News @ M-Media

Tag: SriLanka

  • သီရိလင်္ကာ အထွေထွေအကြပ်အတည်း ပိုဆိုးလာ

    သီရိလင်္ကာ အထွေထွေအကြပ်အတည်း ပိုဆိုးလာ

    မေ ၆၊ ၂၀၂၂

    M-Media


    -ဒေ၀ါလီခံလိုက်ရတဲ့ သီရိလင်္ကာနိုင်ငံမှာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အထွေထွေအကြပ်အတည်းဟာ ပိုဆိုးလာပါတယ်။ 

    ဆန်စျေး၊ လောင်စာဆီစျေး ၁၀၀ ရာခိုင်နှုန်းအထိ တက်လာသလို နို့မှုန့်၊ ဂက်စ်နဲ့ ဆေး၀ါး စတဲ့ အခြေခံကုန်ပစ္စည်းတွေလည်း ပြတ်လပ်နေဆဲပါ။ 

    လူသုံးကုန်၊ စားသောက်ကုန်တွေကို လိုင်းစီ ၀ယ်ယူရင်း အပူဒဏ်ကြောင့် သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဖေဖော်၀ါရီလက စတင်ပြီး နိုင်ငံတစ်၀ှမ်း တစ်နေ့ကို ၁၃ နာရီလောက်အထိ ဓာတ်အား ပြတ်တောက်နေပါတယ်။ 

    ပြည်သူတွေဟာ နေ့စဥ်လိုလို ဆန္ဒပြမှုတွေလုပ်ကာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာအစိုးရ နှုတ်ထွက်ဖို့ တောင်းဆိုနေပေမယ့် ဂိုတာဘာယာကတော့ မဆင်းသေးပါဘူး။ 

    ဂိုတာဘာယာဟာ ဆင်ဟာလာ အမျိုးသားရေး၀ါဒီတစ်ယောက်ဖြစ်ပြီး မိသားစုလိုက် အာဏာကို ချုပ်ကိုင်ထားတဲ့အတွက် အရင်ကတည်းက ၀ေဖန်ခံနေရတာ ဖြစ်ပါတယ်။ 

    တရုတ်ရဲ့ အကြွေးထောင်ချောက် ရှိနေတဲ့အချိန် ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းတာ၊ ဂိုတာဘာယာအစိုးရရဲ့ မူ၀ါဒအမှားတွေ၊ နိုင်ငံခြားအရန်ငွေလျော့နည်းတာတွေကြောင့် သီရိလင်္ကာဟာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက စီးပွားပျက်မှုကို ခံစားခဲ့ရပြီး အခုနှစ်မတ်လမှာတော့ ဒေ၀ါလီခံကြောင်း အစိုးရက တရား၀င်ကြေငြာခဲ့ပါတယ်။ 

    Ref: Asia Times 

  • အစိုးရနှုတ်ထွက်ရန် ထိပ်တန်းသံဃာများ ဆန္ဒထုတ်ဖော်

    အစိုးရနှုတ်ထွက်ရန် ထိပ်တန်းသံဃာများ ဆန္ဒထုတ်ဖော်

    ဧပြီ ၂၇၊ ၂၀၂၂

    M-Media 


    -တိုင်းပြည်ကို ကောင်းမွန်စွာ မစီမံနိုင်တဲ့ ဆင်ဟာလာအမျိုးသားရေး ၀ါဒီအစိုးရ နှုတ်ထွက်ဖို့အတွက် သီရိလင်္ကာ ထိပ်တန်းဘုန်းကြီးတွေ မနေ့က ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ 

    ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအခက်အခဲကို ရင်ဆိုင်နေရတဲ့ သီရိလင်္ကာမှာ အစိုးရနှုတ်ထွက်ဖို့ တောင်းဆိုမှု မြင့်တက်လာတာပါ။ 

    “တိုင်းပြည်းက တစ်ဖြည်းဖြည်း ကျရှုံးနိုင်ငံ ဖြစ်လာပြီ” လို့ ဆန္ဒပြမှုမှာ ပါ၀င်တဲ့ ဆရာတော် မီဒါဂါမာ ဓမ္မနန္ဒာက ပြောပါတယ်။ 

    ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းပြီး တိုင်းပြည်ကို အခက်အခဲကနေ ဆွဲထုတ်ရေး ဆောင်ရွက်ဖို့ ထိပ်တန်းဘုန်းတော်ကြီးတွေက သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာကို စာရေးသား တောင်းဆိုထားတယ်လို့လည်း ဆရာတော်က ဆိုပါတယ်။ 

    တိုင်းပြည်ကို ရာဂျာပက်ဆာ မိသားစုက အုပ်စိုးထားတာဖြစ်ပြီး အစိုးရအဖွဲ့မှာ ဂိုတာဘာယာရဲ့ ညီတွေ၊ တူတွေက ၀န်ကြီးနေရာတွေ ရယူထားပါတယ်။ 

    ပြီးခဲ့တဲ့နှစ်ပတ်အတွင်း သီရိလင်္ကာပြည်သူတွေဟာ ဂိုတာဘာယာအစိုးရ နှုတ်ထွက်ဖို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုလာကြပါတယ်။

    Ref: Reuters 

  • သီရိလင်္ကာနိုင်ငံ ဘာ့ကြောင့် ဒေ၀ါလီ ခံသွားရတာလဲ

    သီရိလင်္ကာနိုင်ငံ ဘာ့ကြောင့် ဒေ၀ါလီ ခံသွားရတာလဲ

    ဧပြီ ၁၈၊ ၂၀၂၂

    M-Media


    -သီရိလင်္ကာဟာ ဒေ၀ါလီခံကြောင်း ပြီးခဲ့တဲ့တစ်ပတ်မှာ တရား၀င် ကြေငြာလိုက်ရပါတယ်။ 

    ပြည်ပကြွေးမြိီ ကန်ဒေါ်လာ ၅၁ ဘီလီယံကို ပြန်ပေးဆပ်နိုင်ခြင်း မရှိတော့ဘဲ အစိုးရက နိုင်ငံခြားရောက်နေတဲ့ နိုင်ငံသားတွေ ပြည်တွင်းကို ငွေပြန်ပို့ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ 

    ပြည်တွင်းမှာ အစားအသောက်၊ လောင်စာဆီ ပြတ်လတ်မှု ဖြစ်ပေါ်နေပြီး ငွေကြေးဖောင်းပွမှုကလည်း အဆမတန် မြင့်မားနေပါတယ်။ 

    သီရိလင်္ကာနိုင်ငံ အခုလို စီးပွားရေးအကြပ်အတည်းဆိုက်ပြီး ဒေ၀ါလီခံရတဲ့ အကြောင်းအရင်းတွေထဲမှာ တရုတ်ရဲ့ အကြွေးထောင်ခြောက်၊  ကိုဗစ်ကပ်ရောဂါရဲ့ နှိပ်စက််မှုဒဏ်၊ ရုရှားရဲ့ ယူကရိန်းကိုကျူးကျော်မှု နောက်ဆက်တွဲဂယက်တွေ ပါ၀င်ပြီး အဆိုးဆုံးက ဆင်ဟာလာ အမျိုးသားရေး၀ါဒီ အစိုးရရဲ့ လူပြိန်းကြိုက် မူ၀ါဒအမှားတွေကြောင့် ဖြစ်ပါတယ်။ 

    တရုတ်ရဲ့အကြွေးထောင်ချောက်

    သီရိလင်္ကာ စီးပွားပျက်ပြီး ဒေ၀ါလီခံရတဲ့အဆင့်အထိ ရောက်သွားရတာမှာ တရုတ်ရဲ့ အကြွေးထောင်ချောက်က တစ်စိတ်တစ်ပိုင်း ပါ၀င်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    အကြွေးထောင်ချောက်ဆိုတာ ပိုက်ဆံတွေကို အတိုးကြီးကြီးနဲ့ချေးပြီး ပြန်မဆပ်နိုင်တော့တဲ့အခါ နိုင်ငံရေးအရ မဟာဗျူဟာကျတဲ့အရာတွေကို တောင်းဆိုတာ ဖြစ်ပါတယ်။ 

    သီရိလင်္ကာရဲ့ စုစုပေါင်း ပြည်ပကြွေးမြီမှာ ၁၀ ရာခိုနှုန်းက တရုတ်ကို ပေးရမှာ ဖြစ်ပါတယ်။ 

    နိုင်ငံတောင်ပိုင်းက ဗျူဟာကျတဲ့ ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို တရုတ်ဆီက ပိုက်ဆံချေးပြီး ဆောက်ရာမှာ ၀င်ငွေထွက်ငွေ မကာမိတဲ့အတွက် နောက်ဆုံးမှာတော့ ၉၉ နှစ် အငှားစာချုပ်နဲ့ တရုတ်လက် ထိုးအပ်လိုက်ရပါတယ်။

    စိတ်ကူးယဥ် အော်ဂဲနစ်စီမံကိန်း

    ၂၀၂၁ ခုနှစ် ဧပြီလမှာ သီရိလင်္ကာအစိုးရဟာ အော်ဂဲနစ် စိုက်ပျိုးရေး အကောင်အထည်ဖော်မယ်လို့ ကြွေးကြော်ပြီး နိုင်ငံခြားက ဓာတ်မြေသြဇာတင်သွင်းမှုကို ပိတ်ပင်ခဲ့ပါတယ်။ 

    ပြည်သူ ၃ ပုံ ၂ ပုံလောက်ဟာ စိုက်ပျိုးရေးကို တစ်နည်းမဟုတ် တစ်နည်းနဲ့ မှီခိုပြီး ရှင်သန်ရပ်တည်နေရတာပါ။ 

    ဆင်ဟာလာ အမျိုးသားရေး၀ါဒီတွေဖြစ်တဲ့ စိုက်ပျိုးရေး၀န်ကြီး ချာမာလ် ရာဂျာပက်ဆာက ‘ဓာတ်မြေသြဇာ မာဖီးယားဂိုဏ်း’ တွေကို တွန်းလှန်ရမယ်လို့ လက်သီးက်မောင်းတန်း ကြွေးကြော်ခဲ့သလို၊ ကျန်းမာရေး၀န်ကြီး ချန်နာ ဂျယာ ဆူမာနာက နိုင်ငံခြားက ဓာတုပစ္စည်းတွေ၊ ဆေး၀ါးတွေက အလကားသာဖြစ်ကြောင်း၊ ပြည်တွင်းဘုန်းကြီးတွေဟာ ကင်ဆာကိုပင် ကုနိုင်ကြောင်း ပြောကာ အော်ဂဲနစ်စီမံကိန်းကို ပံ့ပိုးပေးခဲ့ပါတယ်။

    အဆုံးသတ်မှာတော့ လက်တွေ့မကျတဲ့ ဒီစီမံကိန်းဟာ မအောင်မြင်ဘဲ နိုင်ငံခြားက ဓာတ်မြေသြဇာ မရတဲ့အတွက် ဆန်၊ လက်ဖက်ရွက်၊ ရာဘာလို နိုင်ငံခြားကို တင်ပို့ရတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်မှု ကျဆင်းခဲ့ပါတယ်။ စားနပ်ရိက္ခာမလုံလောက်မှုပါ ဖြစ်စေခဲ့ပြီး၊ ပြည်တွင်းမှာ ထုတ်လုပ်လို့ရတာကို နိုင်ငံခြားက တင်သွင်းရတာကြောင့် နိုင်ငံခြားထွက်ငွေလည်း မြင့်တက်လာပါတယ်။

    ငွေရိုက်ထုတ်မှုနှင့် ငွေကြေးပေါ်လစီ 

    သီရိလင်္ကာဗဟိုဘဏ် ဥက္ကဌဟောင်း ၀လီဂါမာ ဒွန် လက်ရှ်မန်က ပြည်သူတွေအနေနဲ့ ပြည်ပကြွေးမြီတွေကို မကြောက်ဖို့ ကိုဗစ်ကာလမှာ ပြောခဲ့ပါတယ်။ 

    ဒါပေမယ့် ပြည်တွင်းမှာလိုအပ်နေတဲ့ငွေကို ငွေစက္ကူရိုက်ထုတ် ဖြေရှင်းမှုသာ လုပ်တာကြောင့် ငွေကြေးတန်ဖိုးဟာ အလွန်အမင်း ကျဆင်းလာပြီး ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ၄၂ ရာခိုင်နှုန်းအထိ ငွေတန်ဖိုး ကျခဲ့ပါတယ်။ 

    စီးပွားရေးပြဿနာ အကြီးအကျယ် ကြုံနေရတဲ့အချိန်မှာ နိုင်ငံတကာရဲ့ အကြံပေးကူညီဖို့ကမ်းလှမ်းမှုကို သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာက ငြင်းဆန်ခဲ့ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အကူအညီမလိုဘူးလို့ ပြောဆိုခဲ့ပါတယ်။

    စီးပွားရေးအကြပ်အတည်းဆိုက်ပြီး ပြည်သူတွေ အကြီးအကျယ် ဆန္ဒပြတဲ့ ဧပြီလအစောပိုင်းကျမှ ဂိုတာဘာယာဟာ IMF ကနေ အကူအညီတောင်းခဲ့ပါတယ်။ 

    လက်ရှ်မန်နောက်ပိုင်း တက်လာတဲ့ ဗဟိုဘဏ်အကြီးအကဲ အဂျစ် နီဗာဒ့်ကလည်း လျှပ်စစ်ပစ္စည်းတွေကနေ၊ ပန်းသီးအထိ အရေးမပါတဲ့ ပစ္စည်း ၃၀၀ လောက်ကို နိုင်ငံခြားကနေတင်သွင်းမှု ပိတ်ပင်ဖို့၊ လောင်စာဆီစျေးနဲ့ မီတာခကို တိုးမြှင့်ဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ 

    ခရီးသွားကဏ္ဍနှင့် အခွန်ပေါ်လစီ 

    ခရီးသွားကဏ္ဍဟာ သီရိလင်္ကာက အဓိက နိုင်ငံခြား၀င်ငွေရတဲ့ လုပ်ငန်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ကိုလံဘိုက ခရစ်ယာန်ဘုရားကျောင်းနဲ့ ဇိမ်ခံဟိုတယ်တွေမှာဖြစ်တဲ့ ပေါက်ကွဲမှု၊ အဲဒီနောက်ပိုင်း ကိုဗစ်ကပ်ရောဂါတွေကြောင့် ခရီးသွားကဏ္ဍဟာ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ 

    အဲဒီအချိန် ဂိုတာဘာယာဦးဆောင်တဲ့ အစိုးရရဲ့ အကြီးမားဆုံးအမှားက အခွန်လျှော့ချလိုက်တာပါ။ 

    ၀င်ငွေခွန်၊ စီးပွားရေးခွန်အပါအ၀င် အခွန်အမျိုးအစားအားလုံးကို လျှော့ချလိုက်ပြီး တိုင်းပြည်ရဲ့ ဂျီဒီပီက ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ 

    ရုရှား၏ကျူးကျော်မှု

    ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုဟာ ကမ္ဘာ့လောင်စာဆီနဲ့ စားနပ်ရိက္ခာ ဖူလှုံမှုကို ထိခိုက်စေခဲ့ပြီး စီးပွားရေးကျပ်တည်းနေတဲ့ သီရိလင်္ကာမှာတော့ ဒီဒဏ်ဟာ တော်တော်လေးကို ဆိုးရွားသွားစေခဲ့ပါတယ်။ 

    သီရိလင်္ကာဟာ လောင်စာဆီကို ပြည်ပကနေ အဓိက တင်သွင်းရတာဖြစ်ပြီး ယူကရိန်းစစ်ပွဲကြောင့် ဆီစျေးအလွန်အမင်း မြင့်တက်ကာ နောက်ပိုင်းမှာ မတင်သွင်းနိုင်တော့ပါဘူး။  

    သီရိလင်္ကာကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေရဲ့ ၃၀ ရာခိုင်နှုန်းက ရုရှား၊ ယူကရိန်း၊ ပိုလန်နဲ့ ဘီလာရုဇ်တို့ဖြစ်ပြီး ယူကရိန်းစစ်ပွဲကြောင့် ဒီနိုင်ငံကလူတွေ အပျော်ခရီးထွက်နိုင်မယ့် အခြေအနေ မရှိတော့ဘဲ ဒါကလည်း သီရိလင်္ကာရဲ့ စီးပွားရေးကို ထိခိုက်စေပါတယ်။ 

    အထွေထွေ အကြပ်အတည်း

    လက်ရှိမှာတော့ သီရိလင်္ကာနိုင်ငံဟာ နယ်ပယ်အသီးသီးမှာ အထွေထွေ ကြပ်တည်းမှုကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ 

    ဆေးရုံတွေမှာ ဆေး၀ါးနဲ့ အခြားပစ္စည်းတွေ ပြတ်တောက်လာပြီး၊ အခြေခံစားသောက်ကုန်တွေ၊ လောင်စာဆီတွေကိုလည်း အလွယ်တကူ ၀ယ်လို့မရတော့ပါဘူး။ 

    ပြည်ပကနေ လိုအပ်တဲ့ ပစ္စည်းတွေ တင်သွင်းဖို့နဲ့ ပြည်ပကြွေးမြီ ဆပ်ဖို့အတွက် သီရိလင်္ကာဟာ ဒေါ်လာ ၄ ဘီလီယံလောက် ချက်ခြင်းလိုအပ်နေပါတယ်။ 

    Ref: Bloomberg, CNA, Aljazeera 

  • လူထုမကြိုက်သောကြောင့် အစိုးရအဖွဲ့တစ်ခုလုံးနီးပါး နှုတ်ထွက်

    လူထုမကြိုက်သောကြောင့် အစိုးရအဖွဲ့တစ်ခုလုံးနီးပါး နှုတ်ထွက်

    ဧပြီ ၄၊ ၂၀၂၂

    M-Media


    -စီးပွားရေးပြဿနာကြောင့် လူထုအုံကြွမှု အကြီးအကျယ်ဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ မနေ့က အစိုးရအဖွဲ့ တစ်ခုလုံးနီးပါး ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ 

    အစိုးရအဖွဲ့၀င် ၂၈ ဦး ရှိရာမှာ သမ္မတ ဂိုတာဘာယာ ရာဂျာ ပက်ဆာနဲ့ သူ့ရဲ့ညီ ၀န်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာတို့ကလွဲပြီး ၀န်ကြီး ၂၆ ဦးစလုံး နှုတ်ထွက်သွားခဲ့ကြတာ ဖြစ်ပါတယ်။ 

    အစိုးရမှာ နိုင်ငံခြားငွေ လုံလုံလောက်လောက် မရှိတော့တာကြောင့် လောင်စာဆီ၊ အခြခံအစားအသောက်တွေ၊ ဆေး၀ါးတွေကို နိုင်ငံခြားက မတင်သွင်းနိုင်တော့ဘဲ ပြတ်လတ်နေတာပါ။ 

    ဒီကိစ္စကို ဖြေရှင်းမပေးနိုင်တဲ့အတွက် သီရိလင်္ကာပြည်သူတွေဟာ ပြီးခဲ့တဲ့တစ်ပတ်ကစလို့ အကြီးအကျယ် ဆန္ဒပြခဲ့ကြပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ပေမယ့်လည်း ဆန္ဒပြမှုက ရပ်ဆိုင်းမသွားပါဘူး။ 

    သမ္မတ ဂိုတာဘာယာဟာ အစိုးရအဖွဲ့မှာ ဆွေမျိုးတွေကို ရွေးခန့်ထားပြီး၊ အခုနှုတ်ထွက်သွားတဲ့ ၀န်ကြီးတွေထဲမှာ ဂိုတာဘာယာရဲ့ အမျိုး ၃ ဦးဖြစ်တဲ့ ဘဏ္ဍာရေး၀န်ကြီး၊ စိုက်ပျိုးရေး၀န်ကြီးနဲ့ အားကစား၀န်ကြီးတို့ ပါ၀င်ပါတယ်။ 

    ဂိုတာဘာယာကတော့ နိုင်ငံရေးအတိုက်အခံအဖွဲ့တွေကို ဖိတ်ခေါ်ပြီး ဒီပြဿနာကို ဖြေရှင်းရေး ကူညီပေးဖို့ တောင်းဆိုထားပါတယ်။ 

    Ref: Reuters 

  • သီရိလင်္ကာတွင် အိန္ဒိယက ဓာတ်အားပေးစက်ရုံ ဆောက်ခွင့်ရ

    သီရိလင်္ကာတွင် အိန္ဒိယက ဓာတ်အားပေးစက်ရုံ ဆောက်ခွင့်ရ

    မတ် ၂၉၊ ၂၀၂၂

    M-Media 

    -သီရိလင်္ကာမြောက်ပိုင်းက ကျွန်းတွေမှာ ဖက်စပ် ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေး သဘောတူညီချက်တစ်ခုကို အိန္ဒိယက လက်မှတ်ရေးထိုးလိုက်ပြီး ဒါဟာ တရုတ်အပေါ် မဟာဗျူဟာမြောက် အောင်ပွဲတစ်ခု ရလိုက်တာလည်း ဖြစ်ပါတယ်။ 

    အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး သီရိလင်္ကာကို ရောက်ရှိနေတဲ့အချိန် ဒီသဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။ ရေကြောင်း ကယ်ဆယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့၊ သီရိလင်္ကာမှာ ငါးလုပ်ငန်းဆိပ်ကမ်းတွေ တည်ဆောက်ဖို့လည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။ 

    သီရိလင်္ကာက ကျွန်းတွေမှာ ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ သဘောတူညီချက် ရခဲ့တယ်လို့ တရုတ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဒီအစီအစဥ်ကို နောက်ပိုင်းမှာ ရပ်ဆိုင်းခဲ့ပါတယ်။ 

    အိန္ဒိယက အခုရရှိခဲ့တဲ့ သဘောတူညီချက်ဟာ တရုတ်နဲ့ပျက်သွားတဲ့ စီမံကိန်းမှာ အစားထိုးမှာလား၊ သီးခြားစီမံကိန်းလားဆိုတာ အတိအကျ မသိရပါဘူး။ 

    ဘဏ္ဍာရေးအကြပ်အတည်းကို အကြီးအကျယ်ရင်ဆိုင်နေရတဲ့ သီရိလင်္ကာဟာ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ သြဇာလွှမ်းမိုးမှု ယှဥ်ပြိုင်ရာ ဒေသဖြစ်ပါတယ်။ 

    တရုတ်ရဲ့ Belt and Road (BRI) စီမံကိန်းနောက်ဆက်တွဲ အကြွေးနွံ နစ်လာတာကြောင့် သီရိလင်္ကာဟာ ဆိပ်ကမ်းတစ်ခုကို တရုတ်ဆီ ထိုးအပ်ခဲ့ရပါတယ်။ 

    Ref: South China Morning Post