News @ M-Media
Tag: TunTunMin
  • ရိုးရာ လက်ဝှေ့ အဖွဲ့ချူပ် ပြက္ခဒိန်တွင် ထွန်းထွန်းမင်း ဓါတ်ပုံ ချန်ထားခံရ
    ရိုးရာ လက်ဝှေ့ အဖွဲ့ချူပ် ပြက္ခဒိန်တွင် ထွန်းထွန်းမင်း ဓါတ်ပုံ ချန်ထားခံရ
    စက်တင်ဘာ ၁၀ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ
    မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချူပ်က ထုတ်ဝေတဲ့ ၂၀၁၈ ခုနှစ် ပြက္ခဒိန်တွင် နာမည်ကျော် ရိုးရာလက်ဝှေ့ ချန်ပီယံ ထွန်းထွန်းမင်း(မုဒုံသား) ရဲ့ အမည် နှင့် ဓါတ်ပုံ ပါဝင်မလာတာကို တွေ့ရပါတယ်။
    ဒါနဲ့ ပတ်သက်ပြိး ထွန်းထွန်းမင်းက သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အောက်ပါအတိုင်းမေးခွန်းထုတ်ရေးသားထားတာကို တွေ့ရပါတယ်။
    ” ကျွန်တော်ငယ်ငယ်လေးထဲက လက်ဝှေ့ကိုဝါသနာပါပြီး စိတ်ဝင်စားခဲ့တာ
    တနေ့ကျရင် ချန်ပီယံဖြစ်ရမယ်လို့ ကျွန်တော် အိမ်မက်မက်ခဲ့တယ်
    ကျွန်တော်အိမ်မက်အတိုင်း ကျွန်တော်ချန်ပီယံဖြစ်ခဲ့တယ်
    နိုင်ငံတော်အတွက်လည်း ဆုတံဆိပ်တွေအမျာကြီး ယူပေးနိုင်ခဲ့တယ်။
    ခေတ်အဆက်ဆက်ချန်ပီယံ ပုံထဲမှာ ကျွန်တော် ဘာလို့မပါတာလဲ။
    လက်ဝှေ့လောက ကလူကြီးတွေက ကျွန်တော်ကို ချန်ပီယံအဖြစ် အသိအမှတ်မပြုတာလား ၊ ပုံတွေကရောဘယ်သူထည့်တာလဲ မပါအောင်။”
    အဆိုပါပြက္ခဒိန်တွင် အတန်းလိုက် လက်ဝှေ့ချန်ပီယံများ၊ ခေတ်အဆက်အဆက် မြန်မာရိုးရာလက်ဝှေ့ ချန်ပီယံများ၊ အခြားနာမည်ကျော် ရိုးရာလက်ဝှေ့ သမားများ အပြင် နိုင်ငံခြားသား လက်ဝှေ့ကျော်များကို ပါ ထည့်သွင်းဖော်ပြထားပြိး လက်ရှိ မြန်မာပြည် ရိုးရာလက်ဝှေ့ ချန်ပီယံနှင့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ရွှေတံဆိပ် ဆုရှင် ထွန်းထွန်းမင်း ရဲ့ အမည်နှင့် ပုံ ကိုဖော်ပြထားခြင်းမရှိပါဘူး။
    ထွန်းထွန်းမင်းဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၁ တွင် မြန်မာပြည် လက်ဝှေ့ချန်ပီယံ  စောငမန်းအား အနိုင်ရရှိပြီး မြန်မာပြည်လက်ဝှေ့ ချန်ပီယံဘွဲ့ ကို ရရှိခဲ့တာဖြစ်ပါတယ်။
    (ဓါတ်ပုံ-ထွန်းထွန်းမင်း FB)
  • ကမ္ဘာ့ကိုယ်ခံ ပညာပေါင်းစုံ ပြိုင်ပွဲသို့ မြန်မာပြည် အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်မည်
    ကမ္ဘာ့ကိုယ်ခံ ပညာပေါင်းစုံ ပြိုင်ပွဲသို့ မြန်မာပြည် အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်မည်
    သတင်း – မောင်စိန်လွင်(မြန်မာ့အလင်း)
    ရန်ကုန် မေ ၁၃
    13179319_888518337942700_9042928045085995529_n
    ရိုးရာလက်ဝှေ့လောက၏ မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်း တစ်ယောက် ယခင်က တစ်ကြိမ်တစ်ခါမှ သွားရောက်ယှဉ်ပြိုင် ထိုးသတ်ဖူးခြင်း မရှိသေးသည့် ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲသို့ ပထမဦးဆုံးအကြိမ် သွားရောက် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူ ဦးဝဏ္ဏ(မာဂျေ)ထံမှ သိရသည်။
    ”ဒီပွဲကို ထွန်းထွန်းမင်း သွားရောက်ယှဉ်ပြိုင်ထိုးသတ်ဖြစ်အောင် စီစဉ်ဖြစ်တာ ကတော့ ဂျပန်က ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲရှိတယ်ဆိုပြီး လှမ်းဖိတ်တယ်။ မြန်မာနိုင်ငံက ထွန်းထွန်းမင်းအနေနဲ့ ဒီပွဲကို လာပြီးတော့ ယှဉ်ပြိုင်ထိုးသတ်မလား ပြောတော့ ကျွန်တော်က ထွန်းထွန်းမင်းကို မေးတယ်။ ဂျပန်ကတော့ ဖိတ်တယ်၊ မင်း သွားထိုးမလားမေးတော့ သွားထိုးမယ်ပြောတာနဲ့ စီစဉ်ဖြစ်သွားတာပါ။ တကယ် တော့ ဒီလို နိုင်ငံတကာက လာပြိုင်တဲ့ ကိုယ်ခံပညာပြိုင်ပွဲမှာ မြန်မာ့ရိုးရာ လက်ဝှေ့အနေနဲ့ ကမ္ဘာကို သိစေချင်လို့ သွားပြိုင်တာပါ။ ဟိုက ထိုးကြေးအဖြစ် ဒေါ်လာ ၂၂ဝဝ ပဲပေးတယ်။ ကျန်တဲ့ ဒေါ်လာ ၃ဝဝဝ လောက်နဲ့ ကုန်ကျစရိတ်တွေက ကျွန်တော်က အကုန်အကျခံရမှာဖြစ်တယ်။ ရိုးရာလက်ဝှေ့ကို ကမ္ဘာအထိ ပျံ့နှံ့စေ ချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ပါ”ဟု ဦးဆောင်စီစဉ်သူ ဦးဝဏ္ဏ(မာဂျေ)က ပြောသည်။
    ပထမဆုံးအကြိမ် သွားရောက်ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ ပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းအား ပွဲနှင့်ပတ်သက် ၍ ထိုးဖြစ်ခဲ့ပုံနှင့် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေကို မေးမြန်း ရာ ”မြန်မာပြည်မှာ ပွဲမရှိလို့ သွားထိုးဖြစ်တာပါ။ လေ့ကျင့်မှုက တော့ နေ့စဉ်မပြတ် လေ့ကျင့်နေပါတယ်” ဟု ဆိုသည်။
    ယင်းပြိုင်ပွဲတွင် အိမ်ရှင် ဂျပန်နိုင်ငံအနေဖြင့် ယှဉ်ပြိုင် ထိုးသတ်မည့် တွဲဆိုင်းအားလုံးထဲမှ ဂျပန်နိုင်ငံသားချင်း တွဲဆိုင်း တစ်ဆိုင်းသာပါဝင်ပြီး ကျန်တွဲဆိုင်းအားလုံးသည် နိုင်ငံတကာမှ လက်ဝှေ့ကျော်များနှင့် အိမ်ရှင် ဂျပန်လက်ဝှေ့ကျော်များ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ထိုးသတ်မည့် ထွန်းထွန်းမင်းသည် အီတလီနိုင်ငံမှ ကမ္ဘာ့ကိုယ်ခံ ပညာပေါင်းစုံပြိုင်ပွဲ ချန်ပီယံလက်ဝှေ့ကျော် တစ်ဦးနှင့် ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စား လှယ်အဖွဲ့အနေဖြင့် ဇွန် ၂၉ ရက်တွင် မြန်မာနိုင်ငံမှ စတင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
    ၁၄၊ ၅ ၊ ၂၀၁၆ မြန်မာအလင်း
  • နိုင်ငံရပ်ခြားမှ စိတ်ဝင်စားမှုမြင့်တက်လာသည့် မြန်မာ့လက်ဝှေ့
    နိုင်ငံရပ်ခြားမှ စိတ်ဝင်စားမှုမြင့်တက်လာသည့် မြန်မာ့လက်ဝှေ့
    ဒီဇင်ဘာ ၂၆၊ ၂၀၁၅
    M-Media
    lw 1
    မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းနှင့် အမေရိကန်မှ ဆိုင်းရပ်စ်တို့၏ပွဲမှ ပုံရိတ်တစ်ခု
    – မြန်မာ့လက်ဝှေ့ချန်ပီယံက ၎င်း၏ အမေရိကန်ပြိုင်ဘက် မျက်နှာအား ညာလက်သီးပစ်သွင်းလိုက်သည့် အချိန်တွင် ရန်ကုန်မြို့ရှိ လက်ဝှေ့ရုံအတွင်း သြဘာပေးသည့်အသံကြီး ဟိန်းထွက်သွားသည်။ ပထမအချီတွင်ပင် ထိထိမိမိရှိခဲ့သည့် ထိုလက်သီးချက်ကြောင့် အမေရိကန်လက်ဝှေ့သမား၏ မျက်နှာမှာ ကြိုးဝိုင်းကြမ်းပြင်နှင့် မိတ်ဆက်သွားလေတော့သည်။
    သို့သော်လည်း ထိုအမေရိကန်လက်ဝှေ့သမားနှင့် အခြားသော နိုင်ငံခြား တိုက်ခိုက်ရေးသမားများအတွက် လက်ဗလာခြေဗလာနှင့် အလဲလဲအကွဲကွဲ ထိုးသတ်ရသည့် မြန်မာ့လက်ဝှေ့အားကစားက ၎င်းတို့၏ အနာခံနိုင်မှုနှင့် တိုက်ခိုက်မှုစွမ်းရည်တို့ကို မှတ်ကျောက်တင်ရာ အကြောင်းအရင်းပင် ဖြစ်နေတော့သည်။
    ခေါင်းဖြင့်တိုက်မှုပါအ၀င် အလွန်နာကျင်စေသည့် တိုက်ခိုက်မှုပုံစံများကို ခွင့်ပြုထားသည့် မြန်မာလက်ဝှေ့က အရှေ့တောင်အာရှ၏ လက်ဝှေ့အားကစားနည်းများတွင် အပြင်းထန်ဆုံးသော အားကစားနည်းဖြစ်သည်ဟု လက်ဝှေ့သမားများက ဆိုကြသည်။ မြန်မာ့လက်ဝှေ့က မွေထိုင်းဟု လူသိများသည့် ထိုင်းလက်ဝှေ့ထက်ပင် ပြင်းထန်လေသည်။
    ပြိုင်ဘက်များ အရှုံးပေးသည်အထိ ထိုးသတ်ရသည့် မြန်မာ့လက်ဝှေ့တွင် ထိုးသတ်သူများမှာ ၎င်းတို့၏လက်များကို အကာအကွယ်အဖြစ် အ၀တ်များပတ်ထားရသော်လည်း လက်အိတ်မ၀တ်ရ။ ပြိုင်ဘက်အား အလဲထိုးနိုင်မှသာ အနိုင်ရလေသည်။
    lw 3
    အမေရိကန်လက်ဝှေ့သမား ဆိုင်းရပ်စ်
    ထိုညက ကြိုးဝိုင်းအတွင်းရှိခဲ့သည့် အမေရိကန်လက်ဝှေ့သမားမှာ ၀ါရှင်တန်မှ ဆိုင်းရပ်စ်ဖြစ်သည်။ လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးလာခဲ့ပြီး ဆုကြေးငွေကလည်း မြင့်တက်လာသည့် မြန်မာနိုင်ငံတွင် ဆိုင်းရပ်စ်မှာ အကြိမ်ကြိမ်အခါခါ လက်ဝှေ့ကြိုးဝိုင်းထဲသို ၀င်ရောက်ဖူးသူဖြစ်သည်။
    “ခေါင်းနဲ့တိုက်တာလား။ သိပ်အန္တရာယ်များတာပေါ့။ ဒါပေမယ့် လက်ဝှေ့ထိုးတဲ့ ပုံစံအားလုံးလည်း အန္တရာယ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ခေါင်းတိုက်တာ၊ ခြေထောက်နဲ့ အားရပါးရကန်တာ၊ အခြားသော ရုပ်ပိုင်းဆိုင်ရာတွေနဲ့ တိုက်ခိုက်တာတွေ အားလုံးဟာ ကြိုးဝိုင်းထဲမှာ အန္တရာယ်ရှိတာပါပဲ” ဟု မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းနှင့် မထိုးသတ်ခတ် အသက် ၃၃ နှစ်အရွယ် ဆိုင်းရပ်စ်က ပြောကြားခဲ့သည်။
    သို့သော်လည်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ထိုးသတ်ပွဲတွင် ဆိုင်းရပ်စ်စိုးရိမ်နေသည့် ခေါင်းတိုက်ချက်ပင် မလာလိုက်။ ကြိုးဝိုင်းအတွင်းဝင်ရောက်ပြီး တစ်မိနစ်ကျော်ကျော်အကြာ၌ပင် ထွန်းထွန်းမင်း၏ လျင်မြန်ပြင်းထန်သည့် ညာလက်သီးကြောင့် ဆိုင်းပ်ရက်စ်တစ်ယောက် အရုပ်ကြိုးပြတ်ဖြင့် ပွဲသိမ်းခဲ့ရပြီး သင်ခန်းစာကောင်းကောင်း ရခဲ့လေသည်။
    ထိုင်းနိုင်ငံမှ မွေထိုင်းချန်ပီယံများမှာလည်း အိမ်နီးချင်းမြန်မာနိုင်ငံသို့သွားရောက်၍ ထိုးသတ်မှုများမှာ ယခုနောက်ပိုင်းတွင် မြင့်တက်လာခဲ့သည်။ ထွန်းထွန်းမင်းကတော့ မွေထိုင်းသမား ၂ ဦးနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲစလုံး အနိုင်ယူခဲ့သည်။
    ထို့ပြင် မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း စောငမန်း၊ နာမည်ကြီးလက်ဝှေ့သမား တူးတူးတို့နှင့်လည်း ထွန်းထွန်းမင်းတစ်ယောက် တွေ့ဆုံထိုးသတ်ခဲ့ပြီး ဖြစ်သည်။
    မြန်မာလှက်ဝှေ့၏ သမိုင်းကြောင်းမှာ အလွန်ရှည်ကြာ ခိုင်မာလေသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံမှ စေတီပုထိုးများရှိ ပန်းပုလက်ရာများတွင် အမျိုးသားနှစ်ဦး တိုက်ခိုက်မည့်ဟန်ပန်များကို တွေ့ရပြီး၊ မြန်မာလက်ဝှေ့သက်တမ်းမှာ နှစ်ပေါင်းထောင်ကျော် ကြာမြင့်နေပြီဆိုသည်ကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။
    ယနေ့ခတ်တွင် မြန်မာလက်ဝှေ့က နိုင်ငံအရှေ့ပိုင်းရှိ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရှင်သန်နေသည်။ ထိုဒေသများ၌ ဘုန်းကြီးပျံပွဲမှအစ နှစ်သစ်ကူးပွဲများအထိ လက်ဝှေ့ပွဲများက မပါမဖြစ်ပါကြသည်။
    ကြိုးဝိုင်းနှင့်အနီးဆုံးတွင် ကြည့်ရှုသည့် ပရိတ်သတ်များမှာ အရိုးကြိုသံများကို ကြားရလောက်သည်အထိ၊ သွေး၊ ချွေးနှင့် တံတွေးများ မြင်ရလောက်သည်အထိ မြန်မာ့လက်ဝှေ့က ပြင်းထန်လေသည်။ ထိုလက်ဝှေ့ပွဲများတွင် အသက် ၁၀ နှစ်အရွယ် ယောက်ျာလေးငယ်များ ပါဝင်ထိုးသတ်မှုမှာလည်း မြန်မာနိုင်ငံတွင် အဆန်းမဟုတ်တော့။
    ၃ မိနစ် ငါးချီပြည့်တွင် မည်သူမှ အလဲမထိုးနိုင်ပါက ပွဲကို သရေအဖြစ် သတ်မှတ်သည်။
    မကြာသေးမီကာလအထိ မြန်မာ့လက်ဝှေ့ကြိုးဝိုင်းများတွင် နိုင်ငံခြားသားများ ၀င်ရောက်ထိုးသတ်မှုမှာ နည်းပါးသော်လည်း ယခုနောက်ပိုင်းတွင်တော့ ပြောင်းလဲမှုများ လျင်လျင်မြန်မြန်ပင် ဖြစ်လာခဲ့သည်။
    လက်ဝှေ့ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဇင်လင်းထွန်းက မြန်မာ့လက်ဝှေ့တွင် နိုင်ငံခြားသားများ ပထမဆုံး ပါဝင်ထိုးသတ်မှုမှာ ၁၉၉၀ ပြည့်နှစ်များတွင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အိမ်နီးချင်းထိုင်းနိုင်ငံမှ အဓိကလာရောက်ကြခြင်းဖြစ်သည်။
    ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ သြစတေးလျ၊ မက္ကဆီကိုနှင့် ကော်စတာရီကာတို့မှ လက်ဝှေ့သမားများကလည်း ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်၍ မြန်မာနိုင်ငံသို့ လာရောက်ထိုးသတ်ကြသည်။
    စစ်အာဏာရှင်အုပ်ချုပ်သည့် စနစ်မှ အရပ်သားတစ်ပိုင်း ဒီမိုကရေစီစနစ်သို့ ပြောင်းလဲလာသည့် နိုင်ငံရေးအရွေ့ကလည်း မြန်မာ့လက်ဝှေ့လားရာ ပြောင်းလဲမှုကို အကူအညီဖြစ်စေခဲ့သည်။
    “သူတို့က ဒါဟာ အပြင်းထန်ဆုံး ကိုယ်ခံပညာလို့ ထင်ကြတယ်။ ပြီးတော့ မြန်မာ့လက်ဝှေ့မှာအနိုင်ရပြီး သူတို့ ဘယ်လောက် ကြံ့ခိုင်သန်မာစေတယ်ဆိုတာကို ပြချင်ကြတယ်လေ” ဟု ဇင်လင်းထွန်းက ပြောကြားခဲ့သည်။
    ရည်မှန်းချက်ကြီးမား
    lw 2
    မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းအား လေ့ကျင့်ရေးရုံ၌ တွေ့ရစဉ်
    ထွန်းထွန်းမင်း၏ ယခုနှစ်အတွင်းထိုးသတ်မှုများက မြန်မာလက်ဝှေ့လောက ပြောင်းလဲမှု၏ သက်သေပင်ဖြစ်သည်။
    “အခုနှစ်အတွင်းမှာ ကျွန်တော် ၉ ပွဲထိုးခဲ့တယ်။ မြန်မာနိုင်ငံကပြိုင်ဘက် တစ်ယောက်မှ မပါပါဘူး။ အားလုံး တစ်ခြားနိုင်ငံတွေကပဲ” ဟု ထွန်းထွန်းမင်းက ပြောကြားခဲ့သည်။
    ၂၀၁၄ ခုနှစ်က မြန်မာ့လက်ဝှေ့ချန်ပီယံဖြစ်ခဲ့သည့် ထွန်းထွန်းမင်းကဲ့သို့ မြန်မာလက်ဝှေ့သမားများအတွက် နိုင်ငံခြားပြိုင်ဘက်များက မြန်မာ့လက်ဝှေ့အဆင့်အတန်းအား နိုင်ငံတကာက အသိအမှတ်ပြုမှု တိုးတက်လာစေရေးတွင် အထောက်အကူဖြစ်စေလေသည်။
    ချို့ချို့တဲ့တဲ့ဖြင့် မွေးဖွားကြီးပြင်းခဲ့ရပြီး လက်ဝှေ့သမားတစ်ယောက်၏ သားဖြစ်သူ ထွန်းထွန်းမင်းမှာ လက်ဝှေ့စတင်ထိုးသတ်သည့်အချိန်က ၁၀၀၀ ကျပ်သာ ရရှိခဲ့သည်။
    “အခုတော့ တစ်ပွဲကို ၆၅ သိန်းလောက် ကျွန်တော်ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံက လက်ဝှေ့သမားတစ်ယောက်အတွက် အမြင့်ဆုံးကြေးပါပဲ” ဟု ထွန်းထွန်းမင်းက ဖွင့်ဟခဲ့သည်။
    မြန်မာ့လက်ဝှေ့အားကစားအား ကမ္ဘာအဆင့်အထိရောက်ရှိအောင် ဆောင်ရွက်သွားရန်လည်း ထွန်းထွန်းမင်းက ရည်ရွယ်ထားသည်။
    မြန်မာ့လက်ဝှေ့မှာ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခြင်း ခံရရန် အချိန်ကြာမြင့်အုံးမည်ဖြစ်သည်။
    “မြန်မာ့လက်ဝှေ့ ကမ္ဘာ့အဆင့်အထိရောက်ဖို့ဆိုရင် အစိုးရနဲ့ အခြားသော အသင်းအဖွဲ့တွေက အားပေးကူညီ ပံ့ပိုးမှုတွေ လိုအပ်ပါတယ်” ဟု မြန်မာ့လက်ဝှေ့အဖွဲ့ချုပ်မှ စိုင်းဇော်ဇော်က ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းကို အားပေးလာခြင်းနှင့်အတူ တနင်္ဂနွေနေ့ လက်ဝှေ့ပွဲများအား ကြည့်ရှုအားပေးသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်လာခဲ့သည်။
    အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သော ဂျူလီယန် အဲလက်စ်ကတော့ ခံစားမှုမျိုးစုံ ရှိနေ၏။
    “မြန်မာ့လက်ဝှေ့ကို ကျွန်တော်ကြိုက်ပေမယ့် လှလှပပ ထိုးသတ်တာမျိုးကို ကျွန်တော် ကြည့်ချင်ပါတယ်။ ဒါပေမယ့် မြန်မာလက်ဝှေ့သမားတွေက ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးပြုပြီး အရမ်းလည်း သတ္တိရှိကြပါတယ်” ဟု အဲလက်စ်က ပြောကြားခဲ့လေသည်။
    (Dailymail တွင် ဖော်ပြသည့် Foreigners drawn to Myanmar’s bone-crunching kickboxing ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • ၂၀၁၅ အကောင်းဆုံး မြန်မာ့ရိုးရာ လက်ဝှေ့သမားဆု ထွန်းထွန်းမင်းရရှိ
    ၂၀၁၅ အကောင်းဆုံး မြန်မာ့ရိုးရာ လက်ဝှေ့သမားဆု ထွန်းထွန်းမင်းရရှိ
    12241281_1692541460991398_473555449807385293_n
    မန္တလေး ဒီဇင်ဘာ ၁၂
    မန္တလေးမြို့မှ မြန်မာ့ရိုးရာ လက်ဝှေ့ချစ်မြတ်နိုးသူ ဝါသနာရှင် များ စီစဉ်သည့်၂၀၁၅ ခုနှစ် မြန်မာ့ ရိုးရာလက်ဝှေ့အကောင်းဆုံး ထူးချွန် ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီက မန္တလေးမြို့ (၃၅)လမ်းနှင့် (၇၆)လမ်းရှိ တီးမားတင်ဝင်း မင်္ဂလာ ခန်းမ၌ ကျင်းပသည်။ မြန်မာ့ရိုးရာလက်ဝှေ့ ထူးချွန်ကလပ်အသင်းဆုနှင့် ထူးချွန် အားကစားသမားများဆုပေးအပ်ခြင်း ကို မန္တလေးမြို့က ပထမဆုံးအကြိမ် စတင်လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။
    12316509_1692541507658060_8979806615644654882_n
    အခမ်းအနားတွင် အခမ်းအနားမှူး အဖြစ် ဆရာမခင်ခင်ဝင်း (ပညာရေး) က ဆောင်ရွက်သည်။ ရှေးဦးစွာ မန္တလေးမြို့၏ ဝါရင့်လက်ဝှေ့ ပွဲများကို စီစဉ်သူ ဆရာကြီးကီးမားဦးတင်ဝင်းက မြန်မာ့ရိုးရာ လက်ဝှေ့ပွဲများအကြောင်း ကိုလည်းကောင်း၊ ရန်ကုန်မြို့မှ ရောက်ရှိလာသည့် ဆရာဦးမြင့်လွင် (ကျားကြီး)က မြန်မာ့ ရိုးရာလက်ဝှေ့ ဆုချီးမြှင့်ပွဲ ကျင်းပခြင်းအတွက် မုဒိတာစကားပြောကြားသည်။
    ဆက်လက်၍ ဆရာကြီး ဦးဂျွန်ပေါ က ၂၀၁၅ ခုနှစ် မြန်မာ့ရိုးရာလက်ဝှေ့ အကောင်းဆုံးထူးချွန်ဆုပေးပွဲ ဖြစ် ပေါ်လာပုံကို ရှင်းလင်းတင်ပြသည်။
    12321165_1692541487658062_2797401717471323765_n
    ထို့နောက် ဆုများပေးအပ်ချီးမြှင့်ရာ ဆရာကြီး ကီးမား ဦးတင်ဝင်းက ကြိုးစားအားထုတ်မှု ထူးချွန်ကလပ်အသင်းဆုရ အဖြူရောင်သွေးသစ်ကလပ်မှဆရာကြီး ဦးအောင်ပွဲမောင်အားလည်းကောင်း၊ ဆရာစနေမောင်မောင်က အတိုးတက်ဆုံး မြန်မာ့ရိုးရာ
    လက်ဝှေ့ အားကစားသမားဆု ရသွေးသစ်အောင်အား လည်းကောင်း၊ဆရာဦးဂျွန်ပေါက မြန်မာ့ရိုးရာလက်ဝှေ့ အလဲထိုးစွမ်းဆောင်ရည် အမြင့်ဆုံးဆု (အလဲထိုးဘုရင်)ရ ရဲသွေးနီအားလည်းကောင်း၊ ဆရာ ဦးစိုးမင်းက မြန်မာ့ရိုးရာလက်ဝှေ့ အကောင်းဆုံး အားကစားသမားဆုရ မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်း အားလည်းကောင်း ဆုဖလားနှင့် ကျပ်ငွေငါးသိန်းစီ ဆုချီးမြှင့်သည်။
    ခင်ခင်ဝင်း(ပညာရေး)
    ၁၃၊ ၁၂၊ ၂၀၁၅ ကြေးမုံမှ ကူးယူဖော်ပြသည်။
    ဓါတ်ပုံ- ထွန်းထွန်းမင်း FB
  • မြန်မာ့လက်ဝှေ့လောကကို အရောင်တွေ မဆိုးစေလို
    မြန်မာ့လက်ဝှေ့လောကကို အရောင်တွေ မဆိုးစေလို
    စက်တင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    Myu Mim Lwin ရေးသည်။
    10711554_1488197584763610_252228353_n
    လွန်ခဲ့သော ရက်ပိုင်းများက ထိုးသတ်ခဲ့သည့် မြန်မာ့လက်ဝှေ့ အကျော်အမော်များဖြစ်တဲ့ စောငမန်းနဲ့ ထွန်းထွန်းမင်းတို့ ပွဲစဉ်အပြီး ထွန်းထွန်းမင်း အနိုင်ရရှိခဲ့တဲ့ သတင်းဟာ သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာတွေမှာ ထိပ်တန်းသတင်းတပုဒ်ဖြစ်ခဲ့ပါတယ်။  အဲ့လို သတင်းများဖော်ပြမှုတွမှာ ကော်မန့်ရေးသူများထဲမှ အချို့ဟာ ထွန်းထွန်းမင်းဟာ အစ္စလာမ် ဘာသာဝင်ဖြစ်မှုအပေါ် ဘာသာရေးနဲ့ပတ်သက်ပြီး အစွန်းရောက်ရေးသားမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလို အစွန်းရောက် ရေးသားမှုများကို ဖတ်ရှုရသည့် စာဖတ်သူ တစ်ဦးအနေနဲ့ စောငမန်းနဲ့ ထွန်းထွန်းမင်းအပေါ် သူ့အမြင်ကို အခြားသော စာဖတ်သူများ သိရှိစေရန် ရေးသားမေတ္တာရပ်ခံ ရေးသားမှုကို စာရေးသူရဲ့ ခွင့်ပြုချက်နဲ့ M-Media မှ တင်ဆက်ပေးလိုက်ပါတယ်။
    အပြင်မှာ ညီအစ်ကိုအရင်းလို ဆရာတပည့်တွေလို နေနေကြတဲ့ သူတွေပါ။ Sea Game Camp တုန်းက ထွန်းမင်း ကစားရင် ဘက်ကိုင်ပေး လေ့ကျင့်ပေး၊ အတူတူပြေး၊ တစ်ယောက်အားနည်းချက် တစ်ယောက်ထောက်ပြ၊ သွေးစည်းခဲ့ကြ၊ အပြင်မှာလည်းတွေ့ကြ၊ လက်ဖက်ရည်ဆိုင်တွေမှာ ဗရုတ်ကျ အွန်လိုင်းမှာပြောင်ကြ သိပ်သွေးစည်းကြတဲ့ သူတွေပါ။
    မလွှဲမရှောင်သာ ကြိုးဝိုင်းထက်မှာတွေ့ကြတော့ “ကို ငမန်း မျက်နှာကို ကျွန်တော် မကြည့်ရဲပါဘူး”လို့ မျက်ရည်ဝိုင်းပြီး ပြောသွားရှာတဲ့ ထွန်းထွန်းမင်းရဲ့စကား။ ပွဲအပြီးမှာ အနားသွားပြီး “ကန်တော့နော် အစ်ကို”လို့ ပြောတော့ “ရပါတယ် ညီလေးရယ်”လို့ ပြန်ပြောတဲ့ ညီငယ်အပေါ် စိတ်မကွက်ပဲ ရဲရဲဝံ့ဝံ့ လက်လွှဲခဲ့တဲ့ စောငမန်းရဲ့ ပြည့်ဝတဲ့ စိတ်ထား။ ရိုးရာလက်ဝှေ့ ကြိုးဝိုင်းဆိုတာ ရန်သူတွေ သတ်ကြတာမှမဟုတ်ပဲ။ သူရဲကောင်းစိတ်ထား အပြည့်ရှိတဲ့ ယောင်္ကျားကောင်းတွေသာ ကျင်လည်ကြတဲ့ မြေတလင်းငယ်ရယ်ပါ။
    “ကျွန်တော့်မှာ ဘာသာရေးနဲ့ ပတ်သက်လို့ ဘာအစွန်းအထင်းမှမရှိပါဘူး အစ်ကို။ ငတူးတို့ ဘုရားသွားရင် ကျွန်တော် အမြဲတမ်းလိုက်သွားပါတယ်။ မယုံခဲ့ရင် တူးတူးကို ကိုယ်တိုင်သာ မေးကြည့်ပါဗျာ”လို့ ရင်ဖွင့်ရှာတဲ့ သဘောဖြူ အူစင်း အရောင်အဆင်းမဲ့တဲ့ အဖေမွန် အဖိုးမွန် အမေမွန် တိုင်းရင်းသား ကျွန်တော်တို့ မွန်ပြည်နယ်သား စစ်စစ်။ အသက် ၂၁-နှစ်သာ ရှိသေးတဲ့ မြန်မာပြည် ချန်ပီယံအသစ်ကလေးကို ဘာသာရေးဆိုတဲ့ ခေါင်းစဉ်အမည်းရောင်ကြီး အတင်းကပ် လမ်းမှားရောက်အောင် အတင်းမတွန်းထုတ်ကြပါနဲ့လို့ ကျွန်တော်တောင်းပန်ပါရစေ။
    မြန်မာ့ရိုးရာ တိုးတက်မြင့်မားစေဖို့ သင့်တင့်တဲ့အကြံပြုချက်တွေ ဆွေးနွေးမှုတွေနဲ့ တန်ဆာဆင်၊ ချစ်ခင်တဲ့ မျက်ဝန်းတွေနဲ့သာ အကဲဖြတ်ဖို့ တောင်းဆိုပါရစေ။ ကျွန်တော်တို့ရိုးရာကို အမှန်တကယ်ချစ်တယ်ဆိုရင် တိုးတက်အောင်မြင်အောင် ဘယ်လို ညီညီညွတ်ညွတ် ဆောင်ရွက်ကြမယ်လို့ မတွေးပဲ အငုံအဖူး အရွက်အညှောင့်တက်ကာစ အစ်ကိုတို့ အစ်မတို့ ကျွန်တော်တို့ ရိုးရာကို မိမိရဲ့ပို့စ်တစ်ခု၊ ကွန်မန့်တစ်ခုကြောင့် ညိုးနွမ်းခြောက်သွေ့ ပျက်စီးသွားအောင် ဖျက်ဆီးတဲ့သူအဖြစ် မဖန်တီးကြပါနဲ့ဗျ။
    အစစအရာရာ အဖက်ဖက်က နိမ့်ပါးနေတဲ့ကျွန်တော်တို့ ကိုယ်ပိုင်ရိုးရာကို ကမ္ဘာ့အလယ်မှာ တင့်တယ်ဝင့်ကြွား လာအောင် ရိုးရာချစ်တဲ့သူတွေရဲ့ လက်တွေနဲ့သာ ဖန်ဆင်းကြရမှာပါ။ ရိုးရာချစ်ကြသူများလို့ အမည်ခံပြီး တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို ဝဲဂယက် ထလာအောင် ဖန်တီးမိသူများမဖြစ်ကြပါစေနဲ့လို့ အနူးအညွတ် တောင်းပန်ပါတယ်။
    ဟိုလူ ဒီလူ လက်ညိုးထိုး အပြစ်တင်မနေပဲ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ရိုးရာအတွက် စွမ်းနိုင်တဲ့ တစ်ထောင့် တစ်နေရာက ပါဝင်ကြပါစို့လား ခင်ဗျာ။ အုတ်တစ်ချပ် မဖြစ်ခဲ့ရင်တောင် သဲတစ်ပွင့် ဖြစ်အောင်ကြိုးပမ်းကြပါစို့။