News @ M-Media

Tag: singapore

  • နှစ်နိုင်ငံ အကျိုးမျှော်သည့်ဆက်ဆံရေး ရှေ့ဆက်မည်ဟု မလေးနှင့် စကာပူတို့ ထပ်လောင်းကတိပြု

    နှစ်နိုင်ငံ အကျိုးမျှော်သည့်ဆက်ဆံရေး ရှေ့ဆက်မည်ဟု မလေးနှင့် စကာပူတို့ ထပ်လောင်းကတိပြု

    ဧပြီ ၉၊ ၂၀၁၉
    M-Media

    – နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကတိက၀တ်တွေနဲ့ နှစ်ဖက် အကျိုးမျှော်တဲ့ ဆက်ဆံရေးကို ရှေ့ဆက် ထိန်းသိမ်းသွားမယ်လို့ မလေးရှားနဲ့ စင်ကာပူဝန်ကြီးချုပ်တို့က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ၉ ကြိမ်မြောက် နှစ်နိုင်ငံ အလွတ်သဘောတွေ့ဆုံပွဲအဖြစ် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့မှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်နဲ့ တွေ့ဆုံခဲ့တာပါ။

    စင်ကာပူဝန်ကြီးချုပ်က နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေ ရှိလာနိုင်တာကို သိရှိထားပြီး ဒါတွေကို အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ ဖြေရှင်းသွားမှာဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံဟာ မိသားစုနဲ့ စီးပွားရေးဆိုင်ရာ ခိုင်မာတဲ့ ဆက်ဆံရေးတွေရှိနေကြောင်း မဟာသီနဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “မလေးရှားအစိုးရသစ်လက်ထက်မှာ ဒီဆက်ဆံရေးတွေကို မပြောင်းလဲအောင် ထိန်းသိမ်းသွားမှာပါ”

    အခုဆွေးနွေးပွဲမှာ နှစ်နိုင်ငံအကြား ဖြစ်ပွားနေတဲ့ ရေပိုင်နက်နဲ့ လေပိုင်နက် အချင်းများမှုအကြောင်းကို ဆွေးနွေးခဲ့ကြပြီး တင်းမှာမှုတွေကို လျှော့ချဖို့အတွက် သဘောတူခဲ့ကြပါတယ်။ ၀န်ကြီးချုပ်နှစ်ဦးအပြင် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေလည်း စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းက သြဂုတ်လ ၉ ရက်နေ့မှာကျရောက်မယ့် စင်ကာပူအမျိုးသားနေ့ကို တက်ရောက်ဖို့အတွက် မလေးရှားဝန်ကြီးချုပ် မဟာသီကို ဖိတ်ကြားခဲ့ပြီး မဟာသီကလည်း လက်ခံခဲ့ပါတယ်။

    Ref: CNA

  • ဘေးအန္တရာယ် စိုးရိမ်မှုကြောင့် Boeing 737 MAX လေယာဉ် အသုံးပြုမှုကို နိုင်ငံအများအပြားက ရပ်ဆိုင်း

    ဘေးအန္တရာယ် စိုးရိမ်မှုကြောင့် Boeing 737 MAX လေယာဉ် အသုံးပြုမှုကို နိုင်ငံအများအပြားက ရပ်ဆိုင်း

    မတ် ၁၂၊ ၂၀၁၉
    M-Media

    တရုတ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း

    – တနင်္ဂနွေနေ့က အီသီယိုးပီးယား ခရီးသည်တင် လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီးနောက် အမျိုးအစားတူ Boeing 737 MAX လေယာဉ်တွေ အသုံးပြုမှု ခေတ္တရပ်ဆိုင်းတဲ့ လေကြောင်းလိုင်းတွေထဲမှာ အီသီယိုးပီးယားနဲ့ တရုတ်နိုင်ငံတို့အပြင် အင်ဒိုနီးရှားနဲ့ စင်ကာပူနဲ့ သြစတေးလျတို့လည်း ပါဝင်လာခဲ့ပါတယ်။

    စင်ကာပူအခြေစိုက် လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ SilkAir က သူတို့မှာရှိနေတဲ့ Boeing 737 MAX လေယာဉ် ၆ စီးကို မတ်လ ၁၂ ရက်နေ့ (ယနေ့) ကစပြီး ပြေးစွဲမှု ခေတ္တရပ်ဆိုင်းသွားမယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    Ethiopian လေကြောင်းလိုင်းက ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၅၇ ဦး လိုက်ပါသွားတဲ့ လေယာဉ်ဟာ ကင်ညာနိုင်ငံ နိုင်ရိုဘီလေဆိပ်က ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ခဲ့တာဖြစ်ပြီး လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။ ဒါဟာ ၆ လအတွင်း ဒုတိယမြောက် Boeing 737 MAX လေယာဉ် ပျက်ကျမှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က Boeing 737 MAX လေယာဉ်ဟာ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်ပါသူအားလုံး သေဆုံးခဲ့ပါတယ်။

    စင်ကာပူ အရပ်ဖက် လေကြောင်းအာဏာပိုင်အဖွဲ့ CAAS က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ‘၅ လအတွင်း Boeing 737 MAX လေယာဉ်နှစ်စင်း ပျက်ကျခဲ့ပြီးနောက် ဒီလေယာဉ်တွေ စင်ကာပူကို ၀င်၊ ထွက်ပျံသန်းမှု ယာယီ ပိတ်ပင်လိုက်တယ်’ လို့ ဖော်ပြထားပါတယ်။ ဒီလို ပိတ်ပင်မှုအတွက် ခရီးသည်တွေ ထိခိုက်မှုအနည်းဆုံး ဖြစ်စေဖို့အတွက် ချန်ဂီလေဆိပ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း CAAS က ပြောပါတယ်။

    အီသီယိုးပီးယားအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နိုင်ငံက ပထမဆုံးအဖြစ် Boeing 737 MAX အသုံးပြုမှုကို ရပ်ဆိုင်းထားဖို့ ပြည်တွင်းလေကြောင်းလိုင်းတွေကို တနင်္လာနေ့က အမိန့်ပေးခဲ့ပါတယ်။

    သြစတေးလျနိုင်ငံ အရပ်ဖက် လေကြောင်းအန္တရာယ်ကင်းရှင်းရေး အာဏာပိုင်အဖွဲ့ကလည်း ဘေးအန္တရာယ် ကင်းရှင်းဖို့နဲ့ အဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်ဖို့အတွက် Boeing 737 MAX လေယာဉ် အသုံးပြုမှုကို ယာယီ ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

    လက်ရှိ Boeing 737 MAX အသုံးပြုမှုကို ယာယီရပ်ဆိုင်းထားတဲ့ နိုင်ငံတွေက အီသီယိုးပီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ သြစတေးလျနဲ့ စင်ကာပူတို့ ဖြစ်ကြပြီး အီတလီ၊ အိုမန်၊ တူရကီနဲ့ ရုရှားလေကြောင်းလိုင်းတွေက ပျက်ကျသွားတဲ့ လေယာဉ်ကိစ္စ စုံစမ်းမှုကို အနီးကပ် စောင့်ကြည့်နေကာ၊ ဘိုးအင်းကုမ္ပဏီနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။

    အမေရိကန် အရပ်ဖက် လေကြောင်းအာဏာပိုင်တွေက ဘိုးအင်းအနေနဲ့ Boeing 737 MAX လေယာဉ်ရဲ့ အခြေအနေတွေကို ပိုမိုကောင်းမွန်အောင် မဆိုင်းမတွဆောင်ရွက်ဖို့ အမိန့်ပေးထားပါတယ်။

    Ref: Aljazeera

  • နိုင်ငံအတွက် သီးသန့်ဆောက်လုပ်ထားသည့် ရေငုပ်သင်္ဘောသစ်တစ်စီးကို စင်ကာပူ မိတ်ဆက်

    နိုင်ငံအတွက် သီးသန့်ဆောက်လုပ်ထားသည့် ရေငုပ်သင်္ဘောသစ်တစ်စီးကို စင်ကာပူ မိတ်ဆက်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၉
    M-Media

    – စင်ကာပူနိုင်ငံရဲ့ အပူပိုင်းရမြေနဲ့ ကိုက်ညီအောက် ဆောက်လုပ်နေတဲ့ ရေငုပ်သင်္ဘော ၄ စီးထဲက ၁ စီးကို တနင်္လာနေ့က ဂျာမနီနိုင်ငံမှာ မိတ်ဆက် ပြသလိုက်ပြီး စင်ကာပူနိုင်ငံပတ်လည်က ရေပိုင်နက်တွေမှာ လုံခြုံရေးစိန်ခေါ်မှု မြင့်တက်လာတာကြောင့် ရေငုပ်သင်္ဘောအသစ်တွေ ပိုင်ဆိုင်ထားဖို့ အချိန်ရောက်နေပြီလို့ ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

    218SG လို့ အမည်ပေးထားတဲ့ အဲဒီ ရေငုပ်သင်္ဘောဟာ မီတာ ၇၀ ရှည်လျားပြီ လက်နက်တွေကို ပိုမိုတင်ဆောင်နိုင်စွမ်း ရှိကာ ပိုမို အကြမ်းခံမှာဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ Sjoormen-class နဲ့ Archer-class ရေငုပ်သင်္ဘောတွေနေရာမှာ အစားထိုး အသုံးပြုသွားမှာ ဖြစ်ပြီး ရေအောက်ထဲမှာ နေနိုင်စွမ်းကလည်း ၁.၅ ဆ ပိုမို ကြာမြင့်မှာ ဖြစ်ပါတယ်။

    ရေအောက်ရေဒါစနစ်က အရင်ရေငုပ်သင်္ဘောတွေထက် ပိုမိုကောင်းမွန်ကာ ရန်သူသင်္ဘောတွေကို ပိုမို တိတိကျကျနဲ့ ထောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ 218SG ရေငုပ်သင်္ဘောကို Invincible (ဘာမထီ) လို့လည်း အမည်ပေးထားပါတယ်။

    ဂျာမနီနိုင်ငံ ကီလ်မြို့က သင်္ဘောမိတ်ဆက်ပွဲကို တက်ရောက်ခဲ့တဲ့ စင်ကာပူကာကွယ်ရေးဝန်ကြီး နဂ်အန်ဟန်က စစ်ကာပူစစ်တပ်ဟာ အကြမ်းဖက်ဝါဒ၊ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေနဲ့ ပုံမှန်ရှိနေတဲ့ ခြိမ်းခြောက်မှုတွေလို ကိစ္စတွေကို ရင်ဆိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရေငုပ်သင်္ဘောတွေဟာ ခေတ်မီ စစ်တပ်တစ်ခုမှာ သိပ်ကို အရေးပါတဲ့ အရာတွေပါ။ အခုသင်္ဘောဟာ လိုအပ်လာတဲ့ အချိန်မျိုးမှာ စင်ကာပူစစ်တပ်နဲ့ ရေတပ်တို့ရဲ့ ရွေးချယ်အသုံးပြုနိုင်စွမ်းကို သိသိသာသာ အားကောင်းစေမှာ ဖြစ်ပါတယ်”

    အခုလို ရေငုပ်သင်္ဘောမျိုးတွေဟာ တိုင်းပြည်ရဲ့ ကာကွယ်ရေးအတွက်သာဖြစ်ပြီး အခြားနိုင်ငံတစ်ခုခုကို ဆန့်ကျင်ဖို့ ရည်ရွယ်တာမျိုး မဟုတ်ဘူးလို့လည်း ကာကွယ်ရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အခြားနိုင်ငံတွေက သူတို့ရဲ့ ရေငုပ်သင်္ဘောတွေ အဆင့်မြှင့်တင်တာတွေကို ချိန်ပြီးတော့မှ ဒီရေငုပ်သင်္ဘောတွေကို တည်ဆောက်တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်တို့ရှိမယ်။ နည်းနည်းဝေးတာဆိုရင် တရုတ်ရှိမယ်။ သြစတေးလျလည်း ရှိပါတယ်။ ကျွန်တော်တို့ဒေသအတွင်းမှာ စစ်တပ်ကို ခေတ်မီအောင် ဆောင်ရွက်လာမှုနဲ့အညီ ကျွန်တော်တို့ လိုက်လုပ်နေတာ ဖြစ်ပါတယ်”

    218SG ကို ရေထဲမှာ စမ်းသပ်ခုတ်မောင်းမှု တော်တော်များများ ပြုလုပ်ဖို့ ရှိနေပြီး ၂၀၂၁ ခုနှစ်မှာ စင်ကာပူကို ပို့ဆောင်မှာ ဖြစ်ပါတယ်။ Impeccable၊ Illustrious နဲ့ Inimitable လို့ အမည်ပေးထားတဲ့ 2018SG ရေငုပ်သင်္ဘော ၃ စင်းကို လက်ရှိမှာ ဆောက်လုပ်နေပါတယ်။

    Ref: CNA

  • စင်ကာပူ ဘတ်စ်ကားလိုင်း ၁၈ လိုင်းတွင် လာမည့်နှစ်ဆန်းပိုင်းမှစ၍ အခမဲ့ ၀ိုင်ဖိုင် အသုံးပြုနိုင်မည်

    စင်ကာပူ ဘတ်စ်ကားလိုင်း ၁၈ လိုင်းတွင် လာမည့်နှစ်ဆန်းပိုင်းမှစ၍ အခမဲ့ ၀ိုင်ဖိုင် အသုံးပြုနိုင်မည်

    နိုဝင်ဘာ ၁၆၊ ၂၀၁၈
    M-Media

    – စင်ကာပူမှာပြေးဆွဲနေတဲ့ အများပြည်သူသုံး ဘတ်စ်ကားလိုင်းတွေမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကနေစတင်ပြီး အခမဲ့ဝိုင်ဖိုင် အသုံးပြုနိုင်တော့မယ်လို့ စင်ကာပူ ဘတ်စ်ကားဝန်ဆောင်မှုအဖွဲ့ SBS Transit က ဗုဒ္ဓဟူးနေ့မှာ ပောကြားခဲ့ပါတယ်။

    လိုင်ပေါင်း ၁၈ လိုင်းက ဘတ်စ်ကား ၃၀၀ လောက်မှာ အသုံးပြုနိုင်မှာဖြစ်ပြီး Bukit Merah Bus Package အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ SBS Transit အဖွဲ့ရဲ့ စီအီးအို ဂျူအေ ကီယက်က မိမိတို့အနေနဲ့ ဘတ်စ်ကားစီးနင်းသူတွေ အဆင်ပြေစေမယ့် နည်းလမ်းတွေကို ဆက်လက်ရှာဖွေကာ ၀န်ဆောင်မှုပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “နည်းပညာရဲ့ အားသာချက်ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုအရည်အသွေးကို ပိုမိုကောင်းမွန်အောင်၊ ပြည်သူတွေ သတင်းအချက်အလက် ရရှိနိုင်မှု တိုးတက်လာအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်”

    Bukit Merah နဲ့ HarbourFront ဘတ်စ်ကားမှတ်တိုင်တွေမှာ ဘတ်စ်ကားလိုင်းတွေရဲ့ သတင်းအချက်အလက်တွေကို ရယူနိုင်ပြီး၊ အဆင်မပြေတာရှိရင် သတင်းပေးပို့နိုင်မယ့် ဒစ်ဂျစ်တယ် ဘုတ်တွေကိုလည်း နိုဝင်ဘာ ၁၈ ရက်နေ့ကနေစပြီး ထားပေးထားပါတယ်။

    အခြား ဘတ်စ်ကားဂိတ်နှစ်ခုမှာ ဖုန်းအားသွင်းပေါက်တွေ၊ အခမဲ့ငှားလို့ရမယ့်ထီးတွေ၊ အချက်အလက်တွေ၊ အခမ်းအနားတွေနဲ့ ပွဲတော်တွေကို ကြေငြာပေးနေမယ့် စခရင်ကြီးတွေကို ထားရှိသွားဖို့လည်း SBS Transit က စီစဉ်ထားပါတယ်။

    Ref: CNA

  • လာမည့်နှစ် စင်ကာပူတွင် လေပေါ်တက္ကဆီများ စတင် စမ်းသပ်မည်

    လာမည့်နှစ် စင်ကာပူတွင် လေပေါ်တက္ကဆီများ စတင် စမ်းသပ်မည်

    အောက်တိုဘာ ၂၀၊ ၂၀၁၈

    M-Media

    – ၂၀၁၉ ခုနှစ် ဒုတိယနှစ်ဝက် စင်ကာပူနိုင်ငံမှာ လေပ်ါတက္ကဆီတွေကို စတင် စမ်းသပ်သွားမယ်လို့ ဂျာမနီကုမ္ပဏီ Volocopter က ကြာသာပတေးနေ့မှာ ကြေငြာလိုက်ပါတယ်။

    လျှပ်စစ်စွမ်းအင်သုံး Volocopter လို့ခေါ်တဲ့ ယာဉ်တွေဟာ စင်ကာပူ မြို့ပြ ပတ်ဝန်းကျင်မှာ လေပေါ်တက္ကဆီအဖြစ် အသုံးပြုနိုင်မလား ဆိုတာကို စမ်းသပ်သွားမှာဖြစ်ပါတယ်။ အဲဒီယာဉ်ဟာ အဆင်းအတက်ကို ဒေါင်လိုက် လုပ်ဆောင်နိုင်ပြီး လူ ၂ ယောက်တင်ကာ ကီလိုမီတာ ၃၀ အထိ ပျံသန်းနိုင်ပါတယ်။ ရဟတ်ယာဉ်နဲ့ ဆင်တူပေမယ့် ဒရုန်းနည်းပညာကို အသုံးပြုထားတာပါ။

    စမ်းသပ်ပျံသန်းမှုကို စင်ကာပူ ပို့ဆောင်ရေး ၀န်ကြီးဌာနလက်အောက် အရပ်ဖက် လေကြောင်းအာဏာပိုင်အဖွဲ့ (CAAS) နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘုတ်အဖွဲ့ EDB တို့က ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်။

    Volocopter တွေဟာ လူနဲ့ဖြစ်စေ၊ လူမဲ့ဖြစ်စေ မောင်းနှင်နိုင်မှာဖြစ်ပြီး စင်ကာပူအတွက် ဘယ်လိုပုံစံမျိုးက သင့်လျော်မလဲဆိုတာကို စမ်းသပ်သွားမှာ ဖြစ်တယ်လို့လည်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

    စမ်းသပ်မောင်းနှင်မှုအတွင်း သင့်လျော်တဲ့လမ်းကြောင်း၊ လေကြောင်းစီမံခန့်ခွဲရေးစနစ်ကို အသုံးပြုပြီး အကောင်အထည်ဖော်နိုင်မှု ရှိ၊ မရှိ၊ စင်ကာပူရဲ့ ခြောက်သွေတဲ့ ရာသီဥတုနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စတာတွေကိုလည်း လေ့လာသွားမှာ ဖြစ်ပါတယ်။

    Ref: CNA