News @ M-Media
Tag: singapore
  • နိုင်ငံ၏ အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစီမံကိန်းသစ်ကို စင်ကာပူ ထုတ်ဖော်ကြေငြာ
    နိုင်ငံ၏ အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစီမံကိန်းသစ်ကို စင်ကာပူ ထုတ်ဖော်ကြေငြာ
    ဇွန် ၆၊ ၂၀၁၉
    M-Media
    -နိုင်ငံရဲ့ အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစနစ်တစ်ခုကို ဖော်ဆောင်သွားမယ်လို့ စင်ကာပူက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
    ဓာတ်အား ၅၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မယ့် အဲဒီစနစ်ကို Tengeh Reservoir ရေစုကန်မှာ ၂၀၂၁ ခုနှစ်နောက်ဆုံးထား တပ်ဆင်မှာဖြစ်ပါတယ်။ စင်ကာပူ သဘာပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ် ၀န်ကြီးဌာန PUB ဒီစီမံကိန်းကြောင့် တစ်နှစ်ကို ကာဘွန်ဒိုင်အောက်ဆိုက် တန်ပေါင်း ၂၈၀၀၀ ထုတ်လွှတ်မှုကို လျှော့ချနိုင်မှာဖြစ်ပြီး ဒီပမာဏဟာ စင်ကာပူက ကားပေါင်း ၆၀၀၀ လောက်ကနေထွက်ရှိတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏနဲ့ ညီမျှတယ်လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    ဒီစီမံကိန်းဟာ စင်ကာပူရဲ့ အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ် ဓာတ်အားပေးစနစ်တစ်ခု ဖြစ်လာမှာဖြစ်ပြီး ကမ္ဘ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ် ဓာတ်အားပေး စနစ်တွေမှာလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ PUB ဟာ ဒီဓာတ်အားပေးစနစ်ကို ၂၀၁၆ ခုနှစ်က စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
    PUB ၀န်ကြီး မာဆာဂွတ်စ် ဇူလ်ကီဖီက စီမံကိန်းကို တည်ဆောက်၊ အကောင်အထည်ဖော်ဖို့အတွက် ပုဂ္ဂလိကကုမ္ပဏီတင်ဒါကို မကြာခင် ခေါ်ယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ဒီ နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစနစ်ကနေ ထွက်ရှိလာတဲ့ ဓာတ်အားတွေကို PUB ရဲ့ ရေပေးဝေရေးလုပ်ငန်းတွေမှာ သုံးစွဲမှာဖြစ်ပြီး လက်ရှိ အသုံးပြုနေတဲ့ စွမ်းအင်ရဲ့ ၇ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။
    စင်ကာပူဟာ နိုင်ငံရဲ့ အခြားရေစုကန်တွေမှာလည်း နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစနစ်တွေကို တိုးချဲ့တပ်ဆင်သွားဖို့ ရှိနေပါတယ်။
    Ref: CNA
  • မီဒီယာနှင့် အင်တာနက်တွင် အမုန်းစကားနှင့် သတင်းမှား တားဆီးရေး ဥပဒေသစ်ကို စင်ကာပူ အတည်ပြု
    မီဒီယာနှင့် အင်တာနက်တွင် အမုန်းစကားနှင့် သတင်းမှား တားဆီးရေး ဥပဒေသစ်ကို စင်ကာပူ အတည်ပြု
    မေ ၉၊ ၂၀၁၉
    M-Media
    -ဆိုရှယ်မီဒီယာမှာ သတင်းမှားတွေ၊ အမုန်းစကားတွေကို တားဆီးနိုင်ရေး အစိုးရကို လုပ်ပိုင်ခွင့် ပိုမိုပေးထားတဲ့ ဥပဒေသစ်တစ်ခုကို စင်ကာပူနိုင်ငံက မနေ့မှာ အတည်ပြုလိုက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးနိုင်တဲ့ ဥပဒေအဖြစ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
    လွှတ်တော်မှာ ၂ ရက်ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးတဲ့နောက် ဥပဒေကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေကြောင့် အစိုးရတာဝန်ရှိသူတွေဟာ သတင်းတွေကို ပြင်ဆင်ပေးဖို့ ဒါမှမဟုတ် ပယ်ဖျက်ပေးဖို့ ဆိုရှယ်မီဒီယာကုမ္ပဏီတွေကို တောင်းဆိုခွင့်၊ သတင်းမှား ၀ါဒဖြန့်နေတယ်လို့ ထင်ရတဲ့ ၀ဘ်ဆိုက်တွေကို ပိတ်ပင်ခွင့် အခွင့်အာဏာတွေ ရရှိမှာ ဖြစ်ပါတယ်။
    တားဆီးမှုတွေကို မလိုက်နာတဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အွန်လိုင်း ဆက်သွယ်ရေး လုပ်ငန်းတွေကို အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်၊ အမြင့်ဆုံး ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁ သန်းဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ဖို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။
    ဝေဖန်သူတွေကတော့ ဒီဥပဒေဟာ အစိုးရတာဝန်ရှိသူတွေကို တရားလက်လွတ်လုပ်နိုင်မယ့် အာဏာ ပေးအပ်လိုက်တာဖြစ်ပြီး သတင်းမှားတွေ၊ တာဝန်ယူမှုမရှိတဲ့ ဖော်ပြချက်တွေက ဘာတွေလဲဆိုတာကို နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ဟာ ပုဂ္ဂလိက လုပ်ငန်းတွေမှာ ရှိသင့်တယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။
    နိုင်ငံရေးအတိုက်အခံတွေကလည်း ဒီဥပဒေကြောင့် အစိုးရမှာ အာဏာပိုရသွားနိုင်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းမှာ လူပြိန်းကြိုက် ခေါင်းဆောင်တွေက မီဒီယာတွေကို ပြည်သူ့ရန်သူလို့ သဘောထားနေကြချိန် ဒီဥပဒေပြဌာန်းမှုက စင်ကာပူရဲ့ မီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်လာစေနိုင်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။
    စင်ကာပူဟာ နိုင်ငံအတွင်းက မီဒီယာလုပ်ငန်းတွေကို ထိန်းချုပ်မှုတွေ လုပ်ဆောင်လေ့ရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ‘နယ်စည်းမခြား သတင်းထောက်များအဖွဲ့’ က ထုတ်ပြန်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းစာရင်း နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၅၁ သာ ရှိပါတယ်။
    Ref: Aljazeera
  • နိုင်ငံခြားသို့ အိမ်အကူလုပ်သားစေလွှတ်မှု ပိတ်ထားခြင်းကို မြန်မာ ဖယ်ရှား
    နိုင်ငံခြားသို့ အိမ်အကူလုပ်သားစေလွှတ်မှု ပိတ်ထားခြင်းကို မြန်မာ ဖယ်ရှား
    ဧပြီ ၂၈၊ ၂၀၁၉
    M-Media
    စင်ကာပူနိုင်ငံမှ လူနေအိမ်ယာတစ်ခု
    – စင်ကာပူအပါအ၀င် နိုင်ငံခြားတိုင်းပြည် ၄ ခုကို အိမ်အကူစေလွှတ်မှု ပိတ်ပင်ထားခြင်းကို အလုပ်သမားဝန်ကြီးဌာနက ရုပ်သိမ်းလိုက်ပြီလို့ ‘မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်’ (MOEAF) က ကြာသာပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
    MOEAF အဖွဲ့ ဥက္ကဌ ဦးပီတာညွန့်မောင်က စင်ကာပူ၊ ထိုင်း၊ ဟောင်ကောင်နဲ့ မကာအိုတို့ကို အိမ်အကူအလုပ်သမားတွေ ပြန်လည်စေလွှတ်နိုင်မှာဖြစ်ပြီး တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    “(အစိုးရရဲ့) ပိတ်ပင်ထားမှုအတွင်း အိမ်အကူလုပ်သားတွေဟာ နိုင်ငံရပ်ခြားကို တရားမ၀င် သွားရောက်ကြတာပါပဲ။ တရားဝင်လုပ်လိုက်တော့ ထိန်းချုပ်ဖို့ ပိုလွယ်သွားတယ်”
    မြန်မာနိုင်ငံက သွားရောက်အလုပ်လုပ်ကိုင်တဲ့ အိမ်အကူလုပ်သားတွေကို ကာကွယ်ပေးရေးအတွက် စင်ကာပူက အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတွေနဲ့ တွေ့ဆုံကာ လက်မှတ်ရေးထိုးဖို့လည်း အလုပ်သမား ၀န်ကြီးဌာနနဲ့ MOEAF တို့က စီစဉ်နေပါတယ်။
    MOEAF က အိမ်အကူလုပ်သားတွေကို သဘောတူညီချက်အသစ်နဲ့ စင်ကာပူကို ပထမဆုံး စေလွှတ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ အခြားတိုင်းပြည်တွေကို စေလွှတ်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    နိုင်ငံရပ်ခြားမှာ အိမ်အကူလုပ်သား ခန့်အပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ – အထူးသဖြင့် စာချုပ်၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး မြန်မာနဲ့ စင်ကာပူတို့က အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေအတွက် အသေးစိတ်အစီအစဉ်ထားမှုကို အကြောင်းကြားဖို့ အလုပ်သမားဝန်ကြီးဌာနက MOEAF ကို ညွှန်ကြားထားပါတယ်။
    “အရင်က ကျွန်တော်တို့ အိမ်အကူလုပ်သားတွေ ခံစားခဲ့ရတဲ့ အခြေအနေမျိုးတွေ ထပ်မဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ” လို့ ဦးပီတာညွန့်မောင်က ပြောကြားခဲ့ပါတယ်။
    ရွှေပြောင်းလုပ်သားတွေကို ကူညီပေးနေတဲ့ စင်ကာပူအခြေစိုက်အဖွဲ့ Humanitarian Organisation for Migration Economics မှာ စေတနာ့ဝန်ထမ်း လုပ်အားပေးနေသူ မကစ်တီအေးမာမာက အိမ်အကူလုပ်သားစေလွှတ်မှု ပိတ်ပင်ထားတာကို အခုလို ဖယ်ရှားပေးလိုက်တာကြောင့် အလုပ်အကိုင်အေဂျင်စီတွေက မရိုးမသားလုပ်တာမျိုးလို အမြတ်ထုတ်ခံရမှုတွေကို လျှော့ချနိုင်ပြီး လုပ်သားတွေကို ပိုမိုကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
    ဒါပေမယ့် အိမ်အကူလုပ်သား ခန့်အပ်မှုနဲ့ပတ်သက်ပြီး မြန်မာ-စင်ကာပူ နှစ်နိုင်ငံ အစိုးရတွေ သဘောတူစာချုပ် ချုပ်ဆိုထားတာမျိုးက ပိုမိုကောင်းမွန်တယ်လို့ သူမက ဆိုပါတယ်။
    စင်ကာပူအပါအ၀င် နိုင်ငံရပ်ခြားမှာ မြန်မာအိမ်အကူလုပ်သားတွေ ညှင်းပမ်းခံရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်မှာ မြန်မာအစိုးရက နိုင်ငံရပ်ခြားကို အိမ်အကူလုပ်သား စေလွှတ်မှုကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။
    ဒီလိုပိတ်ပင်ထားပေမယ့် နှစ်နိုင်ငံစလုံးမှာရှိတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကနေတစ်ဆင့် စင်ကာပူမှာ အိမ်အကူလုပ်နေတဲ့ မြန်မာလုပ်သား ၅ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အေဂျင်စီတွေဟာ ၀န်ဆောင်ခအဖြစ် အလုပ်သမားတွေရဲ့လစာ ၈ လစာလောက်အထိ ခေါင်းပုံဖြတ်မှုလည်း ရှိနေပါတယ်။
    Ref: mmtimes
    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်။)
  • နိုင်ငံအတွင်း ၀င်လာသူများအား အလိုအလျောက်စစ်ဆေးသည့်စနစ် စင်ကာပူ စတင်စမ်းသပ်
    နိုင်ငံအတွင်း ၀င်လာသူများအား အလိုအလျောက်စစ်ဆေးသည့်စနစ် စင်ကာပူ စတင်စမ်းသပ်
    ဧပြီ ၁၅၊ ၂၀၁၉
    M-Media
    – နိုင်ငံအ၀င်အထွက်မှာ နိုင်ငံကူးလက်မှတ် ပြသစရာမလိုဘဲ မျက်နှာနဲ့ မျက်လုံးသူငယ်အိမ်ကို စကန်ဖတ်ကာ အလိုအလျောက် စစ်ဆေး ဖြတ်သန်းခွင့်ပြုတဲ့ စနစ်ကို စတင် စမ်းသပ်လိုက်တယ်လို့ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးအာဏာပိုင်အဖွဲ့ ICA က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။
    မလေးရှားနိုင်ငံဘက်ကအ၀င် Tuas Checkpoint မှာ ဧပြီလ ၈ ရက်နေ့စတင်ခဲ့တဲ့ အဲဒီစမ်းသပ်မှုဟာ ၆ လတာ ကြာမြင့်မှာဖြစ်ပါတယ်။
    ဒီစနစ်အတွက် သီးသန့်လိုင်းတစ်ခု သတ်မှတ်ပေးထားပြီး ခရီးသွားတွေဟာ ပုံမှန်လုပ်ငန်းစဉ်တွေဖြစ်တဲ့ နိုင်ငံကူးလက်မှတ် ပြသတာ၊ လက်ဗွေနှိပ်တာတွေ လုပ်ဆောင်စရာ မလိုဘဲ မျက်နှာနဲ့ မျက်လုံးတို့ကို စကန်ဖတ်ကာ နိုင်ငံကူးလက်မှတ် မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးမှာ ဖြစ်ပါတယ်။
    လက်ရှိမှာတော့ စင်ကာပူနိုင်ငံသားတွေထဲက K နဲ့စတဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ အသက် ၆ နှစ်နဲ့အထက်ရှိသူတွေ၊ ဇန်န၀ါရီ ၁ ရက်နေ့နောက်ပိုင်း ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေသာ ဒီစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
    အသုံးပြုနိုင်သူတွေဟာ ကြိုတင်စာရင်းသွင်းစရာမလိုဘဲ Tuas Checkpoint ကိုရောက်တာနဲ့ သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ မြန်မြန်ဆန်ဆန် ၀င်နိုင်မှာပါ။ စနစ်ကိုအသုံးပြုသူတွေဟာ မျက်မှန်၊ ဦးထုပ်၊ ဦးခေါင်းမှာအသုံးပြုတဲ့ အခြားအသုံးအဆောင်တွေ ၀တ်ဆင်ထားလို့မရပါဘူး။
    စနစ်တိုးတက်ရေး ဆောင်ရွက်နိုင်ဖို့အတွက် အသုံးပြုနိုင်သူတွေအားလုံး အသုံးပြုပေးကြဖို့ ICA က တိုက်တွန်းထားပါတယ်။
    ICA က ထုတ်ပြန်တဲ့ကြေငြာချက်မှာ စမ်းသပ်မှုရလဒ်ကို လေ့လာဆန်းစစ်ကာ အခြား စစ်ဆေးရေးဂိတ်တွေမှာ တိုးချဲ့အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
    Ref: CNA
  • စင်ကာပူ၌ ယခုနှစ်အတွင်း မိုးပျံတက္ကဆီ စတင်စမ်းသပ် အသုံးပြုမည်
    စင်ကာပူ၌ ယခုနှစ်အတွင်း မိုးပျံတက္ကဆီ စတင်စမ်းသပ် အသုံးပြုမည်
    ဧပြီ ၁၀၊ ၂၀၁၉
    M-Media
    အသုံးပြုမည့်ယာဉ် (Photo Credit – CNA)
    – ပထမဆုံး မိုးပျံတက္ကှဆီကို အခုနှစ်အတွင်း စမ်းသပ်ပြေးဆွဲသွားမယ်လို့ စင်ကာပူ အရပ်ဖက် လေကြောင်းအာဏာပိုင်အဖွဲ့ CAAS က မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ဂျာမနီကုမ္ပဏီ Volocopter နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အဲဒီ စမ်းသပ်မှုကို နိုင်ငံတောင်ပိုင်းမှာ ပြုလုပ်မှာဖြစ်တယ်လို့ CAAS ဒုတိယညွှန်ကြားရေးမှူး တန်ချွန်ဝေက ပြောကြားခဲ့ပါတယ်။
    “ပထမဆုံးအဆင့်အနေနဲ့ စမ်းသပ်မှုလောက်ပဲ ဖြစ်မှာပါ။ ရေပေါ်မှာလည်း ဖြတ်ပျံဖို့ရှိပြီး အဲဒီလို ပျံတဲ့နေရာမှာ အများပြည်သူအတွက် အန္တရာယ်မဖြစ်စေဖို့ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းတွေကို Volocopter နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်”
    Volocopter စီအီးအို ဖလော်ရီရန် ရောက်တာက စမ်းသပ်မှုကို အခုနှစ် ဒုတိယနှစ်ဝက်အစမှာ ပြုလုပ်မယ်လို့ ပြောပါတယ်။ အသုံးပြုမယ့်ယာဉ်တွေ၊ စက်ပြင်အဖွဲ့ကိုတွေကို စင်ကာပူ ပို့ဆောင်တာ၊ ယာဉ်တွေထားဖို့နေရာ စီမံတာတွေဟာ အချိန်ယူရမှာ ဖြစ်တာကြောင့် အများပြည်သူ အမှန်တကယ်အသုံးပြုနိုင်ဖို့အတွက် နောက်ထပ် လအနည်းငယ်လောက် စောင့်ရဖို့ ရှိနေပါတယ်။
    Volocopter မိုးပျံတက္ကဆီဟာ လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း သာမန် ကားငှားစီးတဲ့ စားရိတ်လောက်အထိ သက်သာသွားမယ်လို့ မျှော်လင့်ကြောင်း ရောက်တာက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    အဲဒီယာဉ်ကို ဖိုက်ဘာအသားနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အလေးချိန် ၄၅၀ ကီလိုဂရမ်ရှိပါတယ်။ ဒေါင်လိုက်ပျံတက်တာ၊ ဆင်းသက်တာ လုပ်နိုင်မှာဖြစ်သလို ခရီးသည် ၂ ယောက်တင်ဆောင်ကာ ကီလိုမီတာ ၃၀ အကွာအဝေးအထိ ပျံသန်းနိုင်မှာပါ။ Volocopter ဟာ ရဟတ်ယာဉ်နဲ့ ဆင်တူပေမယ့် ဒရုန်းနည်းပညာကို အခြေခံထားပါတယ်။ လေယာဉ်မှူးနဲ့ မောင်းနိုင်သလို အဝေးထိန်းစနစ်နဲ့လည်း မောင်းနှင်နိုင်ပါတယ်။
    ရောက်တာက စင်ကာပူမှာ Volocopter ယာဉ်တွေကို ခရီးသည်ပို့ဆောင်ရေးအတွက်သာ မကဘဲ အခြားကိစ္စတွေအတွက် အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: CNA