News @ M-Media

Tag: ThetWaiHin

  • အရိုးတွန်မဲ့ ဧရာဝတီ

    အရိုးတွန်မဲ့ ဧရာဝတီ

    ဇွန် ၂၉ ၊ ၂၀၁၅
    M-Media
    သက်ဝေနှင်းရေးသည်။

    800px-Irrawaddy-River-Myanmar-Burma-2005

    အာဒမ်ဟာ လူသားမျိုးနွယ်ဆက်တွေ ပေါက်ဖွားရှင်သန်ဖို့အတွက် လိုအပ်နေတဲ့ လူသားမိန်းမ တစ်ယောက်ရရှိနိုင်ရန် ဘုရားသခင်ထံ သူ၏နံရိုးတစ်ချောင်းကို ထုတ်နှုတ်ပြီးပေးအပ်ခဲ့သလို ဧရာဝတီကလဲ လူသားမျိုးနွယ်ဆက်တွေ အသက်ရှင်ရပ်တည်နိုင်စေဖို့ရာ သူရဲ့နံရိုးတွေ၊ သူ့ရဲ့သွေးကြောတွေကို ဖြန့်ခင်းပြီး မြို့ ရွာတွေ တည်စေခဲ့ပါတယ်။

    ကျွန်မတို့မြို့လေးကလဲ ဧရာဝတီရဲ့ နံရိုးတစ်ချောင်းနဲ့ တည်ဆောက်ပေးထားတဲ့ မြို့လေးတစ်မြို့ပါ။ ကျွန်မကအမေ့ရဲ့ဇာတိဖြစ်တဲ့ ရန်ကုန်မြို့မှာ မွေးဖွားပြီး ရန်ကုန်မြို့မှာ ချက်မြှပ်ခဲ့ပေမယ့် အဖေရဲ့ဇာတိဖြစ်တဲ့ ဧရာဝတီမြစ်ကမ်းနံဘေးကမြို့ကလေးမှာ ကြီးပြင်းလာ ခဲ့ရသူပါ။ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရာ ကျွန်မရဲ့မြို့ကလေးမှာ ရှိကြတဲ့လူတွေဟာ အရင့်အရင်ကရော အခုပါ ဧရာဝတီကပေးအပ်တဲ့ ရေချိုတွေကို မြိန်ရေယှက်ရေ အားပါးတရ သုံးစွဲခဲ့ကြရင်းနဲ့ မွေးဖွား ရှင်သန်ကြီးပြင်းသေဆုံးနေကြရ၊ နေကြဆဲ၊ နေကြမှာပါ။

    လူ့ပြည်လူ့ရွာ လူ့လောကကြီးထဲမှာ ယေဘုယျအားဖြင့် လူတန်းစားသုံးရပ်ရှိတယ်လို့ ဆိုချင်ပါတယ်။ ဘာတွေလဲဆိုတော့ အထက်လွှာ လူတန်းစား၊ အလယ်အလတ်တန်းစားနဲ့ အောက်အလွှာအောက်ခြေ လူတန်းစားရယ်လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ အဲဒါကလည်း လူတွေကြားမှာ လူကိုလူခြင်းသာ အဲသလို အလွှာ၊ အဆင့်တွေ ခွဲခြားသတ်မှတ်ပြီး ခွဲခြားလို့ဆက်ဆံကြပါသော်လည်းပဲ ကျွန်မတို့ ချစ်တဲ့မြစ်ကြီး ဧရာဝတီကတော့ဖြင့် ဘယ်သောအခါမှ လူတန်းစား မခွဲခြားခဲ့ပါ။ အယုတ်၊ အလတ်၊ အမြတ်၊ အသားအရောင်၊ လူမျိုးဘာသာ ဘယ်လိုအရာကိုမှ မခွဲခြားဘဲ သူ့ရင်ဘတ်ထဲက ဘယ်လိုသယံဇာတ၊ ဘယ်လိုလိုအပ်ချက်မျိုးတွေကိုမဆို ထုတ်ယူအသုံးချ သုံးစွဲခွင့် ပြုခဲ့တာပါပဲ။

    ayeyarwaddy-river1

    ဧရာဝတီရဲ့မြစ်ကမ်း နံဘေးမှာ တံငါလှေလေးတွေရှိတယ်။ စက်တပ်ကူးတို့လှေကလေးတွေရှိတယ်။ သဘောင်္ကြီးငယ်တွေ ရှိတယ်။ ရေချိုးဆိပ်တွေမှာ ရေချိုးနေ၊ ရေကူးဆော့ကစားနေကြတဲ့ အရွယ်စုံတွေရှိတယ်။ အဝတ်လျှော်ဖွတ်ရင်း တီးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ စကားတင်းဆိုနေကြတဲ့ မိန်းမကြီးငယ် အရွယ်စုံရှိတယ်။ အမျိုးသား အမျိုးသမီး ကလေးသူငယ် အစရှိသဖြင့် အရွယ်စုံအရောင်စုံ လူမျိုးစုံဟာ ဧရာဝတီကို အမှီပြုပြီး မိမိအလိုရှိသလို အသုံးချနေလေ့ရှိကြပါတယ်။

    ကျွန်မလဲ ငယ်စဉ်အခါက ကျောင်းပိတ်ရက်လိုနေ့မျိုးတွေမှာ လူကြီးသူမများနဲ့ ဧရာဝတီရဲ့ ရေချိုးဆိပ်မှာ ရေလိုက် ချိုးခွင့်၊ ရေဆော့ ကစားခွင့်ကို ရံဖန်ရံခါ ရတတ်ပါတယ်။ နေ့စဉ်နေ့တိုင်းဖြင့် လိုက်ပါ ရေချိုးခွင့်မရခဲ့ပါ။ ဒါကလည်း အကြောင်းရှိပါတယ်။ အဲဒီအချိန်က ဧရာဝတီမြစ်ကြီးဟာ ကျယ်ပြောပြန့်ပြူးနေဆဲ မဟုတ်ပါလား။ ကျယ်ပြောလှတဲ့ဧရာဝတီ မြစ်ရေအလျဉ်ထဲမှာ မတော်တဆ အန္တရယ်ဖြစ်မှာ စိုးရိမ်ခဲ့တဲ့အမေ့ရဲ့ သတ်မှတ်ချက်နဲ့ ချမှတ်ထားတဲ့စည်းမျဉ်းတစ်ခုပေါ့။ အရွယ်ရောက်ကြီးပြင်းလာတဲ့အခါမှာတော့ ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်တဲ့ အချိန်အခါဖြစ်ပြီမို့ အမေ့ရဲ့စိုးရိမ်စိတ်တွေ အနည်းငယ်လျော့ပါးလာခဲ့ပါတယ်။ ဒါကြောင့်မို့လဲ ကျွန်မတို့ ညီအစ်မတစ်တွေဟာ ဧရာဝတီရဲ့ ရေချိုးဆိပ်မှာ နေ့စဉ်နီးပါး အဝတ်လျှော်ဖွတ်ကြ၊ ရေချိုးကြ၊ ညချမ်းချိန်မှာ ရေအိုးလေးတွေ ကိုယ်စီနဲ့ ရေခပ်ဆင်းကြနဲ့ အေးမြပြီး သန့်စင်နေတဲ့ ဧရာဝတီမြစ်ကြီးထဲက ရေတွေကို အရသာရှိရှိ မြိန်ရေယှက်ရေ ပြည့်ပြည့်ဝဝ ခံစားသုံးဆောင်ခဲ့ကြရပါတယ်။

    ဧရာဝတီရဲ့ညနေခင်းအလှဟာ တကယ့်ကို လက်ရာမြောက် သဘာဝပန်းချီကား တစ်ချပ်ပါ။ အနောက်ကျွန်းကို ယွန်းတော့မယ့် နေလုံးနီနီကို နောက်ခံပြုပြီး ငြိမ့်ညောင်းသာယာစွာ စီးဆင်းနေတဲ့ ဧရာဝတီရဲ့ ပုံရိပ်ဟာ ဘယ်တော့မှမေ့လို့မရ ဖျောက်လို့ မရနိုင်တဲ့ အတိတ်ကပန်းချီကားတစ်ချပ်ပါပဲ။ တစ်ခါတစ်ခါ ဖြတ်သန်းခုတ်မောင်းသွားတတ်တဲ့ ကူးတို့သဘောင်္တွေ ကုန်တင် သဘောင်္တွေကြောင့် ကမ်းကိုပြေးပြေးဆောင့်တဲ့ လှိုင်းလုံးတွေထဲမှာ ရေကူးရင်းဆော့ ကစားခဲ့ကြရတာဟာလည်း လွတ်လပ်ပျော်ရွှင်ဖွယ်ရာ လူ့ဘဝရဲ့ ကြည်နှုးမှု ရသာတစ်ခုပါ။ ကမ်းစပ်က သဲသောင်ပြင်ပေါ်မှာ လှဲလျောင်းပြီး သဘာဝအရသာတွေနဲ့ အတူတူ မြစ်ရေထဲမှာ ရေချိုးဆော့ကစားနေကြတဲ့ မိန်းကလေးတွေရဲ့ ပကတိအလှတရားတွေကို ခံစားသုံးဆောင်ရင်း ဧရာဝတီရဲ့ ညနေခင်းအလှထဲမှာ စီးမျောပျော်ဝင်နေကြတဲ့ အမျိုးသားကြီးငယ်အုပ်စုတွေကလဲ ဟိုတစ်စု သည်တစ်စုပေါ့။

    Irrawaddyrivermapအဲဒီအချိန်အခါတွေတုန်းကဆိုရရင် လောကကြီးအတွင်းမှာရှိတဲ့ စောင့်အပ်သောစည်း တားဆီးထားအပ်သောဘောင်တွေကို အလွယ်တကူနဲ့ ချိုးဖောက် ဖျက်ဆီးဖြစ်ကြဖို့ စိတ်ရိုင်း စိတ်မိုက်တွေဟာ လူသားယောင်္ကျား မိန်းမတွေဆီကို မကူးကြသေးဘူးပေါ့။ ဧရာဝတီရဲ့ရင်ဘတ်ကြီးကလည်း ကျယ်ဝန်းပြန့်ပြူးဆဲ၊ ဧရာဝတီရဲ့ ရေအလျဉ်တွေကလဲ ကြည်လင်ရှင်းသန့်ဆဲ၊ ဧရာဝတီရဲ့ကျန်းမာရေး အခြေအနေကလည်း ဘာတစ်ခုမှ ပျက်ဆီးယိုယွင်းမှုမရှိတဲ့ ကာလတစ်ခုလို့ ဆိုပါရစေ။ ကောင်းမွန် လန်းဆန်းတက်ကြွနေတဲ့ ဧရာဝတီရဲ့မြစ်ကမ်းနဘေးမှာ မှီတင်းနေထိုင်ကြတဲ့ လူသားများရဲ့ စိတ်ဓာတ်များဟာလည်း သန့်စင်မွန်မြတ်နေကြဆဲ ကာလလေးပဲပေါ့။

    အဲသည်လိုနဲ့ ကာလယန္တယားကြီးရဲ့ အဆက်မပြတ် လည်ပတ်မှုနောက်မှာ လိုက်ပါမျောရင်း ကျွန်မရဲ့ဘဝ အဆစ်အချိုးများရဲ့နောက်ပိုင်း မှာ ဧရာဝတီနဲ့ တစ်ဖြေးဖြေးဝေးဝေးပြီး လာခဲ့ပါတယ်။ ကျွန်မနဲ့ ဧရာဝတီနဲ့ဝေးကွာခဲ့ကြတဲ့ အချိန်တွေထဲမှာ အဝေးကနေ အမြဲလိုလိုကြားသိရတဲ့ ဧရာဝတီရဲ့သတင်းတွေနဲ့ ဧရာဝတီရဲ့ကျန်မာရေး အသက်ရှင်ရပ်တည်ရေး အခြေအနေအကြောင်းအရပ်တွေဟာ ကျွန်မရင်ကို နုံးချိစေခဲ့ရပါတယ်။ တစ်စတစ်စ ယုတ်လျော့နေပြီဖြစ်တဲ့ ဧရာဝတီရဲ့ အင်အားတွေနဲ့ အရေးနိမ့်ပြီဖြစ်နေတဲ့ ဧရာဝတီရဲ့ဘဝကုသိုလ်ကံကိုး။ ဘယ်လိုများ ကျားကန်ကြမှာပါလိမ့်လို့လဲ။ ကျွန်မ အမြဲလိုလိုတွေး ဖြစ်မိနေခဲ့တယ်။ ဧရာဝတီဟာ ငွေရှင်ကြေးရှင် ဓနရှင်တွေ မသမာသူ လောဘသားတွေရဲ့ အသုံးချမှုအောက်မှာ။ အသက်ကိုမနည်းဝအောင် ရှုနေရပါပေါ့လား။ သူ့ရဲ့နံရိုးတွေ၊ သူရဲ့အသက်သွေးကြောတွေနဲ့ တည်ဆောက်ထားတဲ့ မြို့တွေရွာတွေအတွက် သူရဲ့ပေးဆပ်နိုင်စွမ်းရှိသလောက် ခုထိပေးဆပ်နေရင်းက ဧရာဝတီဟာ သူ့တစ်ကိုယ်လုံး အရိုးပြိုင်းပြိုင်းကျနေပါရော့လား။

    ကျွန်မတို့ချစ်မြတ်နိုးအားကိုးရတဲ့ ဧရာဝတီဟာ ခုထက်ထိစိတ်မအေးနိုင်သေးပေမယ့်လည်း တွန်းနေတဲ့ သဲသောင်ပြင်တွေကြားမှာ ဘေးကြပ် နံကြပ်နဲ့ ဆက်လက် စီးဆင်းရင်း သူ့ကိုမှီခို အားထားနေကြရတဲ့ လူသားတွေအတွက် အရိုးတွန်နေဦးမှာတော့ အသေအချာပါပဲ။

    သက်ဝေနှင်း

  • ယောက်ျားနှင့် မိန်းမတို့ကြား နောင်တ မရှိစေဖို့

    ယောက်ျားနှင့် မိန်းမတို့ကြား နောင်တ မရှိစေဖို့

    မေ ၂၀ ၊ ၂၀၁၅
    M-Media
    သက်ဝေနှင်းရေးသည်။
    Solve-Problems-Between-Husband-And-Wife
    ယခုလက်ရှိတွင်ရရှိပြီး ယခုလက်ရှိတွင် သိမြင်နေရသော လူ့ဘဝသည် တစ်ကြိမ်တစ်ခါသာရရှိ၍ တစ်ကြိမ်တစ်ခါသာ သေဆုံးကြရသည်ဆိုသည့် အသိသည် လူတိုင်း၌ရှိ၏။

    လူသည် အသက်ရှင်နေထိုင်ခြင်းနှင့် သေဆုံးခြင်းကြား၌ရှိသော ကာလအတွင်း၊ အချိန်နှင့်ဖြစ်တည် မှုများသည် ပြန်လည်အစားထိုးမရနိုင်တော့မည့်အရာများသည်သာ ဖြစ်၏။

    လူသည်အမိဝမ်း၌ သန္ဓေတည်ပြီးနောက် ရက်ပေါင်းသုံးရာကျော်ခင်မှာပင် အမိဝမ်းမှကျွတ်၍ လူ့လောကအတွင်းသို့ရောက်ရှိပြီး ဘဝတစ်ခုကို ရရှိပိုင်ဆိုင်၏။ ထိုအချိန်မှစ၍ လူ့ဘဝ တစ်လျှောက်လုံးတွင် စတင် ရရှိခဲ့ပြီးလေသော အရာမှန် သမျှသည် နောင်ထပ် တစ်ကြိမ် နောက်ထပ်၍ ထပ်တူ ရရှိမလာတော့ပေ။ ဖြစ်ခဲ့ပြီးသော အရာများသည် (အဖြစ်အပျက်များကို မဆိုလို၊ ဘဝ၏ အစိတ်အပိုင်းများကို ဆိုခြင်း) နောက်ထပ် တစ်ဖန် အစားထိုး၍ ရောက်ရှိမလာခဲ့တော့ပေ။ အစားထိုး၍ ရရှိခဲ့ပါလျှင်လည်း ပထမရှိပြီးသားအချိန်နှင့်နေရာ ခံစားချက်သည် ထပ်တူတော့ဖြင့် မကျနိုင်။ အဓိကအားဖြင့် ဆိုလိုချင်သည်မှာ လူတစ်ယောက် စတင်ဖြစ်ရှိလာသည့် အသက် အရွယ်အပိုင်းအခြားကို စ၍ကြည့်မည်ဆိုလျှင် ကလေးဘဝအရွယ်မှသည် တစ်စတစ်စ တစ်ရက်ပြီးတစ်ရက် တဖြည်းဖြည်း ကြီးပြင်းလာလေသော အခါ ကျန်ရစ်ခဲ့ပြီဖြစ်သော ထိုကလေးဘဝသည် နောက်ထပ် တစ်ခါမည်သို့ မည်သို့မှပြန်လည် မရရှိနိုင်တော့ပေ။ ဖြစ်ပြီးခဲ့ပြီဖြစ်သော အချိန်၊ ကျန်ခဲ့ပြီဖြစ်သော နေရာတို့သည် နောက်ဆုံးလက်လွှတ်လိုက်ရပေ၏။ ဤသို့ပင်တည်း မိမိအတွက်ကောင်းခြင်းကိုသော် လည်းကောင်း၊ ဆိုးခြင်းကိုသော်လည်းကောင်း ၎င်းရရှိ လက်ခံလိုက်ရသော အချိန်အား သတ္တိရှိစွာနှင့်အသုံးချတတ်ရန် လိုအပ်ပေသည်။

    လူသည်ဘဝတစ်ခုဖြစ်လာပြီဆိုလျှင် မည်သည်ကိုမျှ အပိုင်တွက်ထား၍ မရနိုင်ပေ။ လူ့ဘဝကြီးသည် မသေချာခြင်း မရေရာခြင်းများသည်သာ အချိန်ပြည့်စိုးမိုး၏။ မိမိသည် မိမိ၏သတ္တိနှင့် မိမိ၏အသိတို့ကို သေချာရေရာအောင် ထိန်းသိမ်း ထိန်းကျောင်းပေးဖို့ကိုသာ အတတ်နိုင်ဆုံး ကြိုးစားရယူရပေမည်။ မနေ့ကဆိုသော ဖြစ်ပြီး ပျက်ပြီးသည့်အရာများ၊ ကျန်ရစ်ခဲ့ပြီဖြစ်သော အကြောင်းအရာတို့အား မည်သို့မျှ ပြန်၍ အစားထိုးလိုချင်၍မရနိုင်ပေ။ ထို့ကြောင့် မနေ့ကဆိုသော၊ မနေ့ကဆိုသည်မှာ မရှိတော့သော အရာပင်ဖြစ်၏။

    ထိုနည်းတူစွာပင် မနက်ဖန်ဆိုသည်မှာလည်း မရေရာ မသေချာသော အရာတစ်ခုပင်ဖြစ်၏။ မိမိ၏လက်ရှိအချိန်နှင့် လက်ရှိနေရာသည် မိမိဘဝအတွက် အခရာပင်တည်း။ ထိုနည်းတူစွာ လူ့လောကကြီးအတွင်းတွင် အတူတကွရောက်ရှိနေထိုင်ကြလေသော လူသားများ၏ နေရာသည်လည်း ပြန်လည်အစားထိုးမရနိုင်သော ရုပ်ဝတ္တုများပင်ဖြစ်၏။ နေရာကိုဘာညာနှင့်သာ အစားထိုး၍ ရချင်ရမည်။ ထိုနေရာနှင့် ထိုသည်၌ရှိခဲ့လေပြီးသော ပထမပုဂ္ဂိုလ်၊ ပထမလူသားသည်ကား ပြန်လည်၍မရရှိနိုင်တော့ပေပြီတကား။

    ထို့ကြောင့်ပင် ပုဂ္ဂိုလ်လူတစ်ဦးနှင့်တစ်ဦး၊ ယခုတစ်နေ့တွင် တွေ့ဆုံကြ အတူတကွရှိနေကြခြင်း အပေါ်တွင် အလေးအနက်ထား၍ တစ်ဦးအပေါ်တစ်ဦး လေးစားကြည်ညို ချစ်ခင်စွာဖြင့် ဆက်ဆံခြင်း၊ တစ်ဦး၏တန်ဖိုးအားတစ်ဦးမှ နားလည်သိတတ်ခြင်းစသည့် အလေးထားမှုလိုအပ်ပေသည်။ လူသားတစ်ဦးနှင့်တစ်ဦး စာနာ နားလည်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ပါးပင်တည်း။

    လူသားမျိုးနွယ်ဆက်များ ပေါက်ဖွားရှင်သန်မှုအတွက် အဓိကအကျဆုံးဖြစ်သော လူယောင်္ကျား လူမိန်းမတို့ကြားတွင် ထားရှိကြသော ချစ်ခြင်းမေတ္တာ၏ ထုတည်ပမာဏတွင် ပထမဦးစွာဖြစ်ပေါ် ထားရှိခဲ့ကြသော ထုတည်ပမာဏသည် ရှင်သန်ကြီးထွား အားကောင်းလှပေသည်။ တစ်ဦးအပေါ်တွင် တစ်ဦးထားရှိ ပေးအပ်ခဲ့ကြသည့် ဤချစ်ခြင်းမေတ္တာ၏ ထုထည် ပမာဏ အတိုင်းအတာအလျောက် ပေးအပ်သောသူထံမှ လက်ခံရယူသည့် သူသည် တစ်ဘက်သောသူ ပေးသော ပမာဏအားပြည့်ဝစွာ နားလည်လက်ခံနိုင်ကြရပေမည်။

    တစ်ဖက်မှပေးသော အချိန်ကာလတွင် ဖြစ်ရှိနေသည့် ချစ်ခြင်း၏ ထုထည်ပမာဏအား တစ်ခြားတစ်ဖက်မှ ထုထည်တူစွာပြည့်ပြည့်ဝဝ မခံယူခဲ့ပါလျှင် မခံယူတတ်ခြင်းကြောင့် မရရှိခဲ့ပါလျှင် သင်တကယ် အလိုရှိပြီဆိုသည့်အချိန်၌ အရာရာသည် နောက်ကျအကြီး နောက်ကျခဲ့လေပြီဆိုသည့်အသိနှင့် နောင်တတို့သာ သင်ပိုင်ဆိုင်ရပေလိမ့်မည်။ သွေးမတော် သားမစပ်ကြသော ယောက်ျားနှင့် မိန်းမတို့ကြားတွင် ဖြစ်ပေါ်ပေါက်ဖွားလောသော ချစ်ခြင်းမေတ္တာသည် အချိန်ကာလ တစ်ခုအတွင်းတွင် အတိုင်းအတာတစ်ခုအထိသာ ရှင်သန်ပေါက်ဖွားပေလိမ့်မည်။ ပေးအပ်သူနှင့် ခံယူသူတို့ကြား ဤအတိုင်းအတာနှင့် ဤအချိန်ကာလသည် လွန်၍သွားခဲ့ပြီး အနောက်၌ကျန်ရစ်ခဲ့ပြီဆိုလျှင် (Romance) ဟုခေါ်သော လူသားတို့၏ (စိတ်ကူးယဉ်အချစ်) များသည် တစ်စတစ်မှေးမှိန်၍ လာပေလိမ့်မည်။

    ယောင်္ကျားတစ်ယောက်နှင့် မိန်းမတစ်ယောက်သည် မိမိတို့ဆုံးဖြတ်ချက်နှင့်ပင် ပေါင်းသင်းနေထိုင်နေထိုင်၊ မိဘအသိုင်းအဝိုင်း၏ ဆုံးဖြတ်ချက်နှင့်ပင် ပေါင်းသင်းနေထိုင်နေထိုင် ယောင်္ကျားအိမ်ထောင်ဦးစီးသည် ငါသည်သာတန်ဖိုးရှိသည် ငါသည်သာ အခရာကျသည်ဆိုပြီး မိမိကိုယ် မိမိတန်ဖိုးမြှင့်ထားမည်။ သို့တည်းမဟုတ် အိမ်ထောင်တစ်ခုတွင် အသာစီးရထားပြီးသော ငါသည်သာ အဓိကကျသည် ငါသည်သာ အခရာကျသည်ဟု အခြားတစ်ဖက်သို့ငဲ့ မကြည့်ဘဲ မိမိ၏ တစ်ဖက်သတ် အယူဝါဒများနှင့်သာ ရှင်သန်လျှောက်လှမ်းကြမည်ဆိုပါက မည်သို့မျှ အေးချမ်းသာယာ၍ ချိန်ခွင်လျှာညီမှု ရရှိတော့မည် မဟုတ်ပေ။ တန်ဖိုးဆိုသည်မှာ သူ့နေရာနှင့်သူရှိပေ၏။

    တစ်ဦး၏တန်ဖိုးကိုတစ်ဦးမှ သက်ရှိထင်ရှားရှိနေစဉ် ကာလအတွင်း နားလည်သိရှိမှသာ လက်လွှတ် ဆုံးရှုံးလိုက်ရပြီ မရှိတော့ပြီ။ ပြန်လည်မရနိုင်တော့ပြီဆိုသည့်အချိန်ကာလသို့ ရောက်လျှင် နောင်တနှင့်ကြေကွဲမှုတို့လျော့ပါးလိမ့်မည်တည်း။

    သက်ဝေနှင်း

  • လူနှင့်ငြိမ်းချမ်းရေး ချိန်ခွင်

    လူနှင့်ငြိမ်းချမ်းရေး ချိန်ခွင်

    မေ ၁၂ ၊ ၂၀၁၅
    M-Media
    သက်ဝေနှင်းရေးသည်။
    peace_is_war-646x363
    လူအမျိုးမျိုးစိတ်အထွေထွေဆိုတဲ့စကားရပ်လိုပဲ။ သတ္တကမ္ဘာကြီးအတွင်းနေထိုင်ကြသူတွေဟာ အမျိုးမျိုးသော လူ၊ အမျိုးမျိုးသော ဘာသာတရား၊ အမျိုးမျိုးသောယုံကြည်ကိုးကွယ်မှုများ ရှိနေကြပါတယ်။ အဲဒီလိုလူမျိုး အမျိုးမျိုး၊ ဘာသာတရားအမျိုးမျိုးတွေနဲ့ နေထိုင်ကြတဲ့လူတို့ရဲ့စိတ်တွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီလောက်အောင်ကို အထွေထွေ အပြားပြားရှိနေကြတာကို အံ့သြဖွယ်ရာတွေ့ရှိကြရမှာ ဖြစ်တယ်။

    လူတစ်ယောက်နဲ့တစ်ယောက် အသင်းဖွဲ့တစ်ခုနဲ့တစ်ခု၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ဘာသာတရားတစ်ခုနဲ့တစ်ခု ထပ်တူညီဖို့ဆိုတာကတော့ မဖြစ်နိုင်တဲ့ကိစ္စတစ်ရပ်ပါ။ သို့သော်လည်း အတတ်နိုင်ဆုံး နားလည်စွာ ညှိနှိုင်းနေထိုင်ခဲ့ကြသည်မှာလည်း ကမ္ဘာဦးမှသည် ယနေ့ထိပင်မဟုတ်ပါလား။

    လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု၊ လူတစ်ဦးနဲ့တစ်ဦး ခိုက်ရန်ဖြစ်ပွားမှုများ၊ နယ်လုပွဲများ၊ အနိုင်ကျင့်စော်ကားမှုများ ဗိုလ်ကျအာဏာပြလိုမှုများမှာလည်း ရှေးအတိတ်ခေတ်မှသည် ယခုထိတိုင် တည်ရှိနေကြဆဲ။ ငြိမ်းချမ်းရေးကို လိုလားသူများနဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူများကြားမှာ လူသားတို့ရဲ့ အသက်၊ အိုးအိမ်စည်းစိမ် အိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရသည်မှာလည်း ကြားနေမြင်နေကြ ဇာတ်လမ်းများပင်တည်း။ ငြိမ်းချမ်းမှုကို ရှာဖွေကြသူများမှာလည်း လူသားများပင်ဖြစ်၍ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူများမှာလည်း လူသားများပင်ဖြစ်၏။

    လူသားအချင်းချင်း စာနာ နားလည်မှုရှိဖို့သာ လိုအပ်ပေသည်။ မည်မျှပင် ပညာများ တတ်မြောက်နေပါစေ မည်မျှပင်ငွေကြေးများပြည့်စုံစွာ ကြွယ်ဝနေပါစေ၊ အများနှင့်သက်ဆိုင်သော ပရဟိတ စိတ်ဓာတ်နှင့် သိတတ်နားလည်မှုများ နည်းပါးနေပါက လူအချင်းချင်းကြား ဆက်သွယ်ပေးနိုင်မည့် ငြိမ်းချမ်းရေး တံတားသည်ကား အစဉ် ကျိုးပဲ့၍နေမည်သာတည်း။

    စာနာ နားလည်မှု စိတ်ဓာတ်ထား ရှိနိုင်ကြမည်ဆိုပါက ကမ္ဘာနှင့်အဝှမ်းရှိ စစ်ပွဲများ ရပ်တန့်သွားပြီး တစ်ဦးအပေါ်တစ်ဦး ရက်စက်၊ ကြမ်းကြုတ် ယုတ်မာ ရိုင်းစိုင်းမှုများလည်း ပပျောက်ပေလိမ့်မည်။

    မည်သည့်ဘာသာဝင် မည်သည့်လူမျိုး မည်သည့် အသားအရောင်မဆို လူသည် လူသာလျှင်ဖြစ်ပေသည်။ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တများကို အတတ်နိုင်ဆုံးလျှော့ချလိုက်ပြီး သင့်တင့်လျှောက်ပတ်သော ကျင့်ကြံမှုများဖြင့် နေထိုင်ကြမည်ဆိုလျှင် ကမ္ဘာကြီးတွင်ရှိသော လူသားများအားလုံး အကန့်အသတ်မဲ့၊ ပျော်ရွှင်ငြိမ်းချမ်းသာယာနိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်ပေသည်။

    သက်ဝေနှင်း

  • နှစ်သစ်မှာ အတွေးသစ် အမြင်သစ်များအပေါ် လောင်းရိပ် မမိုးမိကြဖို့

    နှစ်သစ်မှာ အတွေးသစ် အမြင်သစ်များအပေါ် လောင်းရိပ် မမိုးမိကြဖို့

    ဧပြီ ၂၀ ၊ ၂၀၁၅
    M-Media
    သက်ဝေနှင်းရေးသည်။

    future
    .
    အခုဆိုရင် မြန်မာတို့ရဲ့ နှစ်သစ်ကိုကူးလူးရောက်ရှိခဲ့ပါပြီ။ နှစ်ဟောင်းမှ အညစ်အကြေးများကို ရေလောင်းဆေးကြောဖြစ်ခဲ့ကြပေပြီ။

    ယခုနှစ်ပြီးခဲ့လေသော သင်္ကြန်ပွဲတော်တွင် ချစ်ကြည်ရင်းနှီးခြင်း ပေါင်းစည်းခြင်းများစွာဖြင့် ဆင်နွဲကြသည်ကိုလည်း တွေ့ရှိခဲ့ကြပေပြီ။ ဟုတ်သည် သင်္ကြန်ကားများအပေါ်တွင် ကြည့်မည်လား။ သို့တည်းမဟုတ် သင်္ကြန်မဏ္ဍပ်များတွင် ကြည့်မည်လား။ ဘာသာခြားများ၊ အသွေးအရောင်မတူသူများ၊ နိုင်ငံခြားဧည့်သည်များနှင့် မြန်မာပြည်သူပြည်သားများ ဒိုးတူဘောင်ဖက် လည်ပတ်နေကြသည်။ ရေပက်ခံနေကြသည်။ ရေပက် ကစားနေကြလေသည်။

    ဤသို့ မတူခြားနားမှုများ အတူယှဉ်တွဲကာပေါင်းစည်းပျော်ရွှင်မှုသည် မြန်မာပြည်ကြီး၏ ငြိမ်းချမ်းခြင်း ပျော်ရွှင်သာယာခြင်း နမိတ်ပုံတစ်ခုပင် ဖြစ်ပေသည်။

    ယခုတိုးတက်၍ခေတ်မှီပြီး လွတ်လပ်ပွင့်လင်းလာသော ဒီမိုကရေစီခေတ်ကြီးတွင် လူတိုင်းလူတိုင်းသည် လွတ်လပ်စွာတွေးခေါ်မှု၊ လွတ်လပ်ပွင့်လင်းစွာ ဆုံးဖြတ်စီရင်နိုင်မှု၊ လူတစ်ဦးချင်းစီ အခွင့်အရေးများကို မည်သည့်အုပ်ချုပ်သူ၊ မည်သည့်လူ့အဖွဲ့အစည်းများမှ ချုပ်ကိုင်ထားခွင့် ချုပ်ကိုင်ပိုင်ဆိုးထားခြင်းမရှိတော့ပေ။ လူသားတို့၏ ကိုယ်ပိုင်ဥာဏ်ရည်ဥာဏ်သွေး ပွင့်လင်းမြင့်မားလာခြင်း၏ အခြေခံသဘောသည်လည်း ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ စူးစမ်းလေ့လာနိုင်ခွင့်တို့ အပေါ်တွင်လည်း မူတည်ပေသည်။ ချုပ်ခြယ်မှုများ တားမြစ်ပိတ်ပင်မှုများ၊ ကန့်သတ်ခွဲခြားမှုများဆိုသည်မှာလည်း နည်းမှန်လမ်းမှန်ဖြစ်ရန်များစွာ အရေးကြီးလှပေသည်။

    ယနေ့ခေတ်တွင် လူငယ်များတက်သစ်စ မျိုးဆက်သစ်များ အကြားတွင် ကန့်သတ်ချုပ်ခြယ်မှုများ ခွဲခြား ပိုင်းဖြတ်မှုများ နည်းပါးလာသည်ကို တွေ့ရှိကြရမည် ဖြစ်ပေသည်။ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် လူကြီးဖြစ်လာသောအခါတွင် ခွဲခြားမှုမရှိသော အတွေးအခေါ်အသစ်၊ အယူအဆအသစ်များ အားစွဲကိုင်လျှက် လမ်းသစ်ဖောက်မည့် အနာဂတ်ကြယ်များပင်ဖြစ်၏။

    ထို့ကြောင့် ယနေ့လူကြီးဖြစ်နေကြသည့် လူကြီးများသည် နောင်တွင်လူကြီးဖြစ်လာမည့် လူငယ်များအပေါ်တွင် နားလည်မှုများစွာထားရှိ၍ လူငယ်များ၏အတွေးအခေါ်အသစ် အယူအဆအသစ်၊ လမ်းစဉ်အသစ်များနှင့် ပတ်သတ်၍ ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း၊ တားမြစ်ခြင်းများ ပြုလုပ်မည့်အစား ထိုက်သင့်သလောက်လက်ခံပေးနိုင်ကြမည်ဆိုပါမှ ငြိမ်းချမ်းသာယာသော ပေါင်းစည်းမှုအသင်းများ လူသားတို့အကြားတွင် ပေါက်ဖွား ရှင်သန်ပေလိမ့်မည်။ လူငယ်များ၏စိတ်၊ ဦးနှောက်၊ အတွေးအခေါ်၊ အယူအဆများအပေါ်တွင် မည်သည့်လောင်းရိပ်ကိုမျှ မအုပ်စိုးမိစေရန် သတိချပ်ဖို့သာလိုအပ်လှပေသည်။

    သက်ဝေနှင်း

  • ငြိမ်းချမ်းသော ကမ္ဘာအတွက် လိုအပ်ချက်သည်

    ငြိမ်းချမ်းသော ကမ္ဘာအတွက် လိုအပ်ချက်သည်

    မတ် ၁၀ ၊ ၂၀၁၅
    M-Media
    သက်ဝေနှင်း ရေးသည်။
    peace1
    ငွေ … ငွေ … ငွေ သည်  လူသားတို့၏ အသိဥာဏ် ဖွံဖြိုးတိုးတက် လာခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော တန်ဖိုးဖြတ် ကိရိယာ တစ်ခုပင် ဖြစ်ပေသည်။

    လူသည် အသိဥာဏ် ဖွံ့ဖြိုးတိုးတက်လာသောအခါ ယုံကြည်မှု၊ ကိုးကွယ်မှုများ အဆင့်ဆင့်ပြောင်းလဲလာ၏။ မီး၊ ရေ၊ လေ၊ နေ အစမှသည် နတ်ရုပ်တု၊ ဆရာသခင်၊ ဘုရား အစရှိသဖြင့် ကိုးကွယ်ယုံကြည်မှုများ ပြောင်းလဲဖြစ်ပေါ်လာသည်။ လူဟူ၍ ဖြစ်ပေါ်လာပြီဆိုသည်နှင့် ကမ္ဘာဦးအစမှသည် ယခုထိတိုင် တူညီသော မပြောင်းလဲသော လူတို့၏လုပ်ငန်းများမှာ အသက်ရှင်နေထိုင်ရန် အစားအစာကို ရှာဖွေခြင်းနှင့် လူသားမျိုးနွယ်ဆက်များ ဆက်လက်ဖြစ်ထွန်း တည်တံ့စေရန်၊ ဖိုနှင့်မ ကာမဆက်ဆံစပ်ယှက်မှုပင် ဖြစ်၏။ လူသည် တစ်ခြားတစ်ခြားသော ပညာရပ်များကိုသာ သင်ယူသင်ကြားမှ တတ်မြောက်နိုင်မည်ဖြစ်သော်လည်း ဤကိစ္စနှစ်ခုမှာမူ အထူးတလည် သင်ကြားပေးရန်မလို။ အရွယ်ရောက်ပြီဆိုသည်နှင့် အလိုအလျောက်ပင် သိရှိဖြစ်ပေါ်လေ့ရှိ၏။

    ကမ္ဘာဦး လူ့သမိုင်း၏အစပိုင်းတွင် ရှာဖွေစားသောက်မှုသည် ရိုးရှင်း၏။ တစ်စတစ်စ အသိဥာဏ် ဖွံ့ဖြိုးတိုးတက်လာသည့် အခါ ပစ္စည်းခြင်းဖလှယ်၊ အသိခြင်းဖလှယ်၍ နေထိုင်စားသောက်တတ်လာ၏။ ထိုထက်မက ပို၍ပို၍ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်လာသည့်အခါ ငွေကြေးဖြင့် လဲလှယ်ရမည့် စနစ် ပေါ်ထွန်းလာ၏။ လူ့ဘောင်လူ့လောကတွင် လူတို့၏ ကိုးကွယ်ယုံကြည် အားထားရာမှာ ပထမနေရာတွင် ဘုရားသခင်၊ ဒုတိယနေရာတွင် ငွေကြေးဆိုသလိုပင် ဖြစ်လာ၏။ ငွေသည် ယဉ်ကျေးတိုးတက်သော လူသားတို့၏နယ်ပယ်တွင် အဓိကကျသော အရာပင်ဖြစ်လာသည်။ လူသည် မိမိထက် အစစအရာရာတွင် အနည်းငယ်သာနေပြီဆိုလျှင် သူသည် မိမိထက်အားထားဖွယ်ရာ ကိုးကွယ်ရာဟု ယူဆလေ့ရှိကြ၏။ ရှေးရှေးကလူသားများသည် ဘုရားသခင်ကိုရှာဖွေကြ၏။ ယခုမူ ငွေကိုရှာဖွေကြ၏။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ငွေကို လူတို့သည် ကိုယ်တိုင်ရှာဖွေမှသာ ရနိုင်သည်ဆိုသည်ကို မည်သို့မျှငြင်းပယ်၍မရ ဟူသော အသိတရားတစ်ခုကို တွေ့ရှိရသည်။ ငွေရရှိနိုင်ရန် အဓိကအရင်းအနှီးမှာ မိမိကိုယ်မိမိပင်ဖြစ်၏။ ငွေရှိလျှင် (သဘာဝတရားမှလွဲ၍) ဘာကိုမဆို (လူတို့ကိုယ်တိုင် တီထွင်ဖန်းတီးထားခြင်းများ) ရရှိနိုင်သည် မဟုတ်ပါလား။ ငွေပင်သည် မြေကြီးမှ ပေါက်လာခြင်း မဟုတ်သကဲ့သို့ ကောင်းကင်မှ ကျရောက်လာခြင်းလည်း မဟုတ်ပေ။ ငွေဟူသော ဒုတိယဖန်းဆင်ရှင်ကိုပင် လူဟူသည့်မိမိက ရှာဖွေပြုလုပ်ခဲ့ကြသည်။ သို့ဆိုလျှင် ငွေရှိဖို့အတွက် မိမိသာလျှင် အဓိကအကျဆုံး တန်ဖိုးအရှိဆုံး မဟုတ်ပါလား။ ငွေကြေး ချမ်းသာခြင်း၊ ငွေကြေး ဆင်းရဲနွမ်းပါးခြင်းများသည်လည်း မိမိ၏ ဦးနှောက်အသိနှင့် မိမိ၏လုပ်အား ခန္ဓာကိုယ်အရွေ့ပေါ်တွင်ပင် တည်မှီ၏။

    ဤသို့ဆိုလျှင် သင့်အားချုပ်ကိုင်နိုင်သော၊ သင့်အားခိုင်းစေနိုင်သော၊ သင့်အား ရှင်စေ သေစေ ပျော်စေ စိတ်ညစ်စေနိုင်သော မျက်စိနှင့်မြင်တွေ့နေရသော ထိုငွေကြေးတန်ဖိုးများသည် လူသားတို့၏လက်ထဲ၌ပင် ဖြစ်နေရှိနေလေသည်။ မိမိမမြင်နိုင် မိမိမတွေ့နိုင်သော မိမိတို့ယုံကြည်မှု တစ်ခုထဲဖြင့်သာ ပိုင်းခြားကန့်သတ်၊ သတ်မှတ်ထားလေသော ကိုးကွယ်မှုများသည် အဘယ်မှာရှိမည်နည်း။ အဘယ်နေရာတွင်ရှာဖွေရမည်။ ရှာဖွေသင့်သည်နည်း။ အသင်လူသား သင်၏ဦးနှောက်နှင့် သင်၏နှလုံးသား သင်၏သွေးကြောမျှင်များနှင့် သင်အသုံးချနေသော သင်၏ခန္တာကိုယ်ထဲတွင် သင်ပြန်၍ရှာဖွေပါ။ သင်၏ကိုးကွယ်ရာ ဘုရားသခင်သည် သင်၏နှလုံးသား၊ သင်၏အတွင်း၌ ကိန်းဝပ်၍ သင့်အားကောင်းခြင်းဆိုးခြင်းများကို သင်ကိုယ်တိုင်ပင် ဆုံးဖြတ်သုံးသပ်၍ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် သင်၏ ဦးနှောက်အား အသုံးချခြင်းဖြင့် သင်၏ ကိုးကွယ်ရာ အစစ်ကို ရှာဖွေနိုင်ပေလိမ့်မည်။

    ဘာသာတရားအားလုံးရှိ ရှေ့ဆောင်ဆရာသခင်များ၏ ကောင်းရာညွှန်လပ်သည့် တရားများလမ်းစဉ်တော်များအား သေချာစွာ သဘောပေါက် နားလည်ခြင်းအားဖြင့် သင့်အတွက်ကိုးကွယ်ရာအစစ်ကို တွေ့ရှိလားမေးလိမ့်မည်။ အဟိတ်တိရစ္ဆာန်လောကတွင် ရေနေသတ္တဝါ၊ ကုန်းနေသတ္တဝါ၊ လေနေသတ္တဝါ အစရှိသဖြင့် အကွဲကွဲအပြားပြား တည်ရှိသည်။ ယနေ့လူသားဆိုသည်မှာကား လူသားဟူ၍တစ်မျိုးတည်း တစ်စားတည်း ကမ္ဘာမြေကြီးပေါ်တွင် ရပ်တည်လျက်ရှိပေ၏။ ခွဲခြားခြင်းသည်ပင် လူသားများ၏ပြုလုပ်ချက်၊ သင်သိထားမည်ဆိုလျှင် ယနေ့ကမ္ဘာကြီးသည် ငြိမ်းချမ်းသာယာလှပလာပေလိမ့်မည် မလွဲပင်တည်း။

    သက်ဝေနှင်း