News @ M-Media

Tag: ShortNews

  • မန္တလေးည မထွက်ရ အမိန့် အချိန် ၂ နာရီ လျော့ချ

    မန္တလေးည မထွက်ရ အမိန့် အချိန် ၂ နာရီ လျော့ချ

    ဇူလိုင် ၂၁၊ ၂၀၁၄
    M-Media

    အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မန္တလေး ၇ မြို့နယ်တွင် ညမထွက်အရချိန်ကို ည ၉ နာရီမှ မနက် ၃ နာရီသို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

    မူလက ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်းဖြစ်ပြိး မနက်ပိုင်း ၂ နာရီ လျော့ပေးလိုက်ခြင်းဖြစ်ပါတယ်။

  • လက်ရှိ အစိုးရကို မယုံကြည်လို့ ဆန္ဒဖော်ထုတ်နေ ရခြင်းဖြစ်တယ်ဟု ကိုနန္ဒာစစ်အောင်ဆို

    လက်ရှိ အစိုးရကို မယုံကြည်လို့ ဆန္ဒဖော်ထုတ်နေ ရခြင်းဖြစ်တယ်ဟု ကိုနန္ဒာစစ်အောင်ဆို

    ဇွန် ၂၁၊ ၂၀၁၄
    M-Media
    လမင်း

     DSC02980

    ရန်ကုန်  ။     ။   လက်ရှိအစိုးရကို မယုံကြည်တဲ့အတွက် ယခုကဲ့သို့ ဆန္ဒတွေကို ထုတ်ဖော်နေရခြင်းဖြစ်ပါတယ်လို့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ကိုနန္ဒာစစ်အောင်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ရန်ကုန်တောင်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

    “ဒီမိုကရေစီနိုင်ငံမှာ ဆန္ဒတွေပြနေတာဟာ ဒီမိုကရေစီရဲ့ပြရုပ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ မရ ရအောင်တောင်းဆိုနေမှာပါ။ နောက်ကိုလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆက်ပြီးဆန္ဒတွေပြနေဦးမှာပါပဲ။ ပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ အစိုးရတစ်ရပ်ဖြစ်လာရန်အတွက် ၅၉ (စ)ကိုပြင်ရန်အတွက်လည်း တောင်းဆိုသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ရန်ကုန်တောင်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲတွင် တောင်ပိုင်းခရိုင်မှ မြို့နယ်များဖြစ်ကြသော သန်လျင်၊ ကျောက်တန်း၊ ခရမ်းသုံးခွ၊ ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ ကွမ်းခြံကုန်း စသည့်မြို့နယ်များပါဝင်မည်ဖြစ်သည်။

    အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် လူအင်အား ၃၀၀၀ ပါဝင်ရန် ခွင့်ပြုမိန့်ရရှိထားပြီဖြစ်ပြီး နေ့လည် ၂-နာရီမှ ညနေ ၅-နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များမှလည်း ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး ပြည်သူလူထုအား ဟောပြောပွဲများပြုလုပ်သွားမည်ဖြစ်သည်။

    အရှေ့ပိုင်းခရိုင်လုံးဆိုင်ရာဆန္ဒထုတ်ဖော်ပွဲကို မေလ ၂၅-ရက်နေ့တွင်ကျင်းပခဲ့ပြီး ဇွန်လ ၂၂-ရက်နေ့တွင် တောင်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။ အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲများကိုလည်း ဆက်လက်ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

  • လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ပြုလုပ်၊ ခြိမ်းခြောက်မှုများကြောင့် ‘အမိုးမရှိတဲ့ကောင်းကင်’ မှတ်တမ်းရုပ်ရှင် မပြသဖြစ်

    လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ပြုလုပ်၊ ခြိမ်းခြောက်မှုများကြောင့် ‘အမိုးမရှိတဲ့ကောင်းကင်’ မှတ်တမ်းရုပ်ရှင် မပြသဖြစ်

    ဇွန် ၁၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC02684

    ရန်ကုန် ။        ။ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ၀ဇီရာ ရုပ်ရှင်ရုံတို့တွင် ဇွန်လ ၁၅ ရက်မှ ဇွန်လ ၁၉ ရက်နေ့ထိ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်လျက်ရှိသည်။

    အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင် ၆၇ ကားပြသမည်ဖြစ်ရာ ပြည်တွင်းရုပ်ရှင် ၃၂ ကား၊ အာဆီယံရုပ်ရှင် ၉ ကား၊ နိုင်ငံတကာရုပ်ရှင် ၂၆ ကား တို့ပါဝင်သည်။ ယင်းရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့အခြေစိုက် ဗြိတိသျှသံရုံး၊ အမေရိကန်အကူညီပေးရေးအဖွဲ့၊ မြန်မာ ထိုင်း ရုပ်ရှင်အဖွဲ့၊ ဆွီဒင်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့က ပါဝင် ကူညီပေးခဲ့ကြောင်း သိရသည်။

    ၎င်းလူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် ဆုများကို အကဲဖြတ်ဒိုင်လူကြီး ၂၀ ပါဝင်သည့်အဖွဲ့က စီစစ်ရွေးချယ်ကာ ဆု ၈ ဆု ချီးမြှင့်သွားမည်ဖြစ်သည်။

    ယခုပြုလုပ်သော ရုပ်ရှပ်ပွဲတော်သည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ် ရုပ်ရှင်ပွဲတော်ကို ပြည်တွင်း ပြည်ပ ရုပ်ရှင်ဇာတ်ကား ၅၄ ကားပြသခဲ့ပြီး ဆု ၇ ဆုကိုချီးမြှင့်ခဲ့ကြောင်း သိရသည်။

    ယခုကျင်းပသော ဒုတိယမြောက်အကြိမ် ရုပ်ရှင်ပွဲတော်၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါရုပ်ရှင်ပွဲတွင် ပါဝင်ပြသရန် စီစဉ်ထားသော ဒါရိုက်တာမင်းထင်ကိုကိုကြီး ရိုက်ကူးသည့် အမိုးမရှိတဲ့ ကောင်းကင်’ မှာ အွန်လိုင်းမှ ခြိမ်းခြောက် မှုများကြောင့် ပြသခြင်းမပြုတော့ ကြောင်း သိရသည်။

    မိတ္ထီလာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းကို အခြေခံပြီး အိမ်ဖျက်ခံရသူ  မွတ်စလင်အဒေါ် အဒေါ်ဖြစ်သူထံ တူမက သွားရောက်ခဲ့ပုံနှင့် ပဋိပက္ခအပေါ် အဒေါ်၏အမြင်နှင့် ပဋိပက္ခအတွင်း ၎င်းကို အကူအညီပေးခဲ့သော ဗုဒ္ဓဘာသာဝင် မိတ်ဆွေတစ်ဦးနှင့် ၎င်းတို့ နှစ်ဦးကြား ထားရှိသော ခင်မင်မှုမေတ္တာတရားကို ရိုက်ကူးတင်ပြထားသည့်  ဇာတ်ကားဖြစ်ကြောင်း ဇာတ်ညွှန်း အရသိရသည်။

    အဆိုပါ ရုပ်ရှင် ဇာတ်ကားပြသမည့် သတင်းထွက်ပေါ်ခဲ့၍ ဆိုရှယ်မီဒီယာများ တွင် အစွန်းရောက်လှုပ်ရှားသူများ ဆန့်ကျင်လှုံဆော်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒါရိုက်တာ မင်းထင်ကိုကိုကြီး မှ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

     

  • ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဘာသာရေးခေါင်းဆောင်များနှင့် ဦးစွာ ဆွေးနွေးသင့်ဟု ဒေါက်တာ စောလှိုင်ဘွားပြောကြား

    ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဘာသာရေးခေါင်းဆောင်များနှင့် ဦးစွာ ဆွေးနွေးသင့်ဟု ဒေါက်တာ စောလှိုင်ဘွားပြောကြား

    ဇွန် ၁၆၊ ၂၀၁၄
    M-Media
    လမင်း

    DSC02663

    ရန်ကုန်   ။      ။        အစိုးကရေးဆွဲထားသည့် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းမှာ ဘာသာကြီးလေးခု၏ အဆုံးအမတွေနှင့်ကိုက်ညီမှုမရှိဘဲ ယင်းဥပဒေမရှိဘဲနှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းသည်သာ အဓိကကျသည်ဟု ဘာသာရေးခေါင်းဆောင်များက ဆိုလိုက်သည်။

    ဇွန်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင်ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဘာသာရေးခေါင်းဆောင်များဖြစ်သည့် ရွှေည၀ါဆရာတော်ကြီး၊ ဒေါက်တာ ဆောင်းလွင်အောင်၊ ဦးဆန်းမင်းနိုင်၊ ဒေါက်တာ စောလှိုင်ဘွား စသည့် ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များမှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

    “တိုင်းပြည်ကောင်းနဲ့ နေချင်နေတာကြာပါပြီ ရောက်အောင်သွားနေကြတာပဲ ဒါပေမဲ့ လူမျိုးရေးတွေဘာသာရေးတွေကြောင့် နှောင့်နှေးနေရတယ်။ လူတွေ အားလုံးဟာ မျှတတဲ့တရားဥပဒေစိုးမိုးရေးကို ခိုလှုံနေကြပါတယ်။ ဗြဟ္မစိုရ်တရား ၄ ပါးထဲက တတိယဗြဟ္မစိုရ်ဖြစ်တဲ့ မုဒိတာဗြဟ္မစိုရ် ခေါင်းပါးနေကြလို့ပါ အဲဒါကိုသာ လက်ကိုင်ကျင့်သုံးသွားမယ်ဆိုရင် ဘယ်ဘာသာဝင်တွေနဲ့မဆို လက်တွဲနေထိုင်နေနိုင်သွားမှာပါ” ဟု ရွှေည၀ါဆရာတော်ကြီးက မိန့်ကြားခဲ့သည်။

    နိုင်ငံရဲ့အရေးကိစ္စတွေနဲ့ပတ်သက်ပြီး အာရုံလွဲခဲ့ရတဲ့အချိန်မှာ အစ္စလာမ်ဘာသာဝင်တွေက နယ်ရုပ်ကလေးတွေဖြစ်ခဲ့ရပြီး နိုင်ငံရေးအလို့ဌာ ဘာသာရေးကို အလွဲသုံးစားမပြုလုပ်ရပေမဲ့ ဘာသာရေးအလို့ဌာ နိုင်ငံရေး ပြုလုပ်နေကြခြင်းဖြစ်ကြောင်း အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဒေါက်တာ ဆောင်းလွင်အောင် ကရှင်းလင်းပြောကြားခဲ့သည်။

    အဆိုပါ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဘာသာရေးခေါင်းဆောင်များဖြင့် ဆွေးနွေးပြီးမှသာ ပြဌာန်းသင့်ကြောင်း သမ္မတထံသို့ တောင်းဆို သွားမည်ဖြစ်ကြောင်းကိုလည်း ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဒေါက်တာ စောလှိုင်ဘွားက ဆိုသည်။

    ဘာသာကူးပြောင်းမှု ဥပဒေမူကြမ်းကို ဟိန္ဒူဘာသာကလုံးဝလက်မခံကြောင်းနှင့် ဘာသာကူးပြောင်းမှုကို ရေးဆွဲတဲ့ပုဂ္ဂိုလ်တွေအနေနှင့် သမိုင်းကြောင်းတွေနှင့် အခြားဘယ်နိုင်ငံတွေမှာ ဘယ်လိုတွေရှိသလဲဆိုတာ လေ့လာဖို့လိုအပ်ကြောင်း ဟိန္ဒူဘာသာရေးခေါင်းဆောင်ဖြစ်သူ ဦးဆန်းမင်းနိုင်က ရှင်းလင်းပြောဆိုခဲ့သည်။

    ရတနာ့မေတ္တာအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်ဆွေကလည်း မြန်မာနိုင်ငံမှာ ယခုကဲ့သို့ ဆွေးနွေးပွဲတွေ လုပ်နေရခြင်းမှာ အလုပ်အပိုများသာဖြစ်နေရကြောင်း၊အမျိုးဘာသာ သာသနာအလံကိုဆွဲကိုင်ပြီး လုပ်ဆောင်ရသည်မှာ အလွန်လွယ်ကူကြောင်း မြန်မာနိုင်ငံတွင် လူမျိုးရေး ဘာသာရေးကိုအခြေပြုပြီး နိုင်ငံရေးလုပ်တာ အလွန်အန္တရာယ်များကြောင်း၊  ဓမ္မနဲ့ အဓမ္မ လွန်ဆွဲသည့် ယခုတိုက်ပွဲဟာ ဆက်ပြီးရှိနေပြီး အဓမ္မက လူနည်းစုဖြစ်သော်လည်း အင်အားကြီးကြောင်း၊ ဓမ္မသမားတွေ က အေးချမ်းစွာနေလိုကြကြာင်း၊ လာမည် ၂၀၁၅ ရွေးကောက်ပွဲမဖြစ်အောင် ဖန်တီးနေကြပြီး ပြဿနာများသာ တစ်ခုပြီးတခုတခု ဖန်တီးတယ် ပြီး solution မလာသည့် အတွက် ဘာသာအားလုံးစည်းလုံးညီညွတ်စွာနဲ့ ပြဿနာတွေကို လက်တွဲဖြေရှင်းဖို့လိုကြောင်း ဆွေးနွေးပြောဆိုခဲ့သည်။

    မေလ ၂၇ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများမှ ယင်းကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ မူကြမ်းကို ဖော်ပြထားပြီး ၎င်း မူကြမ်းအပေါ်သို့ ရဟန်းရှင်လူ ပြည်သူများထံမှ အကြံပြုချက်များ၊ ဆန္ဒသဘောထားများကောက်ခံထားလျှက်ရှိပြီး ထိုအကြံပြုချက်များကို ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထားကာ ပေးပို့ရမည်ဖြစ်သည်။

  • ဘာသာလူမျိုးမရွေး ပညာရေးထောက်ကူပစ္စည်းများ လှူဒါန်းခဲ့သည့် ဒေါပုံမြို့နယ် နွယ်အေးဗလီ သာရေးနာရေးအဖွဲ့

    ဘာသာလူမျိုးမရွေး ပညာရေးထောက်ကူပစ္စည်းများ လှူဒါန်းခဲ့သည့် ဒေါပုံမြို့နယ် နွယ်အေးဗလီ သာရေးနာရေးအဖွဲ့

    ဇွန် ၁၆၊ ၂၀၁၄
    လမင်း

    DSC02599

    ရန်ကုန်။       ။      ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် ရွှေနှင်းဆီလမ်း နွယ်အေးစွန္နီဂျာမေဗလီကြီး သာရေးနာရေးအဖွဲ့မှ ရပ်ကွက်အတွင်းရှိ ကျောင်းသား ကျောင်းသူ များအား လူမျိုးမရွေး ဘာသာမရွေး ပညာရေးအထောက်အကူပြု လိုအပ်သည့် ပစ္စည်းများပေးအပ်သည့် အခမ်းအနားကို ဇွန်လ ၁၅ ရက် နံနက် ၉ နာရီက ပြုလုပ် ခဲ့သည်။

    ၎င်းသာရေးနာရေးအသင်းနှင့် အစ္စလာမ့်တံခွန်ပညာရေးအဖွဲ့တို့ ပူးပေါင်းပြီး ယခုကဲ့သို့ သကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်ရှိ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိ ကျောင်းသူ ကျောင်းသား များအား လိုအပ်သည့် စာရေးကိရိယာပစ္စည်းများကို ကူညီထောက်ပံ့ပေးခြင်းဖြစ်သည်။

    “ကျွန်တော်တို့ မြို့နယ်မှာ ယခုလိုကျောင်းသုံးပ္စည်းတွေကိုလှူဒါန်းခြင်းကြောင့် လိုအပ်နေတဲ့ကလေးတွေအတွက် ပညာရေးမှာ အများကြီး အထောက်အပံ့ ဖြစ်လာမယ်လို့ထင်ပါတယ်။ ကလေးတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေရတဲ့အတွက် ပညာရေးလိုလားမှု တိုးတက်လာမှုတွေကိုတွေ့မြင်ရပါတယ်။ ဒီနှစ်ဆို ကျွန်တော်တို့ ရပ်ကွက်မှာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၆ ဘာသာ ၅ ဘာသာထွက်တဲ့လူတွေရှိလာပါပြီ” ဟု နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဇော်မင်းလတ် ကဆိုသည်။

    သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်ရှိ ကျောင်းနေသည့်အရွယ်ကလေးများကို လှူဒါန်းခြင်းသည် (၆) ကြိမ်မြောက် ရှိပြီဖြစ်ပြီး ယခုအကြိမ်တွင် ကျောင်းသူ ကျောင်းသား ၁၅၀၀ ကျော်ကို ကွန်ဗာဗူး၊ စာအုပ်၊ ဘောပင်၊ ပေတံ။ ခဲတံ စသည့်စာရေးကိရိယာပစ္စည်းများကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်ဝင်တန်း တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများကိုလည်း နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးအဖွဲ့ နှင့် အစ္စလာမ့်တံခွန်တို့မှ ပူးပေါင်းကာ ပညာရေး ထောက်ပံ့ကြေးငွေများကို ပေးအပ်လျှက်ရှိကြောင်း သိရသည်။

    ပညာရေးအထောက်အကူပြု လိုအပ်သည့် ပစ္စည်းများပေးအပ်သည့် အခမ်းအနားသို့ လာရောက်သည့် ဒေါပုံမြို့နယ် ယုဇန (၁)လမ်းတွင် နေထိုင်သည့် ဗုဒ္ဓဘာသာဝင်ကျောင်းသူတစ်ဦး၏ မိခင်ဖြစ်သူ မချစ်နှင်းဝေမှ “ကျွန်မ သမီးလေးက ၂-တန်းပါ။ သူ့အတွက်လာယူတာပါ။ ဗလီမှာ ကျောင်းသုံးပစ္စည်းတွေပေးမယ်ဆိုလို့ လာယူတာပါ။ ကိုယ်တိုင် ၀ယ်ဖို့လည်း မတတ်နိုင်ဘူး အခုလိုလိုအပ်နေတဲ့အရာတွေကို ပေးတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ ပေးတဲ့လူတွေကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်” ဟု မိခင်တစ်ဦးဖြစ်သူက ၎င်း၏ ပီတိစကားကို ပြောပြခဲ့ပါသည်။

    နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေးအဖွဲ့သည် ရပ်ကွက်အတွင်းရှိ လူမျိုးမရွေး ဘာသာမရွေး လာရောက်ပြသနိုင်သည့် အခမဲ့ဆေးခန်းတစ်ခုကိုလည်း ဖွင့်လှစ်ထားလျက်ရှိပြီး အဆိုပါဗလီကြီးတွင် ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်းတို့ကိုလည်း လူမျိုးဘာသာမရွေး တက်ရောက်နိုင်အောင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။