News @ M-Media

Tag: Scotland

  • လာမည့် နှစ် ၂၀ အတွင်း လွတ်လပ်သော နိုင်ငံဖြစ်လာမည်ဟု စကော့တလန် ၀န်ကြီးချုပ်ပြော

    လာမည့် နှစ် ၂၀ အတွင်း လွတ်လပ်သော နိုင်ငံဖြစ်လာမည်ဟု စကော့တလန် ၀န်ကြီးချုပ်ပြော

    နိုဝင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    Scotland to become independent within 20 years
    – မိမိတို့နိုင်ငံမှာ ယူကေမှ ခွဲထွက်မည်ဖြစ်ပြီး နှစ် ၂၀ အတွင်း လွတ်လပ်သော နိုင်ငံ တစ်နိုင်ငံဖြစ်လာမည်ဟု စကော့တလန် ပထမ ၀န်ကြီးချုပ် အဲလက်စ် ဆဲလ်မွန်းက ပြောကြားလိုက်သည်။

    ဗြိတိန်မီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် စကော့တလန် အမျိုးသားပါတီ SNP ၏ ခေါင်းဆောင်ဖြစ်သူ ဆဲလ်မွန်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အပြောင်းအလဲ လုပ်လိုသည့်ဆန္ဒမှာ ယခုအချိန်တွင် အလွန်ပြင်းထန်လာပြီး စက်တင်ဘာ ပြည်သူ့ ဆန္ဒခံယူပွဲ၌ ခွဲထွက်ရေးကို ဆန့်ကျင်မဲပေးခဲ့ကြသူများပင်လျှင် ယခုအချိန်တွင် သဘောဆန္ဒ ပြောင်းလဲသွားပြီဟု ထည့်သွင်းပြောကြားခဲ့သည်။

    စက်တင်ဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲတွင် စကော့တလန်ပြည်သူများ၏ ၅၅ ရာခိုင်နှုန်းမှာ မခွဲထွက်ရေးအတွက် မဲပေးခဲ့ကြပြီး ၄၅ ရာခိုင်နှုန်းကသာ ခွဲထွက်ရန် မဲပေးခဲ့ကြသည်။

    သို့သော်လည်း ခွဲထွက်ရေးအတွက် ပြောကြားမှုများရှိနေပြီး Ipsos MORI မှ စစ်တမ်းကောက်ယူမှုအရ စကော့တလန်ပြည်သူများ၏ ၅၅ ရာခိုင်နှုန်းမှာ လာမည့် ၁၀ နှစ်အတွင်း ခွဲထွက်ရေးအတွက် ပြည်သူဆန္ဒခံယူပွဲ ကျင်းပလိုကြပြီး ၅ နှစ်အတွင်း ကျင်းပ လိုသူများမှာ ၅၈ ရာခိုင်နှုန်းအထိ ရှိနေသည်။

    Source: CAH/HJL/HRB

  • စကော့တလန် ဗလီကျောင်းတော်တစ်ခု၌ လူမျိုးဘာသာမရွေး အတွက် Mosque Kitchen စားသောက်ဆိုင်ဖွင့်လှစ်

    စက်တင်ဘာ ၁ ၊ ၂၀၁၃
    M-Media

    mosque_kitchen_outside_good

    အီဒင်ဘာ့ဖ် (Edinburgh)။    ။ အီဒင်ဘာ့ဖ်တွင် ထူးခြားသော စံပြလုပ်ဆောင်ချက်အဖြစ် စကော့တလန် ဗလီကျောင်းတော် တစ်ခုသည် သူ၏ စားသောက်ဆိုင်အား မွတ်စ်လင်မ်ဝတ်ပြုသူများအပြင် မွတ်စ်လင်မ် မဟုတ်သူများပါ စားသုံးနိုင်ရန်အတွက် ၉/၁၁ အဖြစ်အပျက်များအပြီးတွင် စတင်ကာ ဖွင့်လှစ်ခဲ့ပြီး၊ ယခုအခါ အောင်မြင်မှု ရလျက်ရှိသည်။

    “ ကျွန်တော်တို့က သောကြာနေ့ဝတ်ပြုပြီးတိုင်း  စားသောက်ဆိုင်ကို ဖွင့်လှစ်လာခဲ့ပြီး ကြက်သားနှင့်ထမင်းကို ပေါင်စတာလင် ၂ ပေါင်နှုန်းနဲ့ရောင်းချပေးနေခဲ့ပါတယ် ” ဟု  သြဂုတ်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့က BBC သတင်းဌာနသို့ အီဒင်ဘာ့ဖ်ရှိ Mosque Kitchen ၏ အုပ်ချုပ်သူမန်နေဂျာ မူဘာရှား အလီ (Mubashar Ali) မှပြောကြားခဲ့သည်။

    ၁၉၈၀ ခုနှစ်များတွင် အီဒင်ဘာ့ဖ်ရှိ  ထို Mosque Kitchen သည် အစ္စလာမ်ဘာသာဝင်များအတွက်သာ ရောင်းချရန် ရည်ရွယ်ခဲ့သည်။

    သို့သော် နယူးယောက်ခ်တွင်  ၉/၁၁ တိုက်ခိုက်မှု၏နောက်ပိုင်း ဗလီကျောင်းတော်၏အုပ်ချုပ်ရေးမန်နေဂျာများမှ မွတ်စ်လင်မ် မဟုတ်သူများအတွက်ပါ တံခါးဖွင့်လှစ်စေခဲ့သည်။ မွတ်စ်လင်မ်တို့၏ယုံကြည်ချက်များအပေါ် နားလည်မှုလွဲမှားခြင်းကို ချေဖျက်ရန် နှင့် အခြားဘာသာဝင်များနှင့်ထိတွေ့ဆက်ဆံမှုရှိစေရန် ရည်ရွယ်ခဲ့ကြခြင်းဖြစ်သည်။

    “ ၉/၁၁ အဖြစ်အပျက်နောက်ပိုင်း ခရစ်ယာန်၊ ဟိန္ဒူ နဲ့ ဆစ်ခ် အပါအ၀င် အခြားဘာသာဝင်တွေအားလုံးကို အစ္စလာမ့်အကြောင်းသိစေဖို့အတွက် ဗလီထဲမှာ ပြပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။ တစ်ချိန်တည်းမှာဘဲ အစ္စလာမ်ဘာသာဝင်များကိုသာ ရောင်းချနေတဲ့ စားသောက်ဆိုင်ငယ်လေးကို လူတွေကသတိပြုမိသွားကြပါတယ် ” ဟု စားသောက်ဆိုင်တွင် ယခင်ကတည်းက တာဝန်ယူဆောင်ရွက်နေသူ အလီက ဆိုသည်။

    Mosque Kitchen သည် အီဒင်ဘာ့ဖ်ရှိ ပြည်သူများကြား တစ်စစဖြင့် အောင်မြင်လာခဲ့သည်။

    “ အစ္စလာမ်ဟာ အကြမ်းဖက်ဝါဒတစ်ခုမဟုတ်ကြောင်း လူအများကို ကျွန်တော်တို့ပြချင်ခဲ့ပါတယ်၊ ဒါ့ကြောင့် စားသောက်ဆိုင်ကို တိုးချဲ့လို့ နေ့တိုင်းဖွင့်လှစ်နိုင်အောင် ကြိုးစားခဲ့တဲ့အပြင် အခြားဘာသာဝင်အားလုံးကိုလည်း စတင်ကြိုဆိုဖိတ်ခေါ်ခဲ့ပါတယ်။ စဦးပိုင်းတုန်းကတော့ လူတွေ လာရောက်ဖို့ကြောက်နေကြတယ်၊ တွန့်ဆုတ်နေကြတယ်ပေါ့။ သို့ပေမယ့်လည်း သိပ်မကြာခင်မှာ ဒေသခံဟင်းလျာရတဲ့ဆိုင်တစ်ဆိုင်အဖြစ် ကျော်ကြားလာတော့တာပါဘဲ ” ဟု အလီက ထပ်မံပြောပြသည်။

    စကော့တလန်တွင် မွတ်စ်လင်မ် ၅၀၀,၀၀၀ ကျော်ရှိပြီး၊ လူဦးရေစုစုပေါင်း၏ ၁ ရာခိုင်နှုန်းပင် မပြည့်ချေ။

    မွတ်စ်လင်မ်တို့သည် နိုင်ငံအတွင်း  ဒုတိယအကြီးဆုံး ဘာသာရေးလူ့အဖွဲ့အစည်းဖြစ်ပြီး၊ ဗလီကျောင်းတော် ၃၀ ရှိကြောင်း သိရသည်။

    အောင်မြင်မှု

    အီဒင်ဘာ့ဖ်ရှိ လူများအား နှစ်ပေါင်း ၂၀ ကျော်ကြာ တည်ခင်းရောင်းချခြင်းဖြင့် Mosque Kitchen သည် သူ၏ အောင်မြင်မှုအား ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်သည်။

    “ Mosque Kitchen ဟာ ဖော်ရွေတယ်။ လူတိုင်း အရသာရှိရှိ စားသောက်နိုင်လောက်အောင်လည်း ဈေးသက်သာတယ်လေ ” ဟု အီဒင်ဘာ့ဖ်၌ နှစ် ၂၀ ကျော်ကြာနေထိုင်လာခဲ့သော အိုင်လာ (Ayla) က ဆိုသည်။

    ဖဟဒ် ဘက် (Fahad Beg) သည် ထိုစားသောက်ဆိုင်သို့ အပတ်စဉ် မကြာမကြာလာလေ့ရှိသူဖြစ်သည်။

    ပထမဆုံးဖွင့်လှစ်ချိန်ကပင် သူသည် အီဒင်ဘာ့ဖ် ဗလီကျောင်းတော်သို့ လာရောက်ဝတ်တက်လေ့ရှိပြီး၊ ၀တ်ပြုမှုပြီးလျှင် ၄င်း၌သွားရောက်စားသောက်စမြဲ ဖြစ်၏။

    “ အခုဆိုယင် အဲ့ဒီအရသာကို ကျွန်တော်နှစ်သက်နေပြီ။ တစ်မိုးအောက်ထဲမှာ လူပေါင်းစုံ  အတူတကွစုရုံးစားသုံးစေတာက အလွန်ကို ကောင်းမွန်တဲ့ အတွေးအမြင်တစ်ခုဘဲဗျ  ” ဟု သူမှ ၀န်ခံပြောဆိုသည်။

    စားဖိုမှူးတစ်ဦးဖြစ်သူ ဟမ်ဇား (Hamza) က စားသုံးသူများကြားတွင် ထမင်းသည် အရောင်းရဆုံး ဖြစ်ကြောင်း ပြောပြသည်။

    “ ကျွန်တော့်အိမ်လက်ရာ  အိန္ဒိယအစားအသောက်လို အနီးစပ်ဆုံးရနိုင်တာကတော့  အီဒင်ဘာ့ဖ်တစ်မြို့လုံးမှာ ဒီတစ်နေရာထဲ ရှိပါတယ် ” ဟု သုံးနှစ်မျှ နိုင်ငံအတွင်းလာရောက်ပညာသင်ကြားနေသူ မိတ်သ်လီ (Maithlee) က ဆိုပါသည်။

    သက်သတ်လွတ်သမားတစ်ဦးဖြစ်သော ဆဟီးလ် (Sahil) ကလည်း  ၄င်းဆိုင်မှ ထမင်းနှင့် ပဲနီလေးဟင်းသည် အိန္ဒိယမှာရှိနေသော သူ့မိခင်၏လက်ရာအလား ခံစားရသည်ဟု ပြောဆိုလေ့ရှိသည်။

  • စကောတလန် မြို့လယ်ဗလီ အတွင်း လူမျိုးရေးစော်ကား၊ ခြိမ်းခြောက်သူ ထောင်ဒဏ် ချမှတ်ခံရ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၂
    M-Media

    အခင်းဖြစ်ပွားရာ ဂလပ်စဂို မြို့လယ် ဗလီ
    အခင်းဖြစ်ပွားရာ ဂလပ်စဂို မြို့လယ် ဗလီ

    စက်တင်ဘာလ ၂၃ရက်နေ့က အသက် ၂၈ နှစ်အရွယ်ရှိ ဖရေစာရေးသည် ဂလပ်စဂို မြို့လယ် ဗလီအတွင်းသို့ ဝင်ရောက်ပြီး ဗလီအတွင်းရှိလူများအား ထွက်ပြေးခိုင်းခဲ့သည်ဟု အစိုးရ ရှေ့နေ (တရားလိုရှေ့နေ) များကပြောပါသည်။

    စကော့တလန် နိုင်ငံ ရန်ဖရူးရှိုင်းယားပြည်နယ် ဂျွန်စတုန်းမြို့သား ရေး သည် သူ့တွင် သေနတ်ပါကြောင်း အော်ဟစ်ပြီး၊ အနီးရှိလူများအား ပစ်ခတ်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ကြောင်း ဖြစ်သည်။

    အချင်းဖြစ် နေရာ၌ သူ့အား ဖမ်းဆီး ရမိပြီးနောက် ကျောပိုးအိတ်ထဲ ရှာဖွေရာ ကပ်ကျေး၊ လက်အိတ်၊ ရုပ်ပြောင် မျက်နှာဖုံးစွပ် အပါအ၀င် ပစ္စည်းမျိုးစုံ ရှာဖွေတွေ့ရှိခဲ့သည်။ အခင်းဖြစ်ပွားစဉ် ၄င်းအနေဖြင့် လူမျိုးရေးခွဲခြားမှု နှင့် ခြိမ်းခြောက်မှု အကြောင်းအရာများ အော်ဟစ် နေခဲ့သေးသည်။

    ယနေ့ ဂလပ်စဂို စီရင်စု တရားရုံးတွင် ရေးအား သူ၏ စောစီးစွာ ဝန်ခံမှုကြောင့် ထောင်ဒဏ် ၂နှစ်နှင့် ၄လ ချမှတ်လိုက်ကြောင်း ဘုရင့်ရုံး (Crown Office) က ထုတ်ဖေါ်ပြောဆိုသည်။

    သူ့အနေဖြင့် သူ့ပေါ်စွဲဆိုသော အကြမ်းဖက်လိုသော အမူအရာနှင့် ခြိမ်းခြောက်မှု၊ ဓါးကိုင်ဆောင်မှုတို့ကြောင့် အပြစ်ရှိကြောင်း ၀န်ခံသည်။

    ပြစ်ဒဏ် ချမှတ်ပြီးနောက် အနောက် စကော့တလန် အစိုးရရှေ့နေ ဂျွန်ဒွန်းက “လူတိုင်းတွင် အခြား လူတဦးတယောက်၏ အမှန်မစူးစမ်းဘဲ မလို မုန်းထားခြင်းကြောင့် အကြမ်းဖက်မှု၊ ဘေးအန္တရာယ်၊ ခြိမ်းခြောက်မှု (သို့) နှောက်ယှက်မည်ဟု စိုးရိမ်မကင်းမှု (သို့) နှုတ်ပိတ်မှု စသောအမှုများမှ လွတ်ကင်းစွာ နေထိုင်နိုင်သည့် အခွင့်အရေး ရှိသည်” ဟု ပြောပါသည်။

    “အသားအရောင်၊ ကိုးကွယ်သည့်ဘာသာအပေါ် အဓိကထား လုပ်ဆောင်မှုများကို လုံးဝ လက်ခံနိုင်စရာမရှိပါ။ ဒီ ဖရေစာရေး ရဲ့ ဝန်ခံမှုနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေက ဘယ်လို လူမျိုးရေးမုန်းတီးမှုမျိုးကိုမဆို တိုင်ကြားဖို့ ပြည်သူလူထုကို အားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

    “ဒီလို ပြစ်မှုတိုင်းကို ဂရုတစိုက် စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ တရားစွဲဆို အရေးယူကြောင်း သူတို့တွေ ယုံကြည်မှုရှိရမယ်။”

    Strathclyde  ရဲတပ်ဖွဲ့မှ မှုခင်းစုံထောက် ဂျိုးမက်ကန်းစ်က “ဒီလူရဲ့လုပ်ရပ်က လူအများကို အထိတ်တလန့်ဖြစ် ကြောက်ရွံ့စေတယ်။”

    “ကျွန်တော်တို့ ဒီလိုမျိုး လူနည်းစု အဖွဲ့အစည်းတွေကို အဓိကထားပြီး ကျူးလွန်တဲ့ ဘယ်အပြုအမူကိုမှ ခွင့်ပြုမှာ မဟုတ်သလို ဘယ်လောက်ပဲ သေးငယ်တဲ့ ပြစ်မှု ဖြစ်ပါစေ ထိထိရောက်ရောက်နဲ့ မဆိုင်းမတွ ဆောင်ရွက်ပါမယ်။”

    “ဘယ်သူမျှ ပြစ်မှု ပုံစံမျိုးစုံရဲ့ ဓါးစာခံ မဖြစ်စေရဘူး။ ဒီလို အမှုမျိုးတွေဟာ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရမယ်။” ဟုပြောပါသည်။

    ကိုးကား၊ http://www.dailyrecord.co.uk