News @ M-Media
Tag: turkey
  • S-400 ဒုံးခွင်းစနစ်ကို ရုရှားနှင့် ပူးပေါင်းထုတ်လုပ်မည်ဟူ တူရကီပြော
    S-400 ဒုံးခွင်းစနစ်ကို ရုရှားနှင့် ပူးပေါင်းထုတ်လုပ်မည်ဟူ တူရကီပြော
    ဇူလိုင် ၁၆၊ ၂၀၁၉
    M-Media
    -ရုရှားထံကနေ ၀ယ်ယူထားတဲ့ S-400 ဒုံးခွင်းစနစ်ဟာ ၂၀၂၀ ခုနှစ် ဧပြီလမှာ သုံးစွဲဖို့ အဆင်သင့်ဖြစ်မှာဖြစ်ပြီး တူရကီရဲ့ နောက်ထပ်ရည်မှန်းချက်တစ်ခုက S-400 စနစ်ကို ရုရှားနဲ့ ပူးပေါင်းထုတ်လုပ်သွားဖို့ ဖြစ်တယ်လို့ သမ္မတအာဒိုဂန်က ပြောကြားလိုက်ပါတယ်။
    တူရကီက ၀ယ်ယူထားတဲ့ S-400 ပထမအသုတ်ကို ရုရှားက လေယာဉ် ၉ စီးနဲ့ တနင်္လာနေ့မှာ ပို့ဆောင်ပေးခဲ့ပါတယ်။
    “၀ယ်လို့မရဘူးလို့ တစ်ချို့တိုင်းပြည်တွေက ပြောပေမယ့် S-400 တွေကို ကျွန်တော်တို့ စတင် ရရှိနေပါပြီ။ ဘုရားသခင်အလိုတော်နဲ့ ၂၀၂၀ ခုနှစ် ဧပြီလလောက်မှာ ဒီဒုံးခွင်းစနစ်တွေကို တပ်ဆင်သွားမှာပါ။ ကျွန်တော်တို့ တိုင်းပြည်ကို တိုက်ခိုက်ချင်တဲ့သူတွေကို ကာကွယ်ဖို့အတွက် S-400 က အကောင်းဆုံး စနစ် ဖြစ်ပါတယ်။ ရုရှားနဲ့ ပူးပေါင်းထုတ်လုပ်သွားဖို့လည်း ရည်ရွယ်ထားပါတယ်” လို့ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်အဖြစ် မနေ့ကပြုလုပ်တဲ့ အခမ်းအနားမှာ
    အာဒိုဂန်က ပြောကြားခဲ့ပါတယ်။
    အမေရိကန်ကတော့ တူရကီရဲ့ ၀ယ်ယူမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး F-35 တိုက်လေယာဉ် ရောင်းချမယ့်အစီအစဉ်၊ လေယာဉ်မှူးတွေ လေ့ကျင့်ပေးတဲ့အစီအစဉ်၊ တူရကီနဲ့ ပူးပေါင်းထုတ်လုပ်သွားမယ့်အစီအစဉ်တွေကို ရပ်ဆိုင်းထားပါတယ်။ ဒါ့အပြင် တူရကီအပေါ် ပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း အမေရိကန်က ခြိမ်းခြောက်ထားပါတယ်။
    တူရကီဟာ S-400 ကို ဘယ်အချိန်၊ ဘယ်နေရာတွေမှာ ချထားမလဲဆိုတာ တိတိကျကျ မသိရသေးပေမယ့် နေတိုးအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ရုရှားဒုံးခွင်းစနစ်ကို အသုံးပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။
    S-400 ဒုံးခွင်းစနစ်ကို လက်ရှိ အကောင်းဆုံး လေကြောင်းရန်ကာကွယ်ရေးစနစ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားပါတယ်။ ဒီစနစ်ဟာ အချင်း ကီလိုမီတာ ၄၀၀ အမြင့် ၂၇ ကီလိုမီတာမှာရှိတဲ့ ပစ်မှတ် ၃၆ ခုကို တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်စွမ်း ရှိပါတယ်။ အမေရိကန်ကတော့ ဒီစနစ်ဟာ နေတိုးအဖွဲ့ ကာကွယ်ရေးစနစ်တွေနဲ့ အပ်စပ်မှာမဟုတ်ဘဲ F-35 တိုက်လေယာဉ်အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှတ်ယူထားပါတယ်။
    Ref: Aljazeera
  • ရုရှားထံမှ S-400 ဒုံးခွင်းစနစ် ပထမအသုတ် ရောက်လာပြီဟု တူရကီထုတ်ပြန်
    ရုရှားထံမှ S-400 ဒုံးခွင်းစနစ် ပထမအသုတ် ရောက်လာပြီဟု တူရကီထုတ်ပြန်
    ဇူလိုင် ၁၃၊ ၂၀၁၉
    M-Media
    -ရုရှားထံကနေ ၀ယ်ထားတဲ့ S-400 ဒုံးခွင်းစနစ် ပထမအသုတ် ပို့ဆောင်မှုတွေ ရောက်ရှိလာပြီလို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
    လက်ရှိမှာ ဒီအစိတ်အပိုင်းတွေကို မြို့တော် အန်ကာရာအပြင်ဘက်မှာရှိတဲ့ မူရ်တဒ် လေတပ်စခန်းမှာ ထားရှိပါတယ်။
    “ဒုံးခွင်းစနစ်က ကျန်တဲ့အစိတ်အပိုင်းတွေဟာ လာမယ့် ရက်ပိုင်းအတွင်း ရောက်ရှိလာမှာဖြစ်ပါတယ်။ အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေက သတ်မှတ်ထားတဲ့အတိုင်း အသုံးပြုမှာဖြစ်ပါတယ်” လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က
    သီးခြား ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
    နည်းပညာမြင့် ဒုံးခွင်းစနစ်လို့ သတ်မှတ်ထားတဲ့ S-400 ကို တူရကီက အခုနှစ် အောက်တိုဘာလမှာ စတင်အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
    ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်ယူမှုအတွက် အမေရိကန်က တူရကီကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပြီး F-35 တိုက်လေယာဉ်ရောင်းချမှု၊ လေယာဉ်မှူးတွေ လေ့ကျင့်ပေးမှု၊ လေယာဉ်အစိတ်အပိုင်း ထုတ်လုပ်မှုမှာ တူရကီရဲ့ ပါဝင်မှုတွေ အားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေးပိတ်ဆို့မှုတွေပါ ပြုလုပ်သွားမယ်လို့ သတိပေးထားပါတယ်။
    မဟာမိတ် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တူရကီမှာ S-400 စနစ် ရောက်လာတာဟာ သူတို့ရဲ့ နောက်ဆုံးပေါ် F-35 တိုက်လေယာဉ်အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်တယ်လို့ အမေရိကန်က ယူဆနေပါတယ်။
    Ref: Aljazeera
  • S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးကိစ္စ လုံးဝ နောက်မဆုတ်ဟု အာဒိုဂန် ထပ်ပြော
    S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးကိစ္စ လုံးဝ နောက်မဆုတ်ဟု အာဒိုဂန် ထပ်ပြော
    ဇွန် ၂၆၊ ၂၀၁၉
    M-Media
    -အမေရိကန်နဲ့ တင်းမာမှုတွေ ရှိနေပေမယ့် ရုရှားထံက S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးကိစ္စကို နောက်ဆုတ်သွားမှာမဟုတ်ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က အင်္ဂါနေ့ ရုပ်သံမိန့်ခွန်းမှာ ထပ်လောင်းပြောကြားလိုက်ပါတယ်။
    “S-400 ကိစ္စဟာ တိုင်းပြည်ရဲ့ အချုပ်အချာအာဏာနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ကိစ္စပါ။ လုံးဝ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။ ဘုရားသခင်အလိုတော်နဲ့ နောက်လမှာ S-400 ပို့ဆောင်မှုကို စတင်မှာ ဖြစ်ပါတယ်”
    တူရကီဟာ အမေရိကန်ထံကနေ နောက်ဆုံးပေါ် F-35 တိုက်လေယာဉ် အစီး ၁၀၀ လောက် ၀ယ်ယူဖို့နဲ့ လေယာဉ်အစိတ်အပိုင်းတွေကို ဖက်စပ်ထုတ်လုပ်ဖို့ သဘောတူညီချက် ရှိထားပါတယ်။ အမေရိကန်က S-400 ဟာ နေတိုးအဖွဲ့ ကာကွယ်ရေးစနစ်တွေနဲ့ ကိုက်ညီမှုရှိမှာ မဟုတ်တဲ့အတွက် ကန့်ကွက်ထားပြီး ရှေ့ဆက်လုပ်မယ်ဆိုရင် F-35 သဘောတူညီချက်ကို ဖျက်သိမ်းမယ်လို့ သတိပေးထားပါတယ်။
    ဒါ့အပြင် စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
    “လုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပြည့်စုံဖို့ဆိုရင် တူရကီဟာ ဘယ်သူဆီက ခွင့်ပြုချက်မှ ယူမှာမဟုတ်ပါဘူး။ ဘယ်ဖိအားကိုမဆို ရင်ဆိုင်သွားမှာပါ” လို့ အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ရုရှားဟာ S-400 စနစ်တွေကို ဇူလိုင်လမှာ ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။
    အမေရိကန်နဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် အခုတစ်ပတ်နှောင်းပိုင်းမှာ ပြုလုပ်မယ့် အိုဆာကာ G20 ထိပ်သီးအစည်းအဝေးမှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့အတွက် အာဒိုဂန်က စီစဉ်ထားပါတယ်။ နေတိုးအဖွဲ့ဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်က ရုရှားရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ၀ယ်ယူမယ်ဆိုရင် တူရကီကို F-35 လေယာဉ် အသုံးပြုခွင့်၊ လေယာဉ်အစိတ်အပိုင်းတွေ ထုတ်လုပ်ခွင့် ပေးမှာမဟုတ်ဘူးလို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • အာဏာရပါတီ ကန့်ကွက်၍ ပြန်လုပ်ခဲ့ရသည့် အစ္စတန်ဘူလ်ရွေးကောက်ပွဲတွင် အတိုက်အခံက ပြန်အနိုင်ရ
    အာဏာရပါတီ ကန့်ကွက်၍ ပြန်လုပ်ခဲ့ရသည့် အစ္စတန်ဘူလ်ရွေးကောက်ပွဲတွင် အတိုက်အခံက ပြန်အနိုင်ရ
    ဇွန် ၂၄၊ ၂၀၁၉
    M-Media
    ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့်
    Ekrem Imamoglu
    -သမ္မတ အာဒိုဂန်ရဲ့ အာဏာရ AK ပါတီက ကန့်ကွက်မှုကြောင့် ပြန်လည်ပြုလုပ်ခဲ့ရတဲ့ အစ္စတန်ဘူလ်မြို့တော်ဝန် ရွေးကောက်ပွဲမှာ အရင်ကနိုင်ခဲ့တဲ့ အတိုက်အခံအမတ်ကပဲ ပြန်လည်အနိုင်ရသွားခဲ့ပါတယ်။
    မနေ့က ရွေးကောက်ပွဲအတွက် မဲပုံးအားလုံးနီးပါး ရေတွက်မှုအပြီးမှာ အတိုက်အခံ CHP ရဲ့ ကိုယ်စားလှယ် Ekrem Imamoglu က မဲအရေအတွက် ၅၄ ရာခိုင်နှုန်း ရရှိခဲ့ပြီး AK ပါတီ ကိုယ်စားလှယ် ၀န်ကြီးချုပ်ဟောင်း Binali Yildirim က ၄၅ ရာခိုင်နှုန်းသာ ရရှိခဲ့ကာ ရှုံးနိမ့်ကြောင်း
    Imamoglu က နိုင်ငံရဲ့ အကြီးဆုံးနဲ့ စီးပွားရေးအချက်အချာ အစ္စတန်ဘူလ်မြို့အတွက် ခေတ်သစ်တစ်ခု အစပျိုးသွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။
    “တူရကီရဲ့ ဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီကို ခင်ဗျားတို့ ပြည်သူတွေက ကာကွယ်လိုက်တာ ဖြစ်ပါတယ်” လို့ ရွေးကောက်ပွဲအနိုင်ရအပြီးမှာ ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။
    အစ္စတန်ဘူလ်မြို့ရဲ့ မြို့တော်ဝန်ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး Imamoglu က ထောက်ခံမဲ အရေအတွက် ၄၈.၈ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ကာ Binali Yildirim က ၄၈.၅၅ ရာခိုင်နှုန်းသာ ရခဲ့ပါတယ်။ ဒါပေမယ့် AK ပါတီက ဒီရလဒ်ကို ကန့်ကွက်ကာ ရွေးကောက်ပွဲ ပြန်လုပ်ပေးဖို့အတွက် တူရကီ ဗဟိုရွေးကောက်ပွဲကောင်စီ YSK ကို တိုင်ကြားပြီးတဲ့နောက် မနေ့က ရွေးကောက်ပွဲ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
    အာဏာရ AK ပါတီဟာ အစ္စတန်ဘူလ်မြို့တော်ဝန်နေရာကို ၁၇ နှစ်ဆက်တိုက် ထိန်းသိမ်းထားနိုင်ခဲ့ပြီးနောက် အခုနှစ်မှာတော့ ပထမဆုံးအကြိမ် လက်လွှတ်ခဲ့ရပါတယ်။
    တူရကီ နိုင်ငံရေး လေ့လာဆန်းစစ်သူတွေက အစ္စတန်ဘူလ်ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီနည်းကျမှုကို ဆန်းစစ်လိုက်တဲ့ ရွေးကောက်ပွဲတစ်ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကြာ အာဏာဆုပ်ကိုင်ထားတဲ့ AK ပါတီနဲ့ သမ္မတ အာဒိုဂန်တို့အတွက် ထိုးနှက်မှုတစ်ခုဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
    Ref: Aljazeera
  • ရုရှားထံမှ S-400 ဒုံးခွင်းနစ် ၀ယ်ယူမှု ပြီးစီးသွားပြီဟု တူရကီသမ္မတ ပြော
    ရုရှားထံမှ S-400 ဒုံးခွင်းနစ် ၀ယ်ယူမှု ပြီးစီးသွားပြီဟု တူရကီသမ္မတ ပြော
    ဇွန် ၁၃၊ ၂၀၁၉
    M-Media
    တူရကီသမ္မတ အာဒိုဂန်
    -S-400 ဒုံးခွင်းစနစ်ကို ရုရှားထံကနေ ၀ယ်ယူမှု ပြီးစီးသွားပြီဖြစ်ပြီး လာမယ့်လမှာ စတင် ပို့ဆောင်ပေးလိမ့်မယ်လို့ တူရကီသမ္မတ အာဒိုဂန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။
    အဲဒီ ဒုံးခွင်းစနစ် ၀ယ်ယူမယ့်ကိစ္စနဲ့ပတ်သက်လို့ တူရကီနဲ့ အမေရိကန်တို့ဟာ ပြီးခဲ့တဲ့ လအနည်းငယ်က စတင်ကာ တင်းမာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ S-400 ဟာ နေတိုးအဖွဲ့ရဲ့ ကာကွယ်ရေး အစီအစဉ်နဲ့ ကိုက်ညီမှာမဟုတ်ဘူးလို့ အမေရိကန်က ပြောကြားထားပါတယ်။
    “တူရကီက S-400 ဒုံးခွင်းစနစ်ကို အပြီးသတ် ၀ယ်ယူပြီးပါပြီ။ ဒီသဘောတူညီချက်က ရရှိပြီးသား သဘောတူညီချက်လည်း ဖြစ်ပါတယ်။ နောက်လမှာ ကျွန်တော်တို့တိုင်းပြည်ကို ရောက်လာမယ်လို့ မျှော်လင့်ထားပါတယ်” အာဒိုဂန်က မနေ့မှာ ပြောကြားခဲ့ပါတယ်။
    အမေရိကန်က ရုရှားနဲ့ ဒီသဘောတူညီချက်ကို ဖျက်သိမ်းဖို့အတွက် တူရကီကို ဇူလိုင်လ ၃ ရက်နေ့အထိ အချိန်ပေးထားပြီး မလိုက်နာဘူးဆိုရင် F-35 တိုက်လေယာဉ်တွေ မရောင်းတော့ဘူးလို့ ပြီးခဲ့တဲ့ သောကြာနေ့မှာ သတိပေးခဲ့ပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက တူရကီလေယာဉ်မှူးတွေကို F-35 တိုက်လေယာဉ်မောင်းသင်တန်း ပေးနေမှုကို ရပ်ဆိုင်းလိုက်ပြီလို့လည်း တနင်္လာနေ့မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။
    တူရကီဟာ အမေရိကန်ထံကနေ နောက်ဆုံးပေါ် F-35 တိုက်လေယာဉ် အစီး ၁၀၀ လောက်ဝယ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
    S-400 စနစ်ဟာ F-35 ကိုယ်ပျောက်လေယာဉ်အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်တာကို အမေရိကန်က စိုးရိမ်နေတာပါ။ တူရကီအနေနဲ့ ဒီအစီအစဉ်ကို ရှေ့ဆက်တိုးရင် စီးပွားရေးပိတ်ဆို့မှု လုပ်ဆောင်မယ်လို့လည်း အမေရိကန်က သတိပေးထားပါတယ်။
    အာဒိုဂန်ကတော့ F-35 ရောင်းချမှု၊ လေယာဉ်မှုတွေ သင်တန်းပေးမှုကို အမေရိကန်က ရပ်ဆိုင်းခြင်းဟာ တရားနည်းလမ်းမကျဘဲ တူရကီဟာ လေယာဉ်ဝယ်ယူသူသာမက ဒီစီမံကိန်းရဲ့ မိတ်ဖက်တစ်ဦးလည်းဖြစ်တယ်လို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။ ဒီလို ၀ယ်ယူခွင့် ပိတ်ပင်ခံရမှုကို ကျော်လွှားနိုင်ရေး အဖြေရှာသွားမယ်လို့လည်း သူက ဆိုပါတယ်။
    Ref: Aljazeera