News @ M-Media

Tag: Space

  • သက်ရှိများ နေထိုင်နိုင်မည်ဟု ယူဆရသည့် ဂြိုဟ်သစ် ၁၀ လုံးတွေ့ရှိဟု နာဆာ ကြေငြာ

    သက်ရှိများ နေထိုင်နိုင်မည်ဟု ယူဆရသည့် ဂြိုဟ်သစ် ၁၀ လုံးတွေ့ရှိဟု နာဆာ ကြေငြာ

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – ကမ္ဘာကြီးတည်ရှိနေတဲ့ နဂါးငွေ့တန်း ဂလက်ဆီအတွင်းမှာ ကမ္ဘာ့အရွယ်အစားရှိပြီး ရေရှိကာ သက်ရှိတွေ နေထိုင်လို့ရနိုင်တဲ့ ဂြိုဟ်ပေါင်း ၁၀ လုံးကို တွေ့ရှိရတယ်လို့ နာဆာက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ၂၀၀၉ ခုနှစ်က လွှတ်တင်ခဲ့တဲ့ ကက်ပလာ အာကာသတယ်လီစကုပ်ရဲ့ ပထမ ၄ နှစ်တာကလအတွင်း မိမိတို့ နေအဖွဲ့အစည်းရဲ့ အပြင်ဘက်မှာ တွေ့ရှိခဲ့တဲ့ ဂြိုဟ်ပေါင်း ၂၁၉ လုံးကို လေ့လာခဲ့ပြီးတဲ့နောက် နာဆာက ဒီလိုထုတ်ပြန်လိုက်တာပါ။

    အခု အသစ်တွေ့ရှိခဲ့တဲ့ ဂြိုဟ် ၁၀ လုံးက သူတို့ရဲ့ နေကို လှည့်ပတ်နေတဲ့ အကွာအဝေးဟာ မိမိတို့ကမ္ဘာက နေကို လှည့်ပတ်နေတဲ့ အကွာအဝေးနဲ့ ဆင်တူတာကြောင့် ဂြိုဟ်အပေါ် အပူချိန်ဟာ ရေရှိကာ သက်ရှိတွေ နေထိုင်နိုင်မယ့် အခြေအနေမျိုးလို့ ယူဆထားပါတယ်။

    ဒါပေမယ့် ဒီဂြိုဟ်တွေမှာ သက်ရှိ ရှိနေမယ်လို့ ဆိုလိုတာမဟုတ်ဘဲ သက်ရှိတွေ လိုအပ်တဲ့ လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်တယ်လို့ ဆိုလိုတာပါ။

    သိပ္ပံပညာရှင်တွေကတော့ ဒီတွေ့ရှိချက်ဟာ အာကာသ တစ်နေရာရာမှာ သက်ရှိတွေ တည်ရှိနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကို အားကောင်းစေခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကက်ပလာတယ်လီစကုပ်ကို လွှတ်တင်ခဲ့ပြီးတဲ့နောက်ပိုင်း ကမ္ဘာ့အရွယ်အစားရှိတဲ့ တစ်နည်းအားဖြင့် သက်ရှိတွေ နေထိုင်နိုင်တဲ့ သမဇုန်မှာတည်ရှိတဲ့ ဂြိုဟ်တွေကို တွေ့ရှိလာတာဖြစ်ပါတယ်။

    ကမ္ဘာတည်ရှိရာ နေအဖွဲ့အစည်းအပြင်ဘက်က ဂြိုဟ်တွေကို ကက်ပလာတယ်လီစကုပ်၊ အခြားနည်းလမ်းတွေနဲ့ ရှာဖွေမှုအတွင်း ဂြိုဟ်ပေါင်း ၃၆၀၀ ကျော်လောက် တွေ့ခဲ့ရပြီး ၆၂ လုံးကို သမဇုန်မှာရှိတဲ့ ဂြိုဟ်တွေ ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။

    Ref : Aljazeera

  • အာကာသဆက်သွယ်ရေးတွင် ကွမ်တမ်နည်းပညာဖြင့် တရုတ်က ရှေ့တစ်လှမ်းတိုး

    အာကာသဆက်သွယ်ရေးတွင် ကွမ်တမ်နည်းပညာဖြင့် တရုတ်က ရှေ့တစ်လှမ်းတိုး

    ဇွန် ၁၆၊ ၂၀၁၇
    M-Media

    – လက်ရှိ ကမ္ဘာမှာ အသုံးပြုနေတဲ့ အင်တာနက်ထက် ပိုပြီးလုံခြုံတဲ့ ဆက်သွယ်မှုကို ပေးနိုင်မယ့် ကွမ်တမ်နည်းပညာသုံး ဂြိုဟ်တုတစ်ခု စမ်းသပ်မှု အောင်မြင်တယ်လို့ တရုတ်က ပြောကြားလိုက်ပါတယ်။

    ‘သူလျှို ဂြိုဟ်တု’ ( Micius) လို့ အမည်ရတဲ့ အဲဒီ အာကာသယာဉ်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ဂိုဘီ သဲကန္တရာရကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ကွမ်တမ်သိပ္ပံ နိယာမသုံး ဂြိုဟ်တုတွေထဲမှာတော့ ပထမဆုံး ဖြစ်ပါတယ်။

    အလင်းစနစ်ကို အခြေခံတဲ့ အဲဒီဂြိုဟ်တုဟာ တောင်တွေပေါ်မှာ တည်ဆောက်ထားပြီး တစ်ခုနဲ့တစ်ခု ကီလိုမီတာ ၁၂၀၀ အကွာအဝေးတဲ့ မြေပြင်အခြေစိုက်စခန်း ၂ ခုကို အလင်းအမှုန် (ဖိုတွန်) လေးတွေနဲ့ ဆက်သွယ်ကာ လျှို့ဝှက် မက်ဆေ့ခ်ျတွေကို ၀ှက်တာ၊ ဖော်တာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

    “ဒါဟာ ကမ္ဘာ့ ကွမ်တမ် အာကာသပြိုင်ပွဲ အစဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ စမ်းသပ်မှုခေါင်းဆောင် သုတေသနပညာရှင် ကျင့်ဝေဖန်းက ပြောကြားခဲ့ပါတယ်။

    ကွမ်တမ်နည်းပညာသုံး ဆက်သွယ်ရေးစနစ်ဟာ အွန်လိုင်းဘဏ္ဍာရေးဝန်ဆောင်မှုမှာ လက်ရှိ အသုံးပြုနေတဲ့ နည်းစနစ်နဲ့ ဆင်တူပါတယ်။ ၀ယ်ယူသူက ဘဏ္ဍာရေးအချက်အလက်တွေကို ပုံဖျက်ပြီး ပို့ပေးကာ တစ်ဖက်က ဆိုင်ရှင်ဆီရောက်မှ ဒီပုံဖျက်ထားတဲ့ အချက်အလက်တွေကို ဖော်တာဖြစ်ပါတယ်။

    ဒါပေမယ့် လက်ရှိအသုံးပြုနေတဲ့နည်းဟာ ကြားဝင်နှောက်ယှက်နိုင်ပြီး ကွမ်တမ်နည်းပညာသုံး ဆက်သွယ်မှုစနစ်ကတော့ ပိုပြီး လုံခြုံမှာ ဖြစ်ပါတယ်။

    Ref: BBC

  • အကြီးစားဂြိုဟ်တု လွှတ်တင်နိုင်သည့် လက်တစ်ဆုပ်စာနိုင်ငံများတွင် အိန္ဒိယ ပါဝင်လာ

    အကြီးစားဂြိုဟ်တု လွှတ်တင်နိုင်သည့် လက်တစ်ဆုပ်စာနိုင်ငံများတွင် အိန္ဒိယ ပါဝင်လာ

    ဇွန် ၆၊ ၂၀၁၇
    M-Media

    – အိန္ဒိယဟာ ၃ တန်ကျော်လောက်ရှိတဲ့ ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်းကြောင်းထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး အလေးချိန်ကြီးတဲ့ ဂြိုဟ်တုတွေ လွှတ်တင်နိုင်တဲ့ လက်တစ်ဆုပ်စာ နိုင်ငံတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။

    GSAT-19 လို့ အမည်ပေးထားတဲ့ အဲဒီ ဂြိုဟ်တုကို မနေ့က Satish Dhawan အာကာသစင်တာကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ၀န်ကြီးချုပ် မိုဒီကတော့ ဒါဟာ တိုင်းပြည်အတွက် ဂုဏ်ယူစရာကောင်းတဲ့အချိန် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုအချိန်အထိ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်နဲ့ ဥရောပအာကာသအေဂျင်စီတို့ကသာ ၃ တန်အထက်ကျော်တဲ့ အာကာသယာဉ်တွေကို လွှတ်တင်နိုင်တာပါ။

    အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ဒုံးပျံတွေထဲမှာ အားအကောင်းဆုံးဖြစ်တဲ့ GSLV Mk-III ဒုံးပျံကို အသုံးပြုကာ လွှတ်တင်ခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ အာကာသ စီမံကိန်းအတွက် ဒီ ဒုံးပျံကို အပြောင်းအလဲအဖြစ် ယူဆထားပါတယ်။

    အရင်က ၂၃၀၀၀ ကီလိုဂရမ်ထက်ကျော်တဲ့ ဂြိုဟ်တုတွေကို လွှတ်တင်ဖို့အတွက် အိန္ဒိယဟာ ပြင်သစ်ကို ငွေကြေးပေးခဲ့ရပါတယ်။

    “အရင်တုန်းကဆိုရင် နိုင်ငံခြားကနေ ကျွန်တော်တို့ရဲ့ ဂြိုဟ်တုတွေကို လွှတ်တင်ရတာပါ။ အိန္ဒိယ အာကာသစီမံကိန်းဟာ အခုအချိန်မှာတော့တော့ လုံးဝ ပြည်ထွင်းဖြစ် ဖြစ်ပါပြီ” လို့ အိန္ဒိယ အာကာသ သုတေသနအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီပီ ကာရ်နစ်က ပြောကြားခဲ့ပါတယ်။

    GSLV Mk III ဒုံးပျံဟာ ကီလိုဂရမ် ၄ ထောင် အလေးချိန်လောက်ကို အာကာသထဲ သယ်သွားနိုင်ပြီး အရင်က အိန္ဒိယအာကာသစီမံကိန်းမှာ သယ်ဆောင်နိုင်တဲ့ ပမာဏထက် ၂ ဆလောက် မြင့်တက်သွားတာပါ။

    GSAT-19 ဂြိုဟ်တု လွှတ်တင်နိုင်မှုကြောင့် နိုင်ငံရဲ့ အင်တာနက် ချိတ်ဆက်မှုနဲ့ မြန်နှုန်းကို အားကောင်းစေမှာဖြစ်ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ အိန္ဒိယဟာ ဟောလီးဝုဒ်ရုပ်ရှင်ကား Gravity ရိုက်ကူးစားရိတ်ထက် နည်းတဲ့ငွေကြေးနဲ့ အင်္ဂါဂြိုဟ် စူးစမ်းရေးယာဉ်ကို လွှတ်တင်နိုင်ခဲ့ပြီး၊ အခုနှစ် ဖေဖော်ဝါရီလမှာလည်း ကမ္ဘာ့စံချိန်တင် ဂြိုဟ်တု ၁၀၄ လုံးကို တစ်ကြိမ်တည်း လွှတ်တင်နိုင်ခဲ့ပါတယ်။

    အခုနောက်ဆုံး အောင်မြင်မှုကို ကမ္ဘာ့အာကာသဈေးကွက်မှာ ထိပ်တန်းနိုင်ငံဖြစ်လာရေး ကြိုးပမ်းမှုမှာ အဓိက ခြေလှမ်းတစ်လှမ်းအဖြစ် ရှုမြင် ကြပါတယ်။

    Ref: CNN

  • အိန္ဒိယ ဆယ်ကျော်သက်တစ်ဦး ကမ္ဘာ့အသေးဆုံး ဂြိုဟ်တုကို တီထွင်နိုင်

    အိန္ဒိယ ဆယ်ကျော်သက်တစ်ဦး ကမ္ဘာ့အသေးဆုံး ဂြိုဟ်တုကို တီထွင်နိုင်

    မေ ၁၆၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်က အသက် ၁၈ နှစ်အရွယ် ကျောင်းသားလေး ရီဖသ် ရှာရွတ်ဟာ ကမ္ဘာ့အသေးငယ်ဆုံး ဂြိုဟ်တုလေးကို တီထွင်ခဲ့ပြီး အာကာသနယ်ပယ်မှာ ကမ္ဘာ့စံချိန်သစ်တစ်ခုကို တင်လိုက်နိုင်ပါတယ်။

    KalamSat လိုအမည်ပေးထားတဲ့ အဲဒီဂြိုဟ်တုလေးဟာ ၆၄ ဂရမ်သာ အလေးချိန်ရှိပြီး Wallops ကျွန်းက နာဆာ ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ ဇွန်လ ၂၁ ရက်နေ့မှာ လွှတ်တင်မှာဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယကျောင်းသားတစ်ယောက်ရဲ့ စမ်းသပ်မှုကို နာဆာက ပထမဆုံး လွှတ်တင်တာလည်း ဖြစ်ပါတယ်။

    ပါလာပတ္တီဆိုတဲ့ ရွာငယ်လေးမှာ နေထိုင်တဲ့ ရီဖသ်က Times of India ကို ပြောကြားရာမှာ မိနစ်ပေါင်း ၂၄၀ ကြာမြင့်မယ့် ဒီခရီးစဉ်မှာ ဂြိုဟ်တုလေးဟာ ကမ္ဘာ့ဆွဲအားမရှိတဲ့ ဟင်းလင်းပြင်မှာ လှည့်ပတ်မှုက ၁၂ မိနစ် ကြာမြင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ဂြိုဟ်တုလေးရဲ့ အဓိကအခန်းကဏ္ဍက 3-D ပရင့်ထုတ်ထားတဲ့ ကာဘွန်ကြိုးမျှင်ရဲ့ စွမ်းဆောင်ရည်ကို သိရှိဖို့ ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

    ဒီ ဂြိုဟ်တုလေးကို နာဆာနဲ့ I Doodle Learning အဖွဲ့တို့က ပူးပေါင်းကျင်းပတဲ့ Cubes in Space ပြိုင်ပွဲကနေ ရွေးချယ်တာဖြစ်ပါတယ်။

    ဒီပြိုင်ပွဲက ၄ မီတာရှည်တဲ့ ပြွန်လေးထဲမှာ ထည့်လို့ရပြီး အလေးချိန် ၆၄ ဂရမ် အတိအကျရှိမယ့် ဂြိုတုတစ်ခု စမ်းသပ်တည်ဆောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    “ကမ္ဘာတစ်ဝှမ်းက ကွဲပြားတဲ့ ပြွန်ပုံစံ ဂြိုဟ်တုတွေကို ကျွန်တော်တို့ အများကြီး သုတေသနလုပ်ခဲ့ပြီး ကျွန်တော်တို့ဟာက အပေါ့ဆုံးဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်” လို့ ရီဖသ်က ပြောကြားခဲ့ကာ ဂြိုဟ်တုကို အဓိကအားဖြင့် သံအမျှင်ထည့်ထားတဲ့ ကာဘွန်ဖိုက်ဘာ ပေါ်လီမာနဲ့ လုပ်တာဖြစ်ပြီး ပစ္စည်းတစ်ချို့ကို နိုင်ငံ
    ခြားနဲ့ တစ်ချို့ကို ပြည်တွင်းကနေ ရရှိတယ်လို့ ဆိုပါတယ်။

    Ref: Times of India

  • ကမ္ဘာ့ အားအကောင်းဆုံး ဒုံးပျံကို Space X စမ်းသပ်အောင်မြင်

    ကမ္ဘာ့ အားအကောင်းဆုံး ဒုံးပျံကို Space X စမ်းသပ်အောင်မြင်

    မေ ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန် အာကာသဆိုင်ရာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Space X ဟာ ကမ္ဘာ့ အားအကောင်းဆုံး ဒုံးပျံတစ်ခုရဲ့ အင်ဂျင်ပိုင်းဆိုင်ရာ စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး အင်္ဂါဂြိုဟ်ကို သွားရောက်နိုင်ဖို့အတွက် သူတို့ရဲ့ စီမံကိန်းမှာ ရှေ့တစ်လှမ်း တိုးလိုက်နိုင်တာလည်း ဖြစ်ပါတယ်။

    Falcon Heavy လို့အမည်ပေးထားတဲ့ အဲဒီဒုံးပျံရဲ့ မြေပြင်မှပျံတက်အားဟာ ဘိုးအင်း ၇၄၇ လေယာဉ် ၁၈ စီးရဲ့ စွမ်းအင်နဲ့ ညီမျှပြီး ဒီနှစ်နွေရာသီနှောင်းပိုင်းမှာ လက်တွေ့ လွှတ်တင်စမ်းသပ်မှုကို ပြုလုပ်မှာ ဖြစ်ပါတယ်။

    ဒီ ဒုံးပျံဟာ လက်ရှိ နိုင်ငံတကာ အာကာသစခန်းကို ပစ္စည်းတွေပို့ရာမှာ အသုံးပြုနေတဲ့ Falcon 9 ကို အကြီးအကျယ် အဆင့်မြှင့်တင်ထားတာဖြစ်ပြီး မြေပြင်က ထွက်ခွာအားကတော့ ပိုကောင်းလာကာ ကမ္ဘာပတ်လမ်းကြောင်းကို အလေးချိန် ပေါင် ၁ သိန်း ၄ သောင်း၊ အင်္ဂါဂြိုဟ်ကို ပေါင် ၃၇၀၀၀ သယ်ဆောင်နိုင်မှာဖြစ်ပါတယ်။

    အင်္ဂါနေ့က Space X ဟာ တက္ကဆက်ပြည်နယ်က သူတို့ရဲ့ ကုမ္ပဏီဝင်းမှာ Falcon Heavy ဒုံးပျံရဲ့ အင်ဂျင်စမ်းသပ်မှု ဗီဒီယိုကို Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    ကုမ္ပဏီပိုင်ရှင် အေလွန် မက်စ်က ဒီ ဒုံးပျံကို ၂၀၁၃ ခုနှစ်မှာ ထုတ်ပြမယ်လို့ ပြောကြားထားပေမယ့် အခုမှ ထွက်ပေါ်လာတာပါ။

    အခု ဒုံးပျံအသစ်နဲ့ ၂၀၁၇ ခုနှစ်မှာ လကမ္ဘာကို ခရီးသွား ၂ ဦး ပို့ဆောင်ပေးဖို့ Space X က စီစဉ်ထားပြီး၊ အင်္ဂါဂြိုဟ်ကို သွားရောက်နိုင်ရေး စီမံကိန်းအတွက် ကနဦးခြေလှမ်းလည်း ဖြစ်ပါတယ်။

    Ref: RT