News @ M-Media
Tag: SriLanka
  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၂၉၊ ၂၀၁၈
    M-Media
    ပျက်ကျသွားသည့် အင်ဒိုလေယာဉ်၏ လမ်းကြောင်း
    အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ်တစ်စင်း ဂျာဗားပင်လယ်ထဲပျက်ကျ
    ==============
    မြို့တော်ဂျကာတာကနေ ဆူမားတြားကျွန်းကို ဒီနေ့မနက်ပိုင်းက ပျံသန်းသွားတဲ့ အင်ဒိုနီးရှား ပြည်တွင်းလေကြောင်း Lion Air က ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပင်လယ်ထဲမှာ ပျက်ကျသွားတယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။ Boeing 737 MAX 8 အမျိုးအစား လေယာဉ်ဟာ ပျံတက်ပြီး ၁၃ မိနစ်အကြာမှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။ လိုက်ပါသွားသူဦးရေ၊ သေဆုံးသူ၊ ပျောက်ဆုံးသူဦးရေတို့ကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ သြဂုတ်လအတွင်းကလည်း နိုင်ငံအရှေ့ပိုင်း တောတောင်ထူထပ်တဲ့ဒေသမှာ ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ၈ ဦးသေဆုံးကာ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးသာ အသက်ရှင်ကျန်ရစ်ပါတယ်။
    ရဟတ်ယာဉ်ပျက်ကျမှုအတွင်း အသင်းပိုင်ရှင် သေဆုံးသွားကြောင်း လက်စတာ အတည်ပြု
    ===============
    စနေနေ့က ကွင်းရဲ့ ကားပါကင်မှာ ရဟတ်ယာဉ် ပျက်ကျပေါက်ကွဲမှုအတွင်း လိုက်ပါသွားသူ ၅ ဦးစလုံး သေဆုံးသွားခဲ့ပြီး အသင်းပိုင်ရှင် ထိုင်းသူဌေး ဗီချိုင်းလည်း ပါဝင်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းက မနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။ ဗီချိုင်းဟာ လက်စတာကို ပထမတန်းမှာ ကစားနေတဲ့အချိန် ၂၀၁၀ ခုနှစ်က ပေါင် ၃၉ သန်းနဲ့  ၀ယ်ယူခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ လက်စတာအသင်းက အသက် ၆၀ အရွယ် ဗီချိုင်း ကွယ်လွန်တာကို အတည်ပြုခဲ့ပေမယ့် ကျန်တဲ့ သေဆုံးသူ ၄ ဦးဟာ ဘယ်သူဘယ်ဝါ ဖြစ်လဲဆိုတာကို မထုတ်ပြန်ခဲ့ပါဘူး။ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဟာ ဗီချိုင်းရဲ့ ရဟတ်ယာဉ်ဖြစ်ပြီး သူ့သမီးဖြစ်သူလည်း လိုက်ပါသွားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
    သီရိလင်္ကာတွင် နိုင်ငံရေး မငြိမ်သက်မှုကြောင့် လူ ၁ ဦးသေဆုံး
    ====================
    သောကြာနေ့မှာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ သီရိလင်္ကာ ၀န်ကြီးချုပ် ရာနီးလ် ၀စ်ကရီမီဆင်ဟီအစိုးရက ရေနံဝန်ကြီးရဲ့ သက်တော်စောင့်ဟာ မနေ့က မြို့တော်ကိုလံဘိုမှာရှိတဲ့ ဆန္ဒပြလူအုပ်အတွင်း သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူတစ်ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သမ္မတ ဆရီဆီနာက စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ သူ့ကို လုပ်ကြံဖို့ ကြိုးစားမှုတွေကြောင့် ရာနီးလ်ကို ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ ဆိုပေမယ့် အခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ရာနီးလ်ဟာ ရာထူးကနေဆင်းပေးဖို့ ငြင်းဆိုထားပြီး မနေ့က သူ့လက်အောက်မှာရှိတဲ့ ရေနံဝန်ကြီးဟာ ၀န်ကြီးဌာန ရုံးခန်းကို ၀င်ရောက်ဖို့ ကြိုးစားစဉ်အတွင်း ဆရီဆီနာကို ထောက်ခံတဲ့ လူအုပ်ရဲ့တားဆီးမှုကို ကြုံတွေ့ခဲ့ရပြီး ပစ်ခတ်မှုအထိ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
    ကာရှိုဂျီအသတ်ခံရမှု အထောက်အထားများအားလုံးကို တူရကီက ဆော်ဒီကို ပြမည်
    =================
    အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီ အသတ်ခံရမှု ကိစ္စကို စုံစမ်းစစ်ဆေးနေတဲ့ တူရကီ တာဝန်ရှိသူတွေဟာ နိုင်ငံမှာ ရောက်ရှိနေတဲ့ ဆော်ဒီ ရှေ့နေချုပ်ထံ သူတို့ရဲ့ တွေ့ရှိချက်တွေ ပြသသွားမှာဖြစ်ပြီး ကောင်စစ်ဝန်ရဲ့နေအိမ်ကိုလည်း နှစ်နိုင်ငံပူးပေါင်းကာ ထပ်မံရှာဖွေသွားဖို့ ရှိနေပါတယ်။ ကောင်စစ်ဝန်ရဲ့အိမ်ကို အခုလအလယ်ပိုင်းက ၀င်ရောက် ရှာဖွေခဲ့ပေမယ့် အခန်း ၃ ခန်း၊ ပန်းခြံထဲက ပေ ၆၀ နက်တဲ့ ရေတွင်းတွေကို ဆော်ဒီဝန်ထမ်းတွေက ရှာခွင့် မပြုခဲ့ပါဘူး။ တူရကီရဲ့ စုံစမ်းဆေးမှုမှာ ဆော်ဒီဟာ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ စွပ်စွဲမှုတွေ ထွက်ပေါ်နေတဲ့အချိန် ဆော်ဒီ ရှေ့နေချုပ် တူရကီကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
    Ref: Aljazeera
  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၂၈၊ ၂၀၁၈
    M-Media
    လက်စတာစီးတီးအသင်းပိုင်ရှင် ထိုင်းသူဌေး ဗီချိုင်
    သီရိလင်္ကာဝန်ကြီးချုပ် အိမ်တော်မှဆင်းပေးရန် ရာဇသံပေးခံရ
    ============
    သောကြာနေ့က အထုတ်ခံလိုက်ရတဲ့ သိရိလင်္ကာ ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမီဆင်ဟီအနေနဲ့ ၀န်ကြီးချုပ်အိမ်တော်ကနေ ဒီကနေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးဖို့အတွက် နိုင်ငံရေးအတိုက်အခံတွေက တောင်းဆိုလိုက်ပြီး နိုင်ငံအတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြဿနာလည်း ပိုမို နက်ရှိုင်းလာပါတယ်။ သမ္မတ ဆရီဆီနာဟာ ရာနီလ်ကို သောကြာနေ့က ထုတ်ပယ်ခဲ့ပြီး သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆီကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တာပါ။ ဒါပေမယ့် ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်ရာ ရောက်တယ်ဆိုပြီး ရာနီလ်က ရာထူးကနေဆင်းပေးဖို့ ငြင်းဆိုထားပါတယ်။ ဆရီဆီနာဟာ တိုင်းပြည်ရဲ့ လွှတ်တော်ကိုလည်း ရပ်ဆိုင်းထားပါတယ်။
    လက်စတာစီးတီးအသင်းပိုင်ရှင် ထိုင်းသူဌေး၏ ရဟတ်ယာဉ် ကွင်းအနီးပျက်ကျ
    =================
    အင်္ဂလိပ်ပရီးမီးယားလိဂ် လက်စတာစီးတီးအသင်းပိုင်ရှင် ထိုင်းသူဌေး ဗီချိုင်းပိုင်ဆိုင်တဲ့ ရဟတ်ယာဉ်ဟာ မနေ့က ၀က်စ်ဟမ်းနဲ့ ၁ ဂိုးစီ သရေကျတဲ့ပွဲအပြီး ကွင်းကနေ အပြန် ကွင်းရဲ့ကားပါကင်မှာ ပျက်ကျမီးလောင်ခဲ့ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ဗီချိုင်း လိုက်ပါသွားတယ်လို့ သတင်းတွေထွက်နေပေမယ့် စုစုပေါင်း ဘယ်နှစ်ယောက် လိုက်ပါသွားလဲ၊ အခြေအနေ ဘယ်လိုရှိလဲဆိုတာကို ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။ ကွင်းကနေ ပျံတက်ပြီးတဲ့နောက် ရဟတ်ယာဉ်အမြီးပိုင်းက စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားတာဖြစ်တယ်လို့ မျက်မြင်သက်သေတစ်ချို့က ပြောကြားခဲ့ပါတယ်။
    နာဂျစ်ဆီရောက်နေသည့် ဒေါ်လာ သန်း ၆၀၀ ကျော်ကိစ္စ မိမိတို့နှင့် မပတ်သက်ဟု ဆော်ဒီငြင်း
    ==================
    Ref: Aljazerea, CNA
  • စနေနေ့မနက် နိုင်ငံတကာသတင်းများ
    စနေနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၂၇၊ ၂၀၁၈
    M-Media
    သီရိလင်္ကာသမ္မတအိမ်တော်အနီး တွေ့ရသည့် စစ်တပ်အစောင့်အရှောက်များ
    1MDB ငွေပျောက်ဆုံးမှုကို နာဂျစ် ၀န်ခံသော်လည်း သူမပါဟု ဆို
    ==============
    နိုင်ငံပိုင်လုပ်ငန်း 1MDB က ဒေါ်လာ သန်းရာနဲ့ချီ ပျောက်ဆုံးမှုကိစ္စမှာ မူမမှန်တာတွေ ရှိတယ်လို့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က အလ်ဂျာဇီးရားသတင်းဌာနရဲ့ 101 East အစီအစဉ်မှာ ၀န်ခံခဲ့ပြီး ဒီကိစ္စမှာ သူ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ နာဂျစ်ဟာ 1MDB အပါအ၀င် သူတာဝန်ယူစဉ်က ကိစ္စတွေအတွက် ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စုစုပေါင်း စွဲချက် ၃၈ ခုနဲ့ လက်ရှိမှာ တရားစွဲဆိုခံထားရတာပါ။ နာဂျစ်ကတော့ နိုင်ငံရဲ့ငွေ တစ်ပြားတစ်ချပ်မှ ယူထားခြင်းမရှိဘဲ 1MDB ကို သူဦးဆောင်ပေမယ့် ပိုက်ဆံတွေ ပျောက်ဆုံးမှုကို သူမသိလိုက်ကြောင်း၊ သူ့ဘဏ်စာရင်းထဲက ကန်ဒေါ်လာ သန်းပေါင်း ၆၈၁ သန်းဟာ ဆော်ဒီတော်ဝင်မင်းသားက ပေးတဲ့ လက်ဆောင်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 1MDB က ငွေတွေ ပျောက်ဆုံးမှုကို အမေရိကန်နဲ့ စင်ကာပူအပါအ၀င် နိုင်ငံပေါင်း ၆ နိုင်ငံကလည်း စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။
    ဂါဇာဆန္ဒပြမှုတွင် အစ္စရေးလက်ချက်ကြောင့် လူ ၅ ဦး ထပ်မံသေဆုံး
    ===========
    ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့က ပြည်သူတွေရဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးပြီး ၁၇၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်း ၇ သိန်းခွဲရဲ့ မျိုးဆက်တွေ နေရပ်ပြန်ခွင့်ရရေး Great March of Return အမည်နဲ့ မေလကတည်းက ဂါဇာမှာ အပတ်စဉ် ဆန္ဒပြနေတာဖြစ်ပါတယ်။ အဲဒီဆန္ဒပြမှုအတွင်း အစ္စရေးလုံခြုံရေးတွေရဲ့ ပစ်ခတ်နှိမ်နှင်းမှုကြောင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၁၀ ဦး သေဆုံးခဲ့ပြီး ၁၈၀၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
    ဂျော်ဒန်ရေကြီးမှု ၂၀ ကျော်သေဆုံး
    ============
    ဂျော်ဒန်နိုင်ငံက ပင်လယ်သေတစ်ဝိုက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရေကြီးမှုကြောင့် ကလေးငယ်အများစုအပါအ၀င် သေဆုံးသူအရေအတွက်ဟာ ၂၁ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ရေကြီးမှုကြောင့် တံတားကျိုးကျမှုလည်း ရှိခဲ့ပြီး အနည်ဆုံး လူ ၃၀ ဒဏ်ရာရရှိခဲ့ပါတယ်။ ရေကြီးမှုအတွင်း ပျောက်ဆုံးသူတွေလည်း ရှိတာကြောင့် သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာဖွယ် ရှိနေတယ်လို့ ဂျော်ဒန်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ က ဒီကိစ္စမှာ တာဝန်ပေါ့လျော့တဲ့ အာဏာပိုင်တွေကို ဒေါသဖြစ်ပြီး သေဆုံးသွားသူတွေအတွက် ၀မ်းနည်းတယ်လို့ ပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ် အိုမာရ် အလ်-ရာဇက်ဦးဆောင်တဲ့ ဂျော်ဒန်အစိုးရဟာ အချက်အလက်ရှာဖွေရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။
    သီရိလင်္ကာတွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်နေ
    ============
    သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမီ ဆင်ဟီကို ရာထူးကနေ အံ့အားသင့်ဖွယ်ထုတ်ပယ်ကာ သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆီကို ၀န်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒါပေမယ့် ဒါဟာ အခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်ရာ ရောက်နေတဲ့အတွက် ဝေဖန်မှုတွေ ရှိနေပြီး ရာနီလ်ကလည်း သူ့အနေနဲ့ ၀န်ကြီးချုပ်အဖြစ် တရားဝင်ဆက်ရှိနေကြောင်း၊ ဒီကိစ္စကို တရားရုံးမှာ ရင်ဆိုင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သမ္မတဟောင်း ရာဂျာပက်ဆီဟာ သောကြာနေ့က ကိုလံဘိုမှာရှိတဲ့ သူ့အိမ်ကနေ သူ့ကိုထောက်ခံသူတွေကိုပြောကြားတဲ့ မိန့်ခွန်းမှာ ၀န်ကြီးချုပ် ရာနီလ်ကို နှုတ်ထွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ရာဂျာပက်ဆီကို ထောက်ခံသူတွေကလည်း နိုင်ငံပိုင် သတင်းဌာနနှစ်ခုကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။ ရာဂျာပက်ဆီဟာ ခရစ်ယာန်တွေ၊ မွတ်စလင်တွေကို အကြမ်းဖက်တိုက်ခိုက်တဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက်အဖွဲ့ BBS ကို ပ,စားပေးမှုအတွက် ဝေဖန်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရှုံးနိမ့်ချိန်မှာ စစ်တပ်ကိုစည်းရုံးပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။
    Ref: Aljazeera, CNA
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၁၉၊ ၂၀၁၈
    M-Media
    မလေးရှား ဒုတိယ၀န်ကြီးချုပ်ဟောင်း ဟာမီဒီ
    တရုတ်စီမံကိန်းတစ်ခုကို သီရိလင်္ကာ ပယ်ဖျက်
    ==============
    ဒေါ်လာ သန်း ၃၀၀ တန် အိမ်ယာဆောက်လုပ်ရေး စီမံကိန်း တရုတ်ကုမ္ပဏီကို တင်ဒါပေးထားမှုကို သီရိလင်္ကာနိုင်ငံက ပယ်ဖျက်လိုက်ပြီး အိန္ဒိယနိုင်ငံကို လုပ်ခွင့်ပေးဖို့ စီစဉ်နေပါတယ်။ သီရိလင်္ကာနိုင်ငံ တောင်ပိုင်းက တရုတ်ရဲ့ ဆိပ်ကမ်းစီမံကိန်းတွေနဲ့ အခြား အခြေခံအဆောက်အဦး ဆောက်လုပ်မှုတွေဟာ အကြွေးထောင်ချောက်ထဲ ရောက်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတဲ့အချိန် ဒီလို ပယ်ဖျက်လိုက်တာပါ။ အိန္ဒိယဟာ သီရိင်္ကာမြောက်ပိုင်းမှာ အိမ်ယာတွေ၊ လေဆိပ်တစ်ခုနဲ့ ဆိပ်ကမ်းတစ်ခုတို့ကို ဆောက်လုပ်ပေးခဲ့ပါတယ်။ သီရိလင်္ကာဟာ တရုတ်ကို အကြွေးမဆပ်နိုင်တာကြောင့် နိုင်ငံတောင်ပိုင်းက အရေးပါတဲ့ ဆိပ်ကိမ်းတစ်ခုကို နှစ် ၁၀၀ နီးပါး တရုတ်လက်ထဲ ထိုးအပ်ထားရပါတယ်။
    ဆော်ဒီသတင်းထောက် အသတ်ခံရသည်ဟု ယုံကြည်ကြောင်း ထရမ့်ပြော
    ======================
    အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ပျောက်သွားတဲ့ ၀ါရှင်တန်ပို့စ်သတင်းထောက် ဂျမားလ် ကာရှိုဂီ သေဆုံးသွားပြီလို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပြီး၊ ဆော်ဒီအစိုးရရဲ့ လက်ချက်သာဖြစ်မယ်ဆိုရင် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ကြုံရမယ်လို့ သတိပေးလိုက်ပါတယ်။ တူရကီက ကာရှိုဂျီကို ဆော်ဒီအစိုးရကခန့်ထားတဲ့ ကြေးစား ၁၅ ဦးက သတ်ဖြတ်ခဲ့တာဖြစ်ပြီး အသံအထောက်အထားတွေ၊ ဗီဒီယိုအထောက်အထားတွေ ရှိတယ်လို့ ဆိုပါတယ်။ ဆော်ဒီဟာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ပြီး ကာရှိုဂီကိစ္စအတွက် ထရမ့်က ဖာဖာထေးထေး ပြောဆိုမှု  ရှိနေတယ်လို့ ဝေဖန်ခံနေရပါတယ်။
    အာဖဂန်ထိပ်တန်းဗိုလ်ချုပ် တာလီဘန်တို့၏ လုပ်ကြံသတ်ဖြတ်မှု ခံရ
    ======================
    အာဖဂန်နစ္စတန် ကန်ဒါဟာပြည်နယ်က ထိပ်တန်းဗိုလ်ချုပ် အဘ်ဒူလ်ရာဇစ်ဟာ မနေ့က တာလီဘန်တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်မှာ အမေရိကန် စစ်ဖက်တာဝန်ရှိသူတွေနဲ့ အစည်းအဝေးပြီး သက်တော်စောင့်တစ်ယောက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ရာဇစ်အပြင် ပြည်နယ် ထောက်လှမ်းရေးအကြီးအကဲ အဘ်ဒူလ် မိုဟ်မင်လည်း သေဆုံးခဲ့သလို၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဇာလ်မိုင် ၀ီဆာ ဒဏ်ရာရခဲ့ပါတယ်။ တာလီဘန်ကလူတွေ အာဖဂန်အစိုးရအတွင်းစည်းအထိ စိမ့်ဝင်တိုက်ခိုက်မှုတွေဟာ အခုနှစ်ပိုင်းအတွင်း မြင့်တက်လာခဲ့ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ အမေရိကန်စစ်ဖက်က လေးစားတဲ့ ရာဇစ်ဟာ အရင်ကလည်း လုပ်ကြံမှုတွေကို ခံခဲ့ရပြီး အသက်အန္တရာယ်ကနေ သီသီကလေး လွတ်မြောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။
    မလေးရှား ဒုတိယ၀န်ကြီးချုပ်ဟောင်း ခြစားမှုဖြင့် ဖမ်းခံရ
    =====================
    ဒုတိယ၀န်ကြီးချုပ်ဟောင်း အဟ်မဒ် ဇာဟစ် ဟာမီဒီကို မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က မနေ့မှာ ဖမ်းဆီးလိုက်ပြီး သူဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ Yayasan Akal Budi ဖောင်ဒေးရှင်းမှာ ရန်ပုံငွေတွေကို မလျော်ကန်စွာ သုံးစွဲမှုနဲ့ပတ်သက်လို့ စွဲချက် ၄၀ ကျော်နဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဟာမီဒီဟာ အခုနှစ်အတွင်း ကော်မရှင်ရဲ့ ခေါ်ယူမေးမြန်းမှုကို အကြိမ်ကြိမ် ခံခဲ့ရပါတယ်။ မလေးရှားမီဒီယာတွေက ဟာမီဒီဟာ သူနဲ့ သူ့ဇနီးရဲ့ အကြွေးဝယ်ကဒ်ဘီလ်တွေကို ပေးဆောင်ဖို့အတွက် ဖော်ဒေးရှင်းကနေ ရင်းဂစ် ၈ သိန်း (၁၉၇၆၀၀ ဒေါ်လာ) အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဟာမီဒီကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သူ့ရဲ့လက်ထောက်က မှားပေးခဲ့တာဖြစ်ကြောင်း၊ အဲဒီငွေကို ပြန်ပေးပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref : Aljazeera, CNA
  • သီရိလင်္ကာတွင် မွတ်စလင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား
    သီရိလင်္ကာတွင် မွတ်စလင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား
    မတ် ၆၊ ၂၀၁၈
    M-Media
    – သီရိလင်္ကာနိုင်ငံ အလယ်ပိုင်းမှာ ဆင်ဟာလီအစွန်းရောက်တွေက မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် ဆိုင်တွေ၊ အိမ်တွေ၊ ဗလီတွေ ပျက်ဆီးပြီး ညမထွက်ရအမိန့် ထုတ်ပြန်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
    ကန်ဒီခရိုင်မှာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့ကစလို့ တိုက်ခိုက်မှုတွေ၊ မီးရှို့မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သီရိလင်္ကာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရူဝမ် ဂူနာဆီကီရာက အခြေအနေကို ထိန်းသိမ်းဖို့အတွက် ကာဖျူးထုတ်ထား တယ်လို့ ပြောကြားခဲ့ပါတယ်။
    နိုင်ငံအရှေ့ပိုင်း အမ်ပါရာမြို့မှာ ပြီးခံတဲ့တစ်ပတ် တနင်္လာနေ့က ဗုဒ္ဓဘာသာလူအုပ်ဟာ ဗလီဝတ်ကျောင်းတော်တစ်လုံး၊ ဆိုင် ၄ ဆိုင်နဲ့ ကားတွေကို တိုက်ခိုက်ဖျက်ဆီးရာကနေ ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ နိုင်ငံအလယ်ပိုင်းအထိ ကူးစက်လာတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေအတွင်း ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။
    ကန်ဒီမှာ ဗုဒ္ဓဘာသာလူအုပ်ဟာ ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး မွတ်စလင်တွေရဲ တုန့်ပြန်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ ဆင်ဟာလီအမျိုးသားတစ်ယောက် သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်း အခြေအနေက ပိုဆိုးလာခဲ့တာ ဖြစ်ပါတယ်။
    ဒေသတွင်း တာဝန်ရှိသူတွေက တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး လူ ၂ ဒါဇင်ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ စုံစမ်းစစ်ဆးမှုတွေကိုလည်း ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။
    National Front for Good Governance ပါတီက အတွင်းရေးမှူး နာဂျာ မိုဟာမက်က တိုက်ခိုက်မှုတွေဟာ ကန်ဒီမှာတင်မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာ ပြန့်နှံနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    သီရိလင်္ကာမှာ အစ္စလာမ်ဘာသာဝင်ဟာ နိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းသာရှိပြီး ဆင်ဟာလီတွေကတော့ ၇၅ ရာခိုင်နှုန်း ရှိပါတယ်။
    ၂၀၁၄ ခုနှစ်ကစလို့ ခပ်စိပ်စိပ်ဖြစ်လာတဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဘုန်းကြီးတွေဦးဆောင်တဲ့ ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ BBS က သွေးထိုးလှုံ့ဆော်ပေးနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
    ၂၀၁၅ ခုနှစ်မှာ အာဏာရခဲ့တဲ့ သမ္မတ မိုင်သရီပါလာ ဆရီဆီနာက မွတ်စလင်ဆန့်ကျင်ရေး ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ်လို့ ကတိပြုခဲ့ပေမယ့် အခုအချိန်အထိ တိုးတက်မှုတွေကို မမြင်ရသေးပါဘူး။
    Ref: Aljazeera