News @ M-Media

၂၀၁၅ ခုနှစ်အတွက် Singaporean of the Year အဖြစ် မွတ်စလင်အမျိုးသမီးတစ်ဦး ရွေးချယ်ခံရ

ဖေဖော်ဝါရီ ၃၊ ၂၀၁၆
M-Media

sg
နော်ရီဇာနှင့် သူမစောင့်ရှောက်ပေးနေသည့် အဖိုးအို

– စင်ကာပူရှိ နာမည်ကြီးသတင်းစာThe Straits Times က ရွေးချယ်သည့် ၂၀၁၅ ခုနှစ်အတွက် Singaporean of the Year ဆုကို စင်ကာပူ မွတ်စလင်အမျိုးသမီး နော်ရီဇာ အေ မန်ဆူရ်က ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါဆုမှာ သာမန် စင်ကာပူပြည်သူများထဲမှ တစ်မူထူးခြားသည့် လုပ်ရပ်များကို ဆောင်ရွက်သောသူများ၊ အခြားသူများ၏ လူမှုဘ၀နှင့် လူ့အဖွဲ့အစည်း ပိုမိုတိုးတက်စေရန် ဆောင်ရွက်ပေးသောသူများကို ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံသားများသာ မဲပေးရွေးချယ်ရသည့် အဆိုပါဆုအတွက် ဇကာတင် ၁၀ ဦးကို ရွေးချယ်ခဲ့ပြီး ထိုအထဲမှ နော်ရီဇာ အေ မန်ဆူရ်က မဲအများဆုံးဖြင့် Singaporean of the Year ဆုကို ရရှိခဲ့သည်။ နော်ရီဇာမှာ အိုမင်းမစွမ်းဖြစ်နေသည့် သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးအား လွန်ခဲ့သည့် ၂ နှစ်မှစတင်ကာ ပြုစုပေးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အဆိုပါ လူသားချင်းစာနာထောက်ထားသောလုပ်ရပ်ကြောင့် ယခုကဲ့သို့ အသိအမှတ်ပြု ခံခဲ့ရခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် ဈေးဝယ်ထွက်လာသော အဆိုပါ ဇနီးမောင်နှံမှ အဖိုးအိုမှာ ၎င်း၏ ဘောင်းဘီတွင် ရွှံ့များပေကျံမှုကို ရှင်းလင်းရန် ကြိုးစားစဉ် နော်ရီဇာနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အခြားသူများက နွမ်းပါးသော ထိုအဖိုးအိုအား မကူညီကြသော်လည်း နော်ရီဇာမှာ အဖိုးအို၏ ဘောင်းဘီကို သန့်ရှင်းပေးခဲ့ပြီး ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးအား အိမ်သို့ ပြန်လည် လိုက်ပို့ခဲ့သည်။

ထို့နောက် နော်ရီဇာမှာ ပြုစုစောင့်ရှောက်မည့်သူမရှိသည့် အဆိုပါ သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးအား အပတ်စဉ် သွားရောက်ပြုစုစောင့်ရှောက်ပေးခဲ့ကာ ညစ်ပတ်ပေရေနေသည့် ၎င်းတို့၏ အခန်းကိုလည်း သန့်ရှင်းပေးခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ အဖိုး၊ အဖွား ဇနီးမောင်နှံနှစ်ဦးမှာ ဘိုးဘွားရိပ်သာတွင် နေထိုင်နေပြီး နောရီဇာကမူ တစ်ပတ်တစ်ခါ သွားရောက်၍ ကြည့် ရှုအားပေးမှုများ ပြုလုပ်ပေးနေသည်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း ၂၀၁၅ ခုနှစ် Singaporean of the Year ဆုကို ရရှိသည့် နော်ရီဇာအား Facebook စာမျက်နှာမှတစ်ဆင့် ချီးကျူးခဲ့သည်။

Ref: Straitstimes

sg 2
စင်ကာပူဝန်ကြီးချုပ်နှင့် နော်ရီဇာ

Comments

Leave a Reply