News @ M-Media

Tag: Tanzania

  • စာပေဆိုင်ရာ နိုဘယ်ဆုကို တန်ဇန်းနီးယားမှ အဘ်ဒွလ်ရာဇတ် ဂူရ်နာ ရရှိ

    စာပေဆိုင်ရာ နိုဘယ်ဆုကို တန်ဇန်းနီးယားမှ အဘ်ဒွလ်ရာဇတ် ဂူရ်နာ ရရှိ

    အောက်တိုဘာ ၇၊ ၂၀၂၁
    M-Media

    -၂၀၂၁ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို တန်ဇန်းနီးယားနိုင်ငံက စာရေးဆရာ အဘ်ဒွလ်ရာဇတ် ဂူရ်နာက ဆွတ်ခူးရရှိသွားပါတယ်။

    ဇန်ဇီဘာရ်ဒေသမှာ မွေးပြီး အင်္ဂလန်နိုင်ငံမှာ အခြေချနေထိုင်တဲ့ ဂူရ်နာဟာ Kent တက္ကသိုလ်က ပရော်ဖက်ဆာ ဖြစ်ပါတယ်။

    နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ဂူရ်နာဟာ ကိုလိုနီဝါဒရဲ့ သက်ရောက်မှု၊ ဒုက္ခသည်တွေရဲ့ ကံကြမ္မာတွေကို နက်နက်ရှိုင်းရှိုင်း ထိုးထွင်းသိမြင်နိုင်စွမ်းရှိသူ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    ဂူရ်နာဟာ ၀တ္ထုရှည် ၁၀ ပုဒ်နဲ့ ၀တ္ထုတို တော်တော်များများကို ရေးသားခဲ့ပြီး ၁၉၉၄ ခုနှစ်က ရေးသားထုတ်ဝေတဲ့ Paradise ၀တ္ထုက နာမည်ကျော်ပါတယ်။ ဒီ၀တ္ထုဟာ ပထမကမ္ဘာစစ်ကာလအတွင်းက အရှေ့အာဖရိကကို ဇာတ်အိမ်တည် ရေးဖွဲ့ထားတဲ့ ၀တ္ထုဖြစ်ပါတယ်။ Booker Prize for Fiction ဆုအတွက် ဒီ၀တ္ထုက ဇကာတင်စာရင်း ဝင်ခဲ့ပါတယ်။

    စာပေဆိုင်ရာ နိုဘယ်ဆုရွေးချယ်ရေးကော်မတီ ဥက္ကဌ အန်ဒါစ် အိုလ်ဆန်က ဂူရ်နာဟာ ကိုလိုနီခေတ်နောက်ပိုင်း အကြီးကျယ်ဆုံး စာရေးဆရာတစ်ယောက်ဖြစ်တယ်လို့ ကင်းပွန်းတပ်ခဲ့ပါတယ်။

    ဂူရ်နာဟာ ဆုကြေးငွေ ဆွီဒင်ကရိုနာ ၁၀ သန်း (ဒေါ်လာ ၁.၁၃ သန်း) ရရှိမှာ ဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားကို ပုံမှန် ဒီဇင်ဘာ ၁၀ ရက်နေ့ကျရင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ ကျင်းပလေ့ရှိပေမယ့် ကိုဗစ်ကပ်ရောဂါ မပြီးသေးတဲ့အတွက် ဒီနှစ် ကျင်းပနိုင်ခြင်း မရှိပါဘူး။ ကိုဗစ်ကြောင့် ဆုပေးပွဲမကျင်းပနိုင်တာ ၂ နှစ်ရှိပြီ ဖြစ်ပါတယ်။

    ၁၉၀၁ ခုနှစ်က စတင်ချီးမြှင့်ခဲ့တဲ့ နိုဘယ်ဆုမှာ စာပေဆိုင်ရာဆုကို ရရှိသူ ၁၁၈ ဦးရှိပြီး အဲဒီအထဲက ၈၀ ရာခိုင်နှုန်းကျော် ဖြစ်တဲ့ ၉၅ ဦးဟာ ဥရောပနဲ့ မြောက်အမေရိကက စာရေးဆရာတွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • မီဒီယာလွတ်လပ်ခွင့် ပိတ်ပင်ထားမှုကို တန်ဇန်းနီးယားသမ္မတသစ် ပယ်ဖျက်

    မီဒီယာလွတ်လပ်ခွင့် ပိတ်ပင်ထားမှုကို တန်ဇန်းနီးယားသမ္မတသစ် ပယ်ဖျက်

    ဧပြီ ၆၊ ၂၀၂၁
    M-Media

    တန်ဇန်းနီးယား သမ္မတသစ် ဆာမီယာ ဆူလူဟူ ဟာဆန်

    -သမ္မတဟောင်းလက်ထက်က မီဒီယာလွတ်လပ်ခွင့် ပိတ်ပင်ထားတာကို တန်ဇန်းနီးယားသမ္မတသစ် ဆာမီယာ ဆူလူဟူ ဟာဆန်က ဒီကနေ့မှာ ဖယ်ရှားပေးလိုက်ပါတယ်။

    သမ္မတဟောင်း ဂျွန် မာဂူဖူလီ လက်ထက်မှာ တန်ဇန်းနီးယားရဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ အောက်ဆုံးအထိ ထိုးကျခဲ့ပြီး သတင်းစာတွေ၊ သတင်းဝဘ်ဆိုက်တွေကို ပိတ်ပင်တာ၊ ဂျာနယ်လစ်တွေကို ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်ခဲ့တာပါ။

    အသက် ၆၁ နှစ်အရွယ် မာဂူဖူလီဟာ မတ်လအတွင်း နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် ဒုတိယသမ္မတ ဖြစ်တဲ့ ဆာမီယာက သမ္မတသစ် ဖြစ်လာတာ ဖြစ်ပါတယ်။

    “မီဒီယာတွေကို ပိတ်ပင်ထားတယ်ဆိုတာ ကျွန်မကြားတယ်။ သူတို့ကို ပြန်ဖွင့်ပေးလိုက်ပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် ပိတ်ပင်ထားတယ်လို့ အပြောခံရမှာကို ကျွန်မတို့ မလိုလားပါဘူး။ မီဒီယာတွေကို အင်အားသုံးပြီး အဓမ္မ ပိတ်ပစ်တာမျိုး ကျွန်မတို့ လုပ်ဆောင်မှာမဟုတ်ဘူး။ ဥဒေကို လေးစားလိုက်နာဖို့ကိုတော့ ကျွန်မတို့ ဆောင်ရွက်သွားမှာပါ” လို့ သမ္မတ ဆာမီယာက မြို့တော် ဒါရ် အက် စလာမ်မှာလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက သမ္မတသစ်ရဲ့ ဒီဆောင်ရွက်မှုကို ကြိုဆိုခဲ့ပြီး၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ပိတ်ပင်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: Reuters

  • တန်ဇန်းနီးယားတွင် မုဆိုးများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူကို သတ်ဖြတ်

    တန်ဇန်းနီးယားတွင် မုဆိုးများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူကို သတ်ဖြတ်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    tanzania

    – တရားမ၀င်မုဆိုးများအား လိုက်လံ စောင့်ကြည့်စဉ် ရဟတ်ယာဉ် ပစ်ချခံရပြီးနောက် လေယာမှူးဖြစ်သူ ဗြိတိန်နိုင်ငံသား သသဘာဝပတ်ဝန်းကျင် ထိမ်းသိန်းစောင့်ရှောက်သူ အသတ်ခံရမှုကို တန်ဇန်းနီးယားသမ္မတက ဂျွန် မာဂူဖူလီက ရှုတ်ချလိုက်ပြီး ထိုကိစ္စအတွက် လူ ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ယမန်နေ့က ပြောကြားလိုက်ပါတယ်။

    သေဆုံးခဲ့တဲ့ ဗြိတိန်နိုင်ငံသားဟာ အသက် ၃၇ နှစ်အရွယ် ရော်ဂျာ ဂိုဝါဖြစ်ပြီး ကမ္ဘာကျော် ဆီရန်ဂေတီ အမျိုးသားဥယျာဉ်နှင့်ကပ်လျက် တန်ဇန်နီးယားမြောက်ပိုင်းက မဆ်ဝါဘေးမဲ့တောမှာ ကင်းလှည့်နေစဉ်အတွင်း နယ်ကျော်မုဆိုးတွေက ၎င်းစီးနင်းလာတဲ့ ဟယ်လီကော်ပတာကို ပစ်ချကာ ၎င်းကို သတ်ပစ်ခဲ့တာဖြစ်ပါတယ်။

    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်တဲ့ Friedkin Conservation Fund အဖွဲ့မှာ အလုပ်လုပ်တဲ့ဂိုဝါဟာ မကြာမီက သတ်ဖြတ်ခံထားရတဲ့ ဆင်အလောင်းများကို တွေ့ရှိပြီးနောက် နယ်ကျော်မုဆိုးတွေကို ခြေရာခံရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

    “ဒီကိစ္စဟာ ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချသင့်တဲ့ ၀မ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်” လို့ မာဂူဖူလီက ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပြီး ပါဝင်ကျူးလွန်ခဲ့သူအားလုံးကို တရားစွဲဆိုကာ ဥပဒေအတိုင်း လုပ်ဆောင်ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မာဂူဖူလီက တောရိုင်းတိရစ္ဆာန်တွေကို ဒီထက်မက ပိုမိုစောင့်ရှောက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ ဘေးမဲ့တောနဲ့ အမျိုးသားဥယျာဉ်ထဲမှာ အမဲလိုက်ခြင်းကို ကာကွယ်တိုက်ဖျက်သွားပါမယ်၊ နယ်ကျော်အမဲလိုက်သူတွေကို တိုက်ခိုက်ဖို့အတွက် ကျွန်တော်တို့ လက်တွေတွဲထားပါစို့”

    အာဖရိကတိုက်တစ်ဝှမ်းမှာ ဆင်စွယ်ရယူလိုမှုနဲ့ ဆင်များကို သတ်ဖြတ်မှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲဖြစ်ပြီး တန်ဇန်းနီးယား တစ်နိုင်ငံတည်းမှာတင် နှစ်စဉ် ဆင်အကောင်ရေ သိန်းနဲ့ချီ သတ်ဖြတ်ခံနေရပါတယ်။

    Ref: Al-jazeera

  • တန်ဇန်းနီးယားတွင် မွေးစာရင်းကို ဖုန်းဖြင့် သွင်းနိုင်ပြီ

    တန်ဇန်းနီးယားတွင် မွေးစာရင်းကို ဖုန်းဖြင့် သွင်းနိုင်ပြီ

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    tanzan

    – နိုင်ငံအတွင်းရှိ မိဘများ ကလေးငယ်မွေးဖွားသည့်အခါ မွေးစာရင်းသွင်းရာတွင် လွယ်ကူရန်အတွက် မိုဘိုင်းဖုန်းဖြင့် စာရင်းသွင်းသည့်စနစ်ကို အာဖရိကရှိ တန်ဇန်းနီးယားနိုင်ငံတွင် စတင်လိုက်ပြီး အစိုးရကလည်း ကျန်းမာရေး၊ ပညာရေးနှင့် ပြည်သူ့ရေးရာ ၀န်ဆောင်မှုလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်စွာ စီစဉ်ပေးနိုင်တော့မည် ဖြစ်သည်။

    ကလေးအမည်၊ လိင်၊ မွေးဖွားသည့်ရက်စွဲ၊ မိသားစုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ကျန်းမာရေးလုပ်သားတစ်ဦးမှာ ဒေတာဘေ့စ်ထဲသို့ ဖုန်းဖြင့် အလျင်အမြန် ပေးပို့နိုင်မည့် အဆိုပါစနစ်အသစ်ကို နောက်ငါးနှစ်အတွင်း တစ်နိုင်ငံလုံး၌ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ ထို့နောက် မွေးစာရင်းအား ရက်ပိုင်းအတွင်း ရရှိမည်ဖြစ်သည်။

    အဆိုပါစနစ်သစ်ကို အစိုးရ စာရင်းအင်း အေဂျင်စီ RITA၊ ကုလသမဂ္ဂမှ ယူနီဆက်ဖ်နှင့် ဆက်သွယ်ရေးကုမ္ပဏီ Tigo တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ RITA မှ အကြီးအကဲ အီမီ ဟဒ်ဆန်က အဆိုပါစီမံကိန်းမှာ နှစ်ပေါင်းများစွာ နှေးကွေးခဲ့သည့် မွေးစာရင်းသွင်းခြင်းကို အရှိန်မြင့်စေမည်ဟု ပြောကြားခဲ့သည်။

    တန်ဇန်းနီးယားမှာ အရှေ့နှင့် တောင်အာဖရိကတွင် မွေးစာရင်းသွင်းခြင်း အနိမ့်ဆုံးတိုင်းပြည်များမှ တစ်ခုဖြစ်ပြီး၊ ပြည်သူများ၏ ၈၀ ရာခိုင်နှုန်း – ငါးနှစ်အောက်ကလေးငယ် ၁၀ ဦးတွင် ၉ ဦးကျော်မှာ – မွေးစာရင်းမရှိဟု ၂၀၁၂ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ သိရသည်။

    Ref: Aljazeera