News @ M-Media

Tag: Ronaldo

  • ၂၀၁၄ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဆွတ်ခူး

    ၂၀၁၄ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဆွတ်ခူး

    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media

    rnd 2

    – ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ဆုကြေညာခြင်း အခမ်းအနားကို ဇူးရစ်ခ်ျမြို့တွင် ယမန်နေ့ ညနေက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရော်နယ်ဒိုမှာ စုစုပေါင်း မဲအရေအတွက် ၃၇.၆၆ ရာခိုင်နှုန်းဖြင့် မက်ဆီ၊ နူအာတို့ကိုကျော်ကာ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ မက်ဆီကမူ ၁၅.၇၆ ရာခိုင်နှုန်းဖြင့် ဒုတိယရရှိခဲ့ပြီး ဂျာမန်ဂိုးသမား နူအာက ၁၅.၇၂ ရာခိုင်နှုန်းဖြင့် တတိယရရှိခဲ့သည်။

    `ကျွန်တော့်အမေနဲ ကျွန်တော့်ရဲ့မိသားစုကို တွေ့နေရပါတယ်။ ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော့် နည်းပြ၊ အသင်းဖော်တွေနဲ့ အသင်းရဲ့ ဥက္ကဌကိုရောပေါ့ဗျာ။ မမေ့နိုင်စရာ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ဒီလိုဆုကို ရခဲ့တာဟာ ထူးခြားမှုဖြစ်ပြီး ကျွန်တော် ပြောချင်တာကတော့ လက်ရှိအတိုင်း ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီး တစ်ဦးချင်း၊ အသင်းလိုက် ဆုတံဆိပ်တွေ ပိုမိုရရှိအောင် ကြိုးစားသွားမှာပါ။ ကျွန်တော့် မိဘတွေ အတွက်ပေါ့ဗျာ´ ဟု ရော်နယ်ဒိုက ဆုလက်ခံရယူပြီးနောက် ပြောကြားခဲ့သည်။

    ယမန်နှစ်ကလည်း အဆိုပါဆုကို ရရှိခဲ့သည့်အတွက် ယခုဆုမှာ ရော်နယ်ဒို၏ သုံးကြိမ်မြောက် Ballon d’Or ဆုဖြစ်ပြီး ၂ ကြိမ်ဆက်ရရှိခဲ့သည့် ပထမဆုံး ရီးယဲလ်ကစားသမား ဖြစ်လာခဲ့သည်။

    ရော်နယ်ဒိုကမူ မိမိအနေဖြင့် ထိုဆုကို သုံးကြိမ်သုံးခါတိုင်တိုင် ရရှိလိ့မ်မည်ဟု မမျှော်လင့်ခဲ့ကြောင်း၊ သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမားတစ်ဦး ဖြစ်ချင်ကြောင်း၊ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

    အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားအတွင် အကောင်းဆုံး နည်းပြဆုကိုလည်း ချီးမြှင့်ခဲ့ပြီး ဂျာမနီအသင်း ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲနိုင်အောင် ဦးဆောင်ပေးခဲ့သည့် နည်းပြ ဂျိုအာချင်းလိုက အန်ဆယ်လော့တီ၊ ဆီမြွန်နီတို့ကို ကျော်ဖြတ်၍ အကောင်းဆုံး နည်းပြဆု ရရှိခဲ့သည်။

    Ref : dailymail

  • ပလာတီနီ၏ အိမ်အတွင်းသို့ ရော်နယ်ဒို၏ ပရိတ်သတ်က ဘောလုံးများ ကန်သွင်း

    ပလာတီနီ၏ အိမ်အတွင်းသို့ ရော်နယ်ဒို၏ ပရိတ်သတ်က ဘောလုံးများ ကန်သွင်း

    ဇန်န၀ါရီ ၁၁၊ ၂၀၁၅
    M-Media

    rnd

    – ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or မည်သူရသင့်သည်ဆိုသည့် မှတ်ချက်ပေးမှုကို မကျေနပ်သည့်အတွက်ကြောင့် ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီ၏ အိမ်အတွင်းသို့ ခရစ္စတီယာနိုရော်နယ်ဒို၏ ပရိတ်သတ်များက ဘောလုံးများ ကန်သွင်းခဲ့သည်ဟု သိရသည်။

    လွန်ခဲ့သည့် ၁၂ လတာ ကာလအတွင်း စွမ်းဆောင်ခဲ့သည်များကို ကြည့်ရှုဆုံးဖြတ်ကာ ချီးမြှင့်မည့် အဆိုပါဆု ဇကာတင်စာရင်းတွင် ရော်နယ်ဒို၊ မက်ဆီနှင့် ဂျာမနီဂိုးသမား နူအာတို့ ပါဝင်နေပြီး ရော်နယ်ဒိုက ရရှိရန် ရေပန်းစားနေသည်။

    သို့သော်လည်း မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပလာတီနီက ရော်နယ်ဒိုကိုကျော်၍ နူအာက ရရှိသင့်သည်ဟု ဖြေကြားခဲ့ပြီး ထိုမှတ်ချက်ကို မကျေနပ်သည့် ရော်နယ်ဒို၏ ပရိတ်သတ်များက ပဲရစ်မြို့ရှိ ပလာတီနီ၏ နေအိမ်အတွင်းသို့ ဘောလုံး ၆၁ လုံး ကန်သွင်းခဲ့သည်။

    ဘောလုံးကန်သွင်းကြသူများမှာ တစ်ကိုယ်လုံး အနက်ရောင် ၀တ်ဆုံများ ၀တ်ဆင်ထားပြီး ၎င်းတို့ ကန်သွင်းသော အရေအတွက်မှာလည်း ပြီးခဲ့သည့် ၁၂ လအတွင်း ရော်နယ်ဒို သွင်းယူခဲ့သည့် ဂိုးအားလုံး၏ အရေအတွက် ဖြစ်သည်။

    ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရော်နယ်ဒိုက ပလာတီနီအား လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး ဆက်ဆံရေးမှာ ချောမွေ့မှုမရှိဟု သတင်းများက ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ရော်နယ်ဒိုနှင့် ပလာတီနီတို့ ၂ ဦးစလုံးက ထိုသတင်းကို ငြင်းဆိုခဲ့ကြသည်။

    ဖီဖာဥက္ကဌ ဆပ်ဘလတ္တာကလည်း ရော်နယ်ဒိုမှာ ဘောလုံးကစားခြင်းထက် ဆံပင်သခြင်း၌သာ ပို၍ အချိန်ကုန်သည်ဟု ပြီးခဲ့သည့် တစ်နှစ်ခန့်က ဝေဖန်ပြောကြားခဲ့ဖူးသည်။

    Ref: Goal.com

  • ရော်နယ်ဒိုအား သမိုင်းတစ်လျှောက် အကောင်းဆုံး အားကစားသမား အဖြစ် Goal.com စာဖတ် ပရိတ်သတ် ရွေးချယ်

    ရော်နယ်ဒိုအား သမိုင်းတစ်လျှောက် အကောင်းဆုံး အားကစားသမား အဖြစ် Goal.com စာဖတ် ပရိတ်သတ် ရွေးချယ်

    အောက်တိုဘာ ၁၃ ၊ ၂၀၁၄၊
    M-Media
    465517_heroa
    – ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုအား goal.com စာဖတ်ပရိတ်သများက သမိုင်းတစ်လျှောက် အကောင်းဆုံး အားကစားသမားအဖြစ် ရွေးချယ်ခဲ့သည်ဟု သိရသည်။

    စာဖတ်ပရိတ်သတ်များ၏ မဲပေးရွေးချယ်မှုတွင် ရော်နယ်ဒိုမှာ ဂဂန္တ၀င်အားကစားသမားများ ဖြစ်ကြသည့် ဘောလုံးပါရမီရှင် ပီလီ၊ မာရာဒိုနာ၊ လက်ဝှေ့ကျော် မိုဟာမက်အလီ၊ နာမည်ကျော် ဘက်စကက်ဘောကစားသမား မိုက်ကယ်ဂျော်ဒန်၊ တင်းနစ်အားကစားသမား ရော်ဂျာ ဖက်ဒါရာ၊ အပြေးသမား အူစိန်ဘော့တို့နှင့်အတူ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး လာလီဂါ ပြိုင်ဘက် မက်ဆီထက် မဲနှစ်ဆအသာဖြင့် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

    ရော်နယ်ဒိုမှာ မဲအရေအတွက် ၃၀.၃၃ ရာခိုင်နှုန်းရရှိခဲ့ပြီး၊ မက်ဆီကမူ ၁၆.၀၉ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ၊ လက်ဝှေ့ကျော်ဟောင်း မိုဟာမက်အလီက ၁၄.၃၉ ရာခိုင်နှုန်းဖြင့် တတိယနေရာ အသီးသီး ရရှိခဲ့ကြသည်။

    ရော်နယ်ဒိုမှာ ယခုနှစ်ဘောလုံးရာသီတွင် အံ့သြလောက်ဖွယ် ခြေစွမ်းများ ပြသနေပြီး ရီးယဲလ်အသင်းနှင့် ကစားခဲ့သည့် ၁၁ ပွဲတွင် စုစုပေါင်း ၁၉ ဂိုး သွင်းယူပေးထားနိုင်သည်။

    Goal.com ပရိတ်သက်များမှ ရွေးချယ်ခဲ့သည့် သမိုင်းတစ်လျှောက် အကောင်းဆုံး အားကစားသမား ၁၀ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

    ၁။ ခရစ္စတီယာနို ရော်နယ်ဒို
    ၂။ လီယွန်နယ်မက်ဆီ
    ၃။ မိုဟာမက်အလီ
    ၄။ မိုက်ကယ်ဂျော်ဒန်
    ၅။ အူစိန်ဘော့
    ၆။ ပီလီ
    ၇။ ရော်ဂျာဖက်ဒါရာ
    ၈။ မိုက်ကယ်ဖဲလ်
    ၉။ ဒီယေဂိုမာရာဒိုနာ
    ၁၀။ ဆာချင် တန်ဒူလ်ကာရ်