News @ M-Media

Tag: Student_Union

  • မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံး ဥက္ကဌ ကိုလှမောင်

    မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံး ဥက္ကဌ ကိုလှမောင်

    Ko Hla Maung

    တက္ကသိုလ်နွယ်ထွန်း တင်ပြသည်

    (၁)
    မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ သမဂ္ဂ၏ကြွေးကြော်သံ မဂ္ဂဇင်းကို ထုတ်ဝေမည်ဟု သိရ သည်။ ယခုနှစ်တွင် ဤသို့သိရခြင်းမှာ မဂ္ဂဇင်းနှင့် ပတ်သက်၍ ဒုတိယအကြိမ်ဟု ဆိုရပေမည်။ အကြောင်း ဆိုသော် လွန်ခဲ့သော ၄ နှစ်လောက်ကလည်း ဤသို့ပင်သမဂ္ဂမှ မဂ္ဂဇင်းထုတ်ရန် ကြိုးစားခဲ့သောကြောင့် ဖြစ်ပေသည်။ ထိုစဉ်က သမဂ္ဂအမှုဆောင်များ မဂ္ဂဇင်းတာဝန်ခံများမှာ အောက်တိုဘာကိစ္စနှင့် အဖမ်းခံခဲ့ရ ပြီး ထောင်ထဲ ရောက်ခဲ့ကြရသဖြင့် မဂ္ဂဇင်းကိစ္စမှာ ပျက်ပြားသွားခဲ့ရလေသည်။

    ယခုနှစ်တွင် ပွဲဦးထွက် အဖြစ်ဖြင့် အမဂ္ဂမှ မဂ္ဂဇင်းထုတ်မည်ဆိုသောအခါ ကျွန်တော့်အဖို့ အကြောင်းတရပ်ကို သတိမရဘဲ မနေနိုင်ဖြစ်ရသည်။ ၎င်းမှာစစ်ပြီးခေတ် မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံး ဥက္ကဌ ကိုလှမောင်၏ အကြောင်းပင်ဖြစ်တော့သည်။ ကိုလှမောင်သည် ကျောင်းသားခေါင်းဆောင်တစ်ဦးအနေဖြင့် တောခိုသွားခဲ့သည်။ တောခိုယင်းပင် ကွယ်လွန်သွားခဲ့ရပေသည်။

    ကိုလှမောင်နှင့် ကျွန်တော်မှာ ကောင်းစွာရင်းနှီးသော မိတ်ဆွေများဖြစ်ခဲ့ကြသည်။ ၎င်းအကြောင်းကို ကျွန်တော်သိသမျှတင်ပြရန်သည် ကျွန်တော်၏၀တ်တရားတစ်ခုဟု ယူဆလိုပါသည်။

    (၂)
    ဂျပန်ခေတ်မှ စတင်၍ ကိုလှမောင်နှင့် ကျွန်တော်သိကျွမ်းခဲ့ရသည်။ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အာရှလူငယ်များအစည်းအရုံးခွဲသည် နယ်အတွင်း၌ အာရှလူငယ် အစုခွဲများကို အမြောက်အများ ဖွဲ့စည်းနိုင်ခဲ့သည်။ ကန့်ဘလူမြို့၏ အာရှလူငယ် အစည်းအရုံးခွဲ၏ အတွင်းရေးမှူး ကိုဗစိန်း (ယခုမန္တလေးမြို့ ၈၃ လမ်းမှ ဂျုံစက်တစ်ခုတွင် အလုပ်လုပ်နေသူ) နှင့် စာကြည့်တိုက်မှူးဖြစ်သူ ကျွန်တော်တို့သည်နယ်အတွင်းသို့ ကြိမ်ဖန်များစွာ အစည်းအရုံးကိစ္စနှင့် ရောက်ခဲ့ကြသည်။ ထန်းတပင် (ဇီးကုန်း)နယ်
    ဘူးကြီးရွာသို့ ရောက်သောအခါ ကိုလှမောင်နှင့် တွေ့ရပေတော့သည်။

    ကိုဗစိန်းနှင့် ကိုလှမောင်သည် စစ်မဖြစ်မီက ရွှေဘို အက်စ်-ပီ-ဂျီ အထက်တန်းကျောင်းတွင် ကျောင်းနေဘက်များဖြစ်ခဲ့ကြ၏။ သို့ဖြင့် ကိုဗစိန်းကို အကြောင်းပြု၍ ကိုလှမောင်ကို ကျွန်တော်သိရ၏။ စစ်ဖြစ်လာသဖြင့် ရွှေဘိုမှ ဘူးကြီးရွာသို့ ကိုလှမောင်တို့ မိဘများပြောင်းရွှေ့ နေထိုင်ကာ စစ်ဘေးကို ခိုလှုံနေကြခြင်းဖြစ်လေသည်။ ဘူးကြီးရွာတွင် အာရှလူငယ် အစုခွဲဖွဲ့သောအခါ ကိုလှမောင်သည် ဥာဏဗလမှူးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့လေသည်။

    ကိုလှမောင်သည် ဘူးကြီးရွာမှာပင် ဖွားမြင်ခဲ့သည်။ ကွယ်လွန်သူမြေပိုင်ရှင် ဦးထွန်းစိန်နှင့် ဒေါ်မယ်မတို့၏သားသမီး ၅ ယောက်အနက် ဒုတိယသားဖြစ်သည်။ ၎င်း၏ အထက်တွင် အစ်ကို တစ်ယောက်ရှိ၍ ၎င်း၏အောက်တွင် နှမ ၃ ယောက်ရှိလေသည်။ ရွှေဘိုအက်စ်ပီဂျီကျောင်းမှ ၁၀ တန်းအောင်ပြီး မန္တလေး ဥပစာကောလိပ်သို့ ဆက်လက်ပညာသင်ယူနေရာမှ စစ်ဖြစ်၍ ကျောင်းထွက်ခဲ့ရသည်။

    ကိုလှမောင်၏ ဘ၀နှင့် စိတ်ဓါတ်တို့မှာ ကွာခြားခဲ့လေသည်။ ယင်းသို့ ကွာခြားမှုကြောင့် ဤသို့သော အဖြစ်မျိုးသို့ ရောက်ရှိ သွားခဲ့သည်ဟုဆိုလျှင် မှားလိမ့်မည်မထင်ပေ။ ၎င်း၏မိဘမှာ ပစ္စည်းဥစ္စာ ကြွယ်ဝသူများဖြစ်၏။ ဘူးကြီးရွာအနီး တ၀ိုက်နှင့် ရွှေဘို အနောက်ပိုင်း ညောင်ပင်သာကံသာကုန်း မြင်းစီးရွာ တ၀ိုက်တွင် ၎င်း၏မိဘပိုင်လယ်ဧက ၅၀၀၀ ခန့်ရှိခဲ့၏။ မိဘကမြေပိုင်ရှင် ဘ၀ ရောက်နေခြင်းကိုပင် ကိုလှမောင်သည် မလိုလားခဲ့ကြောင်း သိခဲ့ရသည်။ အတိုးပေးရာ၌ အဆမတန် အတိုးယူခြင်းများကို တွေ့သောအခါ အမြဲကန့်ကွက်ခဲ့သည်။ အတိုးများများ ယူခြင်းသည် မရှိဆင်းရဲသား လယ်လုပ်သူတို့အား ရက်စက်ခြင်းဟုယူဆခဲ့သူ ဖြစ်လေသည်။

    ကန့်ဘလူမြို့နယ်အတွင်း အာရှလူငယ်လုပ်ငန်းများ လုပ်တိုင်း ကိုလှမောင် ပါသည်။ အသင်းကိစ္စတွင် အထူးစိတ်ပါဝင်စားခဲ့သည်။ ထိုစဉ်က ဘူးကြီးရွာမှ ကိုလှမောင်နှင့် ၀က်တိုးရွာမှ ဆရာချယ်တို့သည် နိုင်ငံရေးအမြင်ရှိ၍ အသိဥာဏ်ကြွယ်ဝသူများ ဖြစ်ကြောင်းတွေ့ခဲ့ ရပေသည်။ ဆရာချယ်ဆိုသူကား အခြားမဟုတ် မကြာမီက အင်္ဂလန်မှ ပြန်လာခဲ့သူ ယခု ရမည်းသင်းတောင်ပိုင်း ပြည်သူလွှတ်တော် အမတ် ဦးဘိုးချယ် ပင် ဖြစ်လေသည်။

    (၃)
    ခေတ်တခေတ်ပြောင်းလဲသွားကာ ဂျပန်များ ဗမာပြည်မှ ဆုတ်ခွာသွားပြီး အင်္ဂလိပ်များ ရောက်ရှိလာခဲ့ပြန်သည်။ ကိုလှမောင်နှင့် ကျွန်တော်သည်လည်း  အဆက်ပြတ်သွားခဲ့ပြီး ၎င်းသည် မန္တလေးဥပစာကောလိပ်ကို ဆက်တက်စဉ် ကျွန်တော်လည်း ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ဒုတိယအကြိမ် ပညာဆက်လက်သင်ယူစဉ် နှစ်ဦးနှစ်ဝ ပြန်လည်တွေ့ကြပြန်သည်။

    ထိုစဉ်က ကျွန်တော်သည် တက္ကသိုလ်ကျောင်းဝင်းအနီး၌ နေထိုင်၏။ ကိုလှမောင်က ရတနာပုံကျောင်းဆောင်၌ နေ၏။ ကိုလှမောင် မန္တလေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ပထမဆုံး ဥက္ကဌဖြစ်ရသော အကြောင်းနှင့် ပတ်သက်၍ ကျွန်တော်မမေ့နိုင်သော အချက်တစ်ရပ်ကို ဖေါ်ပြရပေဦးမည်။

    ရတနာပုံကျောင်းဆောင်နေ ကိုလှမောင်ထံ ကျွန်တော် မကြာခဏရောက်၏။ ကျောင်းဆောင်သဟာယ နှင့် စာကြည့်သင်းမှ စာအုပ်များကို ၎င်းကိုအကြောင်းပြု၍ ကျွန်တော်ငှား၍ ဖတ်နိုင်ခဲ့၏။ ၎င်းထံ ကျွန်တော် ရက်အတန်ကြာမသွားဘဲ နေလျှင် “ဟေ့-ဘာလို့မလာတာလဲ” ဟု မေးလေ့ရှိ၏။ တနေ့သ၌ ကျွန်တော်ကျောင်းဆောင် ၎င်းထံသို့ ရောက်နေစဉ် ကိုဘစီ(ထိုစဉ်က ဥပစာ အထက်တန်းကျောင်းသားယခု ဘီအယ်လ် အောင်ပြီးသူ)က “ကျုပ်တို့တော့ ကိုလှမောင်ကို ဥက္ကဌတင်ရမှာပဲဗျို့”ဟု ခပ်ပြုံးပြုံးပြော
    လိုက်ရာ ကုတင်ပေါ်၌ လဲလျောင်း၍နေသော ကိုလှမောင်က “အမယ်လေး မလုပ်ပါနှင့်ဗျာ-မလုပ်ပါနှင့်”ဟု ပြုံးဝင့်သော မျက်နှာဖြင့်ပြန်၍ ပြောလိုက်လေသည်။ သမဂ္ဂဖွဲ့စည်းရန် ဥက္ကဌနေရာအတွက်ညှိုနှိုင်းပြောဆိုနေကြခြင်း ဖြစ်၏။ တရက်-နှစ်ရက်မျှ အကြာတွင် သမဂ္ဂကိုဖွဲ့စည်းပြီးရာ ကိုလှမောင်ပင် ဥက္ကဌဖြစ်သွား၏။ အတွင်းရေးမှူးမှာ ကိုမောင်လေး(လူထုဒေါ်အမာ၏မောင်) ဖြစ်လေသည်။ ယခုဈေးချိုရတနာပုံ ဖိနပ်ဆိုင်ရှင် ကိုမောင်လေး(ဘီအေ) ပင်တည်း။

    ထိုစဉ်က ရတနာပုံကျောင်းဆောင် အပေါ်ထပ် အရှေ့ဘက်ရှိ အခန်းတခုတွင် ကိုလှမောင်၊ ကိုဘစီ၊ကိုကြည် (ယခုအလုပ်သမား အရာရှိ ဖြစ်နေသူ)နှင့် ကိုအုန်း(ယခု နိုင်ငံခြားရောက်နေသူ)တို့ နေထိုင်ကြ၏။ အားလုံး ဥပစာတန်းကျောင်းသားများဖြစ်၏။ ၎င်းတို့ လေးဦးစလုံးနှင့် ကျွန်တော်ခင်မင်ခဲ့ရသည်။

    ကိုလှမောင် ဥက္ကဌဖြစ်စဉ် သမဂ္ဂ၏ အာဘော် “ကျောင်းသားသတင်းစဉ်” ကို ကျောက်ပုံနှိပ်၍ ထုတ်ဝေခဲ့၏။ သတင်းစဉ်စာတည်းမှာ ကိုမောင်မောင်ဆိုသူဖြစ်၏။ သမဂ္ဂ၏ အမျိုးသမီးဌာနမှူးမှာ မသန်းသန်း ဆိုသူဖြစ်၏။ ကိုမောင်မောင်နှင့် မသန်းသန်းကို ကိုလှမောင်က မိတ်ဆက်ပေး၍ ကျွန်တော်သိရှိခဲ့ရသည်။ နောင်သောအခါ ကိုလှမောင်၊ ကိုမောင်မောင်နှင့် မသန်းသန်းတို့ အားလုံးသည် တောခိုသွားခဲ့ကြလေသည်။

    စာတည်းကိုမောင်မောင်မှာ ယခုမန္တလေးတက္ကသိုလ် ဥပစာ(ခ ပိုင်းမှ ခင်ခင်အေး)၏ အစ်ကိုဖြစ်၍ သူလည်းတောခိုယင်း ကွယ်လွန်သွားခဲ့ရသူ ဖြစ်လေသည်။

    (၄)
    ထိုစဉ်က မန္တလေးဥပစာကောလိပ်နှင့် မန္တလေးခရိုင်မှ ကျောင်းသားကိစ္စ ဟူသမျှတွင် ကိုလှမောင်မပါလျှင် မပြီးတော့ချေ။ နောက်ဆုံး၌ မန္တလေးဥပစာကောလိပ်၏ ဥက္ကဌသာမက မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌအဖြစ်ပါ ကိုလှမောင် အဖို့တာဝန်ယူခဲ့ရလေသည်။

    ၁၉၄၉ခု၊ ကျွန်တော်အမျိုးသားကျောင်း(၈)တန်း၌ရှိစဉ် မန္တလေးမြို့၏ အခြေအနေမှာ အတော်ဆိုးဝါး၍ လာခဲ့သည်။ မန္တလေးသူရိယ ကိုသန်းမောင်ဦးစီးသော ဒီမိုကရေစီ တပ်ပေါင်းစုတွင်လည်း ကိုလှမောင်ပါခဲ့သည်။ တပ်ပေါင်းစုတွင် ကိုလှမောင်ပါသွားခြင်းဖြင့် တကယ့်အရေးကြီးသော အချိန်တွင်လည်းတကယ့်အလုပ်ကို ကိုလှမောင် လုပ်ခဲ့ရလေတော့သည်။ တောခိုသွားတော့သည်။

    ၁၉၄၉ ခုနှစ်၌ကား ကျွန်တော်သည် မန္တလေးစီဗီလိုင်းရပ်တွင်နေ၏။ တနေ့တွင် ကျွန်တော်ရေချိုးနေခိုက်စတေရှင်ဝက်ဂွန်းကားဖြင့် ကိုလှမောင် ဖြတ်သွားသည်ကိုမြင်လိုက်ရ၏။ ဆံပင်မှာ ဖီးထားခြင်းမရှိ၊ ကဘိုကယို ဖြစ်နေသည်ကို မြင်လိုက်ရ၏။ တာဝန်ဝတ္တရားအရ သွားလာနေသည်ကိုဟု ကျွန်တော်ရိပ်မိသိရှိသဖြင့် နှုတ်ဆက်ခြင်း မပြုလိုက်ပေ။ သူကလည်း ကျွန်တော်ကို နှုတ်မဆက်နိုင်ချေ။

    ထိုအခါကား ကျွန်တော်သည် ကိုလှမောင်ကို နောက်ဆုံးမြင်လိုက်ရခြင်းပင် ဖြစ်လေသည်။ ထိုနေ့က ၎င်းသည် ကျွန်တော်နေသောအိမ်နှင့် မနီးမဝေးရှိ မန္တလေးတိုင်းဒုတိယပညာဝန်ဦးကြင်ပုနှင့် လာတွေ့ကာ ပညာရေးကိစ္စများ ဆွေးနွေး သွားသည်ဟု သိလိုက်ရသည်။ ကိုလှမောင်သည် တောတွင်း၌ ကျောင်းသားခေါင်းဆောင် ဗ-က-သ အထက်ဗမာပြည်တာဝန်ခံအဖြစ် တာဝန်ယူရသည်ဟု ဆိုလေသည်။

    (၅)
    နောက်ပိုင်း၌ ကိုလှမောင်နှင့် ကိုမောင်မောင်တို့သည် တောတွင်း၌ သေဆုံးကြပြီဟု ကြားရတော့သည်။ မိတ်ဆွေအချို့အား “ကိုလှမောင်တို့ ဆုံးတာမှန်သလား”ဟု မေးခဲ့ရသည်။ မှန်သည်ဟု ဖြေကြသည်။

    လွန်ခဲ့သော(၃)လလောက်က ဤဆောင်းပါးအတွက် အထောက်အကူ ဖြစ်စိမ့်သောငှါ မန္တလေးသူရိယကိုသန်းမောင်(ထိုစဉ်က သတင်းစာပြန်ထုတ်ရန် စီစဉ်နေဆဲ အခါဖြစ်သည်) ကို၊ ကိုလှမောင်တို့ သတင်းကို ကျွန်တော်မေးကြည့်ဖူးရာ ကိုလှမောင်တို့ သေဆုံးရပုံကို ဤသို့ကိုမောင်သန်းက ပြောပြလေသည်။

    သူ့နောက်ကြောင်းတွေကိုတော့ ခင်ဗျားတို့သိမှာပါပဲ၊ ၁၉၄၉ခုနှစ်က ကျွန်တော်တို့ တောခိုတယ်၊ ပထမဆုံး တံတားဦးနယ်ဘက်ကိုထွက်သွားတယ် ကိုလှမောင်တို့လဲပါတယ်။

    ၁၉၄၉ခုနှစ် အလယ်လောက်မှာ ပြည်မြို့မှာတောတွင်းကျောင်းသား ကွန့်ဖရင့်လုပ်တယ်။ အဲဒီကွန့်ဖရင့်ကို ကိုလှမောင်နှင့် ကိုမောင်မောင် လဲတက်ဖို့ ဆိုပြီးသွားကြတယ်။ ဒါနဲ့ မကွေးမှာ မကွေးပြည်သူ့ရဲဘော်က၊ ကွန်မြူနစ်ကျောင်းသားတွေ ဆိုပြီးဖမ်းတယ်ဂိုဏ်းဂဏစိတ်တွေ သိပ်ပြင်းထန်နေတဲ့အချိန်မို့ သူတို့နှစ်ယောက်ကို ပြည်သူ့ရဲဘော်က မကွေးမှာပဲ သတ်ပစ်လိုက်တယ်။ သူတို့နှစ်ဦးစလုံးသေတာအမှန်ဘဲ။

    ကိုလှမောင်နှင့် ကျောင်းသားသတင်းစဉ်စာတည်း ကိုမောင်မောင်တို့သည် ဤသို့ဤနှယ် သေဆုံးသွားခဲ့ ကြရသည်။

    (၆)
    ကိုလှမောင်နှင့် ကိုမောင်မောင်တို့၏ အလောင်းများထည့်ထားသည့် ခေါင်းများပေါ်တွင် ကျောင်းသားအလံလွှမ်း၍ ရိုက်ထားသောဓါတ်ပုံကို ကမ္ဘာ့ကျောင်းသားစာစောင် (World Student News)တွင် ပါရှိခဲ့သည်ကိုမှတ်မိပါသည်။

    လွန်ခဲ့သော ၃နှစ်လောက်က မန္တလေးဆရာအတက်သင်သိပ္ပံသို့ လာရောက်တက်သော ကိုလှမောင်၏နှမ မခင်ပုထံသို့ ကျွန်တော်သွားရောက် တွေ့ဆုံခဲ့ဖူးပါသည်။ ၎င်းတို့မောင်နှမတစု ကိုလှမောင်သေဆုံးသွားသည်ကို သိရှိသော်လည်း ၎င်းတို့၏ မိခင်ကိုမူ သေသည်ဟုမပြောဘဲ ဖုံးထားကြောင်း၊ တောခိုနေသည်၊ တောထဲမှာ ရှိသည်ဟုသာ ပြောထားကြောင်းဖြင့် သိရှိခဲ့ရသည်။ မိခင်တဦးအနေဖြင့် သားဖြစ်သူအတွက် အပူမီးတောက်ရှာ ပေလိမ့်မည်။ ယခုအခါမူ နှစ်ကြာလာပြီဖြစ်၍ ကိုလှမောင်၏မိခင်သည်
    သား၏အဖြစ်ဆိုးကို သိရှိကောင်း သိရှိနေတော့မည်ဟု တွေးဆမိသည်။

    ကိုလှမောင်သည် ဗမာမူစလင်တယောက် ဖြစ်သော်လည်းဗမာကို အထူးချစ်ခင်သူဖြစ်သည်၊ ဗမာလူမျိုးနှင့် ဗမာပြည်ကို မြတ်နိုးသူဖြစ်သည်။ ဗမာပြည်၏အကျိုးကို သယ်ပိုးလာသူဖြစ်သည်။ သူတက်နိုင်သလောက် သူ၏ယုံကြည်ချက်ဖြင့် သယ်ပိုးဆောင်ရွက်သွားသူလည်း ဖြစ်ပေသည်။

    လူအနေအားဖြင့် ရုပ်ရည်သန့်ပြန့်သည်၊ အရပ် ရှည်သည်၊ ပကာသနကိုမမက်မော၊ ဓါတ်ပုံရိုက်ခြင်းကိုဝါသနာမရှိ၊ သူ့သူငယ်ချင်းများက ထုံးစံအတိုင်း ဓါတ်ပုံတောင်းတိုင်း ပေးလည်းမပေးခဲ့၊ ပေးစရာလည်းရှိဟန်မတူချေ။

    ၁၉၄၇ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို ပြန်ဖွင့်ခဲ့သည်။ ထိုနှစ်က ကိုလှမောင် သမဂ္ဂဥက္ကဌ ဖြစ်ခဲ့သည်။ ပထမ ၄ နှစ်အတွင်း သမဂ္ဂဥက္ကဌများမှာ(လှမောင်၊ လှမျိုးသန်း၊ လှညွန့်၊ လှရွှေ) ဟူ၍ “လှဥက္ကဌတွေ” ဆက်နေခဲ့ကြောင်း ပြောစမှတ် ရခဲ့သည်။ ယခုနှစ် ၁၉၅၆-၅၇ အထိ ဥက္ကဌ(၁၀)ဦး ရှိခဲ့ပြီ။ ကိုလှမောင်သည် ပထမဆုံးဥက္ကဌ ဟုမှတ်တမ်းတင်ခဲ့ရပေသည်။

    ယခုတော့ ပထမဆုံးဥက္ကဌကြီး ကိုလှမောင်သည် သေဆုံးရှာလေပြီ၊၊ သူတောခိုသည်ကို အပြစ်ဆိုစရာ မဟုတ်သော်လည်း ဂိုဏ်းဂဏစိတ်များပြီး ဗမာအချင်းချင်း အယုံအကြည်ကင်းမဲ့ကာ သတ်ဖြတ်နေခြင်းကိုသာ မုန်းစရာဖြစ်လေသည်။ ပြည်တွင်းစစ်ကိုလည်း မုန်းစရာဖြစ်လေသည်။ ကိုလှမောင်သည် ဗမာတဦးအနေဖြင့် ဗမာသတ်၍သေခဲ့ရသည်။ သူ့မိခင်က မွေးခဲ့သမျှ မောင်နှမတစုတွင် ကိုလှမောင်သည် သားကောင်းတယောက် ကျောက်ကောင်းတစေ့ ဟုဆိုနိုင်လေသည်။

    မိမိတို၏ယုံကြည်ချက်ဖြင့် ရွပ်ရွပ်ချွံချွံဆောင်ရွက်ကာ ဗမာပြည်၏အကျိုးကိုသည်ပိုးသွားကြသော ကျောင်းသားခေါင်းဆောင် ကိုလှမောင်နှင့်ကိုမောင်မောင်တို့သည် ကောင်းရာသုဂတိသို့ လားကြပါစေဟူ၍ ဆုတောင်းမိပေသည်။

    တက္ကသိုလ်နွယ်ထွန်း

    မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(၁၉၅၅-၅၆) မှထုတ်ဝေသော တက္ကသိုလ်မဂ္ဂဇင်း (ဒီဇင်ဘာ ၁၉၅၆) မှ ကူးယူဖော်ပြသည်။

    ဓါတ်ပုံ- နိဗ္ဗာန်ဆော် မဂ္ဂဇင်း

    ဆက်စပ် အကြောင်းအရာများ ဖတ်လိုလျင်
    ———————————–
    http://www.m-mediagroup.com/news/tag/student_union

  • မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ သမိုင်းနှင့် မြန်မာမွတ်စလင် တို့အခန်းကဏ္ဍ

    ဇန်နဝါရီ ၉ ၊ ၂၀၁၄
    M-Media

    rusu

    ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၉ ရက် (ယနေ့) သည် တ.က.သ ဟု ခေါ်သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ) စတင်ဖွဲ့စည်းခဲ့သည့် ၈၃-နှစ်မြောက်နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ နှင့် မြန်မာမွတ်စလင်တို့ရဲ့ အခန်းကဏ္ဍကို လက်လှမ်းမှီသလောက် စုစည်း ပေးလိုက်ပါတယ်။

    ၁) ဦးကျော်ခင်၊ ဦးရာရှစ် (ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ စည်းမျဉ်းရေးဆွဲရေး ကော်မတီဝင် (၁၂) ဦးပါဝင်ခဲ့သူများ)၊

    ၂) ဦးထွန်းစိန် ( ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ) ရွေးကောက်တင်မြှောက်ခံရသည့် ပထမဆုံး ဥက္ကဌ)

    ၃) ဦးရာရှစ် (ဒုတိယကျောင်းသား သပိတ်ခေါင်းဆောင်၊ တ.က.သ ဥက္ကဌနှင့် ပထမဆုံး ဗ.က.သ ဥက္ကဌ၊ )

    ၄) ဦးတင်ထွန်း (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ၁၉၅၄-၅၅ )

    ၅) ကိုအောင်ထွန်း ( မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းသား လှုပ်ရှားမှု့သမိုင်း ပြုစုရေးသားသူ)

    မှတ်ချက်- အချို့သော အချက်အလက်များမှ စနစ်တကျ ပုံဖျက်၊ ဖျက်ဆီး ထိန်ချန်ထားခံရသောကြောင့် M-Media မှာ လက်လှမ်းမှီသလောက် အချက်အလက်များအပေါ် အခြေခံပြီး ဖော်ပြခြင်းဖြစ်ပါတယ်။

  • ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ) ဖွဲ့စည်းခြင်း ၈၃-နှစ်မြောက် နှစ်ပတ်လည်နေ့

    ဇန်နဝါရီလ ၉၊ ၂၀၁၄
    ရေးသူ- စည်သူမောင်
    rusu
    ၉.၁.၂၀၁၄ ရက်နေ့သည် တ.က.သ ဟုခေါ်သော ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ (တ.က.သ) စတင်ဖွဲ့စည်းခဲ့သည့် ၈၃-နှစ်မြောက်နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေး မရခင်ကိုလိုနီခေတ်က အင်္ဂလိပ်အစိုးရသည် ရန်ကုန်တက္ကသိုလ် တည်ထောင်စကပင် ကျောင်းသားများနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့တစ်ခုရှိ သင့်ကြောင်း ရည်ရွယ်ခဲ့ကြပြီး တ.က.သ အဆောက်အအုံဆောက်လုပ်ရန် အတွက် မြန်မာပြည်ဘုရင်ခံ ဆာဟာကုတ်ဘတ္တလာမှ ၁၉၂၆-ခုနှစ်တွင် သူဌေးဦးညိုဆီမှ ငွေသား ၁၇၀၀၀၀ (တစ်သိန်းခုနှစ်သောင်းကျပ်) အလှူခံပြီး ၁၉၂၇-ခုနှစ်တွင် ဘုရင်ခံကိုယ်တိုင် အုတ်မြစ်ချ၍ စတင်ဆောက်လုပ်ခဲ့ပါတယ်။

    ၁၉၃၀-ခုနှစ်မှာ တ.က.သ အဆောက်အအုံကြီးဟာ ပြီးစီးသွားပေမယ့် ကျောင်းသား သမဂ္ဂ မဖွဲ့ရသေးတဲ့အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုကျော်ခင်၊ ကိုတင့်ဆွေ နဲ့ ကိုဘဂျမ်း စတဲ့ ကျောင်းသားများဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းနိုင်ရေးအတွက် တက္ကသိုလ် ဒုတိယ အဓိပတိ တရားသူကြီး ဦးဘနဲ့တွေ့ဆုံပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ စည်းမျည်းရေးဆွဲရေးကော်မတီ တစ်ရပ်ဖွဲ့စည်းနိုင်ရေးကိစ္စ ညှိနှိုင်းကာ သဘောတူညီမှု ရယူခဲ့ပါတယ်။
    URashid2
    ထိုကော်မတီကပင် ၁၉၃၀ စက်တင်ဘာလ ၂၀-ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်အားကစားရုံ အတွင်းမှာ ပြုလုပ်တဲ့ ကျောင်းသားထု အစည်းအဝေး တစ်ရပ်ကို ကျောင်းဆောင်နေ ကျောင်းသားကျောင်းသူများ နဲ့ ပြင်ပကျောင်းသားများ အားလုံးပါဝင်တဲ့ (ကျောင်းသားထု အစည်းအဝေးကြီး) တစ်ရပ် ပြုလုပ်ပြီး တ.က.သ စည်းမျဉ်းရေးဆွဲရေးကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် ၁၂-ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး တ.က.သ စည်းမျဉ်းရေးဆွဲရေး လမ်းညွန်အဖြစ် အခြေခံရမယ့် ရည်ရွယ်ချက် (၃) ရပ်ကို ကျောင်းသားထုမှ ဆုံးဖြတ်အတည်ပြု ပေးခဲ့ရာမှာ (၁) ကျောင်းသားများ အကြား တက်ကြွညီညွတ်သော ပူးပေါင်းဆောင်ရွက်မှု ရှိလာစေရေး၊ (၂) ပေါင်းသင်းဆက်ဆံရေးဘ၀ အခြေအနေများဖန်တီးရေး၊ (၃) လွတ်လပ်ရေးစိတ်ဓာတ်နှင့် တာဝန်သိစိတ်များ ဖန်တီးပေးရေး ဟူ၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။

    တ.က.သ စည်းမျဉ်းရေးဆွဲရေး ကော်မတီမှာ ပါဝင်ခဲ့ကြသူတွေ ကတော့ ကော်မတီဥက္ကဌ အဖြစ် ကိုကျော်ခင်၊ အတွင်းရေးမှုးအဖြစ် ကိုဘဂျမ်း၊ ကိုကျော်သိန်း၊ ကိုရာရှစ်၊ ကိုစံဖော်အောင် အပါအ၀င် စူစူပေါင်း ၁၂-ဦးနဲ့ ရေးဆွဲခဲ့ကြပါတယ် ။ တ.က.သ စည်းမျဉ်းရေးဆွဲရေး ကော်မတီဟာ ရေးဆွဲချိန်မှ စတင်ပြီး ကျောင်းသားထုဆီမှ အကြံပြုချက်များ သဘောထားများ တောင်းခံပြီး ဥပဒေပညာရှင်များနှင့် တိုင်ပင်ကာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကို အင်္ဂလန်ပြည်ရှိ အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ကင်းဗရစ်ခ်ျ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ဖွဲ့စည်းပုံ စည်းမျဉ်းများကို မှီငြမ်းပြီး ၁၉၃၁-ခုနှစ် ဇန်န၀ါရီလ (၉) ရက်နေ့ (စတင်ဖွဲစည်းသည့်နေ့) တွင် ကျောင်းသားထု အစည်းအဝေးကြီး ကျင်းပပြီး စည်းမျဉ်းကို အတည်ပြုခဲ့ပါတယ်။

    U Tun Sein with label

    ၁၉၃၀-၃၁ တ.က.သ ရဲ့ယာယီ အလုပ်အမှုဆောင်အဖြစ် ဥက္ကဌ ကိုကျော်ခင် နဲ့ အတွင်းရေးမှုး ကိုရာရှစ်တို့က ဦးဆောင်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆက်လက်ပြင်ဆင်ခဲ့ပြီး ၁၉၃၁-၃၂ သက်တမ်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ) ရဲ့ပထမဆုံး ကျောင်းသား သမဂ္ဂ ရွေးကောက်ပွဲနဲ့ ရွေးချယ် တင်မြောက်ခံရသူအဖြစ် ဥက္ကဌ ကိုထွန်းစိန် ဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ စတင်ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းပုံ စည်းမျဉ်းကို ကျောင်းသားထုက လက်ခံအတည်ပြုပေးခဲ့တဲ့ ဇန်န၀ါရီလ (၉)ရက်နေ့ဟာ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ ထင်ရှားခဲ့တဲ့ တ.က.သ ရဲ့ ၈၃-နှစ်မြောက် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်ဖတ်မှတ်ခဲ့ဖူးတဲ့ တ.က.သ သမိုင်းစာအုပ်များအား ကိုးကားပြီး ဂုဏ်ပြုရေးသားလိုက်ပါတယ်။

    ကျောင်းသားရှိလျှင် ကျောင်းသားသမဂ္ဂ များရှိရမည်…..။

    ကျောင်းသားသမဂ္ဂ ရှိလျှင် ကျောင်းသားသမဂ္ဂ အဆောက်အဦးများ ရှိရမည်။

    ၉.၁.၂၀၁၄
    စည်သူမောင် (ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ-တ.က.သ)

  • ကျောင်းသား လှုပ်ရှားမှုသမိုင်း စာအုပ်ရေးသူ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအောင်ထွန်းနှင့် တွေ့ဆုံခန်း

    ကျောင်းသား လှုပ်ရှားမှုသမိုင်း စာအုပ်ရေးသူ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအောင်ထွန်းနှင့် တွေ့ဆုံခန်း

    အောက်တိုဘာ ၁၀
    M-Media
    တွေ့ဆုံမေးမြန်းသူ – ဆူးထက်

    မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှုသမိုင်း စာအုပ်ကို ရေးသားသူ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအောင်ထွန်းနှင့် တွေ့ဆုံမေးမြန်း

    ???????????????????????????????

    ရန်ကုန်   ။        ။     ၈၈ ခုနှစ် အရေးခင်း ကာလတွင် ကျောင်းသား ခေါင်းဆောင် အနေဖြင့် နိုင်ငံရေး လှုပ်ရှားသူ၊ မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု စာအုပ်ဖြင့် စုစုပေါင်း ထောင် ၁၇-နှစ်ကျခဲ့သော စာရေးဆရာ ကိုအောင်ထွန်းအား ယခု လတ်တလော နိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၉ရက်နေ့တွင် M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    M-Media – ပထမဆုံး နိုင်ငံရေး လှုပ်ရှားခဲ့တဲ့ မှတ်တမ်းများကို ပြောပြပေးပါ။
    ကိုအောင်ထွန်း – ၁၉၈၈၊ ၈၉၊ ၉၀ ခုနှစ်မှာ ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဦးဆောင် အဖွဲ့ဝင်နှင့် ဗကသများ အဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် အဖြစ် လှုပ်ရှားရင်းနဲ့ ၉၀ခုနှစ်မှာ အထိန်းသိမ်းခံရသည်။ ပုဒ်မ ၅/ည နဲ့ ထောင်ဒဏ် ၅နှစ် ကျသွားတယ်။

    M-Media – ဘယ်နှစ်ခုနှစ်မှာ ထောင်က လွတ်လာတာ ပါလဲ။ စုစုပေါင်း ဘယ်နှစ် နှစ်ကျခဲ့ပါသလဲ။
    ကိုအောင်ထွန်း – ၁၀၉၄ခုနှစ် ၊ စက်တင်ဘာလ ၂၃ရက်နေ့မှာ အင်းစိန်ထောင်၊ သာယာဝတီထောင်ကနေ ပြန်လွတ် လာပါတယ်။ ထောင်က လျှော့ရက်ပေးတာကြောင့် စုစုပေါင်း ထောင်ထဲမှာ လေးနှစ် ရှစ်လနီးပါးနေခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် အသက်က ၂၆နှစ် ရှိပါပြီ။

    M-Media – ထောင်ထဲက လွတ်လာပြီးတော့ ဘာတွေ ဆက်လှုပ်ရှားဖြစ်လဲ။ ကျောင်းရော ဆက်တက် ဖြစ်သေးသလား။
    ကိုအောင်ထွန်း – ထောင်ကနေ ပြန်လွတ်လာပြီးတော့ ၁၉၉၄၊ ၉၅၊ ၉၆ ခုနှစ် မှာရန်ကုန် စက်မှု့တက္ကသိုလ် ဆက်တက်ပြီးတော့ BE အီလက်ထရောနစ် ဘွဲ့ရတယ်။

    OLYMPUS DIGITAL CAMERA

    M-Media – မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း စာအုပ်ကို ကျောင်းပြီးသွားမှ ရေးတာလား။ ဘယ်နှစ်ခုနှစ်မှာ ရေးခဲ့တာပါလဲ။
    ကိုအောင်ထွန်း – ကျောင်းပြီးတဲ့ ၁၉၉၆ ခုနှစ်မှာ စပြီးတော့ မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း စာအုပ်ကို ရေးခဲ့တယ်။ ထောင်အကြောင်း ကျွန်တော်နဲ့ သူတို့ စာအုပ်ရေးတယ်။ ၉၆ ခုနှစ်ထဲမှာပဲ ကဗျာ အပုဒ်ပေါင်း (၁၀၀) ကျော်နဲ့ အင်္ဂလိပ် ကဗျာ ရေးသားပြီး ကဗျာ စာအုပ် ၁၅ အုပ် ထုတ်ခဲ့ပါတယ်။ ပြီး မြန်မာနိုင်ငံ သမိုင်းနဲ့ ပတ်သက်ပြီးတော့ သမိုင်း သက်သေ တချို့ ၅ အုပ်ရေးခဲ့တယ်။ ပြီးတော့ ကျောင်းသား လှုပ်ရှားမှု သမိုင်းမှာ ပါဝင်ခဲ့တဲ့ လူ(၁၅)ယောက်လောက်ကို စာအုပ် ၅ အုပ်လောက်နဲ့ အင်တာဗျူး လုပ်တယ်။ အဲဒါတွေ အပါအ၀င် ဗကသများ အဖွဲ့ချုပ်ကို ကူညီမှုနှင့် ၁၉၉၈ခုနှစ် ဇန်န၀ါရီလ ၂၇ရက်နေ့မှာ ဒုတိယ အကြိမ် အဖမ်းခံရပါတယ်။

    M-Media – ဘယ်လို ဥပဒေနှင့် ထောင်ဒဏ် ဘယ်နှစ်နှစ် ကျခံခဲ့ရပါသလဲ။
    ကိုအောင်ထွန်း – ပုဒ်မ ၅/ည၊ ၁၇/၁ ပုံနှိပ် စက္ကူ နှင့် ထောင်ဒဏ် ၁၇ နှစ် ကျခံခဲ့ရပါတယ်။ အင်းစိန်၊ သာယာဝတီထောင် မှာပါပဲ။

    M-Media – ဘယ်နှစ်ခုနှစ်မှာ ထောင်က လွတ်ခဲ့တာပါလဲ။ ထောင်ဘယ်နှစ်နှစ် ကျခံခဲ့ရလဲ။
    ကိုအောင်ထွန်း – ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ထောင်က လွတ်ခဲ့ပါတယ်။ ထောင်လျှော့ရက်က နိုင်ငံရေး အကျဉ်းသားတွေကို ၉၉ ခုနှစ်မှာ ဖျက်ပစ်လိုက်ပြီ။ ၄၀၁ (လွတ်ငြိမ်း သက်သာ) နဲ့ ပြန်လွတ်လာတယ်။ ထောင်ထဲမှာ ၁၂ နှစ် နေခဲ့ရပါတယ်။ ဒုတိယ အကြိမ် ထောင်ကျတော့ အမ တစ်ယောက်ဆုံးသွားပါတယ်။ ရက်လည်ကျမှ ထွက်ခွင့်ရလို့ မမှီလိုက်ပါဘူး။ အမေရဲ့ အသက်ကတော့ ၈၀ ကျော်ပါပြီ။

    M-Media – ထောင်ထဲမှာ ဒီလောက်နှစ်ရှည်လများ နေခဲ့ရတော့ အကိုရဲ့ အမေက ဘာပြောသေးလဲ။
    ကိုအောင်ထွန်း – မိဘဆိုတော့ ဖမ်းသွားတော စိုးရိမ်တယ်။ နောက်တော့ ဘာမှ မပြောရှာပါဘူး။

    M-Media – နိုင်ငံတကာက ပေးတဲ့ ဆုတွေရော ရခဲ့ဖူးပါသလား။
    ကိုအောင်ထွန်း – နိုင်ငံတကာက ပေးတဲ့ ဆုတွေကို ၁၉၉၇၊ ၉၈၊ ၉၉ ကျွန်တော် ထောင်ထဲမှာ ရှိတဲ့ အချိန်တုန်းက ပေးခဲ့တယ်လို့ ကြားပါတယ်။ သွားတော့ မထုတ်ရသေးတော့ မရရှိသေးပါဘူး။ ဆုတွေကတော့ အမေရိကန် နိုင်ငံက ပေးတဲ့ (၁) အကျဉ်းကျ စာရေးဆရာများအားပေးသော ဟာမန် ဟားမစ်ဆု၊ (၂) ကနေဒါ တက္ကသိုလ် (၃) နော်ဝေး တက္ကသိုလ် (၄) သြစကြီးယား တက္ကသိုလ်များက ပေးသော ဂုဏ်ထူးဆောင် အဖွဲ့ဝင်ဆု တွေပါ။

    M-Media – ယခု ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေအပေါ် သုံးသပ်ပြောကြားပေးပါ။

    ကိုအောင်ထွန်း – ဖွဲ့စည်းပုံ အခြေခံ ပြဿနာ၊ ပဋိပက္ခ ပြဿနာတွေ၊ အခြားသော အလုပ်သမား လယ်သမား ပြဿနာတွေ၊ ဥပဒေ ရေးရာ ပြဿနာတွေ၊ မြေယာပိုင်ဆိုင်မှု ပြဿနာတွေ အားလုံး အများကြီးပဲ။ အဲဒီ ပြဿနာတွေ ဘာကြောင့် ဖြစ်လဲဆိုတဲ့ ဇစ်မြစ်ကို ပြန်စဉ်းစားကြည့်တော့ အသွင်ကူးပြောင်းရေး ကာလ ၂၀၁၀ခုနှစ် တပ်မတော် အစိုးရကနေ အရပ်သား အစိုးရလို့ ပြောင်းလဲပေးလိုက်တဲ့ ကာလ တစ်ခုမှာ ပြောင်းလဲလိုက်တဲ့ အစိုးရက သေသေချာချာ ဂဃနဂ လုပ်ငန်းတွေကို အေးအေးဆေးဆေး လွှဲအပ်လိုက်ခြင်းလည်း ပါကောင်း ပါမယ်။
    နောက်တစ်ခုက နှစ်ပေါင်း ၅၀ ကျော် ဒီမိုကရေစီ ဆိပ်သုန်းပြီးတော့ လွတ်လပ်စွာ ပြောဆိုခွင့်တွေ ပိတ်ပင်ထားတဲ့ အတွက် ပြည်သူလူထုက မိမိတို့ ဆန္ဒတွေကို ထုတ်ဖော် ပြောကြားရင်းနဲ့ တစ်ခါတစ်လေကြတော့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု လွဲမှားခြင်း လည်းပါတယ်။

    နောက် လူ့အခွင့်အရေး၊ နိုင်ငံရေး ရေချိန်ကို အသိဥာဏ် ရင့်ကျက်မှုကြောင့် တစ်ဖက်နဲ့ တစ်ဖက်ကို အထင်မြင် လွဲမှားမှုကြောင့်၊ ဆန္ဒစောမှုကြောင့် လှုပ်ရှားမှုတွေ ပါတယ်။ ဒါတွေက အားလုံး ခြုံငုံ သုံးသပ်လိုက်ရင် အဲဒီ သဘောအဓိပ္ပါယ်လို့ ယူဆတယ်။ ဒါကဘာလဲဆိုတော့ ဒီမိုကရေစီနိုင်ငံနှင့် လွတ်လပ်မှု ပြောင်းလဲတဲ့ အခါကြရင် အဆင့်တွေ အများကြီး ဖြတ်ရတယ်။ မလွတ်မြောက်သေးဘူး။ မလွတ်မြောက်သေးဘူး ဆိုတာက ဒီမို ကရေစီ မရသေးဘူး။ လွတ်မြောက်လာတယ် ဆိုတာ လွတ်လပ်လာတာ။ လွတ်လပ်လာတဲ့အခါ လွတ်လပ်မှုဆိုတာ ဘာလဲ ဆိုတာ နားလည်နိုင်ရမယ်။ လွတ်လပ်မှု ဆိုတာ ဘာလဲ တစ်ယောက်ခြင်းရဲ့ လွတ်လပ်မှုက သူတစ်ပါးကို ထိခိုက်မလား၊ မထိခိုက်ဖူးလား။ အဖွဲ့အစည်း တစ်ခု၊ လူတန်းစား တစ်ခုတော့ အခြားတစ်ယောက်ကို ထိခိုက်မှု ရှိမရှိ၊ လွတ်လပ်မှုရဲ့ အဓိပ္ပါယ်ကို နားလည်ပြီးတဲ့ အခါကြမှ ဒီမိုကရေစီ အခြေခံ အုတ်မြစ်ကို ချလို့ရမယ်။ အဲဒီတော့မှ ဒီမိုကရေစီကို နားလည်မယ်။ အဲဒီလို ဒီမိုကရေစီကို နားလည်ပြီးတော့မှ လူ့အခွင့်အရေးကို ဒီမိုကရေစီနဲ့ ပေါင်းစပ်လို့ ရမယ်။

    အဲဒီ့ အဆင့်တွေ ရောက်ဖို့ ဖြတ်သန်းဆဲ ကာလဖြစ်တဲ့ အတွက် အဲလို ပြဿနာတွေ ကြုံကောင်းကြုံတယ်။ အဲဒါကို ယခုလက်ရှိ နိုင်ငံရေး လောကမှာ ဦးဆောင်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရော၊ အစိုးရ အဖွဲ့နဲ့ နိုင်ငံတော်မှာ ဦးဆောင်နေတဲ့ သူတွေရော သိရှိနားလည်ပြီးတော့ လိုအပ်တဲ့ ဖြေရှင်းနည်းနဲ့ ကောင်းမွန်စွာ ဖြေရှင်းနိုင်မှ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီက ပိုမို ရင့်ကျက် လာလိမ့်မယ်လို့ မျှော်လင့်တယ်။

    M-Media – ယနေ့ ကာကွယ်ရေး ၀န်ကြီး ဌာနအနေနဲ့ ပြည်သူတွေ ရဲ့ လုံခြုံရေး အပေါ် ကာကွယ်စောင့်ရှောက်နေမှု အပေါ် ဘယ်လို မြင်ပါသလဲ။

    ကိုအောင်ထွန်း – လူတွေဟာ တစ်ယောက်ကို တစ်ယောက် အသိစိတ်ဓာတ်နဲ့ ကိုယ့်ကိုကိုယ် ရပ်ကွက်နဲ့ မြို့နယ် အတွင်းမှာ ကိုယ်လုံခြုံရေးနဲ့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ဖွဲ့ထားပြီးတော့ ကျန်တဲ့နေရာမှာ ကိုယ့်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကို အဆင့်ဆင့် ဆောင်ရွက်ပေးတာ ကောင်းတယ်။ ပြောရရင် အချိန်မှီ မရောက်လာတာလို့ ပြောတယ်။ ရောက်လာသင့်ပြီးတော့ မရောက်လာဘူးလို့လည်း ပြောကြတာပဲ။ ဒါပေမယ့် ရပ်ကွက်တစ်ခုအတွင်းမှာ မြို့နယ်တစ်ခု အတွင်းမှာရှိတဲ့ လူတွေက သူပါသူ ညီညီညွှတ်ညွှတ်နဲ့ အင်အားစု တစ်ခု ရှိရင် ရပ်ကွက်အတွင်းမှာ ဖြစ်တဲ့ အချင်းချင်း ပြဿနာရော၊ အခြားနေရာက ရောက်လာတဲ့ ပြဿနာရော ကာကွယ်နိုင်တယ်။

    အိမ်တစ်အိမ်မှာ အိမ်ထဲမှာ ရှိနေတဲ့ သူတွေ ညီညွှတ်နေရင် ကျန်တဲ့ သူတွေ ၀င်လာလို့ မရဘူး။ အဲလို လူတွေ အားလုံးက ညီညွှတ်နေရင် ၀င်လာတဲ့ သူကလည်း သူပါသူ ရှောင်သွားမှာဘဲ။

    M-Media – ဆရာအနေနဲ့ ဘယ်လို ယုံကြည်ချက်ကြောင့် နိုင်ငံရေး လုပ်ခဲ့တာပါလဲ။

    ကိုအောင်ထွန်း – ငယ်ငယ်လေးထဲက နိုင်ငံရေးနဲ့ ပတ်သပ်တဲ့ စာအုပ်တွေ၊ စာတမ်းတွေ ဖတ်ပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးအပေါ်မှာ ယုံကြည်ပြီးတော့ လုပ်ခဲ့တာပါ။

    M-Media – အဲဒါတွေက ဘယ်သူတွေ အတွက်လဲ။

    ကိုအောင်ထွန်း – ပြည်သူတွေ အားလုံးအတွက်ရော၊ လူဆိုတာ ကိုယ့်အတွက်ရော၊ အများအတွက်ရော၊ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတွေ အားလုံးအတွက် ရောပေါ့။

    M-Media – မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းစာအုပ်ကို ရေးရင် ထောင်ကျမယ်လို့ ရော ထင်ထားခဲ့ပါသလား။ ဘာကြောင့် ဒီစာအုပ်ကို ရေးပြီး သမိုင်းမှာ ကျန်ခဲ့စေချင်ရတာလဲ။

    ကိုအောင်ထွန်း – ဒီစာအုပ်ကိုရေးရင် ထောင်ကျမယ်ဆိုတာ အဲဒီစာအုပ်မှာပါတဲ့ လူတော်တော်များများ သိကြတယ်။ ဘာကြောင့်ရေးခဲ့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ သမိုင်းက ပျောက်ကွယ်နေတဲ့ အရာ တစ်ခုကို ပြန်လည် ဖော်ထုတ် လိုက်တာပါ။ ထောင်ကျ ခဲ့တယ်ဆိုတာ ကိုယ့်က ထောင်ကျချင်လို့တော့ မဟုတ်ဘူး။ ထောင်ကျပြီးတော့ နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားချင်လို့လည်း မဟုတ်ဘူး။ ဆုတံဆိပ်တွေ ရချင်လို့လဲ မဟုတ်ဘူး သမိုင်းမှန်ကို ဖော်ထုတ်ချင်လို့ ရေးခဲ့တာပါ။ ဒီစာအုပ်ရေးနေတုန်းမှာဘဲ တစ်နေရာက တစ်စွန်းတစ ထွက်ပြီးတော့ သိပြီး အားလုံး ထောင်ကျသွားတာ ဖြစ်တယ်။

    M-Media – ဒီစာအုပ်ကို ရေးခဲ့ဖြစ်သွားပုံ အကြောင်းလေး ရှိရင် ပြောပြပေးပါ။

    ကိုအောင်ထွန်း – အဘ သခင်ဦးအုန်းမြင့်ဆိုတာ ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်း သူငယ်ချင်း။ လွန်ခဲ့တဲ့ ၂၀နှစ်ခန့်တုန်းက ထောင်ထဲမှာ တွေ့ခဲ့တဲ့ အဲဒီ့ အဘက ကျွန်တော့်ကို ကျောင်းသား ခေါင်းဆောင် တစ်ယောက်က ကျောင်းသား သမိုင်းကို ရေးရင် ကောင်းမှာပဲ လို့ပြောတယ်။ ကျွန်တော်တို့ ခေတ်တုန်းက မြနမာနိုင်ငံ ကျောင်းသား သမိုင်းနဲ့ ပတ်သက်ပြီး သေသေချာချာ ဂဃနဂ ရေးထားတာ မရှိဘူး လို့ အကြံဥာဏ်ပေးတယ်။ အဲဒါကြောင့် ရေးဖြစ်သွားတာပါ။ နှစ်ယောက်စလုံးရဲ့ ဆန္ဒပေါ့။ ရေးချင်တဲ့သူရဲ့ ဆန္ဒနဲ့ အကြံဥာဏ် ပေးတဲ့ သူရဲ့ ဆန္ဒပေါင်းစပ်သွားတာပါ။

    M-Media – အခု စာဖတ်သူတွေကို ပေးချင်တဲ့ စကားလက်ဆောင်တစ်ခုက။

    ကိုအောင်ထွန်း – အားလုံး ညီညီညွှတ်ညွှတ်နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးပေါ်မှာ နားလည်မှုနဲ့ လမ်းလျှောက်သွားရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီက ပိုမို လှပတဲ့ အနာဂတ်ကို ရောက်ရှိမှာ မလွဲပါဘူး။

    M-Media – အခုလို သိလို သမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ဆရာကို M-Media ၀ိုင်းတော်သားများမှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

  • ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် အခမ်းအနား ကျင်းပ

    ဇွန် ၁၇၊ ၂၀၁၃
    M-Media
    သန့်သန့်

    ရန်ကုန် ။         ။     ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့၊ ဗဟန်း၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ မနေ့က နေ့လည် (၂)နာရီတွင် ကျင်းပခဲ့ပါသည်။

    ယင်းအခမ်းအနားမှာ လွန်ခဲ့သော နှစ်ပေါင်း၂၅-နှစ်က ပြည်သူလူထုပါဝင်သော လှုပ်ရှားမှုကြီးကို စတင်စေခဲ့သည့် ၁၉၈၈-ခုနှစ်၊ ဇွန်လ ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်သည်။

    ”ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး ဒီပွဲလေးလုပ်ဖြစ်တာပါ။  ၈၈၊ ဇွန်လမှာ ကျောင်းသားလှုပ်ရှားမှုကြီး စတင်ခဲ့ပါတယ်။ နောက် ဇူလိုင်၊သြဂုတ်မှာ ကျောင်းတွေပိတ်ပြီး ရှစ်လေးလုံးလူထုအုံကြွမှု ဖြစ်ခဲ့တယ်။ လူထုအုံကြွမှုဖြစ်ခဲ့တဲ့အထိ အရေးပါခဲ့တဲ့ ဒီဇွန်ကျောင်းသားလှုပ်ရှားမှုကို နောက်မျိုးဆက်လူငယ်တွေမသိကြတော့ဘူး။ မျိုးဆက်သစ်လူငယ်တွေလည်း ဒီလှုပ်ရှားမှုကိုသိစေချင်လို့ပါ”ဟု အခမ်းအနား ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    ၁၉၈၈၊ ဇွန် ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၂-ခုနှစ်၊ ဇွန်လတွင် စတင်ကျင်းပခဲ့ပြီး၊ ယခင်နှစ်က ပွဲကျင်းပရန်ကြိုတင်ပြင်ဆင်ပြီးမှ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ရက်နီးမှပြုလုပ်နိုင်ကြောင်း၊ ယခုနှစ် ငွေရတုအထိမ်းအမှတ် အခမ်းအနား၌ အဆိုပါကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော ကျောင်းသားများအနက် ပြည်တွင်းရှိသူများအပြင် ယခုနှစ်တွင် ပြည်ပ၌ရောက်ရှိနေကြသောသူများပါ လာရောက်ကြကြောင်း၊ ယခင်နှစ်ကကဲ့သို့ပင် ကျောင်းသားဟောင်းများ၊ စိတ်ပါဝင်စားသူများ၊ သတင်းမီဒီယာများ တက်ရောက်ကြကြောင်းသိရသည်။

    june 17