News @ M-Media
Tag: singapore_muslim
  • စင်ကာပူမွတ်စလင်များ ဟဂ်ျဘုရားဖူးခွဲတမ်း ပိုမိုရရှိရန် ၀န်ကြီးချုပ်က ဆော်ဒီသို့ စာပို့တောင်းဆို
    စင်ကာပူမွတ်စလင်များ ဟဂ်ျဘုရားဖူးခွဲတမ်း ပိုမိုရရှိရန် ၀န်ကြီးချုပ်က ဆော်ဒီသို့ စာပို့တောင်းဆို
    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
    M-Media
    hajj
    – လာမည့်ဟဂ်ျရာသီတွင် စင်ကာပူနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ ဟဂ်ျခွဲတမ်း ပိုမိုရရှိရေးအတွက် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဆော်ဒီဘုရင် ဆလ်မန် ဘင် အဘ်ဒူလ် အဇစ် အလ် ဆာအွဒ်ထံ စာရေးတောင်းဆိုလိုက်သည်ဟု သိရသည်။
    အဆိုပါစာကို စင်ကာပူ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဖြစ်ပြီး အစ္စလာမ့်ရေးရာ ကိစ္စများကို တာဝန်ယူထားသူ ယာကွဘ်အီဘရာဟင်က ဆော်ဒီ ဟဂ်ျရေးရာဝန်ကြီး ဒေါက်တာ ဘန်ဒါ မိုဟာမက် ဟဂ်ျဂျာရ်ကို ယမန်နေ့တွေ့ဆုံမှုအတွင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။
    လက်ရှိအချိန်တွက် စင်ကာပူနိုင်ငံအတွက် ဟဂျက်ခွဲတမ်းမှာ ၆၈၀ ဖြစ်ပြီး ၀န်ကြီးချုပ်က ၈၀၀ အထိ တိုးမြှင့်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဟဂ်ျခွဲတမ်းကို အိုအိုင်စီအဖွဲ့၏ ၁၉၈၇ ခုနှစ် ညီလာခံတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ စင်ကာပူအတွက် ပေးထားသည့် ခွဲတမ်းမှာ ထိုအချိန်က နိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်ဦးရေ၏ ၀.၁ ရာခိုင်နှုန်း ပမာဏ ဖြစ်သည်ဟု ထိုစာတွင် ရေးသားထားသည်။
    လီရှန်လွန်းကမူ ထိုအချိန်မှစ၍ စင်ကာပူနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်လူဦးရေမှာ ၂၀ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ယခုအချိန်တွင် နိုင်ငံလူဦးရေ ၅.၅၄ သန်းတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ ၈ သိန်းခန့် ရှိနေပြီဟု ဆိုသည်။
    သို့သော်လည်း ဆော်ဒီ၏ ဟဂ်ျခွဲတမ်းက မပြောင်းလဲသောကြောင့် OIC ၏ ခွဲတမ်းဖော်မြူလာအတိုင်း တိုးမြှင့်ပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု ၀န်ကြီးချုပ်က ဖော်ပြထားသည်။ ထိုကဲ့သို့ ခွဲတမ်းတိုးမြှင့်ပေးခြင်းအပြင် ယခုနှစ် ဟဂ်ျရာသီတွင် နောက်ထပ် လူ ၂၀၀ ကို သီးသန့်ထပ်မံခွင့်ပြုရန်လည်း ဆော်ဒီဘုရင်အား လီက ပုဂ္ဂိုလ်ရေးအရ မေတ္တာရပ်ခံခဲ့သည်။
    “ဒီလို သီးသန့်ထပ်မံခွင့်ပြုတာကို စင်ကာပူမွတ်စလင်လူ့အဖွဲ့အစည်းက ကြိုဆိုကြမှာဖြစ်ပြီး တော်တော်လေးလည်း ပီတိဖြစ်ကြပါလိ့မ်မယ်” ဟု လီရှန်လွန်းက ထိုစာတွင် ရေးသားဖော်ပြခဲ့သည်။
    ယာကွဘ်မှာ ဆော်ဒီအာရေဗျတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်သည့် နှစ်ပတ်လည် ဟဂ်ျဝန်ကြီးများအစည်းဝေး၌ စင်ကာပူကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ကာ တက်ရောက်နေသည်။
    Ref: themalaysianinsider
  • ၂၀၁၅ ခုနှစ်အတွက် Singaporean of the Year အဖြစ် မွတ်စလင်အမျိုးသမီးတစ်ဦး ရွေးချယ်ခံရ
    ၂၀၁၅ ခုနှစ်အတွက် Singaporean of the Year အဖြစ် မွတ်စလင်အမျိုးသမီးတစ်ဦး ရွေးချယ်ခံရ
    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media
    sg
    နော်ရီဇာနှင့် သူမစောင့်ရှောက်ပေးနေသည့် အဖိုးအို
    – စင်ကာပူရှိ နာမည်ကြီးသတင်းစာThe Straits Times က ရွေးချယ်သည့် ၂၀၁၅ ခုနှစ်အတွက် Singaporean of the Year ဆုကို စင်ကာပူ မွတ်စလင်အမျိုးသမီး နော်ရီဇာ အေ မန်ဆူရ်က ရရှိခဲ့သည်ဟု သိရသည်။
    အဆိုပါဆုမှာ သာမန် စင်ကာပူပြည်သူများထဲမှ တစ်မူထူးခြားသည့် လုပ်ရပ်များကို ဆောင်ရွက်သောသူများ၊ အခြားသူများ၏ လူမှုဘ၀နှင့် လူ့အဖွဲ့အစည်း ပိုမိုတိုးတက်စေရန် ဆောင်ရွက်ပေးသောသူများကို ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။
    စင်ကာပူနိုင်ငံသားများသာ မဲပေးရွေးချယ်ရသည့် အဆိုပါဆုအတွက် ဇကာတင် ၁၀ ဦးကို ရွေးချယ်ခဲ့ပြီး ထိုအထဲမှ နော်ရီဇာ အေ မန်ဆူရ်က မဲအများဆုံးဖြင့် Singaporean of the Year ဆုကို ရရှိခဲ့သည်။ နော်ရီဇာမှာ အိုမင်းမစွမ်းဖြစ်နေသည့် သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးအား လွန်ခဲ့သည့် ၂ နှစ်မှစတင်ကာ ပြုစုပေးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အဆိုပါ လူသားချင်းစာနာထောက်ထားသောလုပ်ရပ်ကြောင့် ယခုကဲ့သို့ အသိအမှတ်ပြု ခံခဲ့ရခြင်းဖြစ်သည်။
    ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် ဈေးဝယ်ထွက်လာသော အဆိုပါ ဇနီးမောင်နှံမှ အဖိုးအိုမှာ ၎င်း၏ ဘောင်းဘီတွင် ရွှံ့များပေကျံမှုကို ရှင်းလင်းရန် ကြိုးစားစဉ် နော်ရီဇာနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အခြားသူများက နွမ်းပါးသော ထိုအဖိုးအိုအား မကူညီကြသော်လည်း နော်ရီဇာမှာ အဖိုးအို၏ ဘောင်းဘီကို သန့်ရှင်းပေးခဲ့ပြီး ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးအား အိမ်သို့ ပြန်လည် လိုက်ပို့ခဲ့သည်။
    ထို့နောက် နော်ရီဇာမှာ ပြုစုစောင့်ရှောက်မည့်သူမရှိသည့် အဆိုပါ သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးအား အပတ်စဉ် သွားရောက်ပြုစုစောင့်ရှောက်ပေးခဲ့ကာ ညစ်ပတ်ပေရေနေသည့် ၎င်းတို့၏ အခန်းကိုလည်း သန့်ရှင်းပေးခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ အဖိုး၊ အဖွား ဇနီးမောင်နှံနှစ်ဦးမှာ ဘိုးဘွားရိပ်သာတွင် နေထိုင်နေပြီး နောရီဇာကမူ တစ်ပတ်တစ်ခါ သွားရောက်၍ ကြည့် ရှုအားပေးမှုများ ပြုလုပ်ပေးနေသည်။
    စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း ၂၀၁၅ ခုနှစ် Singaporean of the Year ဆုကို ရရှိသည့် နော်ရီဇာအား Facebook စာမျက်နှာမှတစ်ဆင့် ချီးကျူးခဲ့သည်။
    Ref: Straitstimes
    sg 2
    စင်ကာပူဝန်ကြီးချုပ်နှင့် နော်ရီဇာ
  • စင်ကာပူရှိ နှစ် ၂၀၀ နီးပါးရှိသော သမိုင်းဝင်ဗလီကြီးကို ၀န်ကြီးချုပ်လီရှန်လွန်း သွားရောက်လည်ပတ်
    စင်ကာပူရှိ နှစ် ၂၀၀ နီးပါးရှိသော သမိုင်းဝင်ဗလီကြီးကို ၀န်ကြီးချုပ်လီရှန်လွန်း သွားရောက်လည်ပတ်
    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media
    sg1
    – စင်ကာပူက သမိုင်းဝင်ဗလီကြီးကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ၀န်ကြီးချုပ်လီရှန်လွန်း သွားရောက်လည်ပတ်ခဲ့တယ်လို့ ၀န်ကြီးချုပ်ရဲ့ Facebook စာမျက်နှာမှာ လွှင့်တင်ထားမှုအရ သိရပါတယ်။
    ဆူလ်တန်ဗလီဝတ်ကျောင်းတော် (Sultan Mosque) လို့ခေါ်တဲ့ အဲဒီဗလီဝတ်ကျောင်းတော်ကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၉၁ နှစ်ရှိပြီဖြစ်ပြီး မကြာခင်က အဆင့်မြှင့်တင်မှု ပြန်လည်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၀န်ကြီးချုပ် လီရှန်လွန်းကတော့ ပြင်ဆင်မှု ပြီးမြောက်မှုကို သွားရာက်ကြည့်ရှုခဲ့တာပါ။
    “ဒီဗလီဝတ်ကျောင်းတော်ကြီးဟာ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးလှုပ်ရှားမှုတွေရဲ့ အချက်အခြာနေရာဖြစ်ပါတယ်။ နောက်ပြီး ပရဟိတလုပ်ငန်းတွေ၊ အလှူဒါနတွေ ဆောင်ရွက်တဲ့ ဗလီကြီးဖြစ်ပြီး ဟောပြောပွဲတွေ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို လက်ခံတဲ့နေရာဖြစ်ပါတယ်” လို့ လီရှန်လွန်းက Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    နောက်ပြီး ဗလီဝတ်ကျောင်းတော် ဂေါပကအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့၊ စင်ကာပူအစ္စလာမ်သာသနာရေးကောင်စီနဲ့ အမျိုးသားအမွေအနှစ်ဘုတ်အဖွဲ့အပါအ၀င် ဗလီဝတ်ကျောင်းတော် အဆင့်မြှင့်တင်မှုမှာ ပါဝင်ခဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
    sg 3
    “သူတို့ရဲ့ ထောက်ပံ့မှု၊ အလှူရှင်တွေ၊ မွတ်စလင်လူ့အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုက ဒီဗလီကြီးကို အားလုံးဂုဏ်ယူနိုင်ဖို့ လှပတဲ့အမှတ်သညာအဖြစ် တည်တံ့စေခဲ့ပါတယ်” လို့ လီရှန်လွန်းက နိဂုံးချုပ် ရေးသားခဲ့ပါတယ်။
    စင်ကာပူက သမိုင်းဝင်ဗလီဝတ်ကျောင်းတော်တွေနဲ့ အခြား သမိုင်းဝင် ဘာသာရေးအဆောက်အဦးတွေကို စင်ကာပူ အမျိုးသားအမွေအနှစ်ဘုတ်အဖွဲ့က ဦးဆောင်ပြီး ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။
    ဆူလ်တန်ဗလီဝတ်ကျောင်းတော်ကို ၁၈၁၉ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး စင်ကာပူက အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းအတွက အရေးပါတဲ့ ဗလီဝတ်ကျောင်းတော်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
    Ref: Facebook Page of Lee Hsien Loong
    Photo : Facebook Page of Lee Hsien Loong
  • အသွင်သစ်ဖြင့် မြင်ရတော့မည့် စင်ကာပူမှ သက်တမ်းရင့် အန်ဂူလီယာ ဗလီဝတ်ကျောင်းတော်
    အသွင်သစ်ဖြင့် မြင်ရတော့မည့် စင်ကာပူမှ သက်တမ်းရင့် အန်ဂူလီယာ ဗလီဝတ်ကျောင်းတော်
    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    ms 1
    – ရုံးပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေနေ့များတွင် တစ်ဦးနှင့်တစ်ဦး တံတောင်ဆစ်များပင်ထိကာ ပူးပူးကပ်ကပ် ၀တ်ပြုကြရသည့် Little India မှ အန်ဂူလီယာ (Angullia) ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုသူများ မဆန့်မှုကို မကြာမကြာ ကြုံတွေ့ရလေသည်။ ဟာရီယာရာ ဟာဂျီ (အီဒွလ်အသွဟာ) နှင့် ဟာရီယာရာ ဘွာဆာ (အီဒွလ်ဖိသီရ်) တို့ကဲ့သို့ အစ္စလာမ့် အခါကြီးရက်ကြီးများတွင် ထိုဗလီဝတ်ကျောင်းတော်၌ ၀တ်ပြုမှုများကို အသုတ်လိုက်ခွဲ၍ ဆောင်ရွက်ရလေသည်။
    အဆိုပါ ပွဲတော်နေ့များ၌ တစ်သုတ်လျှင် ၀တ်ပြုသူ ၁၅၀၀ ဖြင့် လေးသုတ်ခွဲ၍ ၀တ်ပြုကြရသည်။ ထိုကဲ့သို့ နေရာအခက်အခဲဖြစ်မှုကို ဖြေရှင်းရန်အတွက် အန်ဂူလီယာ ဗလီဝတ်ကျောင်းတော်၏ စီမံခန့်ခွဲရေးနှင့် ဂေါပကအဖွဲ့မှာ လက်ရှိ ၂ ထပ်ရှိသော ဗလီဝတ်ကျောင်းတော်ကို ၂ ဆ ချဲ့ထွင်ရန် စီစဉ်နေပြီဖြစ်သည်။
    ဗလီဝတ်ကျောင်းတော်သစ်တွင် အမျိုးသမီးဝတ်ပြုသူများအတွက် တစ်လွှာ ထည့်သွင်းပေးမည်ဖြစ်ကာ၊ မီးဖိုဆောင်၊ မင်္ဂလာအခမ်းအနားကျင်းပရန်နေရာနှင့် အသုံးအဆောင်များ၊ ခန်းမတစ်ခု၊ စာသင်ခန်းများနှင့် စင်ကာပူမွတ်စလင်များ၏ သမိုင်းကြောင်းများ၊ အမွေအနှစ်များကို ပြသမည့် ပြခန်းတစ်ခုတို့ ပါဝင်မည်ဖြစ်သည်။
    အမှတ် ၂၆၅ ဆီရန်ဂွန်းလမ်းမတွင်ရှိပြီး ၉၅၀၀ စကွဲယားပေကျယ်သည့် မြေနေရာ၌ တည်ရှိနေသည့် အဆိုပါဗလီဝတ်ကျောင်းတော် တိုးချဲ့ဆောက်လုပ်မှုအား လာမည့်နှစ်ကုန်ပိုင်းတွင် စတင်ရန် ရည်ရွယ်ပြီး စီမံကိန်းအတွက် ဘက်ဂျက်မှာ ဒေါ်လာ ၆.၅ သန်းနှင့် ၇ သန်းကြားတွင် ကုန်ကျမည်ဟု လျာထားလေသည်။
    Farrer Park ရထားဘူတာနှင့် မွတ်စ်တာဖာ စင်တာ (Musfafa Centre) တို့ အနီးတွင်ရှိသည့် အဆိုပါဗလီဝတ်ကျောင်းတော်မှာ စင်ကာပူနိုင်ငံသားများနှင့် နိုင်ငံရပ်ခြားမှ အလုပ်လာလုပ်သောသူများအတွက် ဆယ်စုနှစ်များစွာကြာ ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ အချက်အချာနေရာ ဖြစ်ခဲ့လေသည်။
    ဗလီဝတ်ကျောင်း၏ စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဥက္ကဌ မစ္စတာ အယွဘ် အန်ဂူလီယာက အဆောက်အဦး တိုးချဲ့ဆောက်လုပ်ခြင်းမှာ အနာဂတ်အတွက်ရည်ရွယ်သည်ဟု The straits Times သို့ ပြောကြားခဲ့သည်။ အန်ဂူလီယာ ဗလီဝတ်ကျောင်းတော်မှာ အမျိုးအမျိုးအထွေသော အစီအစဉ်များ၊ လှုပ်ရှားသွားလာမှုများနှင့် နိုင်ငံခြားခရီးသွားများဖြင့် စည်ကားရာနေရာတွင်ရှိပြီး၊ Connexion ဆေးရုံ ဖွင့်လှစ်လိုက်ခြင်းက ပို၍ စည်ကားသွားစေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    “ဗလီက လူတွေကျပ်ညပ်လာပြီး နေရာထပ်ပေးနိုင်ဖို့အတွက် အရေးတကြီး လိုအပ်လာပါတယ်။ ကျွန်တော်တို့ဟာ နောက်ထပ် နှစ် ၃၀ အတွင်းမှာဖြစ်လာမယ့် လူ့အဖွဲ့အစည်းကို နေရာပေးနိုင်ဖို့အတွက်ပါ ရည်ရွယ်ပြီး ဒါကို ဆောက်လုပ်မှာပါ။ အခုအချိန်မှာလည်း ၀တ်ပြုရတာ သက်တောင့်သက်သာ မရှိပါဘူး”
    အန်ဂူလီယာဗလီဝတ်ကျောင်းတော်မှာ ၎င်း၏ အ၀င်အ၀မုခ်ဦး ဒီဇိုင်းကြောင့် ထင်ရှားသည်။ အဆိုပါဗလီဝတ်ကျောင်းတော်ကို မွန်ဘိုင်းမြို့မြောက်ဖက် ရန်ဒါဒေသမှ ဂူဂျာရတ်နွယ်ဖွား ဆွန်နီမွတ်စလင်တစ်ဦးဖြစ်ပြီး ကုန်သည်နှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်သည့် မိုဟာမက် ဆာလေဟ် ယူဆွဖ်က ၁၈၉၀ ပြည့်နှစ်များတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ လက်ရှိ ဗလီဝတ်ကျောင်းတော် စီမံခန့်ခွဲရေးဥက္ကဌ မစ္စတာ အယွဘ်နှင့် ဘေးတော်စပ်သူလည်း ဖြစ်လေသည်။
    ဗလီဝတ်ကျောင်းတောာ် စတင်တည်ဆောက်ကတည်းက ရှိနေသည်ခဲ့သည့် မုခ်ဦးကို စင်ကာပူ မြို့ပြ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ URA က ပြီးခဲ့သည့်နှစ်ကစ၍ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ခဲ့လေသည်။ လက်ရှိ ဗလီဝတ်ကျောင်းတော် အဆောက်အဦးကို ၁၉၇၀ ပြည့်နှစ်များတွင် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
    အသစ်ဆောက်လုပ်မည့် ဗလီဝတ်ကျောင်းတော်သစ်တွင် မုခ်ဦးနှင့် ဗလီဝတ်ကျောင်းတော် အဆောက်အဦးအကြား မြေကွက်လပ်ထားရှိမည်ဟု မစ္စတာအယွဘ်က ပြောကြားခဲ့သည်။ စီမံကိန်းမှာ မုခ်ဦးဝကို ထိခိုက်မည်မဟုတ်ဘဲ၊ ထိုစီမံကိန်းအတွက်လည်း URA ၏ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဌာနမှ ခွင့်ပြုချက်တောင်းခံစရာ လိုအပ်မည်မဟုတ်ပေ။
    ဗလီဝတ်ကျောင်းတော်အသစ်တွင် အိန္ဒိယမွတ်စလင်များ၏ ဗိသုကာလက်ရာများကို ထည့်သွင်းမည်ဖြစ်ပြီး မုခ်ဦးအား ဂုဏ်ပြုသည့်အနေဖြင့် ထိုမုခ်ဦးတွင်ပါရှိသည့် အမိုးခုံးပုံစံများကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဟု မစ္စတာအယွဘ်က ပြောကြားခဲ့သည်။
    ထို့ပြင် ရှုပ်ထွေးပွေလီလှသည့် လောကကြီးတွင် စိတ်နှလုံးအေးချမ်းမှုကို ရှာဖွေသူများအတွက် သင့်တော်သည့်နေရာဖြစ်အောင်လည်း ဗလီဝတ်ကျောင်းတော်သစ်ကို ဖန်တီးသွားမည်ဟု ၎င်းက ဆိုသည်။
    “၀တ်ပြုသူတွေကို ကျယ်ကျယ်ဝန်းဝန်း တရားအားထုတ်နိုင်တဲ့ နေရာမျိုး ပေးနိုင်ဖို့အတွက် ဗလီဝတ်ကျောင်းတော်ရဲ့ မျက်နှာကျက်တွေကို မြင့်မြင့်မားမား တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်”
    ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ရန်အတွက်မူ အန်ဂူလီယာ ၀ကားဖ်ငွေပဒေသာပင် ဒေါ်လာ သန်း ၅၀ မှ ၄ သန်းကို မစ္စတာအယွဘ်က ရယူထားသည်။ ထို့ပြင် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများကိုလည်း ပြီးခဲ့သည့်နှစ်က စတင်ခဲ့ပြီး ဒေါ်လာ လေးသိန်း ရရှိနေပြီဖြစ်သည်။
    ဥပဒေရေးရာလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေပြီး အန်ဂူလီယာဗလီဝတ်ကျောင်းတော်တွင် ဆယ်စုနှစ်တစ်ခုကြာ လာရောက်ဝတ်ပြုခဲ့သည့် အသက် ၆၇ နှစ်အရွယ် မစ္စတာ ဟမ်ဒီ ပါဟ်အီက ပြင်ဆင်မွမ်းမံမှုကို စိတ်ဝင်တစ်စား စောင့်ကြည့်နေသည်ဟု ဆိုသည်။
    “ဗလီက ပုံမှန်လိုလို လူကြပ်နေတာပဲ။ လူတွေရဲ့ ဖိနပ်တွေကလည်း ပွစာတက်နေတယ်။ တိုးချဲ့ဆောက်လုပ်ဖိုပ အချိန်ပါပဲ” ဟု ပါဟ်အီက ပြောကြားခဲ့လေသည်။
    (စင်ကာပူနေ့စဉ်ထုတ် The Strait Times သတင်းစာတွင် ဖော်ပြခဲ့သည့် Angullia Mosque to be rebuilt to double capacity ကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
  • စင်ကာပူဝန်ကြီးချုပ် မွတ်စလင်များနှင့်အတူ စုပေါင်း ၀ါဖြေ
    စင်ကာပူဝန်ကြီးချုပ် မွတ်စလင်များနှင့်အတူ စုပေါင်း ၀ါဖြေ
    ဇူလိုင် ၇၊ ၂၀၁၅
    M-Media
    11036084_908713162504488_6427901087588714794_n
    – စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းမှာ Bedok North ဒေသရှိ အလ်-အန်ဆာရ် ဗလီဝတ်ကျောင်းတော်သို့ ဇူလိုင်လ ၅ ရက်နေ့က သွားရောက်လည်ပတ် ကြည့်ရှုခဲ့ပြီး အစ္စလာမ်ဘာသာဝင်များနှင့်အတူ ဥပုသ်အထွက် စုပေါင်းဝါဖြေခဲ့သည်ဟု သိရသည်။
    မကြာသေးမီက အဆင့်မြှင့်တင် တည်ဆောက်မှု ပြီးစီးခဲ့သည့် အဆိုပါဗလီဝတ်ကျောင်းတော်တွင် ပြုလုပ်သည့် စုပါင်းဝါဖြေပွဲသို့ မွတ်စလင်ရေးရာဝန်ကြီး ယာကွဘ် အီဗရာဟင်မ်၊ လူမှုရေးနှင့် မိသားစု ဖွံ့ဖြိုးရေးဝန်ကြီး တန် ချွမ်- ဂျင်၊ စင်ကာပူ အစ္စလာမ်သာသနာရေးကောင်စီမှ အမှုဆောင်အကြီးအကဲ အဘ်ဒူလ် ရာဇက် မာရီကာ၊ စင်ကာပူ မွဖ်သီ မိုဟာမက် ဖက်တရစ် ဘာကာရမ်တို့အပါအ၀င် အခြားသော လူမှုရေးခေါင်းဆောင်များ၊ ပြည်သူများ စုစုပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
    အဆိုပါ အလ်-အန်ဆာရ် ဗလီဝတ်ကျောင်းတော်ကို ၂၀၁၂ ခုနှစ် ဇူလိုင်လက တိုးချဲ့ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဧပြီ ၂၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
    Ref: Todayonline
    11412289_908712939171177_1277595507839233717_n
    sg
    11049618_908713259171145_5674539557486748448_n