စက်တင်ဘာ ၂၅ ၊ ၂၀၁၄
M-Media
Myu Mim Lwin ရေးသည်။
လွန်ခဲ့သော ရက်ပိုင်းများက ထိုးသတ်ခဲ့သည့် မြန်မာ့လက်ဝှေ့ အကျော်အမော်များဖြစ်တဲ့ စောငမန်းနဲ့ ထွန်းထွန်းမင်းတို့ ပွဲစဉ်အပြီး ထွန်းထွန်းမင်း အနိုင်ရရှိခဲ့တဲ့ သတင်းဟာ သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာတွေမှာ ထိပ်တန်းသတင်းတပုဒ်ဖြစ်ခဲ့ပါတယ်။ အဲ့လို သတင်းများဖော်ပြမှုတွမှာ ကော်မန့်ရေးသူများထဲမှ အချို့ဟာ ထွန်းထွန်းမင်းဟာ အစ္စလာမ် ဘာသာဝင်ဖြစ်မှုအပေါ် ဘာသာရေးနဲ့ပတ်သက်ပြီး အစွန်းရောက်ရေးသားမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလို အစွန်းရောက် ရေးသားမှုများကို ဖတ်ရှုရသည့် စာဖတ်သူ တစ်ဦးအနေနဲ့ စောငမန်းနဲ့ ထွန်းထွန်းမင်းအပေါ် သူ့အမြင်ကို အခြားသော စာဖတ်သူများ သိရှိစေရန် ရေးသားမေတ္တာရပ်ခံ ရေးသားမှုကို စာရေးသူရဲ့ ခွင့်ပြုချက်နဲ့ M-Media မှ တင်ဆက်ပေးလိုက်ပါတယ်။
အပြင်မှာ ညီအစ်ကိုအရင်းလို ဆရာတပည့်တွေလို နေနေကြတဲ့ သူတွေပါ။ Sea Game Camp တုန်းက ထွန်းမင်း ကစားရင် ဘက်ကိုင်ပေး လေ့ကျင့်ပေး၊ အတူတူပြေး၊ တစ်ယောက်အားနည်းချက် တစ်ယောက်ထောက်ပြ၊ သွေးစည်းခဲ့ကြ၊ အပြင်မှာလည်းတွေ့ကြ၊ လက်ဖက်ရည်ဆိုင်တွေမှာ ဗရုတ်ကျ အွန်လိုင်းမှာပြောင်ကြ သိပ်သွေးစည်းကြတဲ့ သူတွေပါ။
မလွှဲမရှောင်သာ ကြိုးဝိုင်းထက်မှာတွေ့ကြတော့ “ကို ငမန်း မျက်နှာကို ကျွန်တော် မကြည့်ရဲပါဘူး”လို့ မျက်ရည်ဝိုင်းပြီး ပြောသွားရှာတဲ့ ထွန်းထွန်းမင်းရဲ့စကား။ ပွဲအပြီးမှာ အနားသွားပြီး “ကန်တော့နော် အစ်ကို”လို့ ပြောတော့ “ရပါတယ် ညီလေးရယ်”လို့ ပြန်ပြောတဲ့ ညီငယ်အပေါ် စိတ်မကွက်ပဲ ရဲရဲဝံ့ဝံ့ လက်လွှဲခဲ့တဲ့ စောငမန်းရဲ့ ပြည့်ဝတဲ့ စိတ်ထား။ ရိုးရာလက်ဝှေ့ ကြိုးဝိုင်းဆိုတာ ရန်သူတွေ သတ်ကြတာမှမဟုတ်ပဲ။ သူရဲကောင်းစိတ်ထား အပြည့်ရှိတဲ့ ယောင်္ကျားကောင်းတွေသာ ကျင်လည်ကြတဲ့ မြေတလင်းငယ်ရယ်ပါ။
“ကျွန်တော့်မှာ ဘာသာရေးနဲ့ ပတ်သက်လို့ ဘာအစွန်းအထင်းမှမရှိပါဘူး အစ်ကို။ ငတူးတို့ ဘုရားသွားရင် ကျွန်တော် အမြဲတမ်းလိုက်သွားပါတယ်။ မယုံခဲ့ရင် တူးတူးကို ကိုယ်တိုင်သာ မေးကြည့်ပါဗျာ”လို့ ရင်ဖွင့်ရှာတဲ့ သဘောဖြူ အူစင်း အရောင်အဆင်းမဲ့တဲ့ အဖေမွန် အဖိုးမွန် အမေမွန် တိုင်းရင်းသား ကျွန်တော်တို့ မွန်ပြည်နယ်သား စစ်စစ်။ အသက် ၂၁-နှစ်သာ ရှိသေးတဲ့ မြန်မာပြည် ချန်ပီယံအသစ်ကလေးကို ဘာသာရေးဆိုတဲ့ ခေါင်းစဉ်အမည်းရောင်ကြီး အတင်းကပ် လမ်းမှားရောက်အောင် အတင်းမတွန်းထုတ်ကြပါနဲ့လို့ ကျွန်တော်တောင်းပန်ပါရစေ။
မြန်မာ့ရိုးရာ တိုးတက်မြင့်မားစေဖို့ သင့်တင့်တဲ့အကြံပြုချက်တွေ ဆွေးနွေးမှုတွေနဲ့ တန်ဆာဆင်၊ ချစ်ခင်တဲ့ မျက်ဝန်းတွေနဲ့သာ အကဲဖြတ်ဖို့ တောင်းဆိုပါရစေ။ ကျွန်တော်တို့ရိုးရာကို အမှန်တကယ်ချစ်တယ်ဆိုရင် တိုးတက်အောင်မြင်အောင် ဘယ်လို ညီညီညွတ်ညွတ် ဆောင်ရွက်ကြမယ်လို့ မတွေးပဲ အငုံအဖူး အရွက်အညှောင့်တက်ကာစ အစ်ကိုတို့ အစ်မတို့ ကျွန်တော်တို့ ရိုးရာကို မိမိရဲ့ပို့စ်တစ်ခု၊ ကွန်မန့်တစ်ခုကြောင့် ညိုးနွမ်းခြောက်သွေ့ ပျက်စီးသွားအောင် ဖျက်ဆီးတဲ့သူအဖြစ် မဖန်တီးကြပါနဲ့ဗျ။
အစစအရာရာ အဖက်ဖက်က နိမ့်ပါးနေတဲ့ကျွန်တော်တို့ ကိုယ်ပိုင်ရိုးရာကို ကမ္ဘာ့အလယ်မှာ တင့်တယ်ဝင့်ကြွား လာအောင် ရိုးရာချစ်တဲ့သူတွေရဲ့ လက်တွေနဲ့သာ ဖန်ဆင်းကြရမှာပါ။ ရိုးရာချစ်ကြသူများလို့ အမည်ခံပြီး တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို ဝဲဂယက် ထလာအောင် ဖန်တီးမိသူများမဖြစ်ကြပါစေနဲ့လို့ အနူးအညွတ် တောင်းပန်ပါတယ်။
ဟိုလူ ဒီလူ လက်ညိုးထိုး အပြစ်တင်မနေပဲ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ရိုးရာအတွက် စွမ်းနိုင်တဲ့ တစ်ထောင့် တစ်နေရာက ပါဝင်ကြပါစို့လား ခင်ဗျာ။ အုတ်တစ်ချပ် မဖြစ်ခဲ့ရင်တောင် သဲတစ်ပွင့် ဖြစ်အောင်ကြိုးပမ်းကြပါစို့။
Leave a Reply
You must be logged in to post a comment.