News @ M-Media

Tag: South Korean ferry disaster

  • နစ်မြုပ်သွားသည့် ခရီးသည်တင် သင်္ဘော ကိစ္စ ကောင်းစွာ မကိုင်တွယ်နိုင်၍ တောင်ကိုရီးယား ၀န်ကြီးချုပ် ရာထူးမှနှုတ်ထွက်

    ဧပြီ ၂၇ ၊ ၂၀၁၄
    M-Media

    – ဧပြီလ ၁၆ ရက်နေ့က တိမ်းမှောက်နစ်မြုပ်ခဲ့သည့် ခရီးသည်တင်သင်္ဘောနှင့် ပတ်သက်၍ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်လာခဲ့ပြီးနောက် ထိုကိစ္စအား တာဝန်ယူသည့်အနေဖြင့် တောင်ကိုရီးယားဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်ခဲ့သည်ဟု သိရသည်။

    South Korea's PM resigns over ferry disaster

    ယနေ့နံနက်အစောပိုင်းတွင် ဆိုးလ်မြို့၌ ပြုလုပ်သည့် အရေးပေါ် အစည်းအဝေး၌ ၀န်ကြီးချုပ် ချောင်ဟွန်းဝန်က နှုတ်ထွက်ကြောင်း ကြေငြာခဲ့ခြင်းဖြစ်သည်။

    “ဒီလိုအဖြစ်မျိုး မဖြစ်ပွားအောင် မတားဆီးနိုင်ခဲ့တာနဲ့ ဖြစ်လာတဲ့ အခါမှာ ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့တဲ့ အတွက်ကြောင့် ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ဒီကိစ္စအတွက် ၀န်ကြီးချုပ် တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်မှာ တာဝန်အပြည့်ရှိတယ်လို့ ယုံကြည်ပြီး၊ ရာထူးကနေ နှုတ်ထွက်ပါတယ်” ဟု ချောင်ဟွန်းဝန်က ပြောကြားခဲ့သည်။

    ခရီးသည်နှင့် သင်္ဘောအမှုထမ်း ၄၇၆ ဦးနှင့် ယာဉ်အစီးရေ ရာချီတင်ဆောင်ကာ အင်ချီယွန်ဆိပ်ကမ်းမှ ဂျဲဂျူးကျွန်းသို့ ပုံမှန်အတိုင်းပြေးဆွဲနေစဉ် ရုတ်တရက်ကွေ့လိုက်ရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ ခရီးသည် ၁၇၄ ဦးကိုသာ ကယ်တင်နိုင်ခဲ့ကာ၊ သေဆုံးသူ ၁၈၇ ဦးနေပြီး ၁ ရာကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။

    သင်္ဘောတိမ်းမှောက်မှု အတွင်း လွတ်မြောက်လာခဲ့သည့် သင်္ဘောဝန်ထမ်း ၁၅ ဦးအား ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကာ ခရီးသည်များအား လစ်လျူရှုမှု၊ သင်္ဘောအား စွန့်ခွာမှုတို့ဖြင့် တရားစွဲထားသည်။ သင်္ဘော တိမ်းမှောက်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကိုင်တွယ်ဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်၍ တောင်ကိုရီးယား အစိုးရမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

  • တောင်ကိုရီးယား နစ်မြုပ်သင်္ဘော နှင့် ယူကရိန်းအုံကြွမှု နောက်ဆုံးရသတင်း

    တောင်ကိုရီးယား နစ်မြုပ်သင်္ဘော နှင့် ယူကရိန်းအုံကြွမှု နောက်ဆုံးရသတင်း

    ဧပြီ ၂၆၊ ၂၀၁၄
    M-Media

    တောင်ကိုရီးယား နစ်မြုပ်သင်္ဘော
    ————————————-
    – ရေစီးကြမ်းခြင်း၊ အလွန်အမင်းအေးခြင်းနှင့် ရေအောက်တွင် မြင်နိုင်စွမ်းနည်းခြင်းတို့ ဖြစ်ပေါ်နေသော်လည်း နစ်မြုပ်တောင်ကိုရီးယားသင်္ဘောမှ ပျောက်ဆုံးနေသူများအား ရေငုပ်သမာများက ဆက်လက်ရှာဖွေလျက်ရှိသည်ဟု သိရသည်။

    ယနေ့ညအထိ တွေ့ရှိခဲ့ရသည့် သေဆုံးသူများ၏ ရုပ်အလောင်းများမှာ ၁၈၇ ဦး ရှိလာပြီဖြစ်ပြီး ၁၁၅ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ လက်ရှိ ဆယ်ယူရရှိသည့် သေဆုံးသူးများတွင် မိမိတို့နိုင်ငံသား ၄ ဦး ပါဝင်သည်ဟု တရုတ်သံရုံးက ပြောကြားခဲ့သည်။

    ရေအောက် မီတာ ၃၀ သို့ ဆင်းသက်ရသည့် ရေငုပ်သမားများ၏ အောက်ဆီဂျင်မှာ ၁ နာရီခန့်သာ အသုံးခံပြီး၊ သင်္ဘောအခန်းများမှ မှန်များကို ခွဲကာ အတွင်းသို့ ၀င်ရောက်ရသောကြောင့် ကြန့်ကြာမှုများလည်း ရှိနေသည်။ သင်္ဘောအတွင်းရှိ အပျက်အစီးများ၊ ကြိုးများနှင့် ခုံများမျောလာသည်ကိုလည်း ရေငုပ်သမားများက ရှောင်ကွင်းသွားနေရကာ၊ သက်ကယ်အင်္ကျီမ၀တ်ထားသည့် ရုပ်အလောင်းများကိုလည်း ပျက်စီးမှုမရှိအောင် ဂရုတစိုက် ဆယ်ယူနေရသည်။

    သင်္ဘောပေါ်တွင် လိုက်ပါသွားသည့်ကျောင်းသားများမှာ တစ်ဦးတစ်ဦး ဖက်လျက် သေဆုံးနေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် တစ်ပတ် ကြာသာပတေးနေ့က တိမ်းမှောက်သွားခဲ့သည့် အဆိုပါ သင်္ဘောတွင် လူပေါင်း ၄၇၆ ဦးလိုက်ပါသွားခဲ့ပြီး၊ ၁၇၄ ဦးကိုသာ ကယ်တင်ထားနိုင်သည်။

    ဆင်ဟွာ
    …………………………………
    ယူကရိန်း နောက်ဆုံးရ
    ————————–
    – မတည်မငြိမ်ဖြစ်နေသည့် ယူကရိန်းအရှေ့ပိုင်းတွင် ခွဲထွက်ရေးသမားများက ဖမ်းဆီးထားသည့် OSCE အဖွဲ့မှ စစ်လက်နက်စစ်ဆေးရေးကိုယ်စားလှယ်အဖွဲ့အား လွတ်မြောက်ရန် ကူညီသွားမည်ဟု ရုရှားက ယနေ့တွင် ကတိပေးခဲ့သည်။

    ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့OSCE က စေလွှတ်လိုက်သည့် အဆိုပါ ကိုယ်စားလှယ်အဖွဲ့မှာ နေတိုးသူလျှိုသာဖြစ်သည်ဟုဆိုကာ နိုင်ငံရှေ့ပိုင်း  Slaviansk မြို့၌ ခွဲထွက်ရေးသမားများက ယမန်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    ခွဲထွက်ရေးသမားများကမူ ဖမ်းဆီးခံထားရသည့် ၎င်းတို့၏ အဖွဲ့ဝင်များနှင့် အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား လဲလှယ်ဖွယ်ရှိနေသည်။ ရုရှားဘက်က မိမိတို့မှာ OSCE အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ထိုပြဿနာအားဖြေရှင်းရန် လုပ်ဆောင်နေသည်ဟု ကြေညာခဲ့ပြီး အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိချေ။

    ယူကရိန်းသမ္မတ အာဆန်နီ ယက်ဆန်ယွတ်ကမူ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းလေပိုင်နက်ထဲသို့ ရုရှားတိုက်လေယာဉ်များ ၇ ကြိမ်ခန့် ကျူးကျော်ဝင်ရောက်ခဲ့ပြီး ထိုလုပ်ရပ်က ယူကရိန်းအား စစ်ဆင်နွှဲရန် လှုံ့ဆော်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရုရှားဘက်က ယူကရိန်းသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ စေလွှတ်ရန်အစီအစဉ်ရှိနေပြီး ထိုကဲ့သို့ စေလွှတ်ပါက ယူကရိန်းဘက်က အဆိုပါ ရုရှားတပ်များအား တိုက်ခိုက်သွားမည်ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးက ယူကရိန်း မီဒီယာဖြစ်သည့် Interfax သို့ ပြောကြားခဲ့သည်။
    live.aljazeera

  • နစ်မြုပ်တောင်ကိုရီးယားသင်္ဘော သေဆုံးသူ ၁၇၁ ဦး ရှိလာ

    နစ်မြုပ်တောင်ကိုရီးယားသင်္ဘော သေဆုံးသူ ၁၇၁ ဦး ရှိလာ

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media
    – နစ်မြုပ်သွားသည်မှာ ၉ ရက်ရှိသွားပြီဖြစ်သည့် တောင်ကိုရီးယား ခရီးသည်တင်သင်္ဘောမှ သေဆုံးသူများအား ဆက်လက် ဆယ်ယူရရှိနေပြီး ယနေ့ ညနေအထိ ဆယ်ယူရရှိသည့် သေဆုံးသူဦးရေမှာ ၁၇၁ ဦး ရှိလာပြီဖြစ်သည်။

    ရေစီးကြောင်းမှာ မထင်မှတ်လောက်အောင် ပြင်းထန်နေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့ နေ့လည်ပိုင်းတွင် ၆ နာရီကြာ ရပ်ဆိုင်းခဲ့ရသည်။ အဆိုပါ ၅ ထပ်သင်္ဘော၏ ၃ ထပ်နှင့် ၄ ထပ်တို့တွင် ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး လက်ယာဘက်အခြမ်း ပြီးစီးသွားပြီဖြစ်ကာ ယခုအခါ ရေငုပ်သမားများမှာ အလယ်ခြမ်းကို ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေသည်။

    ရေအောက်တွင် အချိန်အတော်အကြာငုပ်ကာ ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်နေရသောကြောင့် ရေငုပ်သမားများတွင် မောပမ်းနွမ်းလျမှုများလည်း ရှိလာခဲ့ပြီး ရေတပ်မှ ရေငုပ်သမားတစ်ဦးမှာလည်း ရေဖိအားကြောင့် ဖြစ်ပေါ်သည့် ဝေဒနာကို ခံစားခဲ့ရသည်။

    သင်္ဘောပေါ်လိုက်ပါသွားသည့် ခရီးသည်များ၏ မိသားစုဝင် ၄၀ ခန့်မှာ အစိုးရ၏ ကယ်ဆယ်ရေးလုပ်ငန်းများ နှေးကွေးမှုကို ဆန့်ကျင်သောအားဖြင့် ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်မှု ဌာနချုပ်အရှေ့တွင် သွားရောက်၍ ဆန္ဒပြခဲ့ကြသည်။ အဆိုပါသင်္ဘောတွင် လိုက်ပါသွားသည့် ခရီးသည်များတွင် ၁၃၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
    ဆင်ဟွာ

  • တောင်ကိုရီးယား သဘောင်္ သေဆုံးသူ ၁၅၀ ရှိပြီ၊ ၁၅၆ ဦးပျောက်ဆုံးနေဆဲ

    တောင်ကိုရီးယား သဘောင်္ သေဆုံးသူ ၁၅၀ ရှိပြီ၊ ၁၅၆ ဦးပျောက်ဆုံးနေဆဲ

    ဧပြီ ၂၃၊ ၂၀၁၄
    M-Media
    – တိမ်းမှောက် နစ်မြုပ်သွားခဲ့သည့် တောင်ကိုရီးယား သင်္ဘောမှ သေဆုံးသူ အရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိနေပြီး ယနေ့တွင် ၁၅၀ အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

    ယနေ့ တစ်ရက်တည်းတွင် သေဆုံးသူ ၂၉ ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်။ ယမန်နေ့ညပိုင်းက ဒီရေ အတက်ကြမ်း ခဲ့သော်လည်း ရေငုပ်သမားများမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်တန့်ခဲ့ခြင်း မရှိဘဲ၊ သင်္ဘော၏ စတုတ္ထထပ်အား ပိုက်စိပ်တိုက် ရှာဖွေခဲ့သည်။

    လာမည့်လေးရက်အတွင်း သင်္ဘောနစ်မြုပ်ရာဒေသ တစ်ဝိုက်ရှိ မြစ်ရေစီးကြောင်းမှာ အားနည်း ဖွယ်ရှိနေသည်။ခရီးသည်နှင့် သင်္ဘောအမှုထမ်း စုစုပေါင်း ၄၇၆ ဦး၊ ယာဉ်အစီးရေ ၁၅၀ ခန့် တင်ဆောင်သွားခဲ့သည့် အဆိုပါ သင်္ဘောမှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဂျဲဂျူးကျွန်းအနီးတွင် တိမ်းမှောက် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ၁၇၄ ဦးသာ ကယ်ထင်ထားနိုင်ကာ ၁၅၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ထို့ပြင် အဆိုပါ သင်္ဘောတွင် လိုက်ပါသွားသည့် ခရီးသည်စာရင်းမှာ အပြောင်းအလဲ ရှိနိုင်သည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဆင်ဟွာ

  • ပျောက်ဆုံးသူ ၁၈၇ ဦး အသက်ရှင်နိုင်ဖွယ် မရှိ ၊ သေဆုံးသူ ၁၀၃ ထိတိုးလာတဲ့ နစ်မြှုပ် တောင်ကိုရီးယား သဘောင်္ နောက်ဆုံးသတင်း

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media
    849487755
    – ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ကာ နစ်မြုပ်သွားခဲ့သည့် တောင်ကိုရီးယားသင်္ဘောမှ ဆယ်ယူရရှိသည့် သေဆုံးသူအရေအတွက်မှာ ယနေ့ညတွင် ၁၁၃ ဦးအထိ ရှိလာပြီဖြစ်သည်။

    ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပြီး ပျောက်ဆုံးနေသည့် ခရီးသည် ၁၈၉ ဦးမှာ အသက်ရှင်လျက်ရှိမည့်လက္ခဏာများ မတွေ့ရသေးပေ။ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ကိုမြောင်ဆွက်က ယခုထုတ်ပြန်ထားသည့် ခရီးသည်အရေအတွက်မှာ အတိအကျမဟုတ်သေးဘဲ ခရီးသည်အရေအတွက်မှာ အပြောင်းအလဲရှိနိုင်သည်ဟု ပြောကြားခဲ့သည်။

    သင်္ဘောပေါ်သို့ ကားများတင်ဆောင်ရာတွင် ကားနံပါတ်ပြားကိုသာ စာရင်းကောက်ပြီး ကားမောင်းသူကို စာရင်းမကောက်ဟု သင်္ဘောအော်ပရေတာက ၀န်ခံခဲ့ပြီး ထိုသင်္ဘောတွင် ကားအစီးရေပေါင်း ၁၅၀ ခန့်တင်ဆောင်သွားခဲ့သည်ဟု စာရင်းအရ သိရသည်။

    ယမန်နေ့က နိုင်ငံခြားသား အလောင်း ၃ လောင်းကိုတွေ့ရှိခဲ့ရပြီး ၂ ဦးမှာ တရုတ်နိုင်ငံသားများဖြစ်သည်ဟု တရုတ်သံရုံးက အတည်ပြုခဲ့သည်။ အခြားတစ်ဦးမှာ ရုရှားကျောင်းသူတစ်ဦးဟု စောစောပိုင်းက ပြောကြားထားသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ဆင်ဟွာ