News @ M-Media

Tag: TechNews

  • မော့ဆက် အပါအဝင် အစ္စရေး အစိုးရ ဝဘ်ဆိုဒ်များကို Anonymous ဟက်ကာအဖွဲ့ တိုက်ခိုက်

    မော့ဆက် အပါအဝင် အစ္စရေး အစိုးရ ဝဘ်ဆိုဒ်များကို Anonymous ဟက်ကာအဖွဲ့ တိုက်ခိုက်

    သြဂုတ် ၂ ၊ ၂၀၁၄

    M-Media

    ‘Anonymous’ downs Mossad website over Israel’s Gaza terror campaign

    – အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်၏ ၀ဘ်ဆိုက်အပါအ၀င် အစ္စရေးအစိုးရ ၀ဘ်ဆိုက်အများအပြား ပျက်ဆီးခဲ့ခြင်းမှာ မိမိတို့၏ တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ဂါဇာရှိ ပါလက်စတိုင်းပြည်သူများနှင့် တစ်သားတည်း ရှိကြောင်း ပြသခြင်းဖြစ်သည်ဟု Anonymous ဟက်ကာ အဖွဲ့က ပြောကြားလိုက်သည်။

    မော့ဆက်အဖွဲ့၏ ၀ဘ်ဆိုက် mossad.gov.il မှာ ဂရင်းနစ်စံတော်ချိန် ယနေ့ နံနက် အစောပိုင်း ၁၂ နာရီ မိနစ် ၄၀ မှ စ၍ ၀င်ရောက်၍ မရတော့ကြောင်း Russia Today သတင်းစာက ဖော်ပြခဲ့သော်လည်း Anonymous အဖွဲ့၏ Twitter စာမျက်နှာ @AnonymousGlobo တွင်မူ မော့ဆက်၏ ၀ဘ်ဆိုက်မှာ ထိုအချိန်ထက်စော၍ ဇူလိုင် ၂၇ ရက်နေ့ နံနက် ဂရင်းနစ်စံတော်ချိန် ၉ နာရီ မိနစ် ၅၀ ကတည်းက ပျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အဆိုပါ ၀ဘ်ဆိုက်မှာ ယနေ့နံနက် ၁၁ နာရီ ၄၂ မိနစ်အထိ ၀င်ရောက်ကြည့်ရှု၍ မရသေးပေ။

    အစ္စရေးစစ်တပ်၏ တရားဝင် ၀ဘ်ဆိုက်မှာလည်း ယနေ့နံနက် ၁၁ နာရီ ၄၈ မိနစ်မှ စတင်ကာ ၀င်ရောက်၍ မရတော့ဘဲ၊ Anonymous အဖွဲ့ကမူ ထိုဝဘ်ဆိုက်အား ယနေ့နံနက် ၆ နာရီ မိနစ် ၄၀ ကတည်းက တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ အစ္စရေး အစိုးရက မည်သည့်မှတ်ချက်မှ မပေးခဲ့ချေ။Anonymous_Take_Down_Mossad_Website_Over_Gaza_Conflict_-_2014-08-01_23.21.27

    ထိုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းမှာ မိမိတို့၏ အခွင့်အရေးအတွက် ရုန်းကန်နေရသည့် ပြည်သူများနှင့် တစ်သားတည်း ရှိနေကြောင်း ပြသသည့်ခြင်းဖြစ်သည်ဟု Twitter စာမျက်နှာတွင်ပင် Anonymous အဖွဲ့က ရေးသားခဲ့သည်။

    “သူတို့ရဲ့ အခြေခံအခွင့်အရေးအတွက် ငြိမ်းချမ်းစွာ ရုန်းကန်နေရတဲ့ ကမ္ဘာ့ပြည်သူတွေနဲ့ တစ်သားတည်းရှိနေကြောင်း ပြသခြင်းပါ။ ဘယ်တော့မှ မမေ့ဘူး။ ဘယ်တော့မှ ခွင့်မလွှတ်ဘူး ငါတို့ကို စောင့်မျှော်ပါ” ဟု ဖော်ပြထားသည်။

    တရားဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ ၀ဘ်ဆိုက်များအပါအ၀င် အစ္စရေးအစိုးရ ၀ဘ်ဆိုက်အများအပြားကိုလည်း ဇူလိုင် ၂၇ ရက်နေ့က တိုက်ခိုက်ခဲ့သည်ဟု Anonymous အဖွဲ့က အဆိုပါ Twitter စာမျက်နှာတွင် ထည့်သွင်းရေးသားခဲ့သည်။

    Anonymous အဖွဲ့နှင့် အနီးကပ်ဆက်သွယ်မှုရှိသည့် အဖွဲ့ဝင်ဖြစ်သူ တိုင်ယဘ် ရှီဟာဒါမှာ နာဘလုစ်မြို့အနီး ဟူဝါရာဒေသတွင် ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပွားခဲ့သော ဆန္ဒပြမှုအတွင်း ပစ်သတ်ခံခဲ့ရသည်ဟု Ma’an သတင်းအေဂျင်ဆီက ဖော်ပြခဲ့သည်။ ရှိဟာဒါမှာ ထိုအချိန်က Anonymous အဖွဲ့မှတ်အသားဖြစ်သော Guy Fawkes မျက်နှာဖုံကို ၀တ်ဆင်ထားသာည်။

    ၂၀၁၀ ခုနှစ် အစ္စရေးစစ်တပ်နှင့် ဟားမက်စ်တို့၏ တိုက်ခိုက်မှု ဖြစ်ပွားစဉ်ကလည်း Anonymous အဖွဲ့မှာ အစ္စရေးအစိုးရ၏ ၀ဘ်ဆိုက်များအား တိုက်ခိုက်ခဲ့သည်။

    အစ္စရေးအစိုးရမှ အင်တာနက်ပေါ်တွင် လွှင့်တင်ထားမှုများကို ဆက်လက်တိုက်ခိုက်ရန် အဖွဲ့ဝင်များအား တိုက်တွန်းထားသော ဗီဒီယိုကို Anonymous အဖွဲ့က ပြီးခဲ့သည့် သောကြာနေ့တွင် Youtube ၌ လွှင့်တင်ခဲ့သည်။

    “ကျွန်တော်တို့ရဲ့ ခရူးဆိတ်စစ်ပွဲနဲ့ အစ္စရေးကို တစ်ကျော့ပြန်တိုက်ခိုက်တဲ့ ဆိုက်ဘာစစ်ပွဲမှာ ပါဝင်ကြဖို့ Anonymous အဖွဲ့ဝင်တွေနဲ့ ဟက်ကာအဖွဲ့တွေကို တိုက်တွန်းလိုက်ပါတယ်။ ပါလက်စတိုင်းဟာ လွတ်မြောက်မှာဖြစ်ပြီး၊ အစ္စရေးရဲ့ လူမဆန်တဲ့ ရိုင်းစိုင်းကြမ်းကြုတ်တဲ့ အာဏာရှင်တွေ လက်အောက်မှာ ပါလက်စတိုင်းတွေ ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ ကြမ္မာအတိုင်းပဲ အစ္စရေးဟာ ပြန်လည်ခံစားရမှာပါ” ဟု အဆိုပါ ဗီဒီယိုတွင် ထည့်သွင်းပြောကြားထားသည်။

    Anonymous အဖွဲ့မှာ ဟက်ကာများနှင့် အွန်လိုင်း တက်ကြွလှုပ်ရှားသူများ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး ၎င်းတို့မနှစ်မြို့သည့် အစိုးရများ၊ အဖွဲ့များနှင့် ကုမ္ပဏီများ၏ ၀ဘ်ဆိုက်များကို အွန်လိုင်းမှ တိုက်ခိုက်လေ့ရှိသည်

     

    http://youtu.be/Qh3RaNkrJrw

  • ငှက်ပျောသီးခွံမှ ပလတ်စတစ် ထုတ်တဲ့နည်း ၁၆ နှစ်အရွယ် တူရကီသူ ဆယ်ကျော်သက် တီထွင်တွေ့ရှိ

    ဇူလိုင်-၁၄၊ ၂၀၁၃
    M-Media
    Elif Bilgin
    တူရကီ ဆယ်ကျော်သက် Elif Bilgin သည်  ငှက်ပျောသီး အခွံများမှ ဇီဝဗေဒနည်းဖြင့် ပလက်စတစ် ထုတ်လုပ်နည်း ကို တီထွင်ခဲ့သည်။ ယခင် ပလတ်စတစ်ထုတ်လုပ်ရာ ကုန်ကြမ်းဖြစ်သော သဘာဝ ရင်းမြစ် ရေနံသယံဇာတ ကုန်ဆုံး မသွားစေရန် တားဆီးနိုင်တော့မည် ဖြစ်သည်။

    အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်  တူရကီ သိပ္ပံကျောင်းသူ အလဖ်ဘလ်ဂျင်းသည် အစ္စတန်ဘူလ် (Istanbul) မှဖြစ်ပြီး၊ ငှက်ပျောခွံမှ ပလက်စတစ်ထုတ်လုပ်ရန် ၂ နှစ်တာ မှ သုတသန စမ်းသပ်မှုများပြုလုပ်ခဲ့ရသည်။ ယခုအချိန်တွင် သူမ၏ စမ်းသပ်မှုများမှ အကျိုးခံစားမှုများ ရရှိခဲ့ပြီဖြစ်သည်။

    ဘလ်ဂျင်းသည် ၂၀၁၃ နှစ် Google Science Fair တွင် $50,000 Science in Action ဆုကို ရရှိခဲ့သူ ဖြစ်သည်။ လူငယ်သိပ္ပံပညာရှင် သူမက ဆိုသည်မှာ ဇီဝနည်းလမ်းအရ ထုတ်လုပ်ထားသော ပလက်စတစ်သည် ဓာတ်ကြိုးများတွင် လျှပ်စစ်ကာပစ္စည်း Insulator အနေဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

    လက်ရှိတွင် ပင်လယ်များ၌ စွန့်ပစ်ထားသော အမှိုက်သရိုက်များတွင် ပလက်စတစ်သည် ၉၀ ရာခိုင်နှုန်း ပါရှိသည်။ ၁ စတုရန်းမိုင်တွင် ပလက်စတစ်အစပေါင်း ၄၆,၀၀၀ ရှိနေသည်။ သူမ၏ မျှော်လင့်ချက်ကတော့ ၄င်း ဇီဝနည်းလမ်းများဖြင့် ထုတ်လုပ်ထားသော ပလက်စတစ်သည် တစ်ချိန်တွင် သဘာဝ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသော ရေနံမှ ရရှိသော ပလက်စတစ်နေရာတွင် အစားထိုး နေရာယူနိုင်ရန်ဖြစ်သည်။ ယခုတီထွင်ခဲ့သည် ပလတ်စတစ်မှာ ယခင် ရေနံမှ ထုတ်လုပ်သည့် ပလတ်စတ်စများထပ် ဖျက်ဆီးရန် ပိုမိုလွယ်ကူကြောင်းသိရသည်။

    ဘလ်ဂျင်းသည် လက်နှိပ်ဓာတ်မီးကို ခန္ဓာကိုယ် အပူစွမ်းအင်မှ လင်းအောင်လုပ်ခဲ့သူဖြစ်သည်၊ မြေကြီး ထဲတွင်ရှိသော မိုင်းဗုံးများကို အသံလှိုင်းဖြင့်ဖော်နိုင်အောင် တီထွင်ခဲ့သူလည်းဖြစ်သည်။ ယခုတွင် ၈ တန်း ကျောင်းသူ ထိုကလေးမသည် သင်တို့၏ သောက်ရေထဲမှ ဓာတုဗေဒများကိုဖယ်ရှားပေးရန် လုပ်ဆောင်နေပြီဖြစ်သည်။ ကမ္ဘာကြီးကိုပြောင်းလဲဖို့ အသက်ပြည့်ရန် မလိုပါဘူး။

    Ref: Take Part