတိပြုမိခဲ့ပါတယ်။ ရိုဟင်ဂျာတွေဟာ လက်ထပ်ဖို့၊ ခရီးသွားဖို့အတွက် ခွင့်ပြုချက်ယူရတယ်။ လုံခြုံရေးတပ်ဖွဲ့တွေဟာ သူတို့ရဲ့ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းသွားပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတာမျိုးတွေ ရှိပါတယ်။ အသက်ကွာလွန်းပေမယ့် နဇ်မူလ်နဲ့ မာဘီယာတို့ဟာ နီးစပ်ခဲ့ကြပါတယ်။
    “အချစ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ရရင် သနားဂရုဏာဟာလည်း အချစ်တစ်မျိုးပဲလို့ ကျွန်တော် အဓိပ္ပါယ်ဖွင့်ချင်ပါတယ်” လို့ နဇ်မူလ်က ပြောပါတယ်။
    ၂၀၀၈ ခုနှစ်မှာတော့ နဇ်မူလ်ဟာ အရင်အိမ်ထောင်ကို ကွာရှင်းပြီး မာဘီယာနဲ့ လက်ထပ်ကာ အစ္စလာမ်ဘာသာကို ပြောင်းခဲ့ပါတယ်။ ဒီလိုဘာသာပြောင်းမှုဟာ မာဘီယာအတွက် တစ်ခုတည်းကြောင့် မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
    သူတို့နှစ်ယောက်ဟာ ရွာက ရိုဟင်ဂျာအများစုနေထိုင်တဲ့ဖက်ကို ပြောင်းသွားပြီး သား ၄ ယောက်နဲ့ သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ ပညာတတ်၊ မွန်ရည်တဲ့ နဇ်မူလ်ကို ရိုဟင်ဂျာတွေက လေးစားပြီး မြန်မာလို ဖောင်တွေဖြည့်တာလို ကိစ္စမျိုးမှာ ရိုဟင်ဂျာတွေကိုယ်စား သူက ဆောင်ရွက်ပေးပါတယ်။ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေက သူတို့နှစ်ယောက်ဟာ လူ့အဖွဲ့စည်းနှစ်ခုအကြား ဆက်သွယ်ပေးမယ့် ပေါင်းကူးတံတားလို့တောင် သမုတ်ထားကြပါတယ်။
    ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ သေနတ်တွေ၊ တုတ်တွေ၊ ဓားတွေ ကိုင်ဆောင်ထားကြတဲ့ ရိုဟင်ဂျာလူအုပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ပါတယ်။ ပြည်နယ်တစ်ဝှမ်းမှာ စစ်တပ်က ကြမ်းကြမ်းတမ်းတမ်းတုန့်ပြန်နိုင်မယ့် အကြေင်းပြချက်တစ်ခုကို ARSA အဖွဲ့က ဒီသူပုန်တွေ ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။
    တိုက်ခိုက်မှုအပြီး သိပ်မကြာခင်မှာပဲ ရခိုင်ရွာသားတွေက နဇ်မူလ်ကို သူတို့နေရာဖက် လာရောက်ခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
    ရွာသူကြီးက သူတို့ အန္တရာယ်ကင်းရေး အာမခံခဲ့ပြီး စစ်သားတွေလာရင် မြစ်ကမ်းနဖူးမှာ လူစုထားဖို့ ပြာခဲ့တယ်လို့ ရိုဟင်ဂျာတွေက ဆိုပါတယ်။
    “ရိုဟင်ဂျာရွာသားတွေနဲ့ သူတို့ ကစားပွဲတစ်ခု လုပ်လိုက်တာပါ” လို့ နဇ်မူလ်က ပြောပါတယ်။ ရွာသူကြီးကိုတော့ မှတ်ချက်တောင်းလို့ မရသေးပါဘူး။
    သြဂုတ်လ ၃၀ ရက်နေ့မနက်မှာ စစ်သားတွေဟာ တူလာတူလီရွာထဲကို ၀င်လာပါတယ်။ နဇ်မူလ်နဲ့ အခြား ရိုဟင်ဂျာရွာသားတွေက ဒီစစ်သားတွေဟာ နိုင်ငံအနောက်မြောက်ပိုင်းမှာ တပ်စွဲထားတဲ့ တပ်မကဖြစ်တယ်လို့ ပြောပါတယ်။ ARSA ကိုတိုက်ဖို့ သူတို့ကို လွှတ်လိုက်တာပါ။
    “ဒီအကြောင်း ပြန်ပြောတိုင်း ကျွန်မ နာကျင်ရပါတယ်” လို့ ခေါင်းကို လက်နဲ့ရိုက်ရင်း မာဘီယာက ပြောပါတယ်။
    သူမနဲ့ ကလေးတွေဟာ မြစ်ကိုကျော်ပြီး အိမ်နီးချင်းရွာကို လွတ်အောင် ထွက်ပြေးနိုင်ပေမယ့် ရိုဟင်ဂျာအများစုကတော့ မြစ်ကမ်းနဖူးမှာ စစ်သားတွေ၊ ဓားကိုင်ထားတဲ့ ဗုဒ္ဓဘာသာဝင်တွေ ၀ိုင်းရံခံရပြီး ပိတ်မိခဲ့ကြပါတယ်။ တစ်ချို့တွက ရေထဲကို အမြန်ခုန်ဆင်းကြတယ်။ အချို့သူတွေက ထွက်ပြေးလို့ ပစ်သတ်ခံရပါတယ်။ စစ်သားတွေဟာ ကျန်နေတဲ့သူတွေကို အမျိုးသားတစ်အုပ်စု၊ အမျိုးသမီးတစ်အုပ်စု ခွဲလိုက်ပါတယ်။
    လွတ်မြောက်လာသူတွေကို ဂါးဒီးယန်းသတင်းဌာနဲ့ အင်တာဗျူးမှုအရ အမျိုးသမီးတွေကို ရေတိမ်ပိုင်းမှာ ရပ်ခိုင်းထားပြီး သူတို့ ယောက်ျားတွေ၊ သားတွေနဲ့ ဖခင်တွေကို ပစ်သတ်တဲ့မြင်ကွင်းကို ကြည့်ခိုင်းတယ်လို့ ဆိုပါတယ်။
    တစ်ချို့တွေက သေချင်ယောင်ဆောင်ခဲ့ပြီး တစ်ချို့တွေက သူတို့ရဲ့ ယောက်ျားလေးအမျိုးအဆွေတွေကို ဖွက်ခဲ့ကြပါတယ်။ သောက်ရေတောင်းသူတွေ၊ ငိုတဲ့ကလေးတွေဟာ ဓားနဲ့ ခုတ်သတ်ခံရပါတယ်။
    နောက်ပိုင်းမှာ အမျိုးသမီးတွေကို အုပ်စုငယ်တွေခွဲပြီး အိမ်တွေထဲခေါ်သွားကာ အဓမ္မကျင့် ရိုက်နှက်တာတွေလုပ်ပြီး အိမ်တွေကို မီးရှိုခဲ့ကြပါတယ်။
    ‘အားလုံးကိုသတ်ဖို့ အမိန့်ရထားတယ်’
    ကုန်မြင့်တစ်ခုပေါ်က စစ်စခန်းမှာ အဖမ်းခံထားရတဲ့ နဇ်မူလ်က ဘာတွေဖြစ်နေလဲဆိုတာကို သူ မြင်တွေ့ခဲ့တယ်လို့ ပြောပါတယ်။
    “စောစောပိုင်းမှာ ကျွန်တော် ဘာမှမမြင်ပေမယ့် သေနတ်သံတွေ၊ ငိုသံတွေကို ကြားရပြီး၊ မီးတောက်တွေ၊ မီးခိုးတွေကိုလည်း ကျွန်တော် တွေ့ပါတယ်”
    အဲဒီအချိန်မှာ စစ်တပ်က အရာရှိတွေကိုတင်ဆောင်လာတဲ့ ရဟတ်ယာဉ်တစ်စင်း ဆင်းလာပါတယ်။
    “သူတို့က သေနတ်တွေ၊ ကျည်ဆံတွေပေးတယ်။ အလောင်းတွေကို ရေထဲမပစ်ဘဲ မြေမြှုပ်တာ၊ မီးရှို့တာမျိုးလုပ်ဖို့ အမိန့်ပေးခဲ့ပါတယ်”
    ဒီအလုပ်တွေအတွက် ဗုဒ္ဓဘာသာဝင်တွေကို တာဝန်ပေးတယ်လို့လည်း နဇ်မူလ်က ပြောပါတယ်။
    “မလုပ်တဲ့လူကို သူတို့ ပစ်သတ်မှာဗျ။ တပ်ကြပ်တစ်ယောက်က ‘အားလုံးကိုသတ်ဖို့ အမိန့်ပါတယ်နော်။ မလိုက်နာတဲ့သူ အားလုံးကို သတ်ပစ်မှာ’လို့ ပြောတဲ့အသံကို ကျွန်တော် ကြားပါတယ်”
    စစ်သားတွေနဲ့ ရခိုင်ရွာသားတွေဟာ အိမ်တွေထဲကို ၀င်မွှေပြီး ဆန်တွေ၊ ဆိုင်ကယ်တွေနဲ့ ကျွဲနွား တိရစ္တာန်တွေကို လုယက်ယူငင်ခဲ့ကြပါတယ်။ ဒေသခံတွေက ‘ဘင်္ဂါလီတွေ’ သေကုန်တဲ့အကြောင်း၊ အမျိုးသမီးတွေကို အဓမ္မကျင့်တဲ့အကြောင်း ပြောတာမျိုး ကြားတယ်လို့လည်း နဇ်မူလ်က ပြောပါတယ်။
    “မီးလောင်တဲ့ အလောင်းတွေက ညှော်နံ့ကြောင့် ကျွန်တော်တို့ ရွာထဲမှာ နေလို့မရတော့ဘူးဗျ”
    စစ်သားတွေက နဇ်မူလ်ကို ရိုက်နှက်ကန်ကျောက်ပြီး အစ္စလာမ်ကိုစွန့်လွှတ်ဖို့ ဖိအားပေးပါတယ်။
    “မင်းက ငါတို့ညီအစ်ကိုပဲ။ ဒါဟာ ငါတို့တိုင်းပြည်။ ကုလားတွေ ဒီနေရာမှာ နေလို့မရတော့ဘူး” လို့ သူတို့က ကျွန်တော့်ကို ပြောပါတယ်။
    တစ်ည ကင်းကျတဲ့သူတွေ မူးနေတဲ့အချိန် ထွက်ပြေးဖို့အခွင့်အလမ်းတစ်ခုကို နဇ်မူတစ်ယောက် ရခဲ့ပါတယ်။ ဇနီးနဲ့ သားသမီးတွေစောင့်နေတဲ့ ဘင်္ဂလားဒေ့ရှ်ကို သူ ထွက်ပြေးလာပါတယ်။
    “သူ့ကို မြင်မြင်ချင်း ကျွန်မ မေ့လဲသွားပါတယ်။ သူ သေပြီလို့ ကျွန်မတို့ထင်တာပါ” လို့ အပြုံးတစ်ပိုင်းနဲ့ မာဘီယာက ပြေပါတယ်။
    တူလာတူလီမှာတုန်းက မာဘီယာနဲ့ နဇ်မူလ်တို့ဟာ စိုစိုပြေပြေပါ။ အိမ်လေးတစ်လုံးရှိပြီး ကျွဲ၊ နွား၊ ကြက်တွေကို မွေးထားပါတယ်။ အခုအချိန်မှာတော့ သူတို့ဟာ ညစ်ပတ်နေတဲ့ ကူတူပါလောင် ဒုက္ခသည်စခန်းမှာ နေထိုင်နေရပြီး သူတို့ရဲ့တဲတစ်ဝိုက်မှာလည်း ယင်ကောင်တွေက တစ်ဝီ၀ီ ပျံဝဲနေပါတယ်။
    ရိုဟင်ဂျာတွ ရခိုင်ပြည်နယ်ကို ပြန်သွားဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့က သဘောတူညီချက်တစ်ခု ရရှိထားပမယ့် နဇ်မူလ်ကတော့ အယုံမကြည်မရှိပါဘူး။ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေနေရပ်ပြန်ရေးကိစ္စကို ရွှေ့ဆိုင်းထားပြီး ပြန်ချင်တဲ့သူ စာရင်းကောက်လို့မရတာအပါအ၀င် အခြားအကြောင်းအရင်းတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ကို ပြန်ခေါ်မယ်လို့ သူတို့ကပြောပါတယ်။ ကျွန်တော့်မှာ အိမ်မရှိတော့ဘူး မီးရှို့ခံလိုက်ရပြီ။ အိမ်ဆောက်ဖို့နဲ့ ကျွန်တော့်ဆီက လုသွားတဲ့ ပစ္စည်းတွေအတွက် ဘယ်သူက ပိုက်ဆံပေးမှာလဲ။ ဘယ်တရားရုံးက ကျွန်တော်တို့အတွက် တရားမျှတအောင် လုပ်ပေးမှာလဲ” လို့ နဇ်မူလ်က မေးခွန်းထုတ်ခဲ့ပါတယ်။
    ဗုဒ္ဓဘာသာဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သွားလာခွင့်ရဖို့ လိုအပ်တဲ့ အထောက်ထားတွေ နဇ်မူလ်မှာ ရှိနေပါတယ်။ ဒါပေမယ့် ဘ၀ဟောင်းကို သူက မေ့ပစ်ပြီး မိသားစုနဲ့အတူ နိုင်ငံမဲ့ဘ၀နဲ့ နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒီအတွက် နောင်တမရဘူးလို့လည်း ဆိုပါတယ်။
    “မြန်မာနိုင်ငံမှာ ကျွန်တော် လွတ်လွတ်လပ်လပ် သွားလာခဲ့ပါတယ်။ အခုလည်း ပြန်ပြီး ကြိုက်တဲ့နေရာကို သွားနိုင်တယ်။ ကျွန်တော့်ဇနီးနဲ့ ကလေးတွေ ဒီမှာရှိတဲ့အတွက် ကျွန်တော် မသွားချင်ပါဘူး။ သူတို့ငိုနေကြမယ်။ မိသားစုနဲ့အတူသာ ထားတော်မူပါလို့ ဘုရားသခင်ဆီမှာ ဆုတောင်းပါတယ်”
    Ref:The Guardian
    (The Guardian ၀ဘ်စာမျက်နှာတွင် ဖော်ပြထားသည့် Witness to a massacre: the former Myanmar soldier who saw his village burn သတင်းဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)