News @ M-Media
Tag: Thantzinaye
  • ကျွန်ုပ်တို့၏ အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင် (၂)
    ကျွန်ုပ်တို့၏ အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင် (၂)
    ဇူလိုင် ၂၄ ၊ ၂၀၁၄
    M-Media
    ကျွန်ုပ်တို့၏ အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင် (၁) ဖတ်ရန်
    E အကန့်ဝင်များ
    ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင် E အကန့်ဝင်တွေက အရေအတွက်များပါတယ်။ ဒီတော့ …   ဒီနေရာမှာ ကျွန်တော်မျှဝေချင်တာက E အကန့်ထဲမှာပါနေတဲ့ အချို့သော လက်လုပ်လက်စား ဆင်းရဲသားတွေ အကြောင်းပါပဲ။ လုပ်ငန်းအကြီးကြီးတွေမှာ ကျွမ်းကျင်ပညာရှင်အဆင့်အနေနဲ့ အလုပ်လုပ်နေကြတဲ့ ပညာရှင်တွေအနေနဲ့ကတော့ အဆင်ပြေကြပြီး ဝင်ငွေတွေလည်းကောင်းကြပေမယ့် ရိုးရိုးသာမန် လက်လုပ်လက်စား ဆင်းရဲသားတွေရဲ့ဘဝတွေကတော့ မလွယ်လှပါဘူး။ ကျွန်တော်ဆိုရင်လည်း E အကန့်ဝင် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်နိုင်ငံခြားသွားပြီး အလုပ် လုပ်ခဲ့ဖူးတယ်။ ၁၉၉၉ -၂ဝဝဝ​ ခုနှစ်က မလေးရှားမှာ သွားအလုပ်လုပ်ခဲ့တာပါ။ ပညာရှင်အနေနဲ့ မဟုတ်ပါဘူး။ အထွေထွေလုပ်သား၊ General Worker ပါပဲ။ မလေးရှားနိုင်ငံမှာ ကျွန်တော်နေထိုင်ခဲ့စဉ် ကာလမှာ ကျွန်တော်တွေ့ကြုံခဲ့တာလေးတွေကို ဖောက်သည် ချချင်ပါသေးတယ်။
    ကျွန်တော့်ရဲ့ မလေးရှားအတွေ့အကြုံ
    malay
    ကျွန်တော်တို့ မြန်မာအချင်းချင်းကို မလေးရှားမှာ ရွှေ လို့ ခေါ်ကြပါတယ်။ ငါတို့တွေက ရွှေညီအစ်ကို တွေ အစရှိသည်ဖြင့်လည်း ပြောကြ ပါသေးတယ်။ ရွှေ ထဲမှာလည်း ကောင်းတဲ့လူ ရှိသလို မကောင်းတဲ့လူလည်း ရှိပါတယ်။ ရွှေ အချင်းချင်း ပိုက်ဆံတွေလိမ်သွားတယ် ဆိုတာတွေလည်း ကြား သိနေရပါတယ်။ မလေးရှားမှာ ကျွန်တော်တို့နဲ့အလုပ် အတူတူလုပ်ခဲ့ဖူးတဲ့မန်နေဂျာကြီးက Chinese ပါ။
    သူက ရွှေ တွေနဲ့အလုပ်အတူတူလုပ် ရတာ ပျော်ဖို့ကောင်းတယ်လို့ မကြာခဏပြောပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့စားသောက်ဆိုင် အလုပ်တွေထဲမှာ ပိုက်ဆံကောင်တာ cashier မှာနေပြီး ကျသင့်ငွေကိုတွက်ချက်၊ ပြီးရင် customer ဆီက ငွေယူရတဲ့အလုပ်ဟာ တော်တော်လေးလူသက်သာပါတယ်။ ဂရုစိုက်ဖို့တော့လိုတာပေါ့။ ကျွန်တော်တို့မြန်မာ တွေကတော့ ကျွန်တော်တို့ရဲ့မန်နေဂျာအန်ကယ်ကြီးက အသက် ၅ဝ ဝန်းကျင်ဆိုတော့ သူ့ကို အဲဒီ cashier မှာပဲအလုပ်လုပ်စေပါတယ်။ ကျန်တဲ့ပင်ပန်းတဲ့အလုပ်တွေကို ကျွန်တော်တို့လူငယ်တွေလုပ်ကြပါတယ်။ ကျွန် တော်တို့ဆိုင်မှာက မန်နေဂျာဆိုပြီး အင်္ကျီအဖြူလေးဝတ် ၊ necktie လေးစီးပြီး ကျော့ကျော့လေးလုပ်ရတာ မျိုး မဟုတ်ပါဘူး။ သူကိုယ်တိုင်အများနည်းတူ အလုပ်ဝင်လုပ်ရပါတယ်။ ဒါပေမယ့် အဲဒီအန်ကယ်ကြီးကိုတော့ ကျွန်တော်တို့က စောစောကပြောသလို အလုပ် လုပ်ရတာသက်သာတဲ့နေရာမှာလုပ်စေပါတယ်။ အဲဒီတော့ အန်ကယ်ကြီးက မြန်မာတွေနဲ့အလုပ်လုပ်ရတာတော်တော်သဘောကျပါတယ်။ အဲဒါနဲ့ မြန်မာ စိတ်ဓါတ်ကို သူ သိပ်ချစ်ခင်လေးစား သွားတာပါပဲ။
    အလားတူပဲ ဘတ်စ်ကားတွေလိုင်းကားတွေစီးလို့ အသက်ကြီးရွယ်ကြီးတွေ ကားပေါ်တက်လာတယ်။ သူတို့ထိုင်ဖို့နေရာမရှိတော့ရင် ကျွန်တော်တို့က နေရာဖယ်ပေးလိုက်ပါတယ်။ သူတို့ကကျွန်တော်တို့ကို ကျေးဇူးတင်လို့ “Thank you, where are your from?” လို့မေးရင် “I’m from Myanmar.”လို့ဖြေရတာ တော်တော်ကို ပျော်ရွှင်ကြည်နူးခဲ့ရတဲ့အဖြစ်ပါ။ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားတွေ၊ ပညာရှင်ကြီးတွေလို မျိုးတော့ လူသိထင်ရှားကြီးကျယ်တဲ့ဂုဏ်မျိုးမဆောင်နိုင်ခဲ့ပေမယ့် နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာ အတွက်တော့ “ငါ မြန်မာနိုင်ငံသား ဆိုတဲ့စိတ်နဲ့ ကိုယ်စွမ်းသလောက်လုပ်ခဲ့တာပါပဲ”။          ကိုယ့် ရွှေ အချင်းချင်းမှာလည်း သင့်တင့်လျောက်ပတ်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မလေးရှားမှာအလုပ်လုပ်ခဲ့ရတဲ့ အချိန်တွေမှာ တစ်ခါတလေတော့လည်း စိတ်အခန့်မသင့်ဖြစ်တာလေးတွေ ရှိတာပေါ့လေ။ အများအားဖြင့်တော့ ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ပါတယ်။
    ဒီလိုနဲ့ပဲ နိုင်ငံခြားရောက်မြန်မာတွေဟာ ”ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း”ဆိုသလို ရွှေ အချင်းချင်းလည်း တွေ့ရင် စကြ၊ နောက်ကြ၊ စားကြသောက်ကြနဲ့ (သြော်..လက်ဖက်ရည်သောက်ပြီး မုန့်စားတာကိုပြောတာပါ။ဟဲ..ဟဲ) ပျော်ရွှင်စွာနေခဲ့ဖူးပါတယ်။ ဒီလိုအခြေအနေမျိုးတွေဟာ ယခုအချိန်အထိရော မလေးရှားက ရွှေ အချင်းချင်း ကြားထဲမှာရှိပါသေးရဲ့လား။ စိတ်ပူမိပါတယ်။ မလေးရှားရောက်နေတဲ့ ရွှေ တွေအားလုံးအတွက် စိတ်ပူမိသလို စောစောကပြောသလို ရွှေ အချင်းချင်းကြားမှာရှိတဲ့ ချစ်ခင်ပျော်ရွှင်စရာကောင်းတဲ့ဓလေ့လေးတွေလည်း နေဝင် ပျောက်ကွယ်သွားမှာကို စိုးမိပါတယ်။ ဒီလိုချစ်ခင်ပျော်ရွှင်စရာကောင်းတဲ့ ဓလေ့လေးတွေကို အဓွန့်ရှည်စေချင်ပါတယ်။ အားလုံးအဆင်ပြေကြပါ စေလို့လည်း ဆုတောင်းဆန္ဒပြု အပ်ပါတယ်။
    မြန်မာပြည်မှာအဆင်မပြေလို့ ကိုယ့်ဘဝတိုးတက်ရာ တိုးတက် ကြောင်း အတွက် နိုင်ငံခြားသွားရတယ်ဆိုတာ တော်တန်ရုံ ဘယ်သူမှမလုပ်ချင်ကြပါဘူး။ ကိုယ်မိသားစု၊ ကိုယ့်တိုင်းပြည်ကို ဘယ်သူကမှ နှစ်ရှည်လများ ခွဲမသွားချင်ပါဘူး။ သွားရပြန်တော့လည်း နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့ မြန်မာပြည်က အလုပ်သမားတွေဟာ ဘယ်လိုအခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရတတ်သလဲ၊ အရမ်းကြီးပျော်စရာမကောင်းတာတော့အမှန်ပါ။ နဂိုကတည်းက အဆင်မပြေလို့ စိတ်ညစ်ခံပြီး စွန့်စွန့်စားစားနဲ့ နိုင်ငံခြား ထွက်လာပါတယ်ဆိုမှ အဲဒီနိုင်ငံခြားမှာ ထပ်ပြီးစိတ်ပူစရာ၊ ဒေါသဖြစ်စရာတွေ ကြုံနေရဦးမယ် ဆိုရင်တော့ “မြွေပူရာကင်းမှောင့်” တာပါပဲ။ စာရေးဆရာညီမင်းညိုက မလေးရှား စာပေဟောပြောပွဲ တစ်ခှုမှာ ပြောသွားတာလေး heart ထိပါတယ်။ ”နှလုံးသားဖြူစင်တဲ့လူတွေဟာ သူတို့ရဲ့ ဖြူစင်တဲ့နှလုံးသား အချင်းချင်း ဆက်သွယ်ပြီးတော့ ကမ္ဘာပတ်လို့ရတယ်”တဲ့။
    ဆရာညီမင်းညိုဟောသလိုပဲ နိုင်ငံခြားရောက် ရွှေ မြန်မာများ နှလုံးသားဖြူစင်တဲ့လူအချင်းချင်းတွေ့ဆုံကြပြီးတော့ အဆင်ပြေကြပါစေလို့လည်း ထပ်ဆင့် ဆုတောင်းဆန္ဒပြု အပ်ပါတယ်။
    ဒီလိုပါပဲ၊ ကျွန်တော်လို E အကန့်ဝင်တွေကတော့ ကိုယ်ဘဝတိုးတက်ရေး အတွက် အမျိုးမျိုးကြိုးစားနေကြ ပါတယ်။ နိုင်ငံရပ်ခြားတွေမှာသွားပြီး အလုပ်လုပ် ပိုက်ဆံရှာကြပါတယ်။ ကျွန်တော် လေ့လာမိသလောက် မလေးရှားမှာလည်း စီးပွားရေး လုပ်ငန်းတော်တော်များများကို တရုတ် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေပိုင်ပါတယ်။ ဒါပေမယ့် အဲဒီ လူမျိုးခြား စီးပွားရေးလုပ်ငန်းကြီးတွေမှာ အလုပ်ဝင်လုပ်နေ ကြတဲ့ မလေးရှားနိုင်ငံသား၊ မလေးလူမျိုးတွေရဲ့ရပိုင်ခွင့်တွေ၊ အထွေထွေခံစားခွင့်တွေ အတွက် သူတို့မလေး အစိုးရက ဥပဒေရေးဆွဲပြီး စနစ်တကျအကာအကွယ်ပေးထားပါတယ်။ လူမျိုးခြားစီးပွားရေးလုပ်ငန်းရှင်ကြီး တွေဆီမှာ အလုပ် လုပ်ရလို့ သူ့နိုင်ငံသားတွေမျက်နှာမငယ်အောင်၊ အောက်မကျို့အောင်၊ အခွင့်အရေးတွေ ခေါင်းပုံဖြတ်မခံရအောင် ဥပဒေတွေရေးဆွဲပြဌာန်းပြီး သေသေချာချာကို အကာအကွယ်ပေးထားပါတယ်။ အဲဒီတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း သူတို့လုပ်ငန်းလိုအပ်ချက်အရရော၊ သူတို့တိုင်းပြည်ရဲ့ဥပဒေ တွေအရရော ကျွန်တော်တို့လို နိုင်ငံခြားအလုပ် သမားတွေကို သူတို့လုပ်ငန်းတွေမှာ ခေါ်သုံးလာကြပါတယ်။
    မလေးရှားလူမျိုးတွေအနေနဲ့ကတော့ သူတို့တိုင်းပြည်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာလို့ရှိရင် သူတို့တိုင်းပြည်အတွက်ရော၊ သူတို့အတွက်ပါ အလုပ်အကိုင်နဲ့ ဝင်ငွေအခွင့်အလမ်းကောင်းတွေရလာနိုင်ပြီး နည်းပညာအထောက်အကူတွေလည်း ရလာနိုင်တာကိုသိရှိထားကြပါတယ်။ အဲဒီတော့ သူတို့က အေးအေးဆေးဆေးပါပဲ။ အခု ကျွန်တော်တို့မြန်မာပြည်မှာ အစိုးရကလည်း “ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့်အရင်းအနှီးများ ဖိတ်ခေါ်ခြင်း”ကို စီးပွားရေး ဦးတည်ချက်တစ်ခုအနေနဲ့ပြုလုပ် ဆောင်ရွက်လာ တာကို တွေ့ရပါတယ်။ ဒီလိုလုပ်ကိုင်လာတာ တိုင်းပြည် အနာဂတ်အတွက် ကောင်းမွန်ပါတယ်။
    ဒါပေမယ့် ကျွန်တော်အထက်က တင်ပြခဲ့သလို ဒီလို နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ပဲဖြစ်ဖြစ်၊ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ပဲဖြစ်ဖြစ် လုပ်ကိုင်တဲ့ နေရာမှာ တိုင်းသူပြည်သားတွေ အတွက် အလုပ် အကိုင်အခွင့်အလမ်းတွေ၊ နည်းပညာအခွင့်အလမ်း အစရှိတဲ့ ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေ ရရှိခံစားဖို့၊ တိုင်းပြည်အတွက်လည်း ကောင်းမွန်တဲ့ အသီးအပွင့်တွေရရှိဖို့၊ ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေအတွက်လည်း သင့်တင့်လျောက်ပတ်တဲ့ အမြတ်အစွန်းတွေ ရရှိဖို့အတွက်ကတော့ တရားဥပဒေစိုးမိုးရေးကအရေးကြီးပါတယ်။ အဲဒီလိုတရားဥပဒေစိုးမိုးပါမှ လူထုကြီးအနေနဲ့ကလည်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ အပြုသဘောဆောင်တဲ့အမြင်မျိုး၊ သဘောထားမျိုးနဲ့ ပေါင်းစည်းလုပ် ကိုင်ဖို့ အာသီသပြင်းပြလာပါလိမ့်မယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် Entrepreneur လို့ ခေါ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အမှန်တကယ်လိုအပ်လှပါတယ်။ အဲဒီတော့ အဲဒီစီးပွားရေးလုပ်ငန်းရှင်ကြီး တွေနဲ့အလုပ် လုပ်ကိုင်ရာမှာတော့ win – win theory အရ ပေါင်းစပ်လုပ်ကိုင်ဖို့ အတွက်၊ နိုင်ငံတော်နဲ့ ပြည်သူအများ အကျိုးစီးပွား တိုးတက်ဖို့ အတွက်ကတော့ တရားဥပဒေစိုးမိုးရေးက အလွန်အရေးကြီးပါတယ်။ ဒါမှသာ ရင်းနှီးမြှုပ်နှံမယ့် သူဌေးတွေအနေနဲ့လည်း အပူအပင်ကင်းကင်းနဲ့ စီးပွားရေးလုပ်နိုင်မှာဖြစ်သလို ဝန် ထမ်းတွေအနေနဲ့ကလည်း သူတို့ရဲ့လုပ်အားတွေ၊ အချိန်တွေကို ဈေးပေါပေါနဲ့ ခေါင်းပုံဖြတ်ခံရခြင်းမှ ကင်းဝေး မှာ ဖြစ်ပါတယ်။ အခုလည်းစာရေးသူတို့မြန်မာပြည်မှာ သိသာထင်ရှားတဲ့အပြောင်းအလဲတွေဖြစ်နေပါတယ်။
    ဆက်သွယ်ရေးကဏ္ဍမှာဆိုလည်း တယ်လီနောတို့၊ အော်ရီဒူးတို့လို နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီကြီးတွေ လာပြီးရင်းနှီးမြှုပ်နှံကြပါတယ်။ အဲဒီကုမ္ပဏီကြီးတွေလာပြီးဆက်သွယ်ရေးကဏ္ဍမှာရင်းနှီးမြှုပ်နှံပြီဆိုရင် မြန်မာ ပြည်ရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ၊ speed (ဆက်သွယ်ရေးအမြန်နှုန်း)တွေ ပိုပြီးမြင့်တက်လာလေမလား၊ သုံးစွဲသူတွေအနေနဲ့ 3G,4G အစရှိတဲ့ ဝန်ဆောင်မှုတွေလို အဆင့်မြင့်ဝန်ဆောင်မှုတွေကို အပြည့်အဝ ရရှိခံစားနိုင်မလား? ဆိုပြီး စဉ်းစားရင်ခုန်နေကြသလို တစ်ဖက်မှာလည်း ဒီနိုင်ငံခြားကုမ္ပဏီကြီးတွေမှာ အလုပ်ဝင်လုပ်ရင် အခြေခံလစာက အဆင့်မြင့်တယ်၊ ပြည်တွင်းကုမ္ပဏီတွေမှာဒီလိုမရနိုင်ဘူးဆိုပြီး အဲဒီကုမ္ပဏီကြီးတွေမှာအလုပ်ဝင်လုပ်ဖို့ CV တင် ထားကြတဲ့သူတွေလည်းအများကြီးပါ။ စာရေးသူအထက်က ဖော်ပြသလို အဲဒီစီးပွားရေးလုပ်ငန်းကြီးတွေနဲ့ စာရေးသူတို့ ပြည်သူလူထုကြီး win-win theory အရ ဆက်ဆံနိုင်ဖို့ကတော့ တရားဥပဒေစိုးမိုးရေးနဲ့ အလုပ်သမားအခွင့်အရေးများ ခိုင်မာစွာချမှတ်ထားရှိရေး၊ တစ်ဖက်မှာလည်း လာပြီးရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းကြီးတွေအတွက် လုပ်ပိုင်ခွင့်နဲ့ လုံခြုံမှုရှိရေးတွေက အရေးကြီးပါတယ်။ အမှန်တကယ်ပဲ ကိုယ့်တိုင်းပြည်အတွက်၊ ကိုယ့် တိုင်းသူပြည်သားတွေအတွက် အကျိုးအမြတ်ရှိမယ့် အခွင့်အလမ်းမျိုးဆိုရင်တော့ လွဲချော်မခံသင့်ပါဘူး။
    ဒီလို အခွင့်အရေးမျိုးတွေရဖို့ ကျွန်တော်တို့ ဘယ်နှစ်နှစ်စောင့်ခဲ့ရသလဲ။ အခု ဒီအစိုးရ လက်ထက်မှာ ဒါတွေရလာပြီ။ နောက်ထပ်လည်း အခုထက်ပိုကောင်းတဲ့ အခွင့်အရေးတွေရနိုင် ပါသေးတယ်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်ကြီးတွေပဲဖြစ်ဖြစ်၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေပဲဖြစ်ဖြစ်ပါ ၊ ဘယ်သူမဆို သူ့အတွက်လည်း အမြတ် ကျန်အောင်လုပ်ပါ။ တိုင်းပြည်အတွက်နဲ့ အဲဒီလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ တိုင်းသူပြည်သားတွေ အတွက်လည်း သင့်တင့် လျောက်ပတ်တဲ့အကျိုးအမြတ်ရအောင်လုပ်ပေးနိုင်မယ်ဆိုရင် ဒါကို ကျွန်တော်တို့ကြိုဆိုရပါလိမ့်မယ်။
    ဘယ်သူ မဆိုတော့ ကိုယ့်ဘဝကို လူနေမှု အဆင့်မြင့်မြင့်နဲ့ဖြတ်သန်းချင်တယ်။ ကိုယ့်ရဲ့မျိုးဆက်သစ် ကလေး တွေကိုလည်း အမွေကောင်းတွေပေးချင်တယ် မဟုတ်ပါလား။ ကျွန်တော်တို့မြန်မာပြည်သားတွေက မိသားစုနဲ့ခွဲ၊ တိုင်းပြည်နဲ့ခွဲပြီး နိုင်ငံခြား အထိအလုပ်သွားလုပ်စရာ မလိုပဲ မြန်မာပြည်မှာတင် နေထိုင်လုပ်ကိုင်လို့ ရရင်မကောင်းဘူးလား။ ဒီလို အခြေအနေမျိုးဖြစ်ဖို့ နှစ်များစွာစောင့်ခဲ့ ရသလို နောက်ထပ်လည်း လုပ်စရာတွေက အများကြီး ကျန်သေးတယ်။ အဲဒီတော့အခုအချိန်မှာ ကျွန်တော်တို့တွေဟာ “ရွှေပြည်တော် မျှော်တိုင်းဝေး” အဖြစ်မျိုး မရောက်စေဖို့ အတွက် ကျွန်တော်တို့ပါးနပ်ရပါလိမ့်မယ်။ ကြိုးစားရပါလိမ့်မယ်။ လောကသဘောအရ တစ်ဖက်မှာ တိုးတက်ဖြစ်ထွန်းမှုရှိသလို တစ်ဖက်မှာအဲဒီ တိုးတက်ဖြစ်ထွန်းမှုကို ပျက်စီးစေမယ့် အကြောင်းတရား တွေပေါ်လာတတ်ပါတယ်။
    ဒါတွေကိုကျွန်တော်တို့က အသိရှိရှိ လိမ္မာ ပါးနပ်စွာနဲ့ ရှောင်ကွင်းသွားပြီး ကိုယ့်ရဲ့ ပန်းတိုင်ကိုရောက်အောင် သွားနိုင်တာကိုက ကျွန်တော်တို့အတွက်လိုအပ်တဲ့ အရည်အချင်းတစ်ရပ် မဟုတ်ပါလား။ ကျွန်တော်တို့သာ ဒီအချိန်မှာလိမ္မာပါးနပ်စွာနဲ့ ဒီစိန်ခေါ်မှုကိုဖြေရှင်းနိုင်ခဲ့မယ်၊ မှတ်ကျောက်အတင်ခံနိုင်ခဲ့မယ်ဆိုရင်တော့.. တွေးကြည့်လိုက်ပါ။
    ကျွန်တော်တို့ရဲ့မျိုးဆက်သစ်လေးတွေဘဝ၊ ကျောင်းကားအကောင်းစားကြီးစီးပြီး အဆင့်မြင့် နည်းပညာတွေနဲ့နိုင်ငံတကာ အဆင့်မီ သင်ကြားပေးနေတဲ့ စာသင် ခန်းမကြီးတွေထဲမှာ စာတွေသင်လို့၊ ကျွန်တော်တို့တွေကလည်း ကျွန်တော်တို့မိသားစုနဲ့ ကိုယ်စီကိုယ်ငှ ပျော်ရွှင်နေကြပြီး နိုင်ငံကြီးသားပီသတဲ့ ၊ သဘောထားကြီးပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံကြီး သားတွေအနေနဲ့ ကမ္ဘာ့အလယ်မှာဂုဏ်တင့်လို့ ဘယ်လောက်များကောင်းလိုက်မလဲ။ မြန်မာနိုင်ငံသားဆိုရင် တတိယနိုင်ငံ(ဆင်းရဲတဲ့နိုင်ငံ)ကလို့ သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံကြီးတွေအလယ်မှာ မျက်နှာမငယ်ရစေဖို့ကတော့ လက်ရှိကျွန်တော်တို့မျိုးဆက်မှာတာဝန်ရှိပါတယ်။
    ကျွန်တော်တို့ခေတ်မှာမှ ဒီလို နိုင်ငံရေးစနစ် ပြောင်းလဲမှုကြီးက စ ဖြစ်တာကိုး။ အဲဒီတော့ ကျွန်တော်တို့က ဒီ အပြောင်းအလဲတစ်ခုကို ပါးပါးနပ်နပ်နဲ့ ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့ရင်တော့ ကျွန်တော်တို့မျိုးဆက်က သမိုင်းမှာ အမည်ကောင်းနဲ့ မှတ်ကျောက် အတင်ခံနိုင်မှာဖြစ်သလို ကျွန်တော်တို့မျိုးဆက်သစ်လေးတွေကိုလည်း အမွေကောင်းတွေ ထားရစ်ခဲ့နိုင် ပါလိမ့်မယ်။ ကျွန်တော်တို့တစ်ချိန်ကမက်ခဲ့ရတဲ့ “နိုင်ငံခြားမှာ ပညာသွားသင်ဖို့၊ အလုပ်သွား လုပ်ဖို့အိပ်မက်ကို ကျွန်တော်တို့ ဒီတိုင်းပြည်မှာပဲအကောင်ထည်ဖော်ရအောင်။”
    E အကန့်ဝင်မဟုတ်သေးသူများ
    ဒီနေရာမှာ ထပ်မံဖေါ်ပြချင်တာကတော့ E လို့ခေါ်တဲ့ Employee အကန့်လည်းမဟုတ်၊ ဘယ်အကန့်မှာ မှလည်းမပါတဲ့ “အလုပ်အကိုင်ရရှိဖို့ အားကြိုးမာန်တက်ရှာဖွေနေသူတွေ” (တစ်နည်း) အလုပ်လက်မဲ့တွေ လည်း ကျွန်တော်တို့တိုင်းပြည်မှာ ရှိပါတယ်။ ဒီလိုလူမျိုးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့လိုသလို မှန်ကန်တည့်မတ်တဲ့ သမ္မာအာဇီဝနည်းနဲ့ ငွေရှာချင်အောင် စိတ်ပိုင်းဆိုင်ရာကို motivation လုပ်ပေးဖို့၊ တည့်မတ် မြှင့်တင်ပေးဖို့လည်းလိုပါတယ်။ နောက်ပြီးတော့ ကျွန်တော် လေ့လာမိ သလောက်တွေ့မိတာကတော့ အထူးသဖြင့် ငွေရေးကြေးရေးလိုအပ်ချက်ရှိနေသူတွေကို Financial Education လို့ ခေါ်တဲ့ ငွေကြေးပညာကို တတ်သိနားလည်လာအောင် အကြံပေးသင့်တာအကြံပေး၊ ကူညီ သင့်တာ ကူညီဖို့ပါပဲ။
    Financial ဆိုတဲ့ ဘဏ္ဍာရေးနဲ့ပတ်သက်တာတွေက အစိုးရဌာနဆိုင်ရာတွေ၊ ကုမ္ပဏီ အကြီးကြီး တွေနဲ့သာ သက်ဆိုင်တာမဟုတ်ပါဘူး။ လူတစ်ဦးချင်းစီမှာလည်း ဝင်ငွေနည်းသူက နည်းသူအလျောက်၊ များသူက များသူအလျောက် ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေကို စီမံခန့်ခွဲနိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ငွေအများကြီး မရှာနိုင်သေးရင် ငွေထွက်ပေါက်(ငွေယိုပေါက်)တွေကို သတိထားပြီးကြည့် ရမယ်။ မလိုအပ်တဲ့ ငွေထွက်ပေါက်တွေမရှိတာအကောင်းဆုံးပါပဲ။ ၂ လုံး၊ ၃ လုံး၊ ချဲထီ ၊ ဘောလုံးလောင်းကစား အစရှိတဲ့ လောင်းကစားတွေကို သက်ဆိုင်ရာက ဥပဒေတွေပြဌာန်းသတ်မှတ်ပြီး အရေးယူနေပေမယ့် လစ်ရင်လစ်သလို လုပ်နေကြတာပါပဲ။
    အဲဒီမှာလည်း ထွက်ငွေတွေရှိပါတယ်။ ပြီးတော့ အပျော်အပါး ပွဲလမ်း သဘင်တွေမှာလည်း ငွေတွေထွက်ကြပါတယ်။ မပျော်ပါနဲ့လို့တော့ မပြောလိုပါ။ သို့သော် မိမိမှာငွေကြေးလိုအပ်ချက်ရှိနေတယ်။ မိမိ မိသားစုမှာငွေကြေးလိုအပ်ချက်ရှိနေတာကိုသိသိကြီးနဲ့ အပျော်အပါးနဲ့ဖျော်ဖြေရေး(Entertainment) လုပ်ငန်းတွေအတွက် ငွေအများကြီးမသုံးသင့်ပါဟု အကြံပြုလိုတာပါ။ ဖျော်ဖြေရေး လုပ်ငန်းတွေကတော့ အခုခေတ်မှာ ပိုတောင်မှ မြိုင်ဆိုင်လာပါသေးတယ်။
    ဒါပေမယ့် ကိုယ့်ရဲ့ဝင်ငွေအတိုင်းအတာကို ချင့်ချိန်သင့်ပါတယ်။ ဘယ်လောက်ပဲ စားသောက်ဆိုင်ကြီးမှာ အကောင်းဆုံး စားသောက်ဖွယ်ရာတွေနဲ့ ချောမောလှပနဲ့ မိန်းကလေးတွေ ရှိနေပါစေ… မိမိရဲ့အိမ်ထောင်ဖက်သည်သာ မိမိအတွက်အသင့်လျော်ဆုံးပါ။ မိမိ သားသမီးတွေရဲ့ မျက်နှာကို ငဲ့သင့်ပါတယ်။ တစ်လင် တစ်မယားစနစ် ကျင့်သုံးတာကိုအားပေးပါတယ်။ အမှန်တကယ် တစ်လင်တစ်မယား စနစ်ဖြစ်ဖို့တော့လိုပါတယ်။ အခုလို ပွင့်လင်း လွတ်လပ်လာတဲ့ခေတ်ကြီးမှာ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားကို စိန်ခေါ်နေတဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေ အများကြီး ပေါ်ပေါက် လာနေပါတယ်။ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားကို တည်ဆောက်နိုင်မယ်ဆိုရင်တော့ ကိုယ်လည်း ဂုဏ်သိက္ခာရှိ လူကြီးလူကောင်း တစ်ယောက် ဖြစ်လာမှာဖြစ်ပြီး ကိုယ့်ငွေလည်း မကုန်သင့်တာမကုန်တော့ပါ။ ကိုယ့်အိမ်ထောင်ရေးလည်း သာယာမှာဖြစ်ပြီး မိသားစုပျော်ရွှင်ချမ်းမြေ့မှုလည်းရလာပါလိမ့်မယ်။
    ဒီလိုမျိုး ဝင်ငွေနည်းဝန်ထမ်းတွေ၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်နေသူတွေနဲ့ အလုပ် အကိုင်ရရှိဖို့တွက် အားကြိုးမာန်တက်ရှာဖွေနေ သူတွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုဗယ်ဆုရှင်ကြီး ဒေါက်တာ မိုဟမ္မဒ်ယူနွတ်စ်လို Micro Banking System လို စနစ်မျိုးတွေ တည်ထောင်ပြီး တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းတွေကိုကူညီတာ၊ ဝင်ငွေနည်းအလုပ်သမားတွေ၊ အားကြိုးမာန်တက် အလုပ်အကိုင်ရှာဖွေနေသူတွေကို ကူညီပေးတာမျိုးတွေ လုပ်ပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပါ။ ဒါကတော့ စာရေးသူတွေးမိတာလေးပါ။ အမှန်တကယ်ပဲ ဆင်းရဲသားတွေ ဘဝကို စာနာပေးပြီး သူတို့ကို ဆင်းရဲတွင်းကနေ နည်းလမ်းကျကျ  ကယ်တယ်ပေးမယ့်၊ ကယ်တင်ပေးနိုင်တဲ့ အခြေအနေမှာလည်းရှိတဲ့ Entrepreneur လို့ ခေါ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ လိုအပ်တာတော့အမှန်ပါပဲ။
    ပြုပြင်ပြောင်းလဲခြင်းများ
    နိုင်ငံတော်အစိုးရအနေနဲ့လည်း ပညာရေး၊ ကျန်းမာရေးအစရှိတဲ့ကဏ္ဍတွေမှာ အရင်ကထက်စာရင် အများကြီး ပံ့ပိုးလာတာကိုတွေ့ရပါတယ်။ ယခုစာသင်နှစ် ၂​ဝ၁၄-၂ဝ၁၅ စာသင်နှစ်အတွက် အစိုးရကျောင်းများ က ကျောင်းသားများကို လက်ခံတဲ့နေရာမှာ အစိုးရအလယ်တန်း အဆင့်အထိကို ငွေကြေးတစ်စုံတရာ ကောက် ခံခြင်းမပြုတော့ပါဘူး။ အခမဲ့ပညာရေးစနစ်ပုံစံမျိုးကို ဦးတည်ပြီးသွားနေတာကို ဝမ်းသာဖွယ်ရာတွေ့ရပါတယ်။
            အခုဆိုရင် နိုင်ငံတော်အစိုးရရဲ့ခွင့်ပြုချက်တွေနဲ့ Non-Government Organization လို့ ခေါ်တဲ့ NGOs တွေ၊ International Non-Government Organization လို့ ခေါ်တဲ့ INGOs တွေလည်း မြန်မာပြည်မှာ များပြား စွာရောက်ရှိလာနေပါပြီ။ အဲဒီ NGO လုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နေတဲ့ ကျွန်တော့်သူငယ်ချင်းတွေလည်း များပြားစွာရှိပါတယ်။ သူတို့အတွေ့အကြုံလေးတွေကိုလည်း ကျွန်တော် “ဗျူး”ကြည့်ပါသေးတယ်။
    မြန်မာနိုင်ငံ မှာ လက်ရှိဖြစ်ပွားနေတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေးအစရှိတဲ့အခန်းကဏ္ဍတော်တော်များများမှာ ဒီ NGO အဖွဲ့တွေဟာ ပါဝင်လှုပ်ရှားဆောင်ရွက်နေကြပါတယ်။ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေလုပ်တာ (ဥပမာ… နေပူမိုးရွာမရှောင် တောထဲတောင်ထဲ အထိသွားပြီး ကျေးလက်နေပြည်သူတွေကို AIDS အသိပညာပေး၊ သားဆက်ခြားအသိပညာပေး အစရှိတဲ့ လုပ်ငန်းတွေကိုဆောင်ရွက်နေသလို တစ်ဖက်မှာလည်း လူမှုဖူလုံရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။
    အလျဉ်းသင့်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့ကို စာရေးသူကိုယ်တိုင် NGO လုပ်တဲ့သူငယ်ချင်း မန္တလေးသား ကိုနိုင်အောင်မင်းနဲ့ သွားရောက်လေ့လာခဲ့တာ တွေကို ပြန်လည် မျှဝေချင်ပါသေးတယ်။) ဘ/က လို့ခေါ်တဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ အစိုးရကျောင်းတွေမှာ သွားရောက်ပြုလုပ်တဲ့ ပညာရေးကူညီမှုအစီအစဉ်လေးတွေပါ။ ပထမဦးစွာ ဒလမြို့ကို ရောက်သွားတော့ ဒလမြို့ရဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ ခွင့်ပြုချက်ယူရပါတယ်။ ပြီးတော့ ပညာရေး ကိစ္စဖြစ်တဲ့အတွက် ဒလမြို့ရဲ့ ပညာရေးမှူးရုံးထံမှလည်း ခွင့်ပြုချက်ယူရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကလည်း အကောင်းဆုံးဖြစ်အောင်ဆောင်ရွက် ပေးပါတယ်။
    ဒါတွေဟာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ပြောင်းလဲဖြစ်ပေါ်လာတဲ့ အပြု သဘောဆောင်တဲ့ ဖြစ်ထွန်းမှုတွေပါ။ နောက်ပြီးတော့ ကျွန်တော်တို့ ဘ/က ကျောင်းကိုသွားတယ်။ ဘ/က ကျောင်းကဆရာတော်ကို ကလေးတွေရဲ့ ပညာရေး၊ စီးပွားရေးနောက်ခံအင်အား အစရှိတာတွေကို လျှောက်ထား မေးမြန်းတော့ ဆရာတော်ကလည်း ပြန်လည်ပြီး အသေးစိတ်ရှင်းပြ မိန့်ကြားပါတယ်။ ပြီးတော့ ဒီကလေးတွေထဲမှာ ဆင်းရဲတဲ့ကလေးတွေရှိတယ်။ သူတို့တွေကို ပညာအလကားခေါ်သင်ပေးရုံနဲ့ သူတို့က မလာပါဘူး။ ဘာဖြစ်လို့မလာတာလည်းဆိုတော့ သူတို့မိသားစုစီးပွားရေးကမကောင်းတော့ ဒီကလေးတွေက သူတို့မိသားစုကို ငွေပြန်ရှာပေးနေရတော့ ကျောင်းလာမတက်နိုင်ဘူး။ အဲဒီတော့ ဒီကလေးတွေကို ကျောင်းမှန်မှန်လာပြီး စာလာသင်နိုင်ဖို့ ဒီကလေးတွေရဲ့မိဘတွေကိုခေါ်ပြီး တစ်အိမ်ထောင်အတွက် တစ်ပတ် ကို ဆန် (၅)ပြည်၊ ဆီ(၁)ဗူး အစရှိသည်ဖြင့် အဲဒီအိမ်ထောင်မှာရှိတဲ့ မိသားစုဦးရေအပေါ်မူတည်ပြီး ထောက်ပံ့ပေးရပါတယ်။
    အစိုးရကထောက်ပံ့တာတွေရှိသလို ကုမ္ပဏီကြီးတွေ၊ NGO တွေ၊ အနုပညာရှင်တွေ အစရှိသည်ဖြင့် တော်တော်များများက လာထောက်ပံ့ပါတယ်။ ထို့နောက် စာရေးသူတို့လည်း အစိုးရ မူလတန်းကျောင်းလေးဆီကို ခရီးဆက်ခဲ့ကြပါတယ်။ ကျောင်းအုပ်ဆရာမ ကြီးနဲ့လည်းတွေ့ဆုံစကားပြောခွင့် ရတော့ စာရေးသူရဲ့ထုံးစံအတိုင်း ဆရာမကြီးကို နည်းနည်း”ဗျူး”ခဲ့ပါသေးတယ်။ ဆရာမကြီးကလည်း သေချာရှင်းပြပါတယ်။ အခုဆိုရင် နိုင်ငံခြားကုမ္ပဏီတစ်ခုကလာပြီး ကလေးတွေ ဥာဏ်ရည် ထက်စေဖို့ ပြုလုပ်ထားတဲ့ နို့တွေကို ကလေးတွေကို တစ်ရက်ကိုတစ်ဗူးတိုက်တယ်။ အစိုးရက ထောက်ပံ့ပေးတာတွေလည်း ရှိတယ်။NGO တွေကလည်း လာပြီး ကျောင်းစိမ်းဝတ်စုံတွေ၊ စာရေးကိရိယာတွေ၊ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ လာလှူထားတာတွေအများကြီးရှိပါတယ်။
    စာရေးသူတို့ကိုလည်း ပြပါတယ်။ နောက်နှစ်နည်းနည်းကြာရင် မြန်မာပြည်ကျောင်းတွေမှာ စာအုပ်တွေ၊ ဘောပင်တွေပျောက်ပြီး Projector နဲ့ ဆရာတွေကစာသင်၊ ကလေးတွေက Laptopလေးတွေနဲ့စာလိုက်မှတ်တဲ့ ပုံစံမျိုးတွေတောင် ဖြစ်လာနိုင်ပါတယ်။ ဖော်ပြပါအတိုင်းပဲ ကလေးတွေအတွက် ဝမ်းသာစရာသတင်းကောင်းတွေကို များစွာ တွေ့မြင်ကြားသိခဲ့ရပါတယ်။ စာရေးသူတောင် တွေးမိပါသေးတယ်။ “သြော်… ငါတို့ငယ်ငယ်တုန်း ကတော့ ဒီလိုမျိုးထောက်ပံ့ကူညီတာမျိုးတွေ မကြားပါဘူး၊ မကြုံဘူးပါဘူး၊ အခုတော့များ ကြည့်စမ်း၊ ဘယ် လောက်တောင်အဆင်ပြေသလဲ၊ ပိုက်ဆံမရှိတဲ့အိမ်က ကလေးတွေကို ကျောင်းတွေက ဆီတွေ၊ ဆန်တွေပါ ပြန်ပေးသတဲ့၊ ကျွန်တော်တို့ငယ်ငယ်တုံးကတော့ မေလအကုန် ဇွန်လအဆန်းဟာ ပိုက်ဆံချမ်းသာသူတွေ အတွက်တော့ သိပ်ပြဿနာမဟုတ်ပေမယ့် သာမန်လူတန်းစားတွေ၊ လက်လုပ်လက်စားရုန်းကန်နေရတဲ့လူတွေ အတွက်တော့ တကယ့်ပြဿနာပါပဲ။
    ကလေးတွေကို ကျောင်းအပ်ရတော့မယ်။ စာအုပ်ဖိုး၊ ကျောင်းအပ်ပိုက်ဆံ၊ ကျောင်းစိမ်း ဝတ်စုံဖိုးတွေ… နောက်ပြီး ကျူရှင်လခတွေ အစရှိသည်ဖြင့်ပေါ့လေ။ ချေးရ၊ ငှားရနဲ့။ ဒီလိုပါပဲ။ အခုတော့ စာရေးသူတောင် ကလေးတွေနဲ့ရောပြီး ကျောင်းပြန်တက်ချင်စိတ်ပေါ်လာလို့ အတန်းပိုင်ဆရာမလေး ကို ခွင့်တောင်းပြီး (“ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည် ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒ္ဒီ”ဆိုတဲ့ သီချင်းလေးကိုဆို…. သြော်…ဆောရီး… စာရေးရင်းနဲ့ယောင်သွားပြန်ပြီ။)
    ကင်မရာတစ်လုံးနဲ့ ကလေးတွေကို ဓါတ်ပုံတွေရိုက်ရင်း သူတို့လေးတွေ စာတွေအော်ဆိုနေကြတာကို ကြည့်ပြီး စာရေးသူတောင် ယောင်ပြီးလိုက်ဆို မိပါသေးတယ်။ “ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ၊ နေခြည်မှာရွှေရည်လောင်း၊ ငါတို့စာသင် ကျောင်း” ဆိုပြီးတော့ပေါ့။ သြော်…ကျွန်တော်လည်း ကျွန်တော်တို့ခေတ်တုန်းက မရခဲ့ဘူးတဲ့ အခွင့်အရေး ကောင်းကောင်းတွေ ရနေတဲ့ ကလေးတွေအကြောင်းကို ဝမ်းသာအားရ ပြန်လည် မျှဝေရင်းနဲ့ စာရေး နေတာတောင် ဘယ်ရောက်သွားပါလိမ့်။ အဲဒီလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်းရဲမွဲတေမှုကလွတ်မြောက် ပြီး ပညာရည်တွေမြင့်မားဖို့၊ ကာယ၊ ဥာဏ စာရိတ္တ.. အစရှိတဲ့ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဖို့အတွက် နိုင်ငံတော်အစိုးရမှလည်း ၎င်းကိုယ်တိုင် ကူညီထောက်ပံ့နေသည့်အပြင် နိုင်ငံတကာ ကူညီ ထောက်ပံ့ရေးအစီအစဉ်များကို ခွင့်ပြုထားပြီးဖြစ်သလို ပြည်တွင်း/ပြည်ပမှ စေတနာရှင်များ၊ အဖွဲ့အစည်းများမှ လည်း အားတက်သရော ကူညီထောက်ပံ့နေတာကို ပညာရေးကဏ္ဍတွင်သာမဟုတ်ဘဲ ကျန်းမာရေး၊ စီးပွားရေးအစရှိသည့် အခြားကဏ္ဍတော်တော်များ များမှာမြင်တွေ့နေရပါတယ်။ အခုလိုမျိုး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေကို ကိုယ်တိုင်လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်နေရုံသာမက နိုင်ငံတကာကပါ ပူးပေါင်းပါဝင်ကူညီနိုင်အောင် ခွင့်ပြုချက်ပေးခဲ့တဲ့ နိုင်ငံတော် အစိုးရနှင့် တကွ သက်ဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ စေတနာရှင်များ၊ ကုသိုလ်ဖြစ်အဖွဲ့အစည်းများ၊ NGOs / INGOs များ၊ ပါဝင်လှုပ်ရှားဆောင်ရွက်နေသူ ဆရာ/ဆရာမများ၊ ပညာရှင်များ၊ မိတ်ဆွေများ အားလုံးကိုလည်း စာရေးသူရဲ့ရင်ထဲက လှိုက်လှဲစွာကျေးဇူး တင်ရှိပါကြောင်းကိုလည်း ကျေးဇူးတင် စကားဆိုပါရစေ။
    နိဂုံးချုပ်အားဖြင့်တော့ စာရေးသူတို့တိုင်းပြည်ရဲ့ရွှေရောင်အနာဂတ်ဟာ စာရေးသူတို့ရဲ့ ခပ်လှမ်း လှမ်းမှာ ရေးပြပြလေးတော့ တွေ့မြင်နေ ရပါပြီ။ ဒါပေမယ့် ဒီလို အချိန်အခါမျိုးမှာ ဒီဆောင်းရဲ့အစမှာ စာရေးသူဖေါ်ပြခဲ့သလိုပဲ အဖျက်အမှောင့်တွေ၊ အတားအဆီးတွေလည်း ဝင်လာတတ်ပါတယ်။ ဒါတွေကို စာရေးသူတို့က လိမ္မာပါးနပ်စွာနဲ့ ရှောင်ကွင်းသွားပြီး ကိုယ်လိုရာပန်းတိုင်ခရီးကိုရောက်အောင် သွားနိုင်ခဲ့ရင်တော့ ဒါဟာ”အမျိုးသားအောင်ပွဲ”ပါပဲ။ စာရေးသူအနေနဲ့ကတော့ မိမိမွေးဖွားရှင်သန်ရာ တိုင်းပြည် နဲ့ တိုင်းသူပြည်သားတွေ ပညာဥာဏ်ရည်တွေ၊ ဆင်ခြင်တုံတရားတွေမြင့်မားပြီး နိုင်ငံကြီးသားပီသနေတာ၊ ကြီးပွားကောင်းစားနေ တာကို မြင်ချင်တာပါပဲ။ စာရေးသူရဲ့ ပုဂ္ဂလိက အမြင်အရ စာရေးသူရဲ့အမျိုးသားရေး ရည်မှန်းချက်ကိုပြောပါ ဆိုရင်တော့ နိုဗယ်ဆုရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေါက်တာ မိုဟာမက်ယူနွတ်စ် ပြောသလို “ဆင်းရဲမွဲတေမှု ဆိုတာကြီးကို ပြတိုက်ထဲကိုပို့ပစ်လိုက်ချင်တာပါပဲ”လို့ မျှဝေရင်း နိဂုံးချုပ်လိုက်ပါရစေ။ ။
    Ref : ၂၁ရာစုစီးပွားရေးနှင့် Robert T.Kiyosaki ၊ သန်းမြင့်(စီးပွားရေး)။
  • ခေါင်းဆောင်ရွေးပွဲကြီး (အပိုင်း-၁) (ဝတ္ထုတို)
    နိုဝင်ဘာ- ၅ ၂၀၁၃
    M-Media
    M-Media short stories
    အခုတလော မောင်ကောင်းထိုက်တို့ ပုဂ္ဂလိက ကောလိပ်၏ ကျောင်းသား/သူများအချင်းချင်း ၊  ဆရာ/ဆရာမများအချင်းချင်း တွေ့ဆုံကြရာတွင် ကျောင်းကိစ္စ၊ သင်ခန်းစာ ကိစ္စများ သိပ်မဆွေးနွေး ဖြစ်ကြ။ ၎င်းတို့သည် အကြောင်းအရာတစ်ခုကိုသာ စိတ်ဝင်တစား ပြောဆိုဆွေးနွေးနေကြသည်။ အလားတူပင် မောင်ကောင်းထိုက်တို့သူငယ်ချင်းတစ်သိုက်လည်း နဂိုကတည်းကမှ စာသိပ်စိတ်မ၀င် စားသူများပီပီ ယခုလိုမျိုး ကောလိပ်တစ်ခုလုံး အတိုင်းအတာဖြင့် ကျောင်းသင်ခန်းစာ မဟုတ်ဘဲ ကျောင်းသားရေးရာပိုင်းဆိုင်ရာ အခြေအနေအသစ်တစ်ရပ်နှင့်တွေ့ဆုံနေသည့်အချိန်တွင်တော့ ပို၍ ပင် ကင်တင်းန် စကားဝိုင်းက မြိုင်ဆိုင်နေသည်။ ယင်း မောင်ကောင်းထိုက်တို့သူငယ်ချင်းတစ်သိုက် ဆိုသည်မှာကား… တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီး ပုဂ္ဂလိကကောလိပ် တစ်ခုတွင် ပညာ သင်ကြားနေကြသူများဖြစ်ကြသည်။ ထိုကောလိပ်စာမွေးပွဲအောင်လျှင် နိုင်ငံခြားသို့ ပညာသင် သွားရန် ပြင်ဆင်နေကြသူများဖြစ်သည်။ မောင်ကောင်းထိုက်တို့ တစ်စုကတော့ ပညာလည်း တစ်ဖက်က သင်သလို ကွန်ပျူတာ နည်းပညာများကိုလည်း စိတ်ဝင်စားသည်။ နိုင်ငံရေးလည်း အလွတ်မပေး။  ဘောလုံးလည်း အကန်မပျက်ကြ။ အချုပ်အားဖြင့်တော့ ဟိုစပ်စပ်..ဒီစပ်စပ်နှင့် ပျော်ပျော်နေတတ် ကြသော ကောလိပ်ကျောင်းသားများပင်ဖြစ်ကြသည်။ ယခုလည်း ထုံးစံအတိုင်း ကင်န်တန်း တွင် တစ်ယောက်တစ်ပေါက်ဖြင့် စကားစစ်ထိုးနေကြစဉ်..
    “ဟိုင်း..နီလာ၊ နေကောင်းရဲ့လား”ဟူသော ချိုသာကြည်မြသော ပီယ၀ါစာ စကားသံလေးဖြင့် နှုတ်ခွန်းဆက်ကာ မောင်ကောင်းထိုက်တို့လက်ဖက်ရည်ဝိုင်းထဲဝင်လာသူကား…
    ၎င်းတို့ကောလိပ်တစ်ခုလုံးတွင် ပညာတော်ကာ ရုပ်ချောသလောက် အခြေကြီးသူဟု သတင်းမွှေးသည့် ကြည်သာရီပင် ဖြစ်ပါတော့သည်။ မောင်ကောင်းထိုက်တို့မှာ ဘာစကားမျှပင် မပြောနိုင်တော့လောက်အောင် ပါးစပ်များအဟောင်းသားဖြစ်သွားကြသည်။ ကြည်သာရီကပင် ဆက်လက်ပြီး ”တို့လည်း အတန်းအားလို့ library ဘက်သွားစာဖတ်မလို့၊ အဲဒါ you တို့ကိုတွေ့လို့ဝင် နှုတ်ဆက်တာ။ သွားလိုက်ဦးမယ်နော်..”ဟုဆိုကာ သိမ်မွေ့စွာပင် ပြန်လည်ထွက်ခွာသွားသည်။ မောင်ကောင်းထိုက်တို့နှင့် လက်ဖက်ရည်တစ်ဝိုင်းထဲထိုင်ကာစကားပြောနေသည့် နီလာကို  ၀င်ရောက်နှုတ်ဆက်ရင်း ၀ိုင်းထဲရှိသကောင့်သားများအားလုံးကိုပါ အသိအမှတ်ပြုသည့် အပြုံးလေးဖြင့် အကြည့်တစ်ချက်ဝေ့၀ဲလိုက်သောအခါ ကောင်းထိုက်တို့လူစုမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာအတန်ကြာ မင်သက်နေမိကြသည်။ ထို့နောက်မှ… ၀င်းမောင်မှစတင်ပြီး ထိုမင်သက် နေသောလေထုကိုဖြိုခွဲလိုက်သည်။ “ဟဲ့..နီလာ၊ နင်နဲ့ သူနဲ့ဘယ်တုန်းကခင်တာလဲ၊ ငါတို့နဲ့လည်း မိတ်ဆက်ပေးဦးလေ..။”
    “အေး..ငါကိုယ်တိုင်လည်း အံ့သြနေတယ်၊ ဒီအမျိုးသမီးက ငါနဲ့သိပ်မခင်ပါဘူး ၊ မေးပြော ခေါ်ထူးအဆင့်လောက်တော့ သိတာပေါ့ဟယ်၊ တစ်ကျောင်းတည်းသား မိန်းကလေးချင်းပဲ။ ဒါပေမယ့် သူက အရင်တုန်းက မိန်းကလေးအချင်းချင်းတောင် ခပ်တင်းတင်းရယ်၊ အခုမှ ဘယ်လိုဖြစ်ပြီး ဖေါ်ရွေနေတာလဲမသိဘူး” နီလာလည်း နည်းနည်း စဉ်းစားရကျပ်သွားသည်။
    ထိုအခါမှ ကောင်းထိုက်က..
    ”ငါထင်တာတော့..”ဆိုပြီး သူ၏လွယ်အိတ်ထဲမှ စာရွက်တစ်ရွက်ကိုထုတ်ရာ သူငယ်ချင်းများ အားလုံးဝိုင်းကြည့်လိုက်ကြသည်။ စာရွက်ခေါင်းစဉ်က “ကျောင်းသားခေါင်းဆောင် ရွေးပွဲဝင်ပြိုင်မည့် ကျောင်းသား/သူများစာရင်း” ဖြစ်ပြီး ၎င်းစာရင်း၏ထိပ်ဆုံးတွင် ကြည်သာရီအမည်ကြီးကိုတွေ့ရသည်။ သူတို့သဘောပေါက် လိုက်ကြလေပြီ။
    နီလာက..
    “ဟဲ့.. ကြည်သာရီကက အခုလာမယ့် ရွေးပွဲမှာဝင်ပြီး အရွေးခံမှာ.. အခုငါတို့ကျောင်း အခုနှစ် ကျောင်းသားခေါင်းဆောင်ရွေးပွဲက နင်တို့သိတဲ့အတိုင်းပဲလေ။ ဒီကျောင်းမှာရှိတဲ့ကျောင်းသား/ ကျောင်းသူအားလုံး ကိုယ်ကြိုက်တဲ့သူကို ကျောင်းသားခေါင်းဆောင် ဖြစ်အောင်လို့ မဲပေး ရွေးချယ်ရမှာ။ သူတို့သတ်မှတ်ထားတဲ့စည်းကမ်းနဲ့ညီတဲ့လူဆို ဘယ်သူပဲဖြစ်ဖြစ်  ကျောင်းသား ခေါင်းဆောင် ရွေးပွဲဝင်လို့ရတာလေ..။ အဲဒီတော့ အဲဒီ ကြည်သာရီဆိုတဲ့ အမျိုးသမီးက ငါတို့ရဲ့ အသည်းကြားက မဲတစ်ပြား ကိုလိုချင်လို့ သူက ဗျူဟာတွေခင်းသွားတာကိုး…။”
    ထိုအခါကျမှ ၀င်းမောင်တို့နားလည်သဘောပေါက်သွားသည်။ သြော်..မကြည်သာရီ သူလည်း ကျောင်းသားခေါင်းဆောင် ပိုးဝင်သွားပြီကိုး။ .. ။
    ဟုတ်ပါသည်။ ကောင်းထိုက်တို့ကျောင်း၏ ဒီနှစ်အတွက် ကျောင်းသားခေါင်းဆောင် ရွေးပွဲကြီးသည် ယခင်နှစ်များနှင့်မတူဘဲ ကျောင်းသား/သူအားလုံးကို ကိုယ်စားပြုမည့် ကျောင်းသားခေါင်းဆောင် တစ်ယောက်တည်းကိုသာရွေးချယ်မည်ဖြစ်ပြီး ထိုကျောင်းသား ခေါင်းဆောင်သည် ကျောင်းသားများ၏ အလုပ်အမှုဆောင်အဖွဲ့ EC(Executive Committee)ကို ပါ စီမံခန့်ခွဲရမည်ဖြစ်ရာ မည်သည့်ကျောင်းသားက မည်သို့သောဗျူဟာအခင်းအကျင်းမျိုးဖြင့် ထို ကျောင်းသား ခေါင်းဆောင်ရွေးပွဲကိုဝင်ပြိုင်မည်လဲ၊ မည်သူကအနိုင်ရမည်လဲဆိုသည်မှာ တစ်ကျောင်း လုံးက စိတ်ဝင်စားနေကြသော ကိစ္စဖြစ်သည်။ အခုတော့ ကျောင်းသားခေါင်းဆောင် ရွေးပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် အမတ်လောင်းများစာရင်း… အဲလေ..ကျောင်းသားခေါင်းဆောင်လောင်းများ စာရင်း ပင် ထွက်ရှိနေပေပြီ။
    ကြည်သာရီကြောင့် အခိုက်အတန့်အားဖြင့် တိတ်ဆိတ်သွားသော ကောင်းထိုက်တို့၏ စကား ၀ိုင်းသည် ယခုတော့ ပြန်လည်ဆူညံလာပေပြီ။ နီလာက.. ”ဟဲ့..ကောင်းထိုက်၊ နင်ကအဲဒီ ကျောင်းသားခေါင်းဆောင်ရွေးပွဲဝင်မယ့်သူစာရင်းကို ဘယ်တုန်းကရထားတာလဲ. ငါတို့တောင် မသိရသေးဘူး” ဟုမေးသည်။
    ကောင်းထိုက်က ဆရာကြီးလေသံဖြင့်..
    “အေး..အဲဒါ၊ နင်တို့တွေအားလုံး ဒီနေ့အစောဆုံးအတန်းချိန်ကို လစ်ခဲ့ကြတယ်ဆိုတာ သိသာ နေတယ်။  ဒီနေ့မနက်က Eco အချိန်မှာ အတန်းထဲက ဆရာမခုံမှာ အတန်းသားအားလုံးကို တစ် ယောက်တစ်ရွက်လာယူဆိုပြီးတော့ စာရွက်တွေပုံချထားတာ၊ အခုတစ်ကျောင်းလုံးသိပြီးပြီ။ နင်တို့ပဲ မသိသေးတာ”ဟုပြောတော့ မနက်က အတန်းလစ်ခဲ့သည့်သူငယ်ချင်းများအားလုံး ခပ်တည်တည်နှင့် နှုတ်ဆိတ်နေလိုက်ကြသည်။ သို့သော် သူတို့၏အကြည့်များကတော့ ကျောင်းသားခေါင်းဆောင် ရွေးပွဲဝင်မည့်သူများစာရင်း စာရွက်ကိုသာ ထပ်ခါတလဲလဲကြည့်ပြီး ကိုယ်စီစဉ်းစားခန်းဝင်နေကြသည်။
    သူတို့အုပ်စုထဲတွင် နည်းနည်းတွေးတွေးဆဆရှိသူကျော်အောင်က..
    “အင်း..၀င်ပြိုင်မယ့်လူစာရင်းကတော့ ၁၀ ယောက်တောင်ရှိတယ်။ ဒါပေမယ့် အဲဒီအထဲမှာ နာ မည်ကြီး ၃ ယောက်က အဓိကပြိုင်ရမယ်ထင်တယ်။ ကျန်တာတွေကတော့ အိမ်ဖြည့်အဆင့်”
    နီလာက “နင့်အမြင်ပြောစမ်းပါဦး”ဟု ၀င်ထောက်သည်။ ထိုအခါ ကျော်အောင်က…
    “ဒီမှာလေဟာ… ဒီအုပ်စုထဲမှာ ငါတို့ကျောင်းက နာမည်ကြီး(၃)ယောက်.. ကြည်သာရီ၊ မြဆောင်နဲ့ မျိုးမင်း… အဲဒီ(၃)ယောက်ကို ကြီး(၃)ကြီးအဆင့်သတ်မှတ်လိုက်မယ်..ကျန်တာတွေက အိမ်ဖြည့်..ဒါပေမယ့်…အဲ..”
    ကျော်အောင်စကားတန့်သွားသည်။ သူငယ်ချင်းများကစိတ်မရှည်တော့…
    “ဟေ့ကောင်..ပြောလေကွာ၊ ဒါပေမယ့်ဘာဖြစ်လဲ..”
    ကျော်အောင်က.. “ဒီမှာကျော်ဦးနာမည်ပါနေတယ်၊ အဲဒီကောင်ကိုသတိထားရမယ်၊ ဒီကောင့်ကြောင့် ပွဲဆူနိုင်တယ်”ဟုဆိုရာ သူငယ်ချင်းများက ထောက်ခံသည့်အမူအရာဖြင့် ခေါင်းညိတ်ပြကြသည်။
    “ဟုတ်တယ်၊ အဲဒီကျော်ဦးက လူမိုက် ၊ ဒီကောင့်သူငယ်ချင်းတွေကလည်း ကျောင်းထဲက ရော၊ ကျောင်းပြင်မှာပါ အများကြီး၊ အကုန်လုံးက မိုက်တိမိုက်ကန်းပုံစံတွေချည့်ပဲ..”ဟု ကောင်းထိုက်က ၀င်ပြောသည်။
    ဆိုတော့ “မျိုးမင်း”ဆိုသူအကြောင်းက သူတို့သူငယ်ချင်းများက အတွင်းသိ၊ အစင်းသိ၊ အူ ဘယ်နှစ်ခွေရှိသည်ကအစသိကြသည်။ မျိုးမင်းက စာတော်သည်။ ဆက်ဆံရေးကောင်း၊ အပြော ကောင်း၊ သူ့ကိုတစ်ကျောင်းလုံးကချစ်ကြသည်။ သူက စာတော်သောကျောင်းသားဖြစ်ပြီး အိုက်တင် လည်းလုပ်တတ်သည်။ Library ထဲက အင်္ဂလိပ်လိုရေးထားသော ကျောင်းသင်ခန်းစာနှင့်သိပ်မပတ် သက်ပေမယ့် လူကြိုက်များတတ်သည့်နိုင်ငံရေး၊ အားကစား၊ အချစ်ကဗျာ၊ ခံစားချက်၊ အလွမ်းအဆွေး၊ အောင်မြင်ရေး စသည့်စာအုပ်တွေကို လက်ထဲမှာကိုင်ပြီး သူငယ်ချင်းတွေ လက်ဖက်ရည် ၀ိုင်းများကိုလှည့်ထိုင်ကာ ထိုစာအုပ်များထဲရှိအင်္ဂလိပ်လိုရေးထားသည်များကို ဘာသာပြန်ရှင်းပြ တတ်သည်၊ သူ့ဘာသာပြန်လက်ရာ ဆောင်းပါးများကလည်း on-line တွင်ရော၊ printed စာစောင် များတွင်ပါ ပါလေ့ရှိသည်။ လူကလည်းအာဘောင်အာရင်းကသန်သန်နှင့် စကားပြောကောင်းသည်။ ကျောင်းသူချောလေးများက သူ့ဆီမှာ အင်္ဂလိပ်စာ၊ ကျောင်းစာများသွားမေးလျှင်တော့ မျိုးမင်း တို့ ပါးစပ်ကြီးက နားရွက်တက်ချိတ်မလားမှတ်ရလောက်အောင်ကို ပြုံးဖြီးဖြီးနှင့် စာမေးသူပင် အားနာရလောက်အောင် ခရေစေ့တွင်းကျ ရှင်းပြတတ်သည်။ ဒါပေမယ့် ဒီကောင်က နည်းနည်း ကြောက်တတ်သည်။ တစ်ခါတုန်းက သူကင်တင်းမှာထိုင်နေစဉ် စာလာမေးသောကောင်မလေး တစ်ယောက်ကို စာအကြောင်းသာမက နိုင်ငံခြားမင်းသမီးများ၏ အလှပြုပြင်ပုံများနှင့် အလှပြင်ပစ္စည်းများအကြောင်းကို ထိုင်ပြောရာ အချိန်အတန်ကြာသည်အထိ စကားကမပြတ်။ ထိုကျောင်းသူလေးကလည်း မျက်စိလေးကလယ်ကလယ်နှင့် မျိုးမင်းပြောသည်ကိုနားထောင်ပြီး မျိုးမင်းကို အထင်ကြီးအားကျသည့် အကြည့်ဖြင့်စိုက်ကြည့်နေရာ ကြာလာတော့ ထိုကျောင်းသူလေး ကို ကြိတ်ခိုက်နေသည့် ဘေးဝိုင်းမှကျောင်းသားများက ထိုမြင်ကွင်းကို မုဒိတာမပွားနိုင်တော့ မျိုးမင်းကို “စာနဲ့ပတ်သက်တာပဲပြော၊ တခြားအကြောင်းမပြောနှင့်” ဟု အသားလွတ်ဟောက်ပြီးရန်ရှာရာ မျိုးမင်းမှာ ကြောက်လန့်တကြား ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေချိန် ကောင်းထိုက်တို့ အရောက်မြန်သဖြင့်သာတော်တော့သည်။ ဤသို့ဖြင့် ကောင်းထိုက်တို့၏ ကောလိပ်တွင် ကျောင်းသားခေါင်းဆောင်ရွေးပွဲကြီးနှင့်ပတ်သက်သည့်အခြေအနေသည် ဇာတ်ရှိန်မြင့်လာသလို အဖျက်အမှောင့်များ၊ ကျားကွက်ရွှေ့မှု များ၊ အားပြိုင်မှုများလည်းပေါ်ပေါက်လာပါတော့သည်။
    အခုလည်း ကောင်းထိုက်၊ ၀င်းမောင်နှင့် ကျော်အောင်တို့ သုံးဦး အတန်းချိန်ပြီးလို့ ကင်တင်းန် လစ်ရန် လွယ်အိတ်ပြင်နေခိုက် အခန်းဝတွင် နီလာ ရောက်လာသည်။ ကောင်းထိုက်က “ဟာ..နီလာ၊ အတော်ပဲ၊ ငါတို့လည်းအခုပဲ ကင်တင်းန်လစ်တော့မလို့၊ နင်တစ်ခုခုလိုက်စားပါလား”ဟု ဖိတ်ခေါ် လိုက်သည်။ နီလာကလည်း.. “အေး..ငါလည်း နင်တို့ကိုပြောစရာရှိလို့ လာခေါ်တာ၊ သွားကြမယ်” ဟုဆိုကာ သူငယ်ချင်း လေးယောက်သား ကင်တင်းန်သို့ချီတက်ခဲ့ကြသည်။ ကင်တင်းန်တွင်နီလာက “..ဟဲ့..ငါအခုသတင်းအသစ်တစ်ခုကြားတယ်၊ ငါတို့ ကျောင်းသားခေါင်းဆောင်ရွေးချယ်ပွဲမတိုင်ခင် ငါတို့ကျောင်းသားတွေ Gathering အစီအစဉ်တစ်ခုလုပ်ကြမယ်တဲ့။ အဲဒီပွဲကျရင် Fresher welcome (မောင်မယ်သစ်လွင်)ကြိုဆိုပွဲရော၊ ငါတို့ကောလိပ်ရဲ့ King နဲ့ Queen ရွေးပွဲရော ပေါင်းလုပ်မှာတဲ့။ အခု အဲဒီအခမ်းအနားမှာ ကျောင်းသားခေါင်းဆောင်လောင်းတွေကလည်း လှုပ်ရှားကြမှာသိလား”ဟု ပြောရာ… ကောင်းထိုက်တို့ကလည်း စိတ်ဝင်စားစွာဖြင့် “ဟာ..ဟုတ်လား၊ ဘာတွေလှုပ်ရှား ကြမှာလည်း”ဟုမေးရာ…           “အေး..ငါအခုပဲ ငါ့ကို ကြည်သာရီနဲ့တွဲနေတဲ့ Computer Programming က ဧပရယ်လ်တို့လာပြောသွားတာ…  အောင်မယ်လေး ငါတို့သာမသိကြတာဟေ့.. သူတို့တွေကြိတ်ကြံနေကြတာကအများကြီး..အဲဒီပွဲရဲ့နောက်ဆုံးအစီအစဉ်နှစ်ခုကတော့ ငါတို့ကျောင်း ကလူအားလုံးစိတ်အ၀င်စားဆုံးပဲဟေ့..ဘာတွေလဲဆိုတော့ တစ်ကျောင်းလုံးရဲ့ King နဲ့ Queen ရွေး ချယ်ပွဲ၊ နောက်တစ်ခုကတော့.အဲဒီပွဲကြီးရဲ့ နောက်ဆုံးအစီအစဉ်ကတော့ ငါတို့ကျောင်းက စာတော်တဲ့ကျောင်းသားတွေကို scholarship ပေးတဲ့အစီအစဉ်လေ..အေး..အဲဒီအစီအစဉ်ကို ဟို…သူဌေးသားမြဆောင်ရဲ့အဖေကုမ္ပဏီက တာဝန်ယူပြီး sponsor ပေးမယ်တဲ့..ဆိုလိုတာက စာတော်တဲ့ကျောင်းသားတွေကို scholarship ပေးမယ့် ကုန်ကျစရိတ်ကို သူတို့ကုမ္ပဏီကပေးမှာတဲ့.။ အဲဒါ ကျောင်းအုပ်ကြီးကသဘောတူလိုက်ပြီတဲ့..ဟဲ့။”
    “ဟာ…အဲဒါအရင်တုန်းက ကျောင်းက ဒါရိုက်တာဘုတ်အဖွဲ့က စီစဉ်တာလေ”ဟု ကောင်းထိုက်က အထွန့်တက်သည်။
    နီလာက..”အေး..ဟုတ်တယ်လေ၊ အခုလည်း ဘယ်ကျောင်းသားကို Scholarship ပေးရမလဲ ဆိုတာကို ဒါရိုက်တာဘုတ်အဖွဲ့ကပဲရွေးမှာ..ဒါပေမယ့် အဲဒါကို မြဆောင်တို့အဖေက အဲဒီ scholarship ပေးမယ့် ကျောင်းသားတွေကို ပညာသင်စရိတ် ဆုချီးမြှင့်ရင် အရင်ကထက်ငွေပိုများမယ်၊ ငွေပိုပေးမယ်ပေါ့ဟာ၊ နယ်ကကျောင်းသားဆိုရင်လည်း အဆောင်ပါ စားရိတ်ငြိမ်းစီစဉ်ပေးမှာတဲ့၊ စာအလကားသင်ပေးရုံတင် မဟုတ်တော့ဘူး ၊ နေထိုင်စားသောက်ဖို့အတွက် accommodations ပေးတဲ့အပြင် stipend လစဉ် ထောက်ပံ့ကြေးပါထပ်ပေးဦးမှာတဲ့။ အဲဒီ Scholarship ရတဲ့ကျောင်းသားတွေအဖို့ကတော့ ကျောင်းစာကလွဲလို့ ကျန်တာဘာမှလုပ်ဖို့မလိုအပ်တော့ဘူး၊ အဲဒီကျောင်းသားသာ ခြိုးခြံချွေတာတတ်ရင် သူ့အိမ်က ပိုက်ဆံယူစရာမလိုတဲ့အပြင် သူ့အိမ်ကိုတောင် ပိုက်ဆံပြန်ပို့ပေးနိုင်အောင် သူတို့ကပေးမှာတဲ့.. ပြီးတော့ Scholarship ပေးမယ့် ကျောင်းသူ ကျောင်းသားအရေအတွက်ကိုလည်း အရင်က (၅)ဦးပေးနေရာက အခု (၁၀)ဦးအထိ တိုးမြှင့် လိုက်ပြီတဲ့”ဟု နီလာကရှည်လျားစွာရှင်းပြပြီးနောက် “နင်တို့ကိုရှင်းပြရတာ ငါမောလိုက်တာ” ဟုဆိုကာ အအေးတစ်ခွက်မှာသောက်နေသည်။
    ကျော်အောင်က ထုံးစံအတိုင်း တွေးဆစွာဖြင့်ပင် “အင်း..အရင်ကတော့ မြဆောင်တို့အဖေ ကုမ္ပဏီက ငါတို့ကျောင်းကို လစဉ်ကြေးလောက်ပဲထည့်တာ၊ အခုမှ သူ့သားက ကျောင်းသားခေါင်း ဆောင်အဖြစ် အရွေးခံမယ်ဆိုတာနဲ့ပဲ အခုလို အလှူကြီးကို ရက်ရောတော့တာလားလို့ တွေးစရာပဲ၊ အေးလေ..သူများအလှူကို ငါတို့ကဝေဖန်တာတော့မဟုတ်ပါဘူး..ဒါပေမယ့် ဒါဟာ သမားရိုးကျ တိုက် ဆိုင်မှုတော့မဖြစ်နိုင်ဘူးထင်တယ်”..ဟုဆိုရာ ၀င်းမောင်က..
    “ကျော်အောင် .. မင်းကတော့ထုံးစံအတိုင်းအတွေးလွန်နေပြန်ပြီ၊ ငါ..မင်းပြောသလိုဆို ငါမေး မယ်၊ အခု မြဆောင်အဖေက သူ့သားကျောင်းသားခေါင်းဆောင်ဖြစ်ဖို့ ပိုက်ဆံတွေအများကြီးသုံးတယ် ပဲထားပါတော့… ဒီပိုက်ဆံတွေက သူ အမြတ်ပြန်ရမယ့်ပိုက်ဆံတွေမှမဟုတ်တာ”..
    ထိုအခါကျော်အောင်က “အဲဒါတော့ငါလည်းသိပ်မသိဘူးကွာ၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက ဟို ကောင်မျိုးမင်းကိုတော့ ငါတို့အသိပေးသင့်တယ်ထင်တယ်”ဟုပြောလိုက်လေသည်။ ထို့နောက် နီလာ ဘက်သို့လှည့်၍ “ဟဲ့..နီလာ၊ နင်ဒီအကြောင်းတွေကို မျိုးမင်းကိုပြောပြီးပြီလား” ဟုမေးရာ နီလာက အအေးသောက်ရင်းမှ ခေါင်းခါပြသည်။ ထိုအခါ ကျော်အောင်က
    “ကဲ..ကောင်းထိုက် ၊ ငါတို့သောက်စရာရှိတာသောက်ပြီး မျိုးမင်းကိုသွားရှာရအောင်၊ ဒီကောင် ဒီအချိန်ဆို library မှာရှိမယ်ထင်တယ်..” ဟုပြောရာ ကောင်းထိုက်တို့ကလည်း “ကောင်းပြီလေ”ဟု ဆိုကာ သဘောတူလိုက်သဖြင့် သူတို့အုပ်စုသည် အအေးဖိုးကျသင့်ငွေကိုရှင်းပြီး ကင်တင်းန်မှ ထွက်ခဲ့ကြသည်။
    Library ရောက်တော့ မျိုးမင်းက သူတို့လာသည်ကိုမြင်သဖြင့် သူဖတ်နေသော အင်္ဂလိပ်စာအုပ်ထူကြီး၏ မျက်နှာဖုံးကို သူတို့မြင်အောင် မသိမသာထောင်ကာ ကိုင်လိုက်သည်ကို မျက်စိလျှင်သော ကောင်းထိုက်က မြင်လိုက်သည်။ အကြွားသန်သောသူငယ်ချင်းကို နည်းနည်း ဒေါသ ဖြစ်ချင်သလိုဖြစ်သွားသဖြင့် ”ဟေ့ကောင်မျိုးမင်း..ငါတို့မင်းကို သတင်းတစ်ခုပြောစရာရှိလို့လာတာ.. အဲဒါမင်းတို့ leader ရွေးပွဲနဲ့ပတ်သက်တယ်၊ အဲဒါမင်းနားထောင်မှာလား၊ မင်းငါတို့ဝင်လာမှ မင်းဖတ် နေတဲ့စာအုပ်ကြီးကို ထောင်ပြပြီးငါတို့မြင်အောင်လုပ်ပြပြီး ပဲဆက်များနေရင်တော့ ငါတို့ အတန်းသွား တက်တော့မယ်” ဟုပြောလိုက်မှ မျိုးမင်းက မျက်ကလဲဆန်ပြာဖြင့်..
    ‘သူငယ်ချင်း..မင်းကလည်းကွာ၊ မင်းတို့ဝင်လာတာငါမသိပါဘူးကွ၊ တိုက်ဆိုင်သွားတာဖြစ်ပါ လိမ့်မယ်” ဟုဆိုကာ သူဖတ်နေသောစာအုပ်အထူကြီးကို စာကြည့်တိုက်မှူးထံပြန်အပ်ခဲ့ပြီး library အပြင်ဘက်အုတ်ခုံလေးတွင် ထိုင်စကားပြောလေသည်။ ကောင်းထိုက်တို့က သူတို့ကြားထားသော သတင်းကို မျိုးမင်းအားရှင်းပြပြီးချိန်တွင် ၀င်းမောင်တို့က စောစောကသူတို့မကြေလည်သော ကိစ္စကို မျိုးမင်းကိုထပ်ပြောပြသည်။
    “ဟေ့ကောင်..မျိုးမင်း..မင်းပြောစမ်းကွာ..ဒီမြဆောင်အဖေက ဒီလိုပိုက်ဆံတွေအများကြီးသုံး တာ သွေးရိုးသားရိုးမှဟုတ်ရဲ့လား… သွေးရိုးသားရိုးမဟုတ်ရင် သူဒီပိုက်ဆံတွေကို ဘယ်ကပြန်ရမလဲ” ဟုမေးရာ မျိုးမင်းက…
    “ဟာ..၀င်းမောင်၊ မင်းကလည်း… အခုလက်ငင်းကြီးတော့ ပိုက်ဆံ ဘယ်ပြန်ရမလဲကွ၊ ဖြစ်နိုင်ခြေရှိတာကတော့ .. သူ့သားကျောင်းသားခေါင်းဆောင်ဖြစ်ရင် သူလည်း သိက္ခာရှိမယ်၊ ပြီးတော့ ကျောင်းအုပ်ကြီးနဲ့ ခင်မင်မှုရမယ်. ပြီးတော့ မြဆောင်အဖေက နိုင်ငံခြား တက္ကသိုလ်တစ်ခုကနေ “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ယူဖို့ လျှောက်ထားတာ ငါတို့ ကျောင်းအုပ်ကြီးက ထောက်ခံပေးရင် ရဖို့လွယ်တယ်လို့လည်း ပြောသံကြားတယ်။ နောက်ပြီး မင်းစဉ်းစား ကြည့်လေ။ အခု ငါတို့ကျောင်းက အများပိုင်ဆိုပေမယ့်  ငါတို့ကျောင်းရဲ့ စတော့ရှယ်ယာတွေက ရာခိုင်နှုန်းနည်းနည်းလေးပဲ ရောင်းသေးတာ။ ကျောင်းအုပ်ကြီးက ငါတို့ကျောင်းကို ထပ်ပြီး တိုးချဲ့ဖို့ ငွေအများကြီးလိုတယ်။ အဲဒီတော့ တစ်ချိန်ချိန်မှာ ဒီစတော့ရှယ်ယာတွေကို ထုတ်ရောင်းမှာပဲ။ အဲဒီအခါကျရင် ငါတို့ကျောင်းရဲ့ စတော့ရှယ်ယာအများဆုံးကို မြဆောင် အဖေကလိုချင်နေတာ၊ ကျောင်းအုပ်ကြီးကမရောင်းသေးလို့၊ ငါတို့ကျောင်းက ကျောင်းသားလည်းများတယ်၊ နိုင်ငံတကာလည်းပေါက်တယ်၊ အဲဒီတော့ ငါတို့ကျောင်းရဲ့စတော့ရှယ်ယာ ရာခိုင်နှုန်းအများဆုံးကို မြဆောင်အဖေသာပိုင်သွားရင် ပွဲသိမ်းပြီလေကွာ.. ပိုက်ဆံအကျိုးအမြတ်လည်းရ၊ နိုင်ငံတကာမှာလည်း ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုထပ်ပွင့်၊ ပြီးတော့ သူ့ကုမ္ပဏီရဲ့ အကြံပေးပညာရှင်တွေကိုလည်း ငါတို့ ကျောင်းက စာတော်တဲ့ကျောင်းသားတွေကိုပဲပြန်ခန့်မှာဆိုတော့ ပြင်ပ ပညာရှင်တွေကိုဈေးကြီးပေးငှားစရာ မလိုတော့ဘူးလေ။ အဲဒါ ဘော့စ်တော်တော်များများက ငါတို့ကျောင်းအုပ်ကြီးကို လာညှိနေကြတာ ကြာပြီကွ၊ ငါတို့ကျောင်းအုပ်ကြီးက စဉ်းစားမယ်ပဲပြောထားတာ.. ဘယ်သူ့ကိုမှ စကားမကျွံသေးဘူး၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ Investment for Long-term Business Plan “ရေရှည်မှာ အကျိုးအမြတ်ရလာနိုင်မယ့် စီးပွားရေးစီမံကိန်းများတွက် ရင်းနှီးမြှုပ်နှံမှု” လို့ခေါ်တာပေါ့။ ငါထင် တာတော့ ဧကန္တ မြဆောင်တို့သားအဖ ဒီကျောင်းကို သိမ်းဖို့ ကြံနေပြီလားမသိဘူး..” ဟု မျိုးမင်းက အကွက်ကျကျရှင်းပြလိုက်လေရာ ၀င်းမောင်တို့မှာ ဘာပြောရမှန်းမသိဖြစ်သွားသည်။ ထိုအခါနီလာက “ကဲ..မျိုးမင်း သူများတွေကတော့ ခြေလှမ်းတွေ စကျဲနေပြီ၊ နင်ဘာလုပ်မှာလည်း” ဟုမေးရာ.. မျိုးမင်းက စပ်ဖြဲဖြဲဖြင့် “ငါကတော့ ဟိုတလောကဆုံးသွားတဲ့ နိုင်ငံရေးပညာရှင်ကြီး တစ်ဦးပြောသလို သမ္မတမဖြစ်ချင်ဘူး၊ သမ္မတကိုအကြံပေးတဲ့ သမ္မတအကြံပေးပဲလုပ်ချင်နေတယ်”ဟု စပ်ဖြဲဖြဲနှင့်ဖြေရာ နီလာက… “အေး..နင့်လိုကောင်မျိုးကတော့ သမ္မတအကြံပေးဖြစ်ဖို့နေနေသာသာ သမ္မတ အိမ်တော် သန့်ရှင်းရေးအဆင့်ရရင်တောင်ကံကောင်း” ဟုနှုတ်ခမ်းစူကာ ချော်တောငေါ့လိုက်သဖြင့် အားလုံးပွဲကျသွားကြသည်။ ထိုအခါကျမှ မျိုးမင်းက.. “ငါလည်း ပြောသာပြောနေရတာဟာ၊ ဒီကောင်မြဆောင်တို့သားအဖလုပ်ပုံနဲ့ ခေါင်းတောင်နည်းနည်းခြောက်နေပြီ” ဟု စိတ်ပျက် သံကြီးဖြင့်ပြောရာ ကောင်းထိုက်တို့က ”သူငယ်ချင်း၊ မင်းကလည်း စစ်မရောက်ခင် မြှားမကုန်ချင်စမ်းပါနဲ့”ဟုဆိုကာ အားပေးနှစ်ရလေတော့သည်။ ၀င်းမောင်ကလည်း “မျိုးမင်း..ငါတို့က မင်းရဲ့ကောင်းတူဆိုးဖက် သူငယ်ချင်း အရင်းတွေကွာ..ငါတို့လုပ်ပေးနိုင်တာရှိရင်လည်းပြောကွာ…”ဟု ဆိုရာ မျိုးမင်းက ”အေး..ငါက Tea Party လေးတစ်ခုလုပ်ချင်တယ်၊ ဟိုကောင် မြဆောင်တို့လို အကြီး အကျယ်ကြီးတော့ မဟုတ်ဘူးပေါ့ကွာ၊ ငါတို့ ကျောင်းသားတွေနားချိန်ကျရင် ငါကကျောင်းသားတွေကို Tea Party လေးပေး၊ လက်ဖက်ရည်တိုက်ပြီး စကားနည်းနည်းပြောချင်တယ်” ဟုဆိုရာ ကောင်းထိုက် က “အေး..လုပ်လေ၊ ငါတို့ဘာလုပ်ပေးရမလဲ”ဟုမေးရာ မျိုးမင်းက ”ဟို..ငါ အဲဒီ Tea Party အတွက် ပိုက်ဆံနည်းနည်းလိုနေတယ်ကွာ၊ ငါ့မိဘတွေကလည်း ငါ့ကျောင်းစရိတ်နဲ့တင်တော်တော်ထောင်းနေ ပြီဆိုတော့ ငါသူတို့ဆီကလည်း မတောင်းချင်တော့ဘူး”ဟု ပြောသည်။
    ထိုအခါ နီလာက မိန်းကလေးပေမယ့် ဒီလိုနေရာမျိုးမှာပြတ်သားသည်။ နီလာ၏လက်များ သည် သူမ၏လည်ဂုတ်ပေါ်သို့ဝဲသွားပြီး ပြန်ကျလာသည့်အခါ ရွှေဆွဲကြိုးတစ်ကုံးပါလာသည်။ “ကဲ. ရော့မျိုးမင်း..နင်ဒါကို ပေါင်ချင်လည်းပေါင်၊ ရောင်းချင်လည်းရောင်းလိုက်၊ ပြဿနာမရှိဘူး၊ အဲဒါ ငါ ကုမ္ပဏီတစ်ခုမှာ အချိန်ပိုင်းစာရင်းစစ်လုပ်နေတုန်းက ငွေစုပြီးဝယ်ထားတာ” ဟုပြောကာ မျိုးမင်းကို ပေးလိုက်လေသည်။ ထိုအခါ ကောင်းထိုက်လည်းမနေသာတော့.. သူ့ ရွှေလက်စွပ်ကိုချွတ်ပြီး မျိုးမင်း ကိုပေးလိုက်သည်။ “မျိုးမင်း..ငါတို့ကမင်းကို ဘော်ဒါအကန့်နဲ့ကူညီတာ၊ မင်းကြိုးစားကွာ၊ မင်းပညာတော်တာငါသိတယ်၊ မင်းအောင်မြင်မှာပါ၊ တကယ်လို့ မင်းထင်သလိုဖြစ်မလာလည်း ဘာမှစိတ်မပူပါနဲ့၊ ငါတို့ကို မင်းဘာမှပြန်ဆပ်စရာမလိုပါဘူး”ဟုပြောရာ နီလာကလည်း “အေး.. ဟုတ်တယ်၊ ငါတို့ကနင့်ကို ငွေချေးတဲ့သဘောမျိုးနဲ့ပေးတာမဟုတ်ဘူး၊ နင့် ခေါင်းထဲမှာ ငါတို့ကို နင့်ရဲ့ အကြွေးရှင်တွေလို့သဘောမထားနဲ့၊ အတိုးလည်းပေးစရာမလိုဘူး၊ နင်လုပ်စရာရှိတာကိုသာ စိတ်အေးချမ်းသာစွာနဲ့လုပ်၊ အဲဒီလို နင့်စိတ်က ပေါ့ပါးနေမှလည်း နင်အောင်မြင်မှာ”ဟု ထပ်ဆင့်ပြောလိုက်ရာ တစ်သက်လုံးက သူများထက်စာတော်ချင်၊ သူများကိုဆရာလုပ်ချင်၊ ကြောချင်သော မျိုးမင်းမှာ သူအထင်ကြီးလောက်အောင်စာတော်သည့် သူငယ်ချင်းများစာရင်းတွင် မပါသော်လည်း ဖြူစင်သောစေတနာဖြင့် သူ့ကို ခင်မင်ကြသည့်သူငယ်ချင်းများ၏မေတ္တာတရားကို သူတစ်ခါမှမတွေ့ကြုံဘူးသည့်အလား ရုတ်တရက် တောင့်တောင့်ကြီးဖြစ်သွားပြီး မျက်ရည်များပင်ဝဲလာကာ ”ငါမင်းတို့ကို သိပ်ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ရယ်၊ မင်းတို့အပေါ်မှာ ငါမောက်မာမိတာရှိရင်ခွင့်လွှတ်ပါ”ဟုဆိုကာ သူ၏သူငယ်ချင်းများအား ပြေးဖက်လိုက်လေတော့သည်။ (စာကြွင်း-သူပြေးဖက်သောသူငယ်ချင်းများထဲတွင်တော့ နီလာ မပါ ပါ)။ ထို့နောက် ၀င်းမောင်နှင့် ကျော်အောင်တို့မှလည်း သူတို့လုပ်အားကူညီမည်ဖြစ်ကြောင်း၊ သူတို့နိုင်တာ သူတို့ကူညီမည် ဖြစ်ကြောင်း ပြောဆိုကာ သူငယ်ချင်းများ Happy Ending ဖြင့် လမ်းခွဲခါနီးတွင် မျိုးမင်းက ”ငါ ဒီရွှေတွေကို ဘယ်မှာသွားပေါင်ရမလဲ၊ ငါမင်းတို့ရွှေတွေကို မရောင်းချင်ပါဘူး၊ တစ်လ လောက်ပဲပေါင်ပြီး လကုန်လို့ ငါ guide လုပ်နေတဲ့ကလေးတွေဆီက ကျူရှင်ခရရင် ပြန်ရွေးပေးပါ့ မယ်၊ အခု ငါဘယ်မှာပေါင်ရမှန်းမသိလို့” ဟုပြောရာ ကောင်းထိုက်ကပင် .. ”ကဲ..ဒါဆိုလည်း ငါ့ အသိ ဦးလေးကြီးတစ်ယောက် ငါတို့ကျောင်းနားက ရပ်ကွက်ထဲမှာနေတယ်။ ငါနဲ့ တော်တော်ခင်တယ်။ ပြီးတော့ သူက စိတ်လည်းစိတ်ချယုံကြည်ရတယ်။ ငါတို့ပစ္စည်းတွေ သူ့ဆီမှာ အာမခံအနေနဲ့ ခဏထားပြီး ငွေချေးကြည့်ရအောင်၊ သူက အတိုးယူမှာမဟုတ်ပါဘူး”ဟု ဆိုသဖြင့် ကောင်းထိုက်၏ အသိ ဦးလေးကြီးအိမ်သို့သွားရာ ထိုနေ့မှာ သောကြာနေ့ နေ့လည်ပိုင်းဖြစ်ပြီး ကောင်းထိုက် အသိဦးလေးကြီှးမှာ အစ္စလာမ်ဘာသာဝင်ဖြစ်သဖြင့် သောကြာနေ့ဗလီတက်နေသောကြောင့် ထိုအိမ်နားကလက်ဖက်ရည်ဆိုင်တွင်ခဏထိုင်နေကြသည်။ ထိုအချိန်တွင် သူတို့ထိုင်နေသည့် လက်ဖက်ရည်ဆိုင်အရှေ့မှ လူမိုက်ပုံစံဖြင့် လူ ၃ ယောက်နှင့်အတူ သူတို့ ကျောင်းမှ ကျော်ဦးတို့ဖြတ်သွားသည်ကို အမှတ်မထင် မြင်လိုက်ရသည်။ ထိုအခါကောင်းထိုက်က “ဟာ..ဟိုမှာ ကျော်ဦး..ကျော်ဦး၊ ငါတို့ကိုမြင်ပုံမရဘူး” ဟုပြောရာ ကျော်အောင်က.. “သွားမခေါ်နဲ့ ကောင်းထိုက်၊ လွှတ်ပေးထားလိုက်၊ ငါတို့အဖွဲ့ထဲမှာ မိန်းကလေးတစ်ယောက်ပါတယ်၊ ဒီကောင့် သူငယ်ချင်းတွေ ပုံစံကြည့်ရတာ သိပ်ဟန်ပုံမရဘူး”ဟုပြောရာ ကောင်းထိုက်က “အေး…ငါလည်း နဂိုကတည်းက ခေါ်ဖို့အစီအစဉ်မရှိပါဘူး”ဟုပြန်ပြောလိုက်လေသည်။ ထို့နောက်လက်ဖက်ရည် ထိုင်သောက်ပြီး ကောင်းထိုက်အသိဦးလေးကြီးအိမ်သို့သွားရာ ထိုဦးလေးကြီးက ဗလီမှအိမ်သို့ ပြန်ရောက်နေပြီး ကောင်းထိုက်ပြောသည့်အတိုင်းပင် ထိုဦးလေးကြီးက … “အေး..အန်ကယ်က မောင်ကောင်းထိုက်ရဲ့ မိဘများနဲ့လည်း ရင်းနှီးပါတယ်၊ မောင်ကောင်းထိုက်ပစ္စည်းတွေလည်း ထားခဲ့စရာမလိုပါဘူး၊ မောင်ကောင်းထိုက်လာယူတဲ့ငွေကလည်း သိပ်အများကြီးမှမဟုတ်တာ၊ အတိုးတော့ အန်ကယ် လုံးဝမယူပါရစေနဲ့ကွယ်”ဟုဆိုကာ အတိုးယူဖို့ အကြောက်အကန် ငြင်းလေတော့သည်။ သို့သော်လည်း ကောင်းထိုက်တို့က အတိုးမယူသည့်တိုင် အာမခံ ပစ္စည်းလက်ခံထားရန် အတင်းအကျပ်ပြောတော့ “အဲဒါဆိုလည်း မောင်ကောင်းထိုက် ကြိုက်တဲ့ အချိန်လာယူပါ၊ အန်ကယ်သေချာသိမ်းထားပါ့မယ်၊ မောင်ကောင်းထိုက်တို့ ပစ္စည်းတွေ မှဲ့တစ် ပေါက်မစွန်းစေရပါဘူး”ဟု ပြန်ပြောပြီး ပစ္စည်းများကိုလက်ခံထားကာ ကောင်းထိုက်တို့လိုသော ငွေကိုထုတ်ပေးလိုက်လေတော့သည်။
    လမ်းတွင် နီလာက “ဟဲ့.ကောင်းထိုက်၊ အဲဒီအန်ကယ်ကြီးက ငွေအတိုးယူမှာမဟုတ်ဘူးဆိုတာ နင်ဘယ်လိုကြိုသိလဲ…”ဟုမေးရာ ကောင်းထိုက်က ”ဟ..နင်ကလည်း၊ သူတို့က မွတ်စလင်မ်တွေလေ၊ သူတို့မွတ်စလင်မ်တွေက ၀က်သားတင်မစားတာမဟုတ်ဘူး၊ အတိုးလည်းမစားဘူး”ဟု ပြန်ပြောလေ သည်။ ထိုအခါ မျိုးမင်းက “..ဟ … ကောင်းထိုက်၊ မင်းတော်တော်လည်တဲ့ကောင်ပဲ၊ အကြံပိုင်တယ် ကွာ”ဟု ချီးကျူးရာ ပွဲကျသွားကြသည်။ ထိုအခါ ကောင်းထိုက်က ”တိုက်ဆိုင်သွားတာပါကွာ၊ မင်းပြောတဲ့ပုံက မသိရင်ငါကပဲ ဂွင် ရိုက်သလိုကြီးဖြစ်နေတယ်၊ ကဲ..အခု ငါတို့လည်း မင်းကို ငါတို့ပစ္စည်းတွေပေးပြီးကူညီတာ အတိုးတင်မဟုတ်ဘူး၊ အရင်းပါပြန်မပေးလည်းဖြစ်တယ်လို့ မင်းကိုပြောပြီးသား၊ ခင်မင်ရင်းနှီးမှုပေါ့ကွာ”ဟု ပြန်ပက်လိုက်ရာ မျိုးမင်းလည်း ပါးစပ်ပိတ်သွားတော့ သည်။
    ကျော်အောင်က..”ဟိုကောင် ကျော်ဦးကို ဒီရပ်ကွက်ထဲမှာတွေ့တာငါတော့ သိပ်မသင်္ကာဘူး။ ဘာဖြစ်လို့ဒီကောင် ဒီရပ်ကွက်ထဲလာတာလည်းမသိဘူး”ဟုပြောရာ..နီလာက “အေး.. အဲဒီကျော်ဦး လည်း ဘာလုပ်နေလည်းမသိဘူး၊ သူက မျိုးမင်းလိုလည်း စာမတော်၊ မြဆောင်လိုလည်း ပိုက်ဆံမရှိ၊ ကြည်သာရီလိုလည်း ဘာအရှိန်အ၀ါမှမရှိတော့ သူဘာလုပ်မလည်းမသိဘူး” ဟု ဆိုကာ ကျော်ဦးကိစ္စမှာ သူတို့အတွက် ပဟေဠိတစ်ပုဒ်ဖြစ်ခဲ့လေတော့သည်။
    တနင်္လာနေ့ ကျောင်းရောက်သောအခါ ကောင်းထိုက်တို့ကို သတင်းတစ်ပုဒ်က ဆီးကြိုနေလေ သည်။ ထိုသတင်းက အခြားတော့မဟုတ်။ ကျော်ဦးနှင့် ၎င်း၏အပေါင်းအပါများသည် ကျောင်းနားရှိ ရပ်ကွက်ထဲက လူမိုက်များနှင့် ရန်ဖြစ်ကြသည်ဆိုသည့် သတင်း။ ကျော်ဦးလိုလူမျိုး ရန်ဖြစ်တာ အထူးအဆန်းမဟုတ်ပေမယ့် အခုတစ်ခါက ထူးဆန်းနေသည်။ ကျော်ဦးရန်ဖြစ်သည့်အကြောင်းကို ကျောင်းမှလူတော်တော်များများက ချီးကျူးနေကြသည်။ ဆရာ/ဆရာမများကလည်း ဆူပူကြိမ်းမောင်းနေတာမျိုးမလုပ်ဘဲ ကျော်ဦးတို့အုပ်စုကို ခပ်ဆိုးဆိုး ခပ်ပေပေ ကျောင်းသားများမို့ ခပ်တင်းတင်းခပ်တည်တည်ဖြင့်ဆက်ဆံသောဆရာ/ဆရာမများကပင် “သားတို့” ဟုခေါ်နေတာ ကြားရသည်။ မိန်းကလေးများကလည်း ကျော်ဦးကိုတွေ့လျှင် သူရဲကောင်းတစ်ယောက် ကို အားကိုးသည့်အကြည့်မျိုးဖြင့်ကြည့်ကြသည်။ ကျော်ဦးတို့အုပ်စုကလည်း ခပ်ပြုံးပြုံးမျက်နှာထားများ ဖြင့် ကျောင်းကလူတွေအားလုံးနှင့် အလွမ်းသင့်အောင်ဆက်ဆံနေကြသည်။ ၀င်းမောင်နှင့် ကင်တင်းန် မှာတွေ့တာပင် ”ကိုဝင်းမောင်၊ လက်ဖက်ရည်သောက်ပါဦးလား”ဟု လှမ်းခေါ်သေးသည်ဆို၏။ ကောင်းထိုက်တို့ ခေါင်းစားသွားသည်၊ ဘယ့်နှယ်..ဘယ်လိုဖြစ်တာလဲ။ နောက်တော့ ထုံးစံအတိုင်း “အင်တာနက်” ဟု ၀င်းမောင်တို့အမည်ပြောင်ပေးထားသည့် နီလာ ပြောမှသိရတာက…
    ကောင်းထိုက်တို့ကျောင်းပတ်ဝန်းကျင်တွင် နယ်မှကျောင်းလာတက်သော ကျောင်းသူလေးများ နေသည့်အဆောင်များရှိသည်။ အဆောင်များဟုဆိုရာတွင်လည်း အစိုးရတက္ကသိုလ်ကြီးကဲ့သို့ ကျောင်းအဆောင်များမဟုတ်ဘဲ ကျောင်းပတ်ဝန်းကျင်ရှိ ရပ်ကွက်များမှ အိမ်ခန်းပိုင်ရှင်များက ၎င်းတို့ အိမ်ခန်းလေးများကို ကျောင်းသူများသို့ပြန်ငှားခြင်းဖြစ်သည်။ ပြီးခဲ့သည့် သောကြာညက စာတမ်းပြုစု နေသည့်ကျောင်းသူလေးနှစ်ဦး သူတို့စာတမ်းကိစ္စအတွက် ကျောင်းဆရာမတစ်ဦးအိမ်သို့သွားရာ အိမ်ပြန်နောက်ကျသည်ဟုဆိုသည်။ ထိုအခါ ထိုကျောင်းသူလေးများအပြန်လမ်း လူပြတ်သောနေ ရာတွင် ထိုရပ်ကွက်ထဲရှိလူမိုက်များက ကျောင်းသူလေးများကို အိနြေ္ဒပျက်လောက်အောင် နှောင့် ယှက်သည်၊ ဆွဲလားရမ်းလားလုပ်သည်ဆိုသည်။ ထိုအချိန်တွင် ကျော်ဦးနှင့်သူငယ်ချင်းများက ထို ကျောင်းသူလေးများကို ၀င်ကူညီပြီး ထိုရပ်ကွက်ထဲမှလူမိုက်များကို ထိုးကြိတ်လိုက်ကြရာ ထိုလူမိုက် များ ထွက်ပြေးသွားသည်ဆိုသည်။ ထို့နောက် ညတွင်းချင်းပင် ကျောင်းအုပ်ဆရာကြီးကို အကြောင်းကြားရာ ကျောင်းအုပ်ဆရာကြီးမှ ထိုရပ်ကွက်သည် လူမိုက်ပေါသည်၊ အဆောင်နေ ကျောင်းသူလေးများတွက် မလုံခြုံဟုဆိုကာ ထိုကျော်ဦးတို့သူငယ်ချင်းအုပ်စု အကူအညီဖြင့် ညတွင်းချင်းပင် အခြားရပ်ကွက်တစ်ခုတွင် အိမ်ခန်းငှားပြီး အိမ်ပြောင်းပေး လိုက်ကြသည်ဟုသိရသည်။ သြော်..ဒါကြောင့်ကိုး။
    အခုနောက်ပိုင်းကာလများတွင်တော့ ကျော်ဦးတို့သူငယ်ချင်းအုပ်စုမှာ ကျောင်းထဲတွင် တော်တော်မျက်နှာပွင့်နေကြသည်။ ဟိုလူကလက်ဖက်ရည်သောက်ခေါ်လိုက်၊ ဒီလူက သွားစရာရှိလို့ ခဏလောက်လိုက်ခဲ့ပေးပါလားဟု အဖော်ညှိလိုက်ဖြင့် အဆင်ပြေနေကြသည်။ ဤတွင် ကျော်ဦးတို့က ထပ်မံ၍ အစီအစဉ်အသစ်တစ်ခုကို စ လုပ်သည်။ ပြီးခဲ့သောပြဿနာအတွက် ကျော်ဦးတို့က သက်ဆိုင်ရာသို့အကြောင်းကြားပြီးသွားပြီဟုဆိုသည်။ သူတို့ပြောတာပေါ့လေ။ သက်ဆိုင်ရာကလည်း သူတို့ကို ချီးကျူးသည့်အပြင် သက်ဆိုင်ရာနှင့်ပူးပေါင်း၍ နယ်မြေအေးချမ်းအောင် ဆောင်ရွက် ကြပါဟုလည်း မှာလိုက်သည်ဟုပြောသည်။ ဆိုတော့… ကျော်ဦးက ပိုဂွင်တည့်သွားသည်။ ကျောင်းပတ်ဝန်းကျင်ရှိ လူမိုက်များက ပြီးခဲ့သောပြဿနာကြောင့် မိမိတို့ကျောင်းကို အမြင်မကြည် တော့ကြောင်း၊ အထူးသဖြင့် မိမိတို့ကျောင်းသူလေးများကို ပို၍ ဂရုစိုက်စောင့်ရှောက် ရမည်ဖြစ်ကြောင်း၊ ကျောင်းသူလေးများအနေဖြင့်လည်း အဖေါ်မပါဘဲ တစ်ယောက်တည်း၊ နှစ်ယောက်တည်း အပြင်သို့ မထွက်သင့်ကြောင်း အစရှိသည်ဖြင့် သူတို့၏အစီအစဉ်တွေကိုချပြသည်။
    အပိုင်း – ၁ ပြီး၏။ ။
  • Rakhine: သံတွဲမြို့မှ မွတ်စလင်များကို အကြမ်းဖက်မှုသတင်း (Update)
    အောက်တိုဘာ၊ ၁ ၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    1376987_585152214863789_848185923_n
    သံတွဲမြို့ ကျောက်ကြီး ဗလီ မီးရှို့ခံရ (စက်တင်ဘာ၊ ၃၀၊ည ၁၁း၀၀)
    သံတွဲမြို့ ကျောက်ကြီးဗလီကိုလည်း ည ၁၁း၀၀ နာရီခန့်က မီးရှို့နေတယ်လို့ သိရပါတယ်။
    (ည ၁၁း၄၅)
    စက်တင်ဘာ ၃၀ ရက် ည ၁၁း၄၅-နာရီမှာ လင်းသီရွာမှ ဦးသိန်းအောင်ပိုင်သည့် မန်ကျည်းချောင်ရွာ လယ်တောအတွင်းရှိ လယ်တဲအား မီးရှို့ခံလိုက်ရပါသည်။
    အောက်တိုဘာ ၁ (ည ၁၂:၃၀)
    ဦးသိန်းအောင်၏ခြံအား ၀င်ရောက် ဖျက်ဆီးစဉ် သူ၏ သားဖြစ်သူ ကိုသိန်းဇော်ဝင်း ၂၅-နှစ် အား ၀ိုင်းဝန်းရိုက်နှက်ကြ၍ ကိုသိန်းဇော်ဝင်းမှ ထွက်ပြေးစဉ် အကြမ်းဖက်သမားများက ဂျင်ဂလိဖြင့် ပစ်ခတ်မှုကြောင့် ဦးခေါင်းတွင် ဂျင်ဂလိထိမှန်ပြီး သွေးထွက်လွန်နေကြောင်းနှင့် သူ့အား ရွှေလှေတိုက်နယ်ဆေးရုံကို ခေါ်သွားရန် လုပ်ဆောင်နေသော်လည်း ရဲများမှ စစ်ဆေးမေးမြန်းနေသည့်အတွက် သွေးလွန်ပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ် အခြေအနေဖြစ်နေကြောင်း သတင်းရရှိပါတယ်။
    အောက်တိုဘာ ၁၊ ၂၀၁၃ (မနက် ၅း၀၀-နာရီ)
    ရခိုင်ပြည်နယ် သံတွဲမြို့ ရွှေလှေကျေးရွာ သဗြုချိုင်တွင် အကြမ်းဖက်သမားများမှ မီးရှို့ရန် ယနေ့ နံနက်၃း၎နာရီခန့်ကလာရောက်ဝိုင်းကြစဉ် ဒေသခံ ကျေးရွာသားများမှ ပြန်လည်ခုခံသည့်အတွက် ယနေ့နံနက် ၄း၃၀-နာရီခန့်မှ စတင်ကာ ဒေသခံများနှင့် မီးရှို့ရန်လာရောက်သူ အကြမ်းဖက်သမားများ အပြန်အလှန် ဓါးနှင့်ခုတ်နေကြ သည်ဟု သိရသည်။
    စစ်တပ်အား ကျေးရွာမှ ဖြစ်ဖြစ်ချင်း အကြောင်းကြားသော်လည်း ယခု မနက် ၅း၀၀-နာရီမှသာ စစ်တပ်ရောက်ရှိလာပြီး နောက်ဆက်တွဲ ဖြေရှင်းမှူများကိုမူ သိရှိနိုင်ရန်အတွက် ထပ်မံ ဆက်သွယ်၍ တင်ပြရန် ကြိုးစားနေပါသည်။
    သဗြုချိုင်နောက်ဆက်တွဲသတင်း ( အောက်တိုဘာ၊ ၁ ၁၀း၂၀-နာရီ)
    ယနေ့ မနက်စောပိုင်းက သံတွဲမြို့ သဗြုချိုင်ရွာကို ၀င်ရောက်လာတဲ့ အကြမ်းဖက်သမားများဟာ ထွက်ပြေးသွားပြီးနောက် တဖန်ပြန်လည်၍ အင်အားထပ်ဖြည့်ကာ အလုံးအရင်းနဲ့ သဗြုချိုင်ရွာကို ပြန်လည် ၀င်ရောက် ဖျက်ဆီးမှုများ လုပ်နေပါတယ်။
    သဗြုချိုင်ရွာသားများလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့အတွက် ရွာထဲမှာ ကစဥ့်ကလျားဖြစ်နေပါတယ်။ မည်သူကမှ ၀င်ရောက်ထိန်းသိမ်းမှုမရှိတဲ့ အတွက်လည်း အခြေအနေပိုဆိုးနေပါတယ်။
    သဗြုချိုင်ရွာမှာ အမျိုးသမီးနဲ့ ကလေးက ရောက်ရှိပိတ်မိနေတဲ့ သံတွဲမြို့ခံတစ်ဦးကတော့ “သံတွဲမှာ အကြမ်းဖက်မှုတွေဖြစ်တော့မယ် ဆိုတာနဲ့ ကျွန်တော့် ဇနီးနဲ့ ကလေးက သဗြုချိုင်ကို သွားနေလိုက်တာ။ ဒီမနက်ကတည်းက တောက်လျှောက် ကျွန်တော့်ဇနီးနဲ့ ဖုန်းပြောနေတာ။ အခုတော့ တစ်ရွာလုံး အုတ်အော်သောင်းနင်းပြေးနေတယ်။ ကျွန်တော့်ဇနီးနဲ့ ကလေးလည်း တောထဲကို ထွက်ပြေးနေပါတယ်”လို့ M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။
    အကြမ်းဖက်ခံ သံတွဲမြို့ သဗြုချိုင်အခြေအနေ (အောက်တိုဘာ၊ ၁ ၊ ၁၁း၀၅-နာရီ)
    သဗြုချိုင် တောင်ပေါ်က အိမ် ၈-လုံးကို အကြမ်းဖက်သမားတွေက မီးရှို့လိုက်ပါတယ်။
    အကြမ်းဖက်ခံရသူတွေလည်း အားလုံးထွက်ပြေးနေတာကြောင့် အကြမ်းဖက်သမား လူအင်အား ဘယ်လောက်ဆိုတာ ခန့်မှန်းလို့မရပေမယ့် မနက်ကထက်တော့ လူပိုများတယ်လို့ သိရပါတယ်။
    တောင်ပေါ်နေထိုင်သူတွေ တောင်ပေါ်မှာနေရန် မလုံခြုံတော့တာကြောင့် တောင်အောက်သို့ ထွက်ပြေးကြရာ အကြမ်းဖက်သမားတွေလည်း တောင်အောက်ကို ဆင်းလာနေကြပြီလို့ သတင်းရရှိပါတယ်။
    အကြမ်းဖက်သမားများ သံတွဲမြို့ ပေါက်တောကို မီးစရှို့နေ (အောက်တိုဘာ၊ ၁ ၊၁၁း၃၀-နာရီ)
    ယနေ့ အောက်တိုဘာ ၁ ရက် ၁၁း၃၀ မှာ ပေါက်တော ကို အကြမ်းဖက်သမားများ မီးစတင်ရှို့နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
    မွတ်စလင်မ်ရွာတွေဖြစ်တဲ့ လင်းသီ၊ ပေါက်တော၊ မြင်းစိုင်းမော်၊ ပျဉ်ရောင်းနဲ့ သဗြုချိုင်ရွာတွေဟာ ဗုဒ္ဓဘာသာရွာပေါင်း (၅၁)ရွာရဲ့ ပတ်လည်ဝိုင်းရံထားတဲ့အနေအထားပါ။
    အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားလာနေတဲ့အတွက် အဆိုပါမွတ်စလင်မ်ရွာ (၅) ရွာက လူတွေရဲ့ အသက်အန္တရာယ် အလွန်စိုးရိမ်ရတဲ့အနေထားဖြစ်ကြောင်း သံတွဲမြို့ခံက M-Media ကို ပြောလာပါတယ်။
  • အပြောင်းအလဲများ၊ အသုံးချခံများနှင့် ခေတ်သစ်လူမှုရေးဝါဒီများ
    အပြောင်းအလဲများ၊ အသုံးချခံများနှင့် ခေတ်သစ်လူမှုရေးဝါဒီများ
    သြဂုတ်လ-၂၁ ရက်၊ ၂၀၁၃
    M-Media
    တစ်ချိန်တုန်းက ပျော်ရွှင်စရာလေးများ
    ရေဇလာမြသားပြင်ရှိ လှိုင်းကြက်ခွပ်လေးများအပေါ်သို့ နံနက်ခင်းနေခြည်ဖြာနု ကျရောက် လာသောအခါ ထိုလှိုင်းကြက်ခွပ် ကလေးများမှ ပြန်လာသော အလင်းရောင်သည် မြစ်ပြင် တစ်ခုလုံးတွင် စိန်ကြယ်ပွင့်များ တလက်လက်တောက်ပနေသည့်အလား ၀န်းကျင်အလှ ပန်းချီကား တစ်ချပ်ကို ဆေးချယ်နေ သည့်နှယ်ရှိသည်။ စာရေးသူတို့ သူငယ်ချင်းတစ်စုသည် တက်သစ်စ တက္ကသီလာ ကျောင်းတော်သားများ ပီပီ ဖယ်ရီကားပေါ်တွင် အတွေးကိုယ်စီဖြင့် ပီတိတွေဖြာနေကြသည်။ ဒီတက္ကသိုလ်ကြီးရောက်အောင် မိတ္တူဆိုင်တွေမှာ ဘယ်လိုကူးခဲ့ရတာတွေလည်းပါသည်။ သြော်… ၁၀ တန်းကျောင်းသား ဘ၀တုန်းက သင်ခန်းစာတွေ လိုက်မမီတော့ ကျောင်းတက်မှန်တဲ့ သူငယ်ချင်းများရဲ့ အငြိုငြင်ခံပြီး သူတို့စာအုပ်ထဲက သင်ခန်းစာတွေကို မိတ္တူ ပြန်ကူးရတာတွေကိုပြောတာပါ။ စာရေးသူလည်း တစ်ကိုယ်တည်း အတွေးတွေဖြာရင်း ရန်ကုန်-သန်လျင်တံတားကြီးကို ဖယ်ရီကားဖြတ်သန်းမောင်းနှင်သောအခါ ကားပြတင်းမှ တိုးဝင် တိုက်ခတ်လာသည့်လေတိုက်ခံပြီး ဇိမ်တွေ့နေစဉ်… “အရုဏ်မွေးဖွားစဉ် မိုးကောင်းကင် မိုးအသစ်အောက်မှာကွယ် .. ကမ္ဘာမြေပြင်ဟာနိုးထခဲ့ပြီကွယ်…” ဟူသော ပတ်ဝန်းကျင်နှင့်လိုက်ဖက်သည့် သီချင်းသံ ဖယ်ရီကားနောက်ဖက်ဆီမှ ပျံ့လွင့်လာသည်။ ကိုညီထွဋ်(ဇော်ဝင်းထွဋ်) အသံလို အက်ကွဲကွဲရှတတတော့ မဟုတ်၊ အသံပြဲကြီးနှင့်ဖြစ်သည်။ အဆိုရှင်ကို သူငယ်ချင်းတစ်ယောက်က လှမ်းနောက်သည်။
    “ဟေ့ကောင်၊ ကျော်သန်း ၊ မင်းအသံပြဲကြီးနဲ့ နင်းကန်အော်မနေနဲ့၊ ဒီမှာ အာရုံပျက်တယ်”
    အခြားသူငယ်ချင်းများကလည်း တစ်ယောက်တစ်ပေါက်နှင့်…
    “အေးလေ၊ မင်းအသံကို ကိုညီထွဋ် ကြားရင် ရင်ကွဲနာကျပြီးသေမယ်။ ”
    ကျောင်းသားလူငယ်တို့၏ထုံးစံအတိုင်း ပွဲကျ သွားကြသည်။ သီချင်းဆိုသည့် ကျော်သန်း ပါးစပ်ပိတ်သွားသည်။ ဤသို့နှင့်ပင် စာရေးသူတို့ကျောင်းရောက်ခဲ့သည်။
    “တက္ကသိုလ်..တက္ကသိုလ်၊ တစ်ကြိမ်တစ်ရက်ခွဲရခက်သလို၊ အိပ်မက်ထဲကတက္ကသိုလ်” ဟူသည့် အတိုင်း အမိတက္ကသိုလ်ကြီးကား လွမ်းမောဖွယ်ကောင်းလှသည်။ အင်းလျားကန်၊ ခုံပြာတန်းနှင့် ကံ့ကော်ပင် တန်းတို့မရှိလင့်ကစား တက္ကသိုလ်သည် တက္ကသိုလ်သာဖြစ်သည်။ နံနက်ခင်းနေခြည်နုနုအောက်တွင် ကျောင်းသူ/ကျောင်းသားလူငယ်လေးများအား တက်ကြွပြုံးရွှင်စွာဖြင့် မြင်တွေ့နေရသည်။ ရောင်စုံပန်းများ ပွင့်လန်းစွာဖူးပွင့်နေသည့် ပန်းခင်းကြီးထဲတွင် အရောင်အသွေး စုံလင်လှသော လိပ်ပြာလေးများ ဟိုသည်ပျံဝဲ နေသည့် အလား အမိတက္ကသိုလ် ရင်ခွင်တွင် ပညာနို့ချို သောက်စို့နေကြသည့် လူငယ်များ..။ အလွှာစုံ၊ လူမျိုးစုံ၊ ဘာသာစုံ ၊ အမုန်းတရားမရှိ၊ အာဃာတ အငြှိုးအတေးမရှိ၊ မောင်ရင်းနှမများ သဖွယ်၊ စလိုက်၊ နောက်လိုက်ကြ၊ တက္ကသိုလ်ကျောင်းသား ဘ၀ ပျော်စရာအတိပင်။
    စာရေးသူတို့အဖွဲ့လည်း ကျောင်းတက်သာ မမှန်ချင်နေမည်။ ကင်တင်းန် ထိုင်ချိန်ကြတော့ တိကျသည်။ အခုလည်း ကင်တင်းန်မှာ လူစုံပြီ။ ထုံးစံအတိုင်း စားကြ သောက်ကြ၊ စကြ နောက်ကြနှင့်။
    ထိုအချိန်တွင် လက်ဖက်ရည်ဝိုင်းထဲမှ စာရေးသူ၏ ထူးခြားချက်တစ်ခုကို စာရေးသူ၏သူငယ်ချင်း သုံးခွ သားက စတင်သတိပြုမိပြီး မေးခွန်းတစ်ခုမေးသည်။
    “ဟေ့ကောင်…သန့်ဇင်၊ မင်းဘာဖြစ်နေတာလဲ၊ ဒီနေ့မင်း စားဖို့သောက်ဖို့ ဘာမှမမှာဘူးလား”
    သီတာက လှမ်းနောက်သည်။
    “သူ  အာဟာရ သိဒ္ဓိပြီးနေတာထင်တယ်”။
    ကျော်သန်းတို့ပါးစပ်က ဒါမျိုးကျပြန်တော့လည်း အငြိမ်မနေ…
    “ဟာ..သီတာ၊ နင်ကလည်း ၊ အာဟာရသိဒ္ဓိပြီးတယ်ဆိုတာ သူတော်စင်တွေ ဘာတွေမှဖြစ်တာဟ၊ ဒီ သန့်ဇင်အေးလိုကောင်က ဘယ်လိုမှ သူတော်စင်မဖြစ်နိုင်ဘူး၊ နင်ကလည်း တန်ရာတန်ရာ နှိုင်းစမ်းပါ၊ ဖြစ်မယ့် ဖြစ် အဲဒီကောင် သူတော်စင်တော့ မဖြစ်နိုင်ဘူး၊ အပမှီ(သရဲပူး)လာတာပဲဖြစ်မယ်”
    သီတာကပြန်ပြောသည်..။
    “ဟဲ့…အပမှီရင်  အစားပိုစားတာ မဟုတ်လားဟဲ့။”
    စာရေးသူကဘာမှပြန်မပြောဘဲနေတာကြာလာတော့ သုံးခွသား စိတ်မရှည်တော့။
    “ဟေ့ကောင်…သန့်ဇင်၊ မင်းဘာဖြစ်နေတာလည်း၊ နေမကောင်းဘူးလား၊ ကျော်သူကို အကြောင်းကြား ပေးရမလား၊ ဒီကောင်ဘာဖြစ်နေမှန်းကိုမသိဘူး”။
    ထိုအခါ စာရေးသူက မပြောလို့မဖြစ်တော့ ရှင်းပြရသည်။
    “ငါတို့ မွတ်စလင်မ်တွေ ဥပုသ်လ ဒီနေ့ စပြီကွ၊ အဲဒါ ငါ ဥပုသ်စောင့်ထားလို့ ဘာမှစားသောက်လို့ မရဘူး”…။ ဟုပြန်ဖြေပြီး ဘာသာခြား သူငယ်ချင်းများ၏ တုံ့ပြန်မှုကို စောင့်ကြည့်သည်။ ထိုအခါ အင်မတန်မှ အစအနောက်သန်ကြသော စာရေးသူ သူငယ်ချင်းများက စာရေးသူအား..
    “မင်းကွာ..အစောကြီးကတည်းက ပြောရောပေါ့၊ ငါတို့က မင်းဘာစတိုင် အသစ်ထွင်ပြန်ပြီလဲလို့ ထင်ပြီး မင်းကိုဝိုင်း ကောနေတာ၊ ဒီလိုမှန်းသိရင် ငါတို့မကောပါဘူး၊ အစောကြီးကတည်းက မင်းမပြောတော့ မင်းကို ငါတို့ ၀ိုင်း ကောတာခံရတာ နည်းတောင်နည်းသေးတယ်၊ ဘာသာရေးအရ ဥပုသ်စောင့်ရတာဆိုရင် ငါတို့ မင်းကိုဘယ်နောက်ပါ့မလဲ”။ ဒီလိုမျိုးကြပြန်တော့လည်း ဒီငလောင်တွေက ချစ်ဖို့ကောင်းသည်။…။
    ဤသည်မှာ စာရေးသူ တက္ကသိုလ်ကျောင်းသား ဘ၀က ကြုံတွေ့ခဲ့ရသော ချစ်စရာကောင်းသည့် ဘာသာခြား သူငယ်ချင်းများနှင့် ဆက်ဆံရေးဖြစ်သည်။ အခြားသူများလည်း မိမိတို့ရှင်သန်ရာ ပတ်ဝန်းကျင်တွင် ဤသို့ သော ချစ်စရာကောင်းသည့် ဓလေ့လေးများကို ကြုံဖူးကြမည်ထင်ပါသည်။ ထိုစဉ်အခါက စာရေးသူတို့မှာ Interfaith (ဘာသာပေါင်းစုံ အပြန်အလှန် နားလည်မှုရှိပြီး ရင်းနှီးချစ်ကြည်ရေး) ဆိုသည်ကို ဘာမှန်းပင်မသိခဲ့ ပါ။ နောက်ပိုင်းမှ စာရေးသူ၏ သူငယ်ချင်း မန္တလေးသား ကိုနိုင်အောင်မင်းကျေးဇူးဖြင့် Interfaith စကားဝိုင်း များသို့ စာရေးသူ တက်ရောက်ပါဝင်ခဲ့သည်။ ထိုအခါတွင်လည်း စာရေးသူပြောသည့် စကားတစ်ခွန်းမှာ “Interfaith ဆိုသည် မှာ မြန်မာများနှင့် အစိမ်းသက်သက်မဟုတ်၊ နဂိုကတည်းက Interfaith သဘောထားများ ရှိကြပြီးဖြစ်သည်။” အမှန်ပါ…။ ကျွန်တော်တို့တိုင်းပြည်တွင် ဤကဲ့သို့သော ချစ်စရာကောင်းသည့် ဓလေ့များ ရှိခဲ့ပါသည်။ ဆက်လက်လည်း ရှိစေချင်ပါသည်။ ဒီလိုဓလေ့မျိုးလေးတွေကို နောက်မျိုးဆက်များအထိ အဓွန့်ရှည်စေချင်ပါသည်။ ဤသည်ကား စာရေးသူ၏ ရင်တွင်းစကား အမှန်ပါ။
    အကြောင်းမသင့်လို့ အတွေးအခေါ် မှိုင်းတိုက်ခံရသည့် အခါတွင်လည်း  ထို ကောင်းမြတ်ဖြူစင်လှသည့် သဘောထားများ ပျောက်သွားခြင်း မဟုတ်၊ အရောင်မှိန်သွားခြင်းဖြစ်သည်။ လူအချို့သာ ဖြစ်ပါသည်။
    လူမျိုး/ဘာသာရေး မုန်းတီးမှုများကို ခြေရာခံကြည့်ခြင်း
    ယေဘုယျအားဖြင့် စာရေးသူ သုံးသပ်မိသလောက်ပြောရရင်တော့ မုန်းတီးမှုများမှာ (၂)မျိုးရှိသည်။ ရိုးသားစွာဖြင့် အထင်လွဲပြီး မုန်းနေသူများရှိသလို ရည်ရွယ်ချက်ရှိရှိဖြင့် အမုန်းတရားများ ပွားများနေသူများ လည်းရှိသည်။ အများအားဖြင့်တော့ မည်သည့် ဘာသာမဆို ဘာသာတရား ယုံကြည်ချက်ရှိသူများသည် မာယာ များလှသော နိုင်ငံရေး လှည့်ကွက်များအတွင်းသို့ ရိုးသားစွာ ကျရောက်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ကျရောက်ခဲ့ရ ခြင်းကို ဖြစ်ပေါ်လာအောင် ကျောထောက်နောက်ခံပြုထားသော ၀န်းကျင်နောက်ခံ အနေအထားများလည်း ရှိသည်။ ဥပမာ.. အမုန်းတရားများ ပွားများစေရန် လှုံ့ဆော်ခြင်းမျိုးများ ရိုးသားသူများကြားတွင် တွင်ကျယ် လာခြင်း၊ နဂိုကတည်းက စီးပွားရေး အဆင်မပြေသဖြင့် ထွက်ပေါက်ရှာရာမှ တလွဲထွက်ပေါက် ရှာမိခြင်းများ၊ ၀ံသာနု တရားခေါင်းစဉ်တပ်ပြီး နိုင်ငံရေးနှင့် မီဒီယာလောကထဲသို့ ၀င်ရောက်လာသော နိုင်ငံရေး“ကျား” ကြီးများ၏  အကွက်ရွှေ့မှုများ၊ လူမျိုးတစ်မျိုး/ဘာသာ တစ်ဘာသာ၏ ၀တ်စားနေထိုင်ပုံများကို လူအများစုက နှစ်မြို့မှု အားနည်းလာခြင်း… စသည်စသည်ဖြင့်။ အခြားတစ်ဖက်တွင်လည်း စာရေးသူတို့အပေါ် ပတ်ဝန်းကျင်မှ မည်သို့ ထင်ကြေးပေးဝေဖန်နေကြသည်ကိုလည်း သိရန်လိုပါသည်။ မီဒီယာများတွင် အစ္စလာမ်နှင့် ပတ်သက်ပြီး ရေးသားမှုအများအပြားရှိလာရာ အငြင်းပွားစောဒက တက်စရာများ၊ စွပ်စွဲ ပုတ်ခတ်ဝေဖန်မှုများရှိသလို အချို့သော စာရေးဆရာများ၏ နှပ်ကြောင်းပေးရေးသားလာမှုများ ကိုလည်း တွေ့နေရပါသည်။ စွပ်စွဲပုတ်ခတ် လာမှုများ၊ ဝေဖန်မှုများကိုလည်း သက်ဆိုင်ရာ ဘာသာရေး ပညာရှင်များမှ မီဒီယာရှင်းလင်းပွဲများမှသော် လည်း ကောင်း၊ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ မီဒီယာများမှတဆင့် ပြန်လည်ရှင်းလင်းဖြေကြားမှု များကိုလည်း တွေ့မြင်ကြားသိနေရပါသည်။ ငြိမ်းချမ်းရေးရရှိဖို့အတွက် အပြုသဘောဆောင်သည့် ဆွေးနွေး မှုများ၊ ရှင်းလင်းတင်ပြမှုများအား ငြိမ်းချမ်းစွာပြုလုပ်ဖို့လိုသလို အခြားတစ်ဖက်မှ အသံများကိုလည်း နားစွင့် ကြည့်ကြရမည်သာဖြစ်ပါသည်။ စွပ်စွဲဝေဖန်ပုတ်ခတ်ခြင်းမျိုးမဟုတ်ဘဲ  ငြိမ်းချမ်းရေးပြန်လည် ရရှိ စေနိုင်မည့်အကြောင်းအရာများကို နှပ်ကြောင်းပေးရေးသားမှုများလည်းရှိပါသည်။ အကျဉ်းမျှပြန်လည်မျှဝေ တင်ပြရသော်…
    ပဉ္စသိင်္ခနတ်သား စောင်းတီးသည့်ဥပမာ…
    အရှင် ၀ိစိတ္တာလင်္ကာရ (ရွှေစုန်းချောင်းဆရာတော်)၏ “မြတ်ဗုဒ္ဓ နှင့် အလ္လာဟ်ကို ပုန်ကန်ကြသူများ” ခေါင်းစဉ်ဖြင့် မိန့်ကြားရေးသားတော်မူချက်များကို Essential , Volume (1), No.(41) တွင် ဖော်ပြရာ၌လည်း…
            “ဘာသာရေးပဋိပက္ခ”ဟူ၍ဖြစ်၏။ အမှန်တော့ ဘာသာတရားတိုင်းသည် သန့်စင်မွန်မြတ်ကြသည် သာ ဖြစ်သည်။ ညစ်ပတ်စုတ်ပဲ့ကြသည်မှာ ဘာသာတရားမဟုတ်၊ ထိုဘာသာကို ကိုးကွယ်ပါသည်ဟု ကြွေးကြော်ပြီး ထိုဘာသာတရား၏အဆုံးအမကို မလိုက်နာဘဲ င့ါလှေငါထိုး ပဲခူးရောက်ရောက် ပြုကျင့်သူများသာဖြစ်သည်။…”  “အစ္စလာမ်သည် အစ္စလာမ် ဘာသာဝင်ကိုမှသာ ကူညီကောင်းသည်မဟုတ်၊ အခြားသော ဘာသာဝင်များ ကိုလည်း လှူဒါန်းကောင်း၊ ကူညီကောင်းသည်သာဖြစ်၏။ ကုရ်အာန်ကျမ်းကို တကယ် တတ်သိသူများနှင့် ဆွေးနွေးပြီးမှ သည်အချက်ကို ကျွန်ုပ်ထည့်ရေးခြင်းဖြစ်သည်။ စာမျက်နှာပေါင်း (၃၀၈၈)မျက်နှာရှိသော ကုရ်အာန်ကျမ်းကို ကျွန်ုပ်လေ့လာပြီးဖြစ်သည်။ အစ္စလာမ်ဘာသာသည် ကုရ်အာန် ကျမ်းတော်မြတ်၏ သွန်သင် ဆုံးမချက်အရ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ကိုမှ မတရား စော်ကားပိုင်ခွင့်မရှိ။” … “အလ္လာဟ် အရှင်မြတ်သည် မနုဿလူသားတို့ကို တစ်ခါတစ်ရံ ဒုက္ခပေး၍ စမ်းသပ်တော်မူ၏။ တစ်ခါတစ်ရံ ချမ်းသာပေး၍ စမ်းသပ်တော်မူ၏။” (၂၁း၃၅) … “ဗုဒ္ဓဘာသာ၌ ခန္တီပါရမီ ခန္တီမင်္ဂလာ စသည်ဖြင့် ဟောတော်မူသကဲ့သို့ ကုရ်အာန်ကျမ်း၌ ခန္တီတရားကို အထူးတလည်ထိန်းသိမ်းစောင့်ရှောက်ရမည့်အကြောင်းအရာ အများ အပြားတွေ့ရ၏။”… ဟူ၍လည်းကောင်း…
    သွေးသစ်ဂျာနယ်၊ 10 April 2013 ၊ အမှတ်-၁၂ ၊ ဗုဒ္ဓဟူးနေ့ထုတ်မှာ ဆရာသရ၀ဏ်(ပြည်)ကလည်း အချက်တစ်ခုအနေနဲ့…
    “…မျက်စိဆံပင်မွှေးစူးရာမှ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်လာနိုင်ပေသည်။ ဤသည်မှာလည်း ရေရှည်တွင် ပဋိပက္ခဖြစ်လာနိုင်စေသော အကြောင်းတရားများအနက် တစ်ချက်ဖြစ်ပေသည်။… ဟူ၍ လည်းကောင်း။
            သွေးသစ်ဂျာနယ်၊ ပြည်သူ့ရေးရာကဏ္ဍတွင်လည်း ကလောင်ရှင် ဘုန်းညွန့်လှိုင်က…
    “အချုပ်အားဖြင့် မြန်မာနိုင်ငံသားလားလို့မေးရင် “ဟုတ်ကဲ့၊ ကျွန်တော် မြန်မာနိုင်ငံသားပါလို့” ရဲရဲဝင့်ဝင့် ပြောနိုင်တဲ့အထိ မြန်မာစိတ်ကလေးကိုမွေးမြူလျှက် ရန်ငြှိုးတွေကိုဖယ်ရှားပြီး ကုရ်အာန်ကျမ်းပါကဏ္ဍတွေ အတိုင်း လိုက်နာကျင့်ကြံရင်း မိမိသာသနာအတွက် အကျိုးရှိသူတွေဖြစ်အောင် ပြုလုပ်ကြပါလို့ ရိုးသားစွာ တိုက်တွန်းရေးသားလိုက်ရပါတယ်။ … ဟူ၍လည်းကောင်း။
            မွန်းတည့်နေဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၃၂)၊ သောကြာ ၊ ၂ ၊ သြဂုတ် ၊ ၂၀၁၃ နေ့ထုတ် ကလောင်ရှင် နေမင်းခန့်၏ဆောင်းပါးတွင်လည်း…
    “…ပဋိပက္ခနှင့် အကြမ်းဖက်မှုများဖြစ်ထွန်းခြင်း၏ အရင်းခံစေ့ဆော်စိတ်ဖြစ်သည့် ယဉ်ကျေးမှု အမြင်မကြည်လင်မှုကို ဥပေက္ခာပြုပြီး ပြဿနာချုပ်ငြိမ်းရေး အဖြေရှာမည်ဆိုပါက ရောဂါဇာစ်မြစ် အမြစ်ပြတ် စေရန် လုံလောက်သည့်ဆေးဝါး ဖြစ်လာနိုင်တော့မည်မဟုတ်ပါ။…”
    “…ထိုသို့ ယဉ်ကျေးမှုအမြင် မကြည်လင်ခြင်းက နိုင်ငံရေးအရ အိုးစားဖက်အဖြစ်လက်တွဲနေရချိန်၊ နိုင်ငံရေးလိုအပ်ချက်ရှိနေချိန်တွင် ထင်ရှားမှုမရှိသော်လည်း နိုင်ငံရေး တည်ငြိမ်မှုရှိလာချိန်တွင်မူ အက်ကြောင်း တစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ … အမျိုးသားရေးဝါဒီများ ခေါင်းထောင်လာခြင်း၊ ဘာသာရေး ကာကွယ်မှု အစွန်းရောက်တရားများ၏ နောက်ဆက်တွဲများ၊ နောက်ကြောင်းပြန်လှည့်လိုသူတို့၏ ပဋိပက္ခ အခင်းအကျင်းတို့ သပ်လျှိုမှုများ ခပ်ကြမ်းကြမ်းခံလိုက်ရသည့်အခါ အကြမ်းဖက်စေ့ဆော်စိတ်များအဖြစ် အသွင် ပြောင်းလဲလာခဲ့ခြင်းဖြစ်ပါသည်။”
    အထက်ဖော်ပြပါ ရေးသားချက်များသည် စာရေးသူလက်လှမ်းမီသမျှလေ့လာမီသော ဂျာနယ်များမှ နှပ်ကြောင်းပေးရေးသားချက်များဖြစ်ပါသည်။ စာရေးသူတို့အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေလိုပါ။ ထို့ကြောင့် အကြံပေးလိုသည်မှာ စောင်းတီးရာတွင် စောင်းကြိုးများလျော့လွန်းလျှင်လည်း အသံမထွက်သကဲ့သို့ စောင်းကြိုးများ တင်းလွန်းလျှင် လည်း နားထောင်ကောင်းသည့်အသံမထွက်ပါ။ ထိုအခါ လျော့လွန်းသည်လည်းမဟုတ်၊ တင်းလွန်းသည်လည်း မဟုတ်ဘဲ “ပဉ္စသိင်္ခနတ်သား စောင်းတီးသည့်ဥပမာ”ကဲ့သို့ပင် မိမိယုံကြည်ချက်ကို ဆံခြည်တစ်မျှင်စာမျှပင် အတိမ်းအစောင်းခံစရာမလိုသော်လည်း အခြေအနေနှင့် အချိန်အခါကိုလိုက်၍ သင့်တင့်လျောက်ပတ်သည့် လူမှုဆက်ဆံရေးနည်းဗျူဟာများဖြင့် အနာဂတ်တွင် ရေရှည်ငြိမ်းချမ်းရေးရဖို့အတွက် စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်သင့်ပါသည်ဟု အကြံပြုလိုပါသည်။
    အပြောင်းအလဲနှင့် အသုံးချခံများ
            မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလအစတွင် စာရေးသူတို့အစ္စလာမ်ဘာသာဝင်များသည် ပွဲဦးထွက် မရှုမလှကြီး ခံလိုက်ကြရသလိုပင် အခြားတစ်ဖက်တွင်လည်း ဘာသာရေးပဋိပက္ခများနှင့်အပြိုင် ကြီးမားသောအရေးအခင်းများ  ပေါ်ပေါက်လာသည်။ ဥပမာ… လက်ပံတောင်းတောင်ကိစ္စ၊ ရန်ကုန်မြို့ရှိ မိကျောင်းကန် လူနေရပ်ကွက်ကိစ္စများ… အစရှိသည်ဖြင့် ပြဿနာများပေါ်ပေါက်လာသည်။ ဤကိစ္စများနှင့် ပတ်သက်၍…
            သြဂုတ်လ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင်…
            “…ပြီးခဲ့သည့် ကာလများက ရန်ကုန်မြို့ မိကျောင်းကန်အပိုင်း(၁)(၂)(၃)တွင်လည်း မိုးရေထဲတွင် နေအိမ်များမှထွက်ခွာရန် အင်အားသုံးဖယ်ရှားမှုများပြုလုပ်ခဲ့သောကြောင့် အဆိုပါနေရာတွင် နေထိုင်သူများ လမ်းဘေးတွင် တဲထိုးနေခဲ့ရသော အခြေအနေမျိုး ပေါ်ပေါက်ခဲ့ဖူးသည်။ ဧရာဝတီတိုင်း ရှားခဲအင်း ဒေသတွင်လည်း အင်းကိစ္စနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ ပဋိပက္ခ ဖြစ်ပွား၍ သွေးထွက်သံယိုမှုများ ဖြစ်ခဲ့ရသည်။ လက်ပံတောင်း သပိတ်စခန်းကို ဖော့စရပ်ပါသော ဗုံးများဖြင့် အင်အားသုံး ဖြိုခွင်းမှုမျိုးလည်း ရှိခဲ့သည်။ထိုစဉ်က သံဃာတော်များ၏ ထိခိုက်ဒဏ်ရာ ရရှိမှုများက နိုင်ငံတကာတွင် အစိုးရ၏ ပုံရိပ်ကို ထိခိုက်စေရုံ သာမက သမိုင်းဒဏ်ရာ တစ်ရပ်အဖြစ်လည်း ကျန်ရစ်ခဲ့သည်။…”ဟု ဖော်ပြပါရှိပါသည်။ ဤကဲ့သို့သော မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ကာလတွင်ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ၊ အရေးအခင်းများတွင် အသုံးချခံ “scapegoat” ဖြစ်ခဲ့ရသူများတွင် ဘာသာစုံ၊ လူမျိုးစုံပါဝင်နေသည်ကိုတွေ့နေရပါသည်။ “အသုံးချခံ” များကလည်း မိမိတို့အခြေအနေမှန်ကို အရှိအတိုင်း သိမြင်ဖို့လိုအပ်လိမ့်မည်။ ထိုသို့မဟုတ်ဘဲ စာရေးသူ အထက်တွင်ဖော်ပြသကဲ့သို့ ဘာသာရေး/လူမျိုးရေးမှိုင်းတိုက်မှုများကြောင့်ဖြစ်စေ၊ အခြားအကြောင်းအရာ များကြောင့်ဖြစ်စေ “အသုံးချခံ”ဖြစ်နေရသူများ အချင်းချင်းကြားတွင်လည်း ထပ်မံ၍ ပဋိပက္ခများဖြစ်ပေါ် လာဦးမည်ဆိုပါက တစ်ချိန်တုန်းက အင်္ဂလိပ်အစိုးရက မြန်မာပြည်ဖွား တိုင်းရင်းသားများ အချင်းချင်း စိတ်ဝမ်း ကွဲပြားမှုများဖြစ်ပေါ်အောင် ဖန်တီးကာ လွတ်လပ်ရေးပေးရန် အချိန်ဆွဲခဲ့သဖြင့် “ကျွန်သက်ရှည်”ခဲ့ရသည့်အဖြစ် ကို သင်ခန်းစာယူသင့်ပါသည်ဟုလည်း အကြံပြုချင်ပါသေးသည်။
    ခေတ်သစ်လူမှုရေးဝါဒီများ
            ဒါဝင်၏ အီဗိုလူးရှင်းသီအိုရီ ဟုဆိုလိုက်သည်နှင့် ဖန်ဆင်းရှင်ဝါဒကို ဆန့်ကျင်သည့်အမြင်ရှိသည့် အတွေးအခေါ်တစ်ခုအဖြစ် သိကြပြီးဖြစ်ပါသည်။ စာရေးသူ၏ ယခုဆောင်းပါးတွင်တော့ “ဖန်ဆင်းရှင်ဝါဒနှင့် ဖန်ဆင်းရှင်ဝါဒကိုဆန့်ကျင်သည့် ၀ါဒများအနက် တစ်ခုဖြစ်သော ဒါဝင်ဝါဒ”တို့၏ အားပြိုင်မှုများ၊ ပညာရှင်များ အပြန်အလှန်ဆွေးနွေးမှုများကို ဖော်ပြလိမ့်မည်မဟုတ်ပါ။ သို့သော် ထို ဒါဝင်ဝါဒက ယူဆောင်လာခဲ့သည့် ၎င်း၏ နောက်ဆက်တွဲဝါဒဖြစ်သော “ဒါဝင်၏ခေတ်သစ် လူမှုရေးဝါဒ”အကြောင်းကို စာရေးသူဖတ်မိ သိရှိသမျှ ပြန်လည် မျှဝေမည်ဖြစ်ပြီး ထို “ဒါဝင်၏ခေတ်သစ်လူမှုရေးဝါဒီ”များ၏ သဘောထားနှင့် အမြင်ကိုလည်း မျှဝေမည် ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့သော် လူမျိုးတုံးသတ်ဖြတ်ပွဲကြီးများ၊ လူမျိုးရေးခွဲခြားမှုများ၏ အဓိက ရေသောက်မြစ်များအနက်တစ်ခုဖြစ်သော ထိုဝါဒကို စာရေးသူလေ့လာမိသမျှ ပြန်လည်မျှဝေရသော်…
    …မကြာမီအချိန်အတွင်း အီဗိုလူးရှင်းသီအိုရီသည် လူမှုရေးသိပ္ပံမှအစ လူ့သမိုင်းအထိ၊ စိတ်ပညာ မှအစ နိုင်ငံရေးအထိစသည့် လူ့အဖွဲ့အစည်းနှင့်သက်ဆိုင်သည့် ဘာသာရပ်နယ်ပယ်အားလုံးအတွက် အဓိကကိုးကား ရသော အခြေခံဖြစ်သွားလေတော့သည်။ အတွေးအခေါ်နယ်ပယ်တိုင်းတွင် “အသက်ရှင်ရေးအတွက် တိုက်ပွဲ ဆင်နွှဲရမည်”ဟူသောကြွေးကြော်သံနှင့် “အသင့်တော်ဆုံးသူသာလျှင်  ဆက်လက် အသက်ရှင်မည်”ဟူသော ကြွေးကြော်သံများဖြင့် ကျော်ကြားသွားလေပြီ။ နိုင်ငံရေး ပါတီများ၊ နိုင်ငံအစိုးရများ၊ အုပ်ချုပ်ရေးပိုင်းများ၊ စီးပွားရေး အဆောက်အအုံများ၊ ပုဂ္ဂလိကအသိုင်းအ၀ိုင်းများ စသည်တို့တွင် ထိုကြွေးကြော်သံများ ဟိန်းနေတော့၏။ … ဒါဝင်ဝါဒဖြန့်မှုသည် ပညာရေးမှအစ အနုပညာအထိ၊ နိုင်ငံရေးမှအစ လူ့သမိုင်း ဘာသာရပ်များအထိ ပျံ့နှံ့အသုံးပြုကြလေသည်။ ဘာသာရပ်တိုင်းကို ဒါဝင်အတွေးအခေါ်နှင့် အီဗိုလူးရှင်း သီအိုရီကို ကြိုးစား၍ ဆက်စပ်ကြလေသည်။… ဒါဝင်ကိုယ်တိုင်က သူ၏အီဗိုလူးရှင်းသီအိုရီကို လူမှုရေးသိပ္ပံ ဘာသာရပ်မှ ကိုယ်ကျင့်တရားဆိုင်ရာ သဘောပေါက်မှုများနှင့်ပတ်သက်၍ အခြေခံသဘောတရားအဖြစ် တည်ဆောက်ရန် ထောက်ခံပြောဆိုခဲ့ပေသည်။ အိပ်ခ်ျသီးလ် (H.Thiel) ထံသို့ ၁၈၆၉ ခုနှစ်တွင် ရေးပို့ခဲ့သော စာတစ်စောင်တွင် ဒါဝင်က အောက်ပါ အတိုင်း ရေးသားခဲ့လေသည်။
    “လူကြီးမင်းကနေ၊ ကျွန်ုပ်၏ မျိုးစုများ၏ပြောင်းလဲမှုနှင့်ပတ်သက်၍ အသုံးပြုသောပုံစံကို စိတ်ဓါတ်ရေးရာကျင့်ဝတ်အပိုင်းနှင့် လူမှုရေးအပိုင်းတွင် ဆင်တူရိုးမှား အမြင်များအနေဖြင့် အသုံးချနေသည်ကို ကျွန်ုပ်မည်မျှ နှစ်ထောင်းအားရ စိတ်ဝင်စားစွာ စောင့်ကြည့်နေသည်ကို သံသယကင်းစွာ ယုံကြည်လိမ့်မည်ဟု မျှော်လင့်ပါသည်။” 1
    1 Francis Darwin, The Life and Letters of Charles Darwin, D.Appleton and Co. 1896, vol.2, p.294
    သမိုင်းပါမောက္ခ ချက် ဘာရ်ဇွန်းက လက်ရှိကမ္ဘာတွင် သိပ္ပံပညာ၊ လူမှုဆက်ဆံရေးနှင့် ယဉ်ကျေးမှုတို့ကြောင့် ကိုယ်ကျင့်တရားအလွန်အမင်းပျက်ပြားနေခြင်းနှင့်ပတ်သက်၍ “ဒါဝင်၊ မားစ်(က်)၊ ဝေဂ်နာ” ဟူသောစာအုပ်တွင် အောက်ပါအတိုင်း သုံးသပ်ချင့်တွက်ထားပေသည်။ ဤကမ္ဘာလောကတွင် ဒါဝင်ဝါဒ၏ သြဇာလွှမ်းမိုးမှုနှင့်ပတ်သက်၍ ဘာရ်ဇွန်း၏ဝေဖန် သုံးသပ်ချက်သည် အင်မတန် မှန်ကန် လွန်းလှပေသည်။
    “…၁၈၇၀ ခုနှစ်နှင့် ၁၉၁၄ ခုနှစ်ကြားကာလများတွင် ဥရောပတစ်ခွင်လုံး နိုင်ငံတိုင်း၌ လက်နက်တပ်ဆင်မှုကိုလိုလားသော စစ်အုပ်စု၊ သနားကြင်နာမှုကင်းမဲ့စွာ ပြိုင်ဆိုင်မှုကို လိုလားသော အတ္တ၀ါဒီအုပ်စု၊ ခေတ်နောက်ကျနေသောလူတို့ကို လက်လွတ်စပယ် ကိုင်တွယ်နိုင်ခွင့်တောင်းဆိုသည့် နယ်ချဲ့အုပ်စု၊ အာဏာသိမ်းခြင်းကို လိုလားတောင်းဆိုသော ဆိုရှယ်လစ်ဝါဒီအုပ်စု၊ ပြည်တွင်းရှိလူမျိုးခြားအားလုံးကို သတ်ဖြတ်သုတ်သင်ခွင့် တောင်းဆိုသည့် လူမျိုးရေးဝါဒီအုပ်စု စသည်တို့ မှိုလို ပေါက်လာခဲ့သည်။ ၎င်းတို့က အများလူထု၏ကြိုက်နှစ်သက်မှုကိုဆွဲဆောင်နိုင်ခြင်းနှင့် ၎င်းတို့၏ကျော်ကြားမှု ဂုဏ်ကျက်သရေတွေ ကျဆင်းလာသည်နှင့်အမျှ စပင်ဆာနှင့် ဒါဝင်တို့ကို စတင်ကိုးကား လာကြလေသည်။ သိပ္ပံယောင်ဆောင်သည့် ဒုစရိုက်များဟုပင် ဆိုရပေမည်။ လူမျိုးခွဲခြား ရေးသည် ဇီဝနိယာမဖြစ်သွားသည်။ လူမှုရေးဖြစ်စဉ်အဖြစ်သာ ယူဆကြတော့သည်။ ဒါဝင် ၀ါဒီတို့၏အမူအကျင့်နှင့် ဆောင်ရွက်မှုတွေချည်း ဖြစ်ပေသည်။”2
    2 Jacques Barzun, Darwin, Marx, Wagner, Garden City, N.Y: Double Day, 1958, pp.94-95 cited  in Henry M.Morris, The Long war Against God, Baker Book House, 1989, p.70
    …လူသားကိုဖွံ့ဖြိုးသောတိရစ္ဆာန်အဖြစ် လက်ခံယုံကြည်သူတို့သည် အင်အားချိနဲ့သူတို့၏ ကျောကိုနင်းချေ၍ မြင့်သောအဆင့်သို့တက်ရန် ၀န်မလေးကြချေ။ နာဖျားမကျန်းသူတို့နှင့် အင်အားချိနဲ့ သူတို့ကို ဖျောက်ဖျက်ပစ်ရန်နှင့် သူတို့အမြင်တွင် အဆင့်နိမ့်သည်ဟုထင်သော လူမျိုးများကို အစု လိုက်သတ်ဖြတ်ရန် နည်းလမ်းရှာကြလေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့လက်ခံယုံကြည်ထားသည့် သိပ္ပံ မျက်နှာဖုံးတပ်ထားသောသီအိုရီက ထိုကဲ့သို့လုပ်ခြင်းသည် “သဘာဝနိယာမတရား”ဖြစ်သည်ဟု သင်ပေးထား သောကြောင့်ဖြစ်သည်။
    စာရေးသူ၏ ယခုဖော်ပြချက်များသည် မူရင်းရေးသားသူ ဟာရွန်ယာဟ်ယာ ရေးသည့် စာအုပ်ကို ဘာသာပြန်ပညာရှင် အလီတန်ဂွန်းက အင်္ဂလိပ်ဘာသာမှ တဆင့် မြန်မာဘာသာသို့ပြန်ဆိုသည့်  “လူ့လောကသို့ ဘေးဒုက္ခအပေါင်း ယူဆောင်ခဲ့သောဒါဝင်ဝါဒ”စာအုပ်မှ အချက်အလက်အချို့ကိုသာ ကောက်နုတ် ဖော်ပြခြင်းဖြစ်ပါသည်။ English version အနေဖြင့်ကတော့ ”THE DISASTERS DARWINISM BROUGHT TO HUMANITY” ဟူ၍ဖြစ်ပါသည်။
    “ဤနေရာတွင် စာရေးသူအနေဖြင့် အဓိကထား၍ ပြောလိုသည်မှာ ဖန်ဆင်းရှင်ဝါဒကိုလက်မခံသူတိုင်း (သို့) ဘုရားမဲ့ဝါဒီ၊ Free Thinker တိုင်းသည် လူမျိုး/ဘာသာရေး အဓိကရုဏ်းဖန်တီးသူများ မဟုတ်ပါ။ သို့သော် လူမျိုး/ဘာသာရေး အဓိကရုဏ်း ဖန်တီးလိုသူများ၊ လူမျိုးတုံးသတ်ဖြတ်ပွဲများနှင့် ဒါဝင်လူမှုရေးဝါဒ မည်သို့ဆက်စပ်သည်။ ကမ္ဘာ့လူသတ်သမားကြီးများ အများစုသည် မည်သို့သော အိုင်ဒီယာမျိုးဖြင့် လူမျိုးတုံး သတ်ဖြတ်မှုတွေကျူးလွန်ခဲ့ကြသည်၊ လူမျိုးရေးခွဲခြား ဖိနှိပ်ဆက်ဆံမှုများ ပြုလုပ်ခဲ့ကြသည်ကို စာရေးသူ ဖတ်မိ သမျှကို လက်ရှိပြည်တွင်းရေးအခြေအနေများနှင့်ဆက်စပ်၍ ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်။ (စာရေးသူ)
    အကြောင်းဆက်စပ်သဖြင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့တွင် မီဒီယာများမှတဆင့် နိုင်ငံတော်သို့မိန့်ကြားခဲ့သော မိန့်ခွန်းကိုလည်း ကောက်နုတ်ဖော်ပြလိုပါသည်။
    “…အကြောင်းတိုက်ဆိုင်တဲ့အတွက် ဒီနေရာမှာကျွန်တော့်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အလယ် ပစ္စယံညီလာခံမိန့်ခွန်းကို ကိုးကားပြီးပြောကြားလိုပါတယ်။ … လူမှုတိုးတက်ရေးနဲ့ ဘာသာရေးတို့ဟာ တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက်သဘောမဆောင်ကြောင်း၊ ဒါပေမယ့် ဘာသာတရားရဲ့နာမကိုအလွဲသုံးစားလုပ်ပြီး ဆင် ခြင်တုံတရားကင်းမဲ့ခြင်းကို အကြောင်းပြုပြီး မတရားတဲ့အမှုတွေကိုပြုရင်တော့ လူ့အဖွဲ့အစည်းက အဲဒီ မတရား မှုကို လျစ်လျူရှုနိုင်မှာမဟုတ်ဘူးလို့ အတိအလင်းပြောကြားခဲ့ပါတယ်။
    လူအများကိုနစ်နာစေမယ့် တရားဓမ္မဖြစ်လေဟန် ဟောပြောမှုတွေ၊ လုပ်ဆောင်မှုတွေကိုလည်း တားမြစ်သွားရမယ်လို့ အဲဒီမိန့်ခွန်းမှာ ထင်ထင်ရှားရှားကြီး ဖော်ပြခဲ့ပါတယ်။ အဲသလိုပဲ လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှုဆိုတဲ့ အခွင့်အရေးကိုပေးတဲ့နေရာမှာတော့ နိုင်ငံရေးနဲ့ ကိုးကွယ်သည့်ဘာသာရေး နှစ်ဌာနစပ်ကြား စည်းတားရပေလိမ့်မည်လို့ဆိုခဲ့ပါတယ်။ … ဗိုလ်ချုပ်ရဲ့အလယ်ပစ္စယံညီလာခံမိန့်ခွန်းဟာ ဒီကနေ့ ကျွန်တော်တို့နိုင်ငံအခြေအနေမှာ များစွာစဉ်းစားစရာ၊ များစွာသင်ခန်းစာယူစရာဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။”
    Liability လား? Asset လား? ကျွန်ုပ်တို့၏ပိုင်ဆိုင်မှုများ…
            မြန်မာလိုဆိုရင်တော့ “ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ”ဟု ဆိုရလိမ့်မည်ထင်ပါသည်။ ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှု များသည် အနိစ္စသဘောအတိုင်း ပျက်စီး၊ ဆုံးရှုံးရတတ်သည့် သဘောရှိပါသည်။ ဘာသာတရားတိုင်းတွင်လည်း ထိုသင်္ခါရတရားနှင့်ပတ်သက်ပြီး ဆိုဆုံးမမှုများရှိပါသည်။ သို့သော် လူအချို့သည် ထိုမမြဲသော သဘောများကို သိထားပါလျက်နှင့် ဘာကြောင့်များ “ငါ့ပိုင်ဆိုင်မှု၊ ငါ့အိမ်”ဆိုပြီး အတ္တတွေ ကြီးနေရပါသနည်း၊ အမှန်တကယ်ပဲ ထိုပိုင်ဆိုင်မှုများကို ထာဝရတည်တံ့သည်ဟုထင်နေသည်လား၊ သို့မဟုတ် ထာဝရ မတည်တံ့မှန်းသိ၍ မိမိ၏နောင်သားစဉ်မြေးဆက်အထိ ရေရှည်တည်တံ့နိုင်အောင် ဥာဏ်နီဥာဏ်နက် များသုံးပြီး တရားသည့်နည်းရော၊ မတရားသည့်နည်းပါသုံး၍ တိုးပွားတည်တံ့အောင်လုပ်နေသည်လားဆိုသည်ကိုတော့ ကာယကံရှင်များသာ သိပါလိမ့်မည်။ စာရေးသူကတော့ အမေရိကန်နိုင်ငံမှ စီးပွားရေးပညာရှင်ကြီးတစ်ဦးဖြစ်သူ Robert T.Kiyosaki ကြိုတင်ခန့်မှန်းခဲ့သည့် ခန့်မှန်းမှုနှင့် ၎င်းခန့်မှန်းသည့်အတိုင်းဖြစ်ပေါ်လာမှုကိုကြည့်ပြီး သံဝေဂယူမိပါသည်။
    လွန်ခဲ့သည့်နှစ်အနည်းငယ်က အမေရိကန်မှစတင်ကာ တစ်ကမ္ဘာလုံးတွင် စီးပွားပျက်ကပ် ကြီးကို ကြုံခဲ့ရပါသည်။ ထို စီးပွားပျက်ကပ်ကြီးမကြုံခင် နှစ်အနည်းငယ်ကပင် Robert T.Kyiosaki က ၎င်း၏ Rich Dad Poor Dad အမည်ရသော စာအုပ်တွင် ကျွန်ုပ်တို့ပိုင်ဆိုင်သောအိမ်များသည် ကျွန်ုပ်တို့ရပိုင်ခွင့် Asset များမဟုတ်၊ ကျွန်ုပ်တို့ပေးရန်ရှိသည့် တာဝန်များ(သို့)ကြွေးမြီများ Liabilities များဖြစ်သည်ဟု ခန့်မှန်း ပြောဆိုခဲ့သဖြင့် အမေရိကန်စီးပွားရေး ပညာရှင်လောကတွင် ဝေဖန်သံများညံသွားခဲ့သည်။
    သို့သော် နောက် နှစ်အနည်းငယ်အကြာတွင် ၎င်းခန့်မှန်းသည့်အတိုင်း Credit Card (အကြွေးဝယ်ကဒ်များ) အသုံးများသော နိုင်ငံတွင် အိမ်၊ခြံ၊မြေ ဈေးကွက်က ကသောင်းကနင်းဖြစ်၊ ဘဏ်တွေဒေ၀ါလီခံသည့်အခါ (အကြွေးဝယ် ကဒ်များ) စိတ်မချရတော့၊ သုံးလို့မရတော့၊ စီးပွားရေးကြွေးမြီများကိုပေးဆပ်ရန်လည်း ငွေမရှိသည့်အခါ မိမိ နေထိုင်သည့်တိုက်ခန်း၊ အိမ်ခန်းများ (အကြွေးစနစ် Installment ဖြင့်ဝယ်ယူထားသည်ကများပါသည်)ကို ဘဏ်များသို့ ထိုးအပ်လိုက်ရပြီး လူတွေအများကြီး အလုပ်လက်မဲ့၊ အိုးမဲ့အိမ်မဲ့များဖြစ်ကုန်ကြသည်။ အမေရိကန်လို ကမ္ဘာ့စူပါပါဝါ၊ ကမ္ဘာ့ပညာရှင်ကြီးများပေါများသည့်နိုင်ငံတွင် စတင်၍ဖြစ်ခြင်းဖြစ်သည်။ အရပ်ကူပါ၊ လူဝိုင်းပါ ။ အစိုးရလည်း မနေရ၊ နောက်ဆုံးတော့ ကမ္ဘာ့အကြီးဆုံးဖြစ်ပြီး အစိုးရမှ ခြယ်လှယ်ခြင်း ကင်းသော လွတ်လပ်သည့်ဈေးကွက်ကြီးကို အစိုးရကငွေစိုက်ထုတ်ကာ ကယ်တင်လိုက်ရသည်။ နိုင်ငံလည်း တော်တော် အကြွေးတင်သွားသည်။ ဤဖြစ်ရပ်ကိုကြည့်ခြင်းအားဖြင့် စာရေးသူက Robert T.Kiyosaki မဟုတ်သည့်တိုင် သူ့အတွေးအခေါ် လမ်းကြောင်းအတိုင်း စဉ်းစားမိသည်။
    စာရေးသူတို့နိုင်ငံတွင်လည်း သူတို့နိုင်ငံမှာလို အကြွေးဝယ်ကဒ်တွေ လှိုင်လှိုင် သုံးနေတာမဟုတ်သည့်တိုင် ကိုယ့်အိမ်၊ ကိုယ့်ခြံသည် ကိုယ်ပိုင်ဆိုင်သည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများဟု အတပ်ပြောနိုင်ပါမည်လော၊ တစ်ချိန်ချိန်တွင် စာရေးသူတို့ အိမ်၊ခြံ၊မြေများအား အလျော်အဖြစ် ခုနှိမ်ခြင်း မခံရဟု (သို့) ရန်သူမျိုးငါးပါးဖြင့် မပျက်စီး၊ မဆုံးရှုံးဟု မည်သူအာမခံနိုင်ပါမည်လဲ။ နိုင်ငံကြီးအချို့ကတော့ ၎င်းတို့ ရစရာရှိသောအကြွေးများကို လျှော်ပစ်သည်ဟုတော့ ကြားသိနေရသည့်တိုင် စာရေးသူတို့နိုင်ငံတွင် နိုင်ငံခြားကြွေးမြီများ မည်မျှရှိနေပါပြီလဲ၊ ထိုနိုင်ငံကြီးများမှ ထိုကြွေးမြီများကို မလျှော်ပစ်ခဲ့လျှင်…အစရှိသည်ဖြင့် မီးခိုးတန်းကြွက်လျှောက် တွေးမိလျှင် သက်မောချစရာတွေကြီးများသာဖြစ်သည်။
    အချုပ်အားဖြင့်တော့… စာရေးသူတို့ လောကကြီးတွင် ခဏတာနေရသည့်အချိန်တွင် တစ်ဦးနှင့်တစ်ဦး မေတ္တာပွားများကာ ဝေမျှ နိုင်ရန်လိုပါသည်။ သို့မှသာ စာရေးသူတို့ မျိုးဆက်သစ်များအတွက်လည်း ငွေကြေး၊ အိမ်ခြံမြေ ပိုင်ဆိုင်မှုစသည် တို့အပြင် သစ္စာတရား၊ မေတ္တာတရား၊ ဥာဏ်အလင်းထွန်းလင်းစေမည့်ပညာ အစရှိသည့် လူသားဆန်သည့် ကောင်းမွန်သော ရုပ်နှင့် နာမ်ပိုင်းဆိုင်ရာတရားများကိုလည်း အမွေအဖြစ် ထားရစ်ခဲ့နိုင်ပါလိမ့်မည်။ စာရေးသူတို့ ခဏတာမျှနေရသောလောကကြီးကို နှုတ်ဆက် ခွဲခွာရာတွင်တော့ တာဝန်ကျေပွန်သောလူသားတစ်ယောက်၊ တရားမျှတသော လူသား တစ်ယောက်အဖြစ် ခွဲခွာနှုတ်ဆက်ရင်း လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးအောင်မြင်မှုများကို ရရှိနိုင်ကြပါစေလို့ လူသားအားလုံးအတွက် ဆုတောင်းပေးရင်း၊ ဝေနေယျခပ်သိမ်းကို မေတ္တာပို့ရင်းဖြင့်…
    သန့်ဇင်အေး
    မှီငြမ်းကိုးကား
    ၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတရုံး Facebook စာမျက်နှာ
    ၂။ လူ့လောကသို့ ဘေးဒုက္ခအပေါင်းယူဆောင်ခဲ့သောဒါဝင်ဝါဒ ၊ ဟာရွန်ယာယဟ် ၊ အလီတန်ဂွန်း(မြန်မာပြန်)
    ၃။ Rich Dad Poor Dad, Robert T.Kiyosaki
    ၄။ ဆောင်းပါးတွင် ဖော်ပြပါရှိပြီးသော ဂျာနယ်များ၊ သတင်းစာများနှင့် အောက်ခြေမှတ်စု Foot Notes များ
  • နောက်ကွယ်မှ အသိများ (ဆောင်းပါး)
    နောက်ကွယ်မှ အသိများ (ဆောင်းပါး)
    ဇွန်-၂၆၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင်-သန့်စင်အေး
    စာရေးသူတို့ မြန်မာမှုနယ်ပယ်တွင် မေးမြန်းလေ့ရှိသော မေးခွန်းတစ်ခုမှာ “ငါတို့ ဘယ်နေ့ စားရမှာလဲ”ဟူ၍ဖြစ်သည်။ ထိုမေးခွန်းကို စာရေးသူတို့၏ မိတ်ဆွေ ချစ်သူမောင်နှံများ နှင့်တွေ့သော အခါတွင် လည်းကောင်း၊ လူပျိုကြီး/အပျိုကြီးနှင့်တွေ့သောအခါတွင်လည်းကောင်း မေးလေ့ရှိသည်။ အလိုသဘောမှာ“သူငယ်ချင်းတို့-ဘယ်နေ့လက်ထပ်ကြမှာလဲ”ဟုဖြစ်သည်။ အကယ်၍ ထိုမေးခွန်းကို တိုက်ရိုက်ပြန်ဆိုပါက “ငါတို့ဘယ်နေ့စားရမှာလဲ”ဟူသောစကားတွင် လက်ထပ်မည့်အကြောင်း မပါ ပါ။ ထို့ကြောင့် တိုက်ရိုက်ပြန်ဆိုရာတွင်အခက်အခဲရှိမည်ဖြစ်သည်။ ထိုအခါ “အသိ”ဖြင့်သာ ပြန်ဆိုရ မည်ဖြစ်သည်။ ထို့ကြောင့် Language တစ်ခုကိုလေ့လာရာတွင် သက်ဆိုင်ရာ Language သာမက Linguistics (ဘာသာဗေဒ)ကိုပါ မဖြစ်မနေလေ့လာရတော့သည်။ တိုက်ရိုက်အဓိပ္ပာယ် ဖေါ် ရခက်သော စကားလုံးများကို ပြန်ဆိုရာတွင် သက်ဆိုင်ရာလူမျိုး၊ ဘာသာတို့၏ ဓလေ့ထုံးစံကိုသိမှ ဘာဆိုလိုသည်ကို နားလည်မည်ဖြစ်သည်။ ၎င်းပြင် ရန်ကုန်ကဲ့သို့သော အောက်မြန်မာနိုင်ငံတွင် အမိ၊ အဖ၊ ဆရာသမား၊ လူကြီးသူမတို့နှင့် သားသမီးများ စကားပြောရာတွင် သား၊သမီးများက ကိုယ့်ကိုယ်ကို “သားကလေ၊ သမီးကလေ၊ ကျွန်တော်/ကျွန်မကလေ”အစရှိသည်ဖြင့် သုံးနှုံးပြောဆိုကြ သော်လည်း အထက်မြန်မာနိုင်ငံရှိ အချို့ဒေသများတွင်မူ “ကျုပ်ကလေ”ဟူ၍သုံးနှုံးပြောဆို တတ်သည်။ သူ့ဓလေ့နှင့်သူမို့ ရိုင်းသည်ဟု ဝေဖန်၍မရပါ။ မိဘများကလည်း သဘောပေါက်ကြပါ သည်။ ထို့ကြောင့် ဘာသာစကားတစ်ခုပြောဆိုရာတွင် ပြောလိုက်သော စကားထက် ထိုစကား၏ နောက်ကွယ်တွင်ရှိသော “အသိ”ကို ပိုသတိထားရမည်ဖြစ်ကြောင်း ဘာသာဗေဒဆရာများက ဆိုကြခြင်း ဖြစ်တန်ရာ၏။ ဤသည်မှာ စကားများနောက်ကွယ်တွင်ရှိသောအသိများအနက် အချို့ကို မျှဝေတင်ပြခြင်းဖြစ်သည်။
    အလားတူပင် အမူအရာများ၏နောက်ကွယ်တွင်လည်း “အသိ”များရှိသည်။ ဥပမာ-မြန်မာမှု နယ်ပယ်တွင်တော့ လူငယ်များက လူကြီး၊သူမများရှေ့က ဖြတ်သန်းသွားလာရာတွင် ခါးကိုအတန်ငယ် ကိုင်း၍၊ ကိုယ်ကိုအတန်ငယ်ညွတ်၍ သွားလာကြသည်။ လေးစားရိုသေမှုသဘောသာဖြစ်ပါသည်။ သို့သော် ကမ္ဘာပေါ်ရှိအချို့သောနိုင်ငံများတွင်တော့ လူကြီးနှင့်လူငယ်၊ မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့် စကားပြောဆိုရာတွင် လူငယ်များက ထိုင်ချင်သလိုထိုင်မည်။ ခြေပေါ်ခြေချိတ်လည်းထိုင်ချင် ထိုင်မည်။ သို့သော် ထိုအမူအယာကို ထိုနိုင်ငံများရှိလူကြီးများက “ဗွေ”ယူစရာ၊ အပြစ်ပြောစရာဟု မသတ်မှတ်ကြပါသည်။ အဘယ့်ကြောင့်သနည်းဆိုသော် စာရေးသူသိသလောက် မျှဝေရလျှင် လူ အချို့က ခြေထောက်အပါအ၀င် ခန္ဓာကိုယ်အောက်ပိုင်းကို မစင်ကြယ်သော(သို့မဟုတ်)ညစ်နွမ်းသော (သို့မဟုတ်)ဂုဏ်အသရေမဲ့စေသော အစိတ်အပိုင်းအဖြစ် သတ်မှတ်ကြသည်။ နိုင်ငံခြားသားများ ကတော့ ထိုသို့သတ်မှတ်ချင်မှသတ်မှတ်ကြပါလိမ့်မည်။ ခန္ဓာကိုယ်၏အရေးအကြီးသော အင်္ဂါအစိတ် အပိုင်းတစ်ရပ်အနေဖြင့်သာ ယူဆကြသည်ထင်ပါသည်။ ထိုခြေထောက်ကိစ္စကြီးကို ယဉ်ကျေးမှုနှင့် တွဲ၍ မစဉ်းစားကြလို့ပါ ဟုသာ ပြောရပေလိမ့်မည်။ ဤသည်မှာ အမူအယာများ၏နောက်ကွယ်များ၌ ရှိနေသော“အသိ”များပင်ဖြစ်ပါသည်။
    အကျီ င်္ ရင်ဘတ်ဟပြဲဝတ်ခြင်းကို လူကြီးများက သိပ်မနှစ်မြို့ကြသော်လည်း လူငယ်များကြား တွင် ဖက်ရှင်တစ်ရပ်ဖြစ်နေကောင်းဖြစ်နေနိုင်သည်။  စာရေးသူတို့ငယ်စဉ်က ခန္ဓာကိုယ်တွင် ဆေးမင်ကြောင်ထိုးထားသူများကို လူအများစုက သိပ်မနှစ်မြို့ကြပါ။ အဘယ့်ကြောင့်ဆိုသော ၎င်းတို့သည် လူမိုက်များဖြစ်သည်ဟု ယူဆကြသည်။ သို့သော် ယုံကြည်မှုအရသော်လည်းကောင်း (ဥပမာ-အင်း၊အိုင်၊ခလှဲ့၊လက်ဖွဲ့)အစရှိသည်များစီရင်ခြင်းအတွက် ဆေးမင်ကြောင်းထိုးခြင်းမျိုး ကိုတော့ သိပ်အပြစ်မတင်ကြပါ။ ဟိုးယခင် ရှေးမြန်မာမင်းများလက်ထက်ကတော့ ဆေးမင်ကြောင် ထိုးမှ ယောက်ျားပီသသည်ဟု အယူစွဲရှိခဲ့သည်။ သို့သော် လွတ်လပ်ပြီးခေတ် တွင် ထိုအယူအစွဲများ မရှိတော့ဘဲ ဆေးမင်ကြောင်ထိုးကွင်းထိုးသည်ကို အပြုသဘောဖြင့် လက်မခံနိုင်သည်များကို တွေ့လာရသော်လည်း ယခုပွင့်လင်းသောခေတ်တွင်တော့ ဆေးမင်ကြောင်ထိုးခြင်းကို ဖက်ရှင်တစ်ရပ် အဖြစ်ယူဆလာကြပြီး အချို့အမျိုးသမီးငယ်များပင် ထိုးစပြုလာကြသည်ကိုတွေ့ရပါသည်။  ဤသည်မှာ ၀တ်စားဆင်ယင်နေထိုင်မှုများ၏နောက်ကွယ်၌ရှိသော “အသိ”များပင်ဖြစ်ပါသည်။
    သို့သော် အထက်က ဆေးမင်ကြောင်ဥပမာဖြင့် ဖော်ပြခဲ့သလိုပင် “အသိ”များသည် အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ပြောင်းလဲတတ်သည့်သဘောလည်းရှိသည်။ “အကြော်သည် မကြီးက အကြော်ရောင်း၍ သူ့သမီးအား ငြိုငြင်စွာလုပ်ကျွေးခဲ့ရသည်”ဆိုသည့်စာကြောင်းကို ယခုခေတ်အမြင်နှင့်ပြန်ဆိုရလျှင် အကြော်သည်မကြီးက သူ့သမီးအား သိပ်မကြည်သည့် သဘော ဖြစ်သည်။ သို့သော် အမျိုးသားပညာဝန်ဦးဖိုးကျားရေးသော မင်းကတော် စကားပြေ၏ ခက်ဆစ်အဖွင့် တွင်တော့ ငြိုငြင်စွာ ကို ဆင်းရဲပင်ပန်းစွာ ဟု ဖွင့်ဆိုထားသည်ကိုကြည့်ခြင်းအားဖြင့် ထို ငြိုငြင်စွာ ဟူသောစကား၏ နောက်ကွယ်တွင်ရှိသောအသိသည် ဦးဖိုးကျားတို့၏ ကိုလိုနီခေတ်နှောင်းပိုင်းနှင့် ယနေ့ခေတ် မတူတော့သည်ကို တွေ့ရပြန်သည်။ ဤသည်မှာ “အသိ”များပြောင်းလဲတတ်သော သဘောကို ပြောလိုခြင်းဖြစ်သည်။
    ဤသို့အားဖြင့် စာရေးသူတို့သည် မိမိတို့နေထိုင်ရာ ခေတ်ကာလ၊ ပတ်ဝန်းကျင် အနေအထားနှင့် လူကြီးသူမတို့၏ဆုံးမစကားများ၊ စာအုပ်စာပေများ၊ မီဒီယာများမှ ဖေါ်ပြချက်များကို ဖတ်ရှုသိရှိကြပြီး စာရေးသူတို့၏ စိတ်ထဲတွင် မသိမသာရော၊ သိသိသာသာပါ အသိများ စွဲလာခဲ့ကြသည်။
    ဒိန်းမတ်နိုင်ငံမှ ကာတွန်းဆရာတစ်ဦးက တမန်တော်နှင့်ပတ်သက်ပြီးအပြုသဘောမဆောင် သည့်ပုံတစ်ပုံဆွဲခဲ့ခြင်းကြောင့် မွတ်စလင်မ်ကမ္ဘာတွင် ပေါက်ကွဲကုန်ကြသည်။ ကမ္ဘာပေါ်တွင်လည်း ဟိုးလေးတကြော်ဖြစ်သွားသည်။ အီဂျစ်နိုင်ငံ၊ အလ်အဇ်ဟရ်တက္ကသိုလ်မှ အစ္စလာမ့်ပညာရှင်များက ထို အရေးအခင်းကာလတွင် ဒိန်းမတ်နိုင်ငံသို့သွား၍ မီဒီယာများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ အစ္စလာမ် အကြောင်းရှင်းပြခဲ့ကြရာ ပွဲမစခင် Projector ဖြင့် ပုံအချို့ကို ပြသခဲ့သည်ဟု ကြားသိရသည်။ ပထမ ပြသောပုံမှာ မာသာထရီဇာ၏ပုံဖြစ်သည်။ မာသာထရီဇာပုံကိုကြည့်၍ လူအများက လက်ခံကြသည်။ မာသာထရီဇာက ပုဝါခြုံလေးနှင့်ဖြစ်သည်။ ၎င်းနောက် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦး ပုဝါ ခြုံ ထားသည့်ပုံကိုပြပြန်သည်။ လူအများက သိပ်မကြိုက်ကြကြောင်း တုံ့ပြန်ကြသည်။ ပုဝါခြုံထားတာခြင်း တူတာတောင် ဘာကြောင့် လူအများက တစ်ဦးကိုလက်ခံပြီး တစ်ဦးကို လက်မခံကြပါသနည်း။ ထို ပုဝါခြုံခြင်းများ၏နောက်ကွယ်တွင်ရှိသော အသိ များကြောင့်လား။ ဤသည်ကို ပမာထား၍ အစ္စလာမ့် ပညာရှင်များက မီဒီယာကိုရော၊ လူထုကိုပါ အစ္စလာမ်အကြောင်းရှင်းပြပြီး ပွဲအပြီးတွင် ထိုပွဲသို့ တက်ရောက်လာသူများ၏ စစ်တမ်းကောက်ယူကြည့်ရာ လူအများစုသည် ရှင်းလင်းပွဲမစခင်တွင် ရှိနေ သော အစ္စလာမ်အပေါ်ထားသည့် ၎င်းတို့၏သဘောထား အသိ များနှင့် ထိုရှင်းလင်းပွဲအပြီးတွင် ရှိလာ သည့် အစ္စလာမ်အပေါ်ထားသည့် သဘောထား အသိ များ ပြောင်းလဲသွားသည်။ အပြုသဘော ဆောင်လာကြသည်ဟု စာရေးသူတို့ ကြားသိခဲ့ရသည်။ သို့ဆိုလျှင် စာရေးသူတို့သည် စာရေးသူတို့ မှီ တင်းနေထိုင်ရာလောက၊ ပတ်ဝန်းကျင်တွင်ရှိသော လူများ၏ စာရေးသူတို့အပေါ်ထားသည့် သဘော ထား အမြင်များနှင့် အသိ များကို စောကြောကြည့်ရန်လိုအပ်လှပြီး မည်ကဲ့သို့သော အပြုသဘော ဆောင်သည့်ချဉ်းကပ်မှုမျိုးဖြင့် ချဉ်းကပ်သင့်သနည်း၊ “Conflict Solution ဟုခေါ်သည့် ပဋိပက္ခများ၊ အမြင်ကွဲလဲမှုများကို မည်သည့်နည်းလမ်းမျိုးဖြင့် ငြိမ်းချမ်းစွာဖြေရှင်းသင့်သနည်း”ဆိုတာကိုတော့ ၀ိုင်း စဉ်းစားဖို့လိုပြီဟုထင်သည်။ စာရေးသူသိရှိမှတ်သားမိသည့် “အသိများအကြောင်း”ကို ဆက်လက်၍ မျှဝေပါရစေဦး။
    အသိများ၏မြစ်ဖျားခံရာ (သို့) အသိများရိုက်သွင်းခံရခြင်း
    စာရေးသူတို့တွင် mind-set ဟုခေါ်သည့် ပုံစံကျနေသည့်အမြင်များ၊ တရားသေအတွေး အခေါ်များရှိသည်။ ဥပမာ-မြန်မာရုပ်ရှင်ကားတစ်ကားကြည့်ရာတွင် သရုပ်ဆောင်၏လက်မှ ပန်းကန် ကျကွဲခြင်းမျိုးကိုတွေ့ပြီဆိုလျှင် ပရိသတ်ကသိသည်။ သိပ်မကြာခင် ဆုံးရှုံးမှုတစ်ခုခု(သို့)ပြဿနာ တစ်ခုခုဖြစ်တော့မည်ဟု တွေးလို့ရသည်။ ဒါရိုက်တာကလည်း ထိုအတိုင်းပင်ရိုက်ပြသည်။ ဤသည်မှာ mind-set ၏ အခြေခံသဘောပင်ဖြစ်သည်။ ထိုနည်းအတိုင်းပင် အချို့သောမြန်မာရုပ်ရှင်ကားများတွင် ဗီလိန်(လူဆိုး)အခန်းများတွင် (သူတို့အခေါ်-ကုလားပုံပေါက်နေသူများ)ကို ထည့်ရိုက်ပြသည်။ ထိုသို့ မြင်ရဖန်များသောအခါ ကြည့်ရှုသူပရိသတ်၏ mind-set တွင် ထိုပုံများကိုမြင်သည်နှင့် ကောင်းမွန်သောခံစားချက်တစ်စုံတစ်ရာ မပေါ်ပေါက်နိုင်တော့ပါ။ အလားတူစွာ အချို့သောစာရေးဆရာများက ၎င်းတို့၏၀တ္ထုများတွင်လည်း (သူတို့အခေါ် ကုလားများ)နှင့်ပတ်သက်၍ ရေးလျှင် ထိုမကောင်းသော(ဗီလိန်) အခန်းများက များပါသည်။ ဤနည်းအားဖြင့် ထိုပုံပေါက်နေသော၊ ထိုရုပ်ပေါက်နေသောသူများကိုတွေ့ပြီဆိုလျှင် လူအများစု၏ mind-set သည် ကောင်းမွန်နိုင်ပါဦးမည်လော။ အသိမကြွယ်သေးသည့် ကလေးသူငယ်များဆိုလျှင် ပိုဆိုးနိုင်ပါသည်။ ထိုကလေးငယ်များ ကြီးပြင်းလာ၍ လူကြီးဖြစ် လာလျှင်ရော ၎င်းတို့၏ mind-set များကို ပြောင်းလဲနိုင်ပါမည်လော…။
    ဤကဲ့သို့သော mind-set များရိုက်သွင်းခံလိုက်ရပြီဆိုလျှင် mind-set များကို ပြင်ဖို့ လိုလာပြီ။ စာရေးသူ၏ ဘာသာရေးဆရာတစ်ယောက်က ပြောဖူးသည်။ အစ္စလာမ်အကြောင်းကိုမသိလို့၊ အမှန် တကယ်အစ္စလာမ်အပေါ်အထင်လွဲနေလို့ သဘောရိုးဖြင့် အစ္စလာမ်ကို ဝေဖန်သူများရှိသည်။ ထိုသူ များက အသိ မှန်ရသွားလျှင် အစ္စလာမ်ကိုမဝေဖန်တော့ပါ။ သို့သော် လူတစ်ဦးတစ်ယောက်သည် ငယ်စဉ်ကတည်းက အစ္စလာမ်နှင့် ပတ်သက်သည့် မှားယွင်းသောအချက်အလက်များအား ၎င်း၏ mind-set အတွင်းသို့ သိသိသာသာဖြစ်စေ၊ မသိမသာနှင့်ဖြစ်စေ ရိုက်ထည့်ခံထားရပြီဆိုလျှင်တော့ ထိုသူအားမည်မျှပင်ရှင်းပြရှင်းပြ လက်ခံဖို့သိပ်မလွယ်ပါ။ ထိုသူ၏ mind-set ကို လုံးဝ ပြောင်းပစ်နိုင် လျှင်တော့ ရမည်။ မြန်မာတွင် “လူကိုခင်လျှင် မူကိုပြင်သည်၊ လူကိုမုန်းတော့ မူကိုသုံးသည်”ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ မိမိကြည်ညိုသော၊ ပုဂ္ဂိုလ်ရေးအရ လက်ခံသော၊ အမြင်ကြည်သော လူမျိုး ဆိုလျှင် ထိုသူပြောဆိုသည့် အကြောင်းအရာနဲ့ပတ်သက်ပြီး အငြင်းပွားစရာရှိလျှင်တောင်မှ လူမှုရေးအရ ငဲ့ညှာတတ်သည့်သဘောလည်းရှိသလို ထိုသူဘာပြောပြော လွယ်လွယ်ကူကူနှင့် လက်ခံ တတ်သည့်သဘောလည်းရှိသည်။ ထိုကဲ့သို့သော နေရာမျိုးတွင် စာရေးသူတို့သည် စာရေးသူတို့ အပေါ် စွပ်စွဲလာသည့်စွပ်စွဲချက်များကို သက်ဆိုင်ရာပညာရှင်များက အေးချမ်းစွာဖြင့် ပြန်လည် ရှင်းလင်း တင်ပြရုံသာမက စာရေးသူတို့လူများ၌လည်း လူအများစုက စာရေးသူတို့ကို ပုဂ္ဂိုလ်ရေးအရ လက်ခံလာနိုင်အောင် နေထိုင်တတ်ဖို့လိုသည်။ လူအများစု၏ mind-set ထဲတွင် စာရေးသူတို့ကို မည်သို့မည်ပုံထင်မြင်ကြသည်ကို အရှည်ရေးပြစရာလိုမည်မထင်ပါ။ စာရေးသူတို့က လူအများစု၏ mind-set ကို ပြုပြင်ပြောင်းလဲဖို့၊ စာရေးသူတို့အပေါ်အထင်လွဲမှုများကို ဖြေရှင်းကြဖို့ဆိုလျှင် သက်ဆိုင်ရာပညာရှင်များက ရှင်းပြလိုက်ရုံနှင့်မပြီး၊ နှစ်ပေါင်းများစွာအရိုးစွဲနေသော mind-set များကိုပြင်ဖို့ စာရေးသူတို့တစ်ဦးချင်းစီတွင်လည်း တာဝန်ရှိသည်ဟု ခံယူမိပါသည်။ ထိုသို့ အရိုးစွဲနေသော စာရေးသူတို့အပေါ်ထားရှိသည့် တရားသေသဘောထားများကို မည်သို့ပြင်ကြ မည်နည်း၊ အထက်ဖော်ပြသလို တစ်ဖက်မှလည်း ငြိမ်းအေးစွာရှင်းပြဖို့လိုသလို တစ်ဖက်မှလည်း မိမိတို့ကို ပုဂ္ဂိုလ်ရေးအရလက်ခံလာအောင် ကြိုးစားကြရမည်ဖြစ်ပါသည်။
    ကောင်းမွန်သော Atmosphere ကို ဖန်တီး၍ စကားပြောကြည့်ခြင်း
    Atmosphre ဆိုသည်ကို WHIZZO အဘိဓာန်က အောက်ပါအတိုင်းဖွင့်ဆိုထားသည်။
    Atmosphere (n) လေထု။ ပတ်ဝန်းကျင်။
    atmospheric (pl) လေထုနှောင့်ယှက်မှုများ။
    (adj) atmospheric လေထုနှင့် သက်ဆိုင်သော။ ပတ်ဝန်းကျင် အရှိန်အဝါနှင့်ဆိုင်သော။
    ယခုဆောင်းပါးတွင် စာရေးသူမျှဝေလိုသော Atmosphere ဆိုသည်မှာ “ပတ်ဝန်းကျင်(သို့) ပတ်ဝန်းကျင်အခြေအနေနှင့်သက်ဆိုင်သော”ဟုဆိုရပါလိမ့်မည်။ စကားဝိုင်းများတွင် Atmosphere များ ရှိပါသည်။ ဥပမာ.. စကားဝိုင်းသည်အခြေအတင်ဖြစ်နေသည်၊ စကားဝိုင်းတွင်ပါဝင်သောသူများ သည် ဒေါသသံများပါလာပြီဆိုလျှင် ထိုစကားဝိုင်း၏ Atmosphere မှာ ပြင်းထန်လာပြီဟုဆိုရပါလိမ့် မည်။ စာရေးသူတို့သည် မိမိတို့ပြောဆိုလိုသော သတင်းစကားကို အများကလက်ခံလာစေလိုလျှင် မိမိပြော ဆိုလိုသည့်အကြောင်းအရာကို နိုင်နင်းကျွမ်းကျင်မှုရှိရန်လိုအပ်လှသလို မိမိစကားတတ်တိုင်း တစ်ဖက်သက်ပြောဆိုခြင်းမျိုးမဟုတ်ဘဲ အခြေအနေပေါ်မူတည်၍ အလျှော့ အတင်းပြုလုပ်ရန် လိုအပ်လှပေသည် ဟု လူမှုဆက်ဆံရေးသင်တန်းများတွင် မှတ်သားခဲ့ဖူးပါသည်။ မိမိမှ စကား အသာစီးရသော်လည်း တစ်ဖက်သားအား နင်းကန်ဖိပြောခြင်းမျိုး မပြုလုပ်ပဲ “ဟာ..အစ်ကိုအခုန ဆွေးနွေးသွားတာလေး တော်တော်ကောင်းပါတယ်၊ ကျွန်တော် အဲဒါကိုမသိသေးဘူး၊ အစ်ကို ဘယ်စာအုပ်ထဲက ဖတ်ထားတာလည်း၊ ကျွန်တော့်ကိုလည်း share ပါဦး”အစရှိသည်ဖြင့် တစ်ဖက် သားကို ထွက်ပေါက်ပေးရပါလိမ့်မည်ဟု အကြံပေးလိုပါသည်။ Sandwich (အသားညှပ်ပေါင်မုန့်) ကဲ့သို့ပင် အပေါ်တွင် ပေါင်မုန့် အလယ်တွင် မိမိစားလိုသောအစာအားကြားညှပ်ပြီး အောက်တွင် ပါမုန့်တစ်ချပ် ထပ်ထည့်သကဲ့သို့ပင် မိမိပြောလိုသည့်အကြောင်းအရာအားမပြောမီ တစ်ဖက်သားအား အပြုသဘော အမြင်ဖြင့်ချီးကျူးရန်၊ ပြီးလျှင် မိမိပြောဆိုလိုသည့်အချက်အလက်ကို ချိုသာပျူငှာစွာဖြင့် ပြောဆိုရန်၊ နောက်ဆုံးတွင် တစ်ဖက်သားအား ထွက်ပေါက်ပေး၍ မိမိစကားကို အဆုံးသတ် ရန်အစရှိသည့် Sandwich Method ဟုခေါ်သည့် စကားပြောနည်းကိုအသုံးပြုကြရန်လည်း လူမှုဆက်ဆံရေးပညာရှင်များကအကြံပြုထားကြပါသည်။ ဤသည်ကို Journalist များက ဟမ်ဘာဂါ ရေးနည်းဟုလည်း ခေါ်ကြပါသေးသည်။
    မိမိပြောဆိုလိုသည့်အချက်အလက်များကို တစ်ဖက်သားမှ ကြည်ဖြူစွာလက်ခံလာနိုင်စေရန် ပထမဦးစွာ တစ်ဖက်သား ကြိုက်နှစ်သက်သည့်စာရေးဆရာများထဲမှာ မိမိကြိုက်နှစ်သက်သော စာရေး ဆရာများရှိပါက မိမိလည်း ၎င်းနှင့်အကြိုက်ခြင်းတူကြောင်း၊ အစရှိသည်ဖြင့် မိမိနှင့် တူညီသော အချက်များကိုဆွဲထုတ်၍ ရင်းနှီးမှုတစ်ခုကို တည်ဆောက်ကြည့်ကြစေလိုသည်။ ဤနည်းအားဖြင့် မိမိနှင့် တစ်ဖက်သား ရင်းနှီးမှုရအောင်လုပ်ယူပြီးမှ မိမိပြောလိုသည့်အကြောင်းအရာကို တစ်ဖက်သားလက်ခံ လာနိုင်သော ပုံစံမျိုးဖြင့် presentation လုပ်ကြရန် လူမှုဆက်ဆံရေးပညာရှင်များက ထပ်ဆင့် အကြံပြု တိုက်တွန်းထားကြပါသည်။
    လူတစ်ယောက်၏ ဦးနှောက်အာရုံကြောမှ Brain Wave (၄)မျိုးထုတ်ပေးသည်ဟု မှတ်သား ဖူးပါသည်။ Delta, Theta, Alpha နှင့် Beta လှိုင်းတို့ဖြစ်ပါသည်။ ထိုလှိုင်း(၄)မျိုးထဲတွင် Alpha လှိုင်း သည် စိတ်ကြည်လင်တည်ငြိမ်မွေ့လျော်သည့်အချိန်တွင်ထွက်ပါသည်။ ထို Alpha လှိုင်းထွက်သည့် အချိန်တွင် လူအများသည် သတင်း အချက်အလက်များ၊ အကြောင်းအရာများကို လျင်မြန်စွာ မှတ်သားနိုင်ပါသည်။ ထို့ကြောင့် မိမိက လူတစ်ဦးတစ်ယောက်ကို message တစ်ခုပေးလိုလျှင် ထို သူ၏စိတ်ကို တည်ငြိမ်ကြည်လင်အောင် မိမိက စကား ပရိယာယ်ကြွယ်ဝစွာဖြင့်ပျော်ရွှင်ကြည်နူးစရာ ကောင်းသည့်အကြောင်းများ၊ စိတ်ကြည်လင်စေမည့်ကိစ္စရပ်များကို ပြော၍ ကိုယ်ပြောလိုသော message ကို သွယ်ဝိုက်ပြီး presentation လုပ်ရမည်ဖြစ်ကြောင်း မှတ်သားဖူးပါသည်။ ဥပမာ- စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးသည်  TV ရုပ်သံအစီအစဉ်တစ်ခုတွင် မိမိလုပ်ငန်းကို ကြော်ငြာထည့်သွင်း လိုသည်ဆိုပါက ရုပ်/သံကြော်ငြာခများသည် အချိန်အပိုင်းအခြားအလိုက် ဈေးနှုန်းကွဲပြားမှုရှိပါသည်။ လူအများလုပ်ငန်းခွင်ဝင်နေချိန် တွင် ကြော်ငြာခနှုန်းထားများကတစ်မျိုး၊ တစ်နေ့တာလုပ်ငန်းကိစ္စများ ကုန်ဆုံးပြီး မိသားစုအလိုက် အေးချမ်းစွာဖြင့် ရုပ်/သံထိုင်ကြည့်ကြသော ညစာစားပြီးအချိန်ကဲ့သို့သော အချိန်များတွင် ကြော်ငြာခက ပိုမြင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူအများစုသည် တစ်နေ့တာလုပ်ငန်းကိစ္စများ ကုန်ဆုံးချိန်ဖြစ်သဖြင့် စိတ်အေးချမ်းသာစွာဖြင့် ရုပ်/သံထိုင်ကြည့်သော အခါ ၎င်းအချိန်တွင် ခန္ဓာကိုယ်မှ  စိတ်ငြိမ်လှိုင်း(ခ)သမာဓိလှိုင်းဟုခေါ်သော Alpha Wave (ခ) အယ်လ်ဖာလှိုင်းများထွက်သည်။ ထိုအချိန်တွင် TVတွင် မိမိကုန်ပစ္စည်းကြော်ငြာ ထည့်ပါက ကြော်ငြာ ထိုင်ကြည့်သောစားသုံးသူ၏ စိတ်ထဲတွင်စွဲသွားပြီး နောက်တစ်နေ့ဈေးထဲတွင် ထိုကုန်ပစ္စည်းအား လိုက်ရှာပါတော့သည်။ ဤသို့ဖြင့် စာရေးသူတို့သည် မိမိပြောဆိုလိုသည့် သတင်းစကားကို လူတစ်ဦး တစ်ယောက်အား လက်ခံရရှိစေလိုလျှင် တည်ငြိမ်အေးချမ်းသော Atmosphere တစ်ခုကို တည်ဆောက်ပြီးမှ ပြောဆိုလျှင် ပို၍ အဆင်ပြေချောမွေ့သည်ဟု လူမှုရေးစိတ်ပညာရှင်များမှ အကြံပြု တင်ပြထားကြပါသည်။။ ဤသည်မှာ စာရေးသူလေ့လာမိသော လူမှုဆက်ဆံရေးနှင့် စိတ်ဓာတ်ရေး ရာမြှင့်တင်ရေးသင်တန်းမှ သင်ကြားပို့ချချက်များကို ပြန်လည်မျှဝေခြင်း၊ အကြံပြုခြင်းသာဖြစ်ပါသည်။
    လက်စားချေမှုတွေနဲ့ပတ်သက်လို့
    စာရေးသူ၏ ညီလေးက စာရေးသူကို အဖြစ်အပျက်တစ်ခုပြောပြ၍ မေးခွန်းတစ်ခု မေးဖူး ပါသည်။ ပြန်လည်မျှဝေတင်ပြရသော် “လူဆိုး၊ ဓါးပြတစ်ဦးရှိကြောင်း၊ လူသတ်၊ ပစ္စည်းလု၊ မိန်း ကလေး တွေကိုအနိုင်ကျင့်…စသည်ဖြင့် လူဆိုးဖြစ်ကြောင်း၊ လူငယ်လေးတစ်ယောက်မှာ သူ၏မိဘ နှစ်ပါးကိုသတ်သွားသော ထိုဓါးပြကို လက်စားချေဖို့ကြိုးစား ခဲ့ကြောင်း၊ ထိုဓါးပြမှာလည်း တောပုန်း ဓါးပြ ဖြစ်၍ တော်တော်နှင့်ရှာမတွေ့ကြောင်း၊ ရှာတွေ့သောအချိန်တွင် ထိုလူငယ်လေးမှာ သန်မာ ဖျတ်လတ်နေသော်လည်း တောပုန်းဓါးပြမှာ အသက်အရွယ်ကြီးပြီး တပည့်တပန်းများလည်းမရှိ၊ အိုမင်း မစွမ်းသောအရွယ်ဖြစ်နေကြောင်း၊ ထိုအခါ ထိုလူငယ်လေးအနေဖြင့် ထိုဓါးပြအား လက်စား ချေသင့်သလော” ဟုမေးဖူးပါသည်။ စာရေးသူက အခြေအနေ (၂)ရပ်ဖြင့် စာရေးသူ၏ညီလေးအား ပြန်လည်ရှင်းပြခဲ့ပါသည်။ ပထမဦးစွာ အပြစ်ကျူးလွန်သူတရားခံအား တရားဥပဒေအရ စွဲချက်တင်ပြီး ပြစ်ဒဏ်ချမှတ်ခြင်းနှင့် လက်စားချေခြင်းမတူသည်ကို ရှင်းပြသည်။ တရားဥပဒေ စိုးမိုးခြင်းကို စာရေးသူအားပေးပါသည်။ သို့သော် လက်စားချေရာတွင် ထိုတောပုန်းဓါးပြကြီးသည် လူများစွာကို သတ်ခဲ့သည်။ သို့သော် သူ့ကိုပြန်သတ်လျှင် တစ်ခါသာ သတ်၍ရမည်။ လူအယောက်တစ်ရာ ကိုသတ်ခဲ့သူကို အခါတစ်ရာသတ်၍မရ၊ တစ်သက်သာ ပြန်သတ်၍ ရမည်။ အလျဉ်းသင့်၍ ဖော်ပြ ရသော်.. ဆော်ဒီအာရေဗျနိုင်ငံ၊ ရာဘီတွဟ်မှ ပညာရှင်များနှင့် သိပ္ပံပညာရှင်များဆွေးနွေးခန်းတွင် ထိုင်းနိုင်ငံမှ ခန္ဓာဗေဒပညာရှင် ဒေါက်တာ တာကာဇုန်နှင့်ဆွေးနွေးခန်းကို ပြန်လည်မျှဝေလိုသည်။ ဒေါက်တာ တာကာဇုန်တို့၏ ခန္ဓာကိုယ်အရေပြားပညာအရ မီးလောင်ခံရသော အရေပြားများနေရာတွင် အရေပြားသစ်များက အလိုအလျောက်အစားထိုးသည်ဟူသည့် သိပ္ပံတွေ့ရှိချက်ကို ရာဘီတွဟ်မှ ပညာရှင်များကလည်း ကျမ်းတော်မြတ်ကုရ်အာန်မှ ကျမ်းချက်ကိုဖော်ပြ၍ ငရဲတွင် ငရဲသားများအား အပြစ်ပေးသောအခါ ထိုငရဲသားများ၏အရေပြားများလောင်ကျွမ်းသွားလျှင် ထိုလောင်ကျွမ်းသွားသော အရေပြာများအစား အခြားအသစ်ဖြစ်သော အရေပြားများကို လဲပစ်မည်ဖြစ်ကြောင်း ဖော်ပြချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ထိုဆွေးနွေးခန်းထဲတွင်ပင် ဒေါက်တာ တာကာဇုန်မှ အစ္စလာမ်သို့ ကူး ပြောင်းဝင်ရောက်လာခဲ့သည်။ (အကျယ်ကို ဆရာဦးအေးလွင်နောက်ခံစကားပြော၍ ဘာသာပြန်ပေး သည့် အစ္စလာမ့်ဓမ္မဗိမာန်ထုတ် (ဤကားသစ္စာဓမ္မတည်း)ဟူသည့် ဗွီစီဒီ (၅)ချပ်တွဲနှင့် စာအုပ်တွင် ရှု ပါရန်။) မူရင်းအင်္ဂလိပ်ကတော့ This is the Truth ဖြစ်ပါသည်။ ဆော်ဒီအာရေဗျနိုင်ငံ၊ ရာဘီတွဟ်အဖွဲ့မှ ထုတ်ဝေပါသည်။ ထို့ကြောင့် ထို လူ အယောက် ၁၀၀ သတ်ခဲ့သူသည် ငရဲတွင် ထိုလူအယောက်တစ်ရာကို သတ်ခဲ့သည်နှင့်အမျှ အဖန်တလဲလဲ ပြန်လည် ခံစားရမည်ကို သတိချပ်စေလိုကြောင်းဖြင့် စာရေးသူ၏ ညီအား လက်စားချေလျှင် ဆိုသည့်ဘက်မှ စဉ်းစားပေးခဲ့ဖူးသလို အခြားတစ်ဖက်တွင်လည်း ကျမ်း တော်မြတ်ကုရ်အာန်ထဲတွင် အလ္လာဟ်က ပြစ်မှုကျူးလွန်သူအား ထိုသူကျူးလွန်ထားသည့်ပြစ်မှုနှင့် အညီ ထိုက်သင့်သောအရေးယူမှု ပြုပိုင်ခွင့်ရှိသော်လည်း အလ္လာဟ်နှင့် လှပသောချေးငှားမှု မပြုချင် ဘူးလားဟု မေးမြန်းဆုံးမတော်မူထားသော ကျမ်းတော်မြတ်ကုရ်အာန်၏ ကျမ်းချက်များကိုထောက်ရှု ၍ လက်စားချေလိုလျှင် ဖြစ်နိုင်ချေ(၂)မျိုးအရ စဉ်းစားနိုင်ကြောင်း၊ လက်စားချေလို၍ချေလိုက်လျှင် လည်း အယောက် တစ်ရာသတ်ခဲ့သူအား အခါတစ်ရာ ပြန်သတ်၍မရကြောင်း၊ ခွင့်လွှတ်လိုက်လျှင် တော့ ထိုခွင့်လွှတ်လိုက်သူ၏ နစ်နာမှုအတွက် အစားပေးရန်မှာ အလ္လာဟ့်တာဝန်ဖြစ်သွားကြောင်း အစရှိသည်ဖြင့် ရှင်းပြခဲ့သည်။ ဤနေရာတွင် စာရေးသူက ရွှေပြည်အေးတရားဟောနေခြင်းမဟုတ်ပါ။ သို့သော် အခြေအနေနှင့် အချိန်အခါကိုထောက်ရှု၍ မိမိလုပ်လိုက်သောအလုပ်တစ်ခု၏ နောက်ဆက်တွဲအကျိုးဆက်များကို မိမိသာမက အခြားသူများပါ ခံစားရမည်ကိုအရှည်တွက် သင့်ကြောင်း တင်ပြခြင်းသာဖြစ်ပါသည်။ အမှန်တကယ် ပြစ်မှုကျူးလွန်သူမဟုတ်သူကို အပြစ်ပေးခြင်း သည်လည်း တရားနည်းလမ်းမကျပါ။ ရန်သူများနှင့် ငြိမ်းချမ်းရေးအတွက်ဆိုလျှင် “အလ္လာဟ့် တမန်တော်”ဟူသည့် ဂုဏ်ပုဒ်ကိုပင် ဖျက်ပစ်ရန်ဝန်မလေးခဲ့သော တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)၏ ဟုဒိုင်ဗီယာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရာတွင် ငြိမ်းချမ်းရေးအတွက် အနစ်နာခံ ဆောင်ရွက်ချက်များကို ပြန်လည် အမှတ်ရကြစေလိုပါသည်။
    တာဝန်ကိုယ်စီ ရှိကြသည်
    စာရေးသူတို့အနေဖြင့် မတူညီကွဲပြားမှုများကြားတွင် ငြိမ်းချမ်းရေးရဖို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ အစရှိသော ကောင်းမြတ်သည့်ရည်ရွယ်ချက်များကို အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များဖြင့် လက်တွေ့အကောင်အထည်ဖော်ရန်လိုပါကြောင်း အကြံပြုချင်ပါသည်။ နှစ်ပေါင်းများစွာ အရိုးစွဲနေသော “အသိ”များကို အမှန်တကယ်ပင် change လုပ်ပေးဖို့သည် စာရေးသူတို့တစ်ဦးတစ်ယောက်ချင်းတွင် ကိုယ်စီတာဝန်ရှိကြပါသည်။ ထိုသို့ပြုပြင်ကြဖို့ဆိုလျှင် စာရေးသူတို့ အစ္စလာမ်ဘာသာဝင် တစ်ဦးချင်းစီအတွက် အသေးငယ်အပေါ့ပါးဆုံး တာဝန်မှာ “လမ်းပေါ်မှာရှိတဲ့ဆူးတစ်ချောင်းကို အခြားလမ်းသွားသူများ နင်းမိမည်စိုးသဖြင့် ဖယ်ရှားပေးခြင်း”ဟု မှတ်သားသင်ကြားဖူးပါသည်။ ထိုအတိုင်းပင် စာရေးသူတို့သည် ငြိမ်းချမ်းရေးအတွက် ကျမ်းတော်မြတ်ကုရ်အာန်၏ လမ်းညွှန်ချက်များကို လိုက်နာကျင့်သုံး၍ ငြိမ်းချမ်းရေးအတွက် အနစ်နာခံဆောင်ရွက်တော် မူခဲ့သော တမန်တော်ချုပ် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)ကိုယ်တော်၏ စံနမူနာများအတိုင်း လိုက်နာကျင့်သုံးဆောက်တည်ခြင်းဖြင့် ဝေနေယျ ခပ်သိမ်းပေါ် မေတ္တာတရားကြီးမားစွာထားရှိသော၊ သဘောထားကြီးသော၊ ကိုယ်ကျိုးစွန့်အနစ်ခံသော၊ ကိုယ်ကျင့် သီလ သမာဓိနှင့်ပြည့်စုံပြီး လူအများ၏ ကြည်ဖြူမှုကို လက်ခံ ရယူနိုင်ကြသောသူများဖြစ်ကြပါစေ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ အတူယှဉ်တွဲ လျှောက်လှမ်းနိုင်ကြပါစေ ဟု အကြံပြုဆုတောင်းရင်း…။
    မှီငြမ်း
    ၁။    ကျမ်းတော်မြတ်ကုရ်အာန်၊ မြန်မာဘာသာပြန်။
    ၂။    “ဤကားသစ္စာဓမ္မတည်း”။ အစ္စလာမ့်ဓမ္မဗိမာန်။ ဆရာဦးအေးလွင်ဘာသာပြန်။
    ၃။    ဒေါက်တာမြင့်သိန်း၏ “Al-Azhar Business & Education Centre ၊ ရန်ကုန်”မှ သင်ကြား ပို့ချ ချက်များ
    ၄။    “မသိစိတ်စွမ်းအင်အကြောင်းနှင့် NAC စိတ်ရောကိုယ်ပါ ပြုပြင်ပြောင်းလဲခြင်းစိတ်ပညာ”၊  ဂျော်နီကျော်မိုး
    ၅။    ဆရာဦးသန်းမြင့်(စီးပွားရေး)၏ ”ရောင်းဝယ်ရေး၊ အောင်မြင်ရေးနှင့် လူမှုဆက်ဆံရေး”သင်တန်းမှ ပို့ချချက်များ
    ၆။    “နိုင်ငံတော်ကြီး အေးချမ်းဖို့ Diplomacy လုပ်ကြစို့” ။ Dr. Aung Maw