စက်တင်ဘာ ၇၊ ၂၀၁၅
M-Media
– မသန်စွမ်းဖြစ်နေသည့် ဖခင်ဖြစ်သူ၏ ဟဂ်ျပြုလိုသည့်ဆန္ဒကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ပါကစ္စတန်မှ အသက် ၅၀ အရွယ် သားဖြစ်သူမှာ ဖခင်အား ဟဂ်ျခရီးစဉ်တစ်လျှောက်လုံး ချီပိုး၍ ဟဂ်ျပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟု သိရသည်။
“သူ့အဖေက မသန်စွမ်း ဖြစ်နေတဲ့အတွက်ကြောင့် လမ်းလျှောက်မနိုင်ဘဲ၊ ဟဂ်ျပြုဖို့အတွက် သူ့အဖေကို ကျောကုန်းမှာပိုးပြီး ဟဂ်ျခရီးပြုမယ့်ကာလတစ်လျှောက်လုံး သယ်သွားမယ်လို့ သူက ပြောခဲ့ပါတယ်” ဟု ဆော်ဒီ နေ့စဉ်ထုတ် သတင်းစာတစ်စောင်ဖြစ်သည့် Al Jazira က ဖော်ပြခဲ့သည်။
အဆိုပါ အမျိုးသားမှာ သောကြာနေ့က မက္ကာရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးသို့ ၀တ်ပြုရန် ဖခင်ဖြစ်သူအား ချီပိုး၍ ခေါ်ဆောင်လာခဲ့သည်။ ထိုအမျိုးသားက ၎င်းမှာ ယခုနှစ် မက္ကာနှင့် မဒီနာသို့ ဟဂ်ျဘုရားဖူးခရီး လာရောက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုသည်။
“သူ့အဖေကို ဟဂ်ျပို့ပေးမယ်လို့ သူက ကတိပေးထားပြီး ဒီကတိကို ဖြည့်ဆည်းဖို့အတွက် အခက်အခဲအားလုံးကို ကျော်ဖြတ်ကာ ဖခင်ကို ချီပိုးသယ်ဆေင်သွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သူက ပြောခဲ့ပါတယ်” ဟု အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။
ဖခင်အား ချီပိုး၍ ဗလီဝတ်ကျောင်းတော်သို့ ရောက်ရှိလာသည့် ၎င်းတို့သားအဖ၏ ဓာတ်ပုံမှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့သွားခဲ့ပြီး သားသမီးကောင်း ပီသမှုအတွက် ဆိုရှယ်မီဒီယာ အသုံးပြုသူများက ချီးကျူးခဲ့ကြသည်။
ဟဂ်ျပြုလုပ်ခြင်းမှာ အစ္စလာမ်သာသနာ၏ အဓိကမဏ္ဍိုင် ၅ ခုမှ ပဉ္စမမြောက် မဏ္ဍိုင်ဖြစ်ပြီး ငွေကြေးကုံလုံ၍ မက္ကာမြို့သို့လာရောက်ရန် တတ်နိုင်သောသူများမှာ တစ်သက်လျှင် တစ်ကြိမ် ဟဂ်ျပြုလုပ်ရန် တာဝန်ရှိသည်။
ယခုနှစ် ဟဂ်ျကာလမှ စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ကျရောက်မည်ဖြစ်ပြီး အစ္စလာမ့်ပြက္ခဒိန်မှ နောက်ဆုံးလဖြစ်သည့် ဇွလ်ဟဂ်ျလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖြစ်သည်။
Ref: Onislam









