News @ M-Media

Tag: Space

  • တရုတ်က ပထမဆုံး ကုန်တင်အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်

    တရုတ်က ပထမဆုံး ကုန်တင်အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်

    ဧပြီ ၂၁၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံမှာ ၎င်းတို့၏ ပထမဆုံး အာကာသ ကုန်တင်ယာဉ်ကို ယမန်နေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အမြဲတမ်းလူနေထိုင်နိုင်မည့် အာကာသစခန်းတစ်ခု တည်ဆောက်ရေး ရည်ရွယ်ချက်အတွက် တိုးတက်မှုတစ်ခုလည်းဖြစ်သည်။

    Tianzhou-1 ကုန်တင် အာကာသယာဉ်ကို နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် Wenchang အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ Long March-7 Y2 ဒုံးပျံဖြင့် ယမန်နေ့ညနေပိုင်းတွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပိုင်ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။

    အဆိုပါကုန်တင်ယာဉ်မှာ ကုန်ပစ္စည်း ၆ တန်၊ လောင်စာ ၂ တန် သယ်ဆောင်သွားပြီး လူမပါဘဲ ၂ လအထိ ပျံသန်းနိုင်မည်ဖြစ်သည်။

    Tianzhou-1 အာကာသယာဉ်မှာ Tiangong 2 အာကာသဓာတ်ခွဲခန်းနှင့် ၂ ရက်အတွင်း ချိတ်ဆက်မည်ဖြစ်သည်။ အဆိုပါ အာကာသဓာတ်ခွဲခန်းသို့ ပြီးခဲသည့်နှစ် အောက်တိုဘာလက တရုတ်အာကာသယာဉ်မှူး ၂ ဦး သွားရောက်ခဲ့ပြီး တစ်လတာ နေထိုင်ခဲ့သည်။

    နိုင်ငံပိုင်မီဒီယာကမူ ယခု ကုန်တင် အာကာသယာဉ် လွှတ်တင်နိုင်မှုက တရုတ်နိုင်ငံ၏ အာကာသစခန်း တည်ဆောက်ရေးအတွက် အရေးပါသည့် နည်းပညာဆိုင်ရာ အခြေခံကို ရရှိစေသည်ဟု ဖော်ပြခဲ့သည်။

    တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အားကောင်းစေရန်အတွက် အာကာသအစီအစဉ်ကို တိုးမြှင့်ဆောင်ရွက်ရန် အဓိကထား လုပ်ဆောင်နေသည်။

    Ref: Aljazeera

  • လကမ္ဘာသို့ ခရီးသွားအစီအစဉ် လာမည့်နှစ်စမည်

    လကမ္ဘာသို့ ခရီးသွားအစီအစဉ် လာမည့်နှစ်စမည်

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇
    M-Media

    – လာမယ့်နှစ်မှာ လကမ္ဘာ ပတ်ဝန်းကျင်ကို သွားရောက်ဖို့အတွက် အမေရိကန်နိုင်ငံသား ၂ ဦးက ပိုက်ဆံပေးထားလိုက်ပြီလို့ အမေရိကန် နည်းပညာကုမ္ပဏီ SpaceX က ပြောကြားလိုက်ပါတယ်။

    အမေရိကန်ဟာ ၁၉၆၀ နဲ့ ၇၀ ပြည့်နှစ်တွေမှာ နာဆာရဲ့ Apollo အာကာသယာဉ် ခရီးစဉ်တွေပြီးကတည်းက လပေါ်ကို လူစေလွှတ်ခြင်းမရှိတော့ပါဘူး။

    “နောက်နှစ် နှောင်းပိုင်းလောက်မှာ သာမန်နိုင်ငံသား ၂ ဦး လကမ္ဘာပတ်ဝန်းကျင်ကို ပျံသန်းဖို့ SpaceX က သဘောတူညီခဲ့ပြီဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ကြေငြာလိုပါတယ်။ ဒါဟာ ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နက်ရှိုင်းတဲ့ အာကာသကို လူသားတွေ ပြန်သွားဖို့ အခွင့်အရေးတစ်ခုကို ဖော်ကျူးလိုက်တာလည်း ဖြစ်ပါတယ်။ ပြီးတော့ သူတို့ဟာ အရင်ကလူတွေထက် နေအဖွဲ့အစည်းထဲကို ပိုမြန်မြန်နဲ့ ပိုဝေးဝေေ၀း သွားမှာဖြစ်ပါတယ်” လို့ SpaceX အကြီးအကဲ အေလွန် မက်စ်က မနေ့မှာထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    သွားမယ့်လူတွေရဲ့ အမည်ကိုတော့ ဖော်ပြခဲ့ခြင်းမပြုဘဲ သူတို့ဟာ စရံတော်တော်များများ ပေးထားတယ်လို့လည်းဆိုပါတယ်။ သွားမယ့် ခရီးသည် ၂ ဦးအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ၊ လေ့ကျင့်သင်ကြားမှုတွေကို ဒီနှစ်နှောင်းပိုင်းမှာ ပြုလုပ်မယ်လို့လည်း မက်စ်က ပြောပါတယ်။

    “အခြားသော ပျံသန်းမယ့်အဖွဲ့တွေကလည်း တော်တော်လေး စိတ်ဝင်စားကြောင်း ပြောပါတယ်။ နောက်ထပ် ခရီးစဉ်တွေ ထပ်လာဖို့လည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ပျံသန်းမယ့် အဖွဲ့တွေအကြောင်းနဲ့ ကာယကံရှင်တွေတွေရဲ့ ခွင့်ပြုမှုအပေါ်မူတည်ပြီး ကျန်းမာရေး၊ ကြံ့မှုမှု ရလဒ်တွေလို ထပ်ဆောင်း အချက်အလက်တွေကိုလည်း ထုတ်ပြန်သွားမှာပါ။ ဒါပေမယ့် သွားမယ့်လူတွေဟာ ဟောလီးဝုဒ်ကတော့ မဟုတ်ပါဘူး”

    အဲဒီခရီးသွားတွေဟာ SpaceX ရဲ့ အာကာသယာဉ် Crew Dragon ကို စီးနင်း လိုက်ပါမှာဖြစ်ပြီး ဒီနှစ်နောက်ပိုင်းမှာ ဒီယာဉ်ကို လူမဲ့စမ်းသပ်ဖို့ ရှိနေပါတယ်။ ဒီယာဉ်ဟာ နိုင်ငံတကာ အာကာသစခန်းကို ပစ္စည်းတွေပို့ရာမှာ အသုံးပြုတဲ့ယာဉ်ကို အခြေခံပြီး တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

    Ref : Aljazeera

  • အာကာသ သမိုင်းတွင် အိန္ဒိယက စံချိန်သစ်တင်

    အာကာသ သမိုင်းတွင် အိန္ဒိယက စံချိန်သစ်တင်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံမှာ ဒုံးပျံတစ်ခုတည်းဖြင့် ဂြိုဟ်တုပေါင်း ၁၀၄ လုံးကို ကမ္ဘာပတ်လမ်းကြောင်းသို့ ယနေ့တွင် အောင်မြင်စွာ လွှင်တင်နိုင်ခဲ့ပြီး အာကာသသမိုင်းတွင် တစ်ကြိမ်တည်းဖြစ့် ဂြိုဟ်တုအများဆုံး လွှတ်တင်နိုင်သော စံချိန်ကို ရရှိခဲ့သည်။

    နိုင်ငံအရှေ့ပိုင်း ဆရီဟာရီကိုတာ အာကသ စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ၃ ခုမှလွဲ၍ ကျန်ဂြိုဟ်တုအားလုံးမှာ နိုင်ငံခြားမှဖြစ်သည်။ အမေရိကန်မှ ဂြိုဟ်တုပေါင်း ၉၆ ခု ပါဝင်ပြီး၊ အစ္စရေး၊ ကာဇက်ခ်စတန်၊ ယူအေအီး၊ ဆွစ်ဇာလန်နှင့် နယ်သာလန်တို့မှ ဂြိုဟ်တုများလည်း ပါဝင်သည်။

    ၂၀၁၄ ခုနှစ်တွင် ရုရှားက ဒုံးပျံတစ်ခုတည်းဖြင့် ဂြိုဟ်တုပေါင်း ၃၇ လုံးတင်ကာ စံချိန်တင်ခဲ့သော်လည်း အိန္ဒိယက ထိုစံချိန်အား ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

    ယခုကဲ့သို့ လွှင်တင်နိုင်မှုက အိန္ဒိယမှာ ဘီလီယံနှင့်ချီသော အာကာသဈေးကွက်တွင် အဓိကကျသည့် နိုင်ငံအဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

    အိန္ဒိယမှ မြေပုံဆိုင်ရာ ဂြိုဟ်တုတစ်ခုလည်း အဆိုပါ ဒုံးပျံတွင် ပါဝင်သွားပြီး အရည်အသွေးမြင့် ပုံရိပ်များကို ရိုက်ကူးနိုင်သည့် ထိုဂြိုဟ်တုမှာ ဒေသတွင်း ပြိုင်ဘက်များဖြစ်သော ပါကစ္စတန်နှင့် တရုတ်တို့ကို စောင့်ကြည့်ရန် အသုံးပြုမည်ဟု မျှော်လင့်ရသည်။

    အခြားသော နိုင်ငံများထက် ကုန်ကျစားရိတ် သက်သာခြင်း၊ ယုံကြည်စိတ်ချရခြင်းတို့ကြောင့် အိန္ဒိယမှာ ပြီးခဲ့သည့် နှစ် ၂၀ အတွင်း အာကာသ စီးပွားရေးနယ်ပယ်တွင် လေးစားခံလာရပြီး အိန္ဒိယအစိုးရကလည်း နိုင်ငံ၏ အာကာသ စီမံကိန်းအတွက် ဘက်ဂျက်ကို တိုးမြှင့် သုံးစွဲလာသည်။ အိန္ဒိယမှာ သောကြာဂြိုဟ်သို့ ဂြိုဟ်တု စေလွှတ်ရန်လည်း အစီအစဉ် ရှိနေသည်။

    Ref: BBC

  • အင်္ဂါဂြိုဟ်ကို မိမိတို့ ပထမဆုံးရောက်မယ်လို့ ကြေငြာလိုက်တဲ့ ဘိုးအင်း

    အင်္ဂါဂြိုဟ်ကို မိမိတို့ ပထမဆုံးရောက်မယ်လို့ ကြေငြာလိုက်တဲ့ ဘိုးအင်း

    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media

    mars

    – အခုနာမည်ကြီးနေတဲ့ Space X ဒုံးပျံကိုကျော်ပြီး မိမိတို့ရဲ့ ဒုံးပျံက အင်္ဂါဂြိုဟ်ထံကို ပထမဆုံး လူသား ခေါ်ဆောင်သွားနိုင်မယ်လို့ ဘိုအင်းကုမ္ပဏီက ကြေငြာလိုက်ပါတယ်။

    Space X ကုမ္ပဏီဟာ အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် နာဆာနဲ့ ဂြိုဟ်တုများ လွှတ်တင်နိုင်ရေး ဒုံးပျံတွေကို တည်ဆောက်နောဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာပဲ ကုမ္ပဏီက စီအီးအိုက အဲလွန် မက်စ်က မိမိတို့အနေနဲ့ အင်္ဂါဂြိုဟ်ကိုသွားဖို့ ကြီးကျယ်တဲ့ စီမံကိန်းတွေ ရှိနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    “အင်္ဂါဂြိုဟ်ကို ပထမဆုံး ခြေချမယ့်သူဟာ ဘိုးအင်းရဲ့ ဒုံးပျံကို စီးသွားရမယ်ဆိုတာ ကျွန်တော် ယုံကြည်နေပါတယ်” လို့ ဘိုးအင်းကုမ္ပဏီရဲ့ စီအီးအို ဒန်းနစ် မူလင်ဘာ့ဂ်က ယမန်နေ့ ချီကာဂိုမှာပြုလုပ်တဲ့ အာကာသဆိုင်ရာ အခမ်းအနားတစ်ခုမှာ ပြာကြားခဲ့ပါတယ်။

    မက္ကဆီကိုမှာ မက်စ် ဖွင့်ချခဲ့တဲ့ အင်္ဂါဂြိုဟ်သွား စီမံကိန်းမှာ ဂြိုဟ်အတွင်း မြို့တည်ထောင်မယ့် အစီအစဉ်၊ လူထောင်ပေါင်းများစွာက Space X ဒုံးပျံတွေနဲ့ သွားရောက်နေတဲ့ ပုံရိပ်တွေကို ဖန်တီးပြသခဲ့ပါတယ်။

    ဘိုးအင်းအကြီးအကဲ မူလင်ဘာ့ဂ်ကလည်း သိပ်မကြာခင်အချိန်အတွင်းမှာပဲ လူသားတွေဟာ အခြားသော ဂြိုဟ်တွေကို အလွယ်တကူ ခရီးသွားနိုင်တော့မှာဖြစ်ပြီး မိမိတို့ရဲ့ ရည်မှန်းချက်ကတော့ နောက်ရာစုနှစ်မှာ အာကာသခရီးသွားလုပ်ငန်းနဲ့ အာကာသစူးစမ်းရှာဖွေရေးကဏ္ဍမှာ အဓိကကျတဲ့ တိုးတက်မှုတွေကို ပြုလုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ပြီးခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ လူသားတွေဟာ ကမ္ဘာပေါ်မှာ လမ်းလျှောက်ရာကနေ၊ လပေါ်မှာ လမ်းလျှောက်နိုင်ခဲ့တယ်ဆိုတာကို တွေးကြည့်ရင် အံ့သြလောက်စရာ ဖြစ်မှာပါ။ ကျွန်တော်တို့ဟာ မြင်းစီးနေတဲ့ ဘ၀ကနေ လေယာဉ်ပေါ် တက်နိုင်ခဲ့ကြပါတယ်” လို့ မူလင်ဘာ့ဂ်က ပြောကြာခဲ့ပါတယ်။

    ပြီးတော့ နောက်ရာစုနှစ်အတွင်း တီထွင်ဖန်တီးမှုတွေဟာ နည်းပညာရပ်ဝန်းမှာ ကြီးကျယ်ပြီး ထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်မှာဖြစ်ကြောင်း၊ အလွန်လျင်မြန်တဲ့ ခရီးသွားလာမှု၊ နာရီအနည်းငယ်အတွင်းမှာ ကမ္ဘာ့ဘယ်နေရာကိုမဆို ဆက်သွယ် သွားလာနိုင်စွမ်းကို ရရှိမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နာဆာက မိမိတို့ဟာ အင်္ဂါဂြိုဟ်ကို Space Launch System (SLS) ဒုံးပျံနဲ့ ၂၀၃၀ ပြည့်နှစ်တွေမှာ လူသားလွှတ်နိုင်ဖို့အတွက် ရည်မှန်းထားတယ်လို့ ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နာဆာရဲ့ ရေရှည် မိတ်ဖက်ဖြစ်တဲ့ ဘိုးအင်းဟာ Space Launch System (SLS) စနစ်ရဲ့ အဓိကအခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    Ref: yahoo.com

  • လကမ္ဘာအနီးမှာ အာကာသစခန်းတစ်ခုဆောက်မယ့် နာဆာ

    လကမ္ဘာအနီးမှာ အာကာသစခန်းတစ်ခုဆောက်မယ့် နာဆာ

    သြဂုတ် ၁၇၊ ၂၀၁၆
    M-Media

    habitat
    အာကာသစခန်း မြေပြင်ပုံတူတစ်ခု

    – အမေရိကန်က အာကာသ စူးစမ်းလေ့လာရေးဌာန နာဆာဟာ အင်္ဂါဂြိုဟ်သွားဖို့နဲ့ စကြာဝဠာကြီးကို ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာဖို့ သူတို့ရဲ့ စီမံကိန်းမှာ အရေးပါတဲ့အဆင့် ဖြစ်လာမယ့် အစီအစဉ်တစ်ခုကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ထုတ်ဖော်ကြေငြာလိုက်ပါတယ်။

    ဒါကတော့ လအနီးမှာ အာကာသစခန်းတစ်ခုဆောက်ပြီး အာကာသယာဉ်မှူးတွေကို ထားဖို့ပါပဲ။ Next Space Technologies for Exploration Partnerships-2 (NextSTEP-2) လို့ အမည်ပေးထားတဲ့ အဲဒီစီမံကိန်းဟာ ယူရို ၆၅ သန်းလောက် ကုန်ကျမှာဖြစ်ပြီး အာကာသ စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။

    အဲဒီ အာကာသစခန်းရဲ့ မျှော်လင့်ချက်ကတော့ အင်္ဂါဂြိုဟ်သွားမယ့် ခရီးစဉ်အတွက် စမ်းသပ်ရာနေရာဖြစ်လာမယ့် လကမ္ဘာအနီးက အာကာကခရီးစဉ်တွေကို အထောက်အကူဖြစ်စေဖို့ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီအာကာသစခန်းကို မြေပြင်မှာ ပုံတူလုပ်မှာဖြစ်ပြီး စခန်းရဲ့ ဒီဇိုင်းနဲ့ အာကာသထဲရောက်သွားတဲ့အခါ ဘယ်လိုကိုင်တွယ်လည်ပတ်မလဲ ဆိုတာကို စမ်းသပ်သွားမှာပါ။

    လက်ရှိအသုံးပြုနေပြီး ကမ္ဘာပတ်လမ်းကြောင်းမှာရှိနတဲ့ နိုင်ငံတကာအာကသစခန်းလိုပဲ အခု လအနားမှာ တည်ဆောက်မယ့် ဒီအာကာသစခန်းဟာ အာကာသယာဉ်မှူးတွေရဲ့ ကွန်းခိုရာနေရာတင်မကဘဲ သုတေသနတွေပါ ပြုလုပ်နိုင်မယ့် နေရာတစ်ခုဖြစ်မယ်လို့ ဆိုပါတယ်။

    နာဆာကတော့ ဒီ အာကာသစခန်းရဲ့ ဒီဇိုင်းမှာ ပင်မယာဉ်နဲ့ ချိတ်ဆက်နိုင်စွမ်း၊ အသက်ရှင်ရပ်တည်ရေးစနစ်၊ ဓာတ်ရောင်ခြည် ကာကွယ်ရေးစနစ်၊ စောင့်ကြည့်ရေးစနစ်၊ ဘေးန္တရာယ်ကင်းရှင်းရေး နည်းပညာ၊ အာကာသယာဉ်မှူးတွေရဲ့ ကျန်မာရေးစောင့်ရှောက်မှုစနစ်တွေအပါအ၀င် ဆန်းပြားတဲ့ စနစ်တွေကို ပေါင်းစည်းအသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref : RT