ဇွန် ၁၇၊ ၂၀၁၃
M-Media
သန့်သန့်
ရန်ကုန် ။ ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့၊ ဗဟန်း၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ မနေ့က နေ့လည် (၂)နာရီတွင် ကျင်းပခဲ့ပါသည်။
ယင်းအခမ်းအနားမှာ လွန်ခဲ့သော နှစ်ပေါင်း၂၅-နှစ်က ပြည်သူလူထုပါဝင်သော လှုပ်ရှားမှုကြီးကို စတင်စေခဲ့သည့် ၁၉၈၈-ခုနှစ်၊ ဇွန်လ ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်သည်။
”ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး ဒီပွဲလေးလုပ်ဖြစ်တာပါ။ ၈၈၊ ဇွန်လမှာ ကျောင်းသားလှုပ်ရှားမှုကြီး စတင်ခဲ့ပါတယ်။ နောက် ဇူလိုင်၊သြဂုတ်မှာ ကျောင်းတွေပိတ်ပြီး ရှစ်လေးလုံးလူထုအုံကြွမှု ဖြစ်ခဲ့တယ်။ လူထုအုံကြွမှုဖြစ်ခဲ့တဲ့အထိ အရေးပါခဲ့တဲ့ ဒီဇွန်ကျောင်းသားလှုပ်ရှားမှုကို နောက်မျိုးဆက်လူငယ်တွေမသိကြတော့ဘူး။ မျိုးဆက်သစ်လူငယ်တွေလည်း ဒီလှုပ်ရှားမှုကိုသိစေချင်လို့ပါ”ဟု အခမ်းအနား ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
၁၉၈၈၊ ဇွန် ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၂-ခုနှစ်၊ ဇွန်လတွင် စတင်ကျင်းပခဲ့ပြီး၊ ယခင်နှစ်က ပွဲကျင်းပရန်ကြိုတင်ပြင်ဆင်ပြီးမှ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ရက်နီးမှပြုလုပ်နိုင်ကြောင်း၊ ယခုနှစ် ငွေရတုအထိမ်းအမှတ် အခမ်းအနား၌ အဆိုပါကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော ကျောင်းသားများအနက် ပြည်တွင်းရှိသူများအပြင် ယခုနှစ်တွင် ပြည်ပ၌ရောက်ရှိနေကြသောသူများပါ လာရောက်ကြကြောင်း၊ ယခင်နှစ်ကကဲ့သို့ပင် ကျောင်းသားဟောင်းများ၊ စိတ်ပါဝင်စားသူများ၊ သတင်းမီဒီယာများ တက်ရောက်ကြကြောင်းသိရသည်။
Leave a Reply
You must be logged in to post a comment.