News @ M-Media
Tag: turkey
  • အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေး ရုပ်သံလိုင်းတစ်ခုကို ၃ နိုင်ငံ ပူးပေါင်းတည်ထောင်မည်
    အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေး ရုပ်သံလိုင်းတစ်ခုကို ၃ နိုင်ငံ ပူးပေါင်းတည်ထောင်မည်
    စက်တင်ဘာ ၂၇၊ ၂၀၁၉
    M-Media
    မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်နှင့် ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း
    -အစ္စလာမ်ကြောက်ရောဂါ၊ ဒီရောဂါကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို တိုက်ဖျက်နိုင်ရေး အင်္ဂလိပ်ဘာသာစကားနဲ့ ရုပ်သံလိုင်းတစ်ခု ထုတ်လွှင့်သွားဖို့ ပါကစ္စတန်၊ တူရကီ၊ မလေးရှားခေါင်းဆောင်တွေက သဘောတူလိုက်ပါတယ်။
    နယူးယောက်မြို့က ၇၄ ကြိမ်မြောက် ကုလ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း၊ တူရကီသမ္မတ အာဒိုဂန်၊ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်တို့ တွေ့ဆုံစဉ်မှာ ဒီသဘောတူညီချက် ရခဲ့တာပါ။
    “အစ္စလာမ်ကြောက်ရောဂါကြောင့် ဖြစ်လာတဲ့ စိန်ခေါ်မှုတွေကို တိုက်ဖျက်ဖို့နဲ့ ကျွန်တော်တို့ ဘာသာတရားရဲ့ အရှိတရားတွေကို ချပြဖို့အတွက် အင်္ဂလိပ်ဘာသာရုပ်သံလိုင်းတစ်ခု ပူးပေါင်းတည်ထောင်ဖို့ ကျွန်တော်တို့ ၃ နိုင်ငံက ဆုံးဖြတ်ခဲ့ပါတယ်” လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    အစ္စလာမ်သာသနာကို ဆန့်ကျင်လာစေတဲ့ အထင်မှားအမြင်မှားတွေကို ဖယ်ရှားနိုင်ရေး ဒီရုပ်သံလိုင်းကနေတစ်ဆင့် လုပ်ဆောင်သွားမယ်လို့လည်း အင်မရန်းခန်းက ဆိုပါတယ်။
    အစ္စလာမ့်သမိုင်းကြောင်းကို အစ္စလာမ်ဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေ သိရှိနိုင်စေရေး ရုပ်ရှင်တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးထုတ်လွှင့်ဖို့လည်း ရှိနေပါတယ်။
    ကုလဆိုင်ရာ ပါကစ္စတန်သံအမတ် မာလီဟာ လော့ဒ်ဟီကလည်း ဒီသဘောတူညီချက်ကို အတည်ပြုခဲ့သလို၊ သုတေသနနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်ရေးကိုပါ ၃ နိုင်ငံစလုံးက သဘောတူခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Gulf News
  • S-400 ဒုံးခွင်းစနစ်ကို လာမည့်နှစ် ဧပြီလတွင် တူရကီက အပြည့်အ၀ လည်ပတ်မည်
    S-400 ဒုံးခွင်းစနစ်ကို လာမည့်နှစ် ဧပြီလတွင် တူရကီက အပြည့်အ၀ လည်ပတ်မည်
    စက်တင်ဘာ ၁၆၊ ၂၀၁၉
    M-Media
    -ရုရှားထံကနေ ၀ယ်ယူထားတဲ့ S-400 ဒုံးခွင်းစနစ် ဒုတိယအသုတ် ရောက်ရှိလာပြီး ၂၀၂၀ ခုနှစ ဧပြီလမှာ အပြည့်အ၀ လည်ပတ်တော့မယ်လို့ တူရကီက ပြောကြားလိုက်ပါတယ်။
    ဇူလိုင်လက ပထမအသုတ်ကို ရုရှားထံကနေ လက်ခံရရှိခဲ့တာပါ။ ဒုံးစနစ် တပ်ဆင် ချထားရေးနဲ့ ကိုင်တွယ်အသုံးပြုမယ့်သူတွေ လေ့ကျင့်ပေးရေးကို တူရကီက လက်ရှိမှာ ဆက်လက်လုပ်ဆောင်နေပါတယ်။
    S-400 ၀ယ်ယူမှုအတွက် အမေရိကန်နဲ့ တူရကီအကြား တင်းမာမှုတွေ ဖြစ်ပေါ်နေပြီး အမေရိကန်က ဒါဟာ နေတိုးအဖွဲ့ ကာကွယ်ရေးစနစ်တွေနဲ့ ကိုက်ညီမှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ သူတို့ထုတ်လုပ်ထားတဲ့ F-35 တိုက်လေယာဉ်တွေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မှာကိုလည်း အမေရိကန်က စိုးရိမ်နေပါတယ်။
    တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က အမေရိကန်ရဲ့ သတိပေးမှုတွေ ရှိနေပေမယ့်လည်း S-400 ဒုံးခွင်းစနစ်ကို အသုံးပြုသွားမယ်လို့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
    “အမေရိကန်အာဏာပိုင်တွေက ဒီစနစ်တွေကို အသုံးမပြုဖို့ ကျွန်တော်တို့ကိုပြောတယ်။ ဒါတွေက အလှထားဖို့ ၀ယ်ထားတာမဟုတ်ဘူးလို့ ကျွန်တော်တို့က ပြန်ပြောလိုက်တယ်”
    တူရကီဟာ အမေရိကန်ရဲ့ ပက်ထရီယော့ဒုံးခွင်းစနစ်တွေကို ၀ယ်ယူဖို့ လမ်းဖွင့်ထားတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ တူရကီသမ္မတ အာဒိုဂန်ကလည်း ဒီကိစ္စကို ပြီးခဲ့တဲ့တစ်ပတ် ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ဖူးပါတယ်။
    Ref: Aljazeera
  • အမေရိကန်၏ ပက်ထရီယော့ဒုံးခွင်းစနစ် ၀ယ်ယူရန် တူရကီ ဆွေးနွေးနေ
    အမေရိကန်၏ ပက်ထရီယော့ဒုံးခွင်းစနစ် ၀ယ်ယူရန် တူရကီ ဆွေးနွေးနေ
    စက်တင်ဘာ ၁၄၊ ၂၀၁၉
    M-Media
    အမေရိကန်၏ ပက်ထရီယော့ဒုံးခွင်းစနစ်
    -ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်ယူတဲ့ကိစ္စအတွက် နှစ်ဖက် တင်းမာမှုတွေ ရှိနေပေမယ့်အမေရိကန်လုပ် ဒုံးခွင်းစနစ် ၀ယ်ယူဖို့ အခုလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးသွားမယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။
    မနေ့က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ အာဒိုဂန်က မြေပြင်ကဝေဟင်ပစ် ပက်ထရီယော့ဒုံးခွင်းစနစ်တွေကို ၀ယ်ယူဖို့အတွက် လွန်ခဲ့တဲ့ ၂ ပတ်က ထရမ့်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ လာမယ့်တစ်ပတ် နယူးယောက်မှာ ကုလ အထွေထွေညီလာခံ ကျင်းပဖို့ရှိနေပြီး အဲဒီမှာ အာဒိုဂန်နဲ့ ထရမ့်တို့ ထပ်တွေ့ဖို့ ရှိနေပါတယ်။
    “S-400 စနစ်ရထားပေမယ့် ပက်ထရီယော့တစ်ချို့ကိုတော့ ၀ယ်အုံးမှာပါ။ ဒါပေမယ့် အနည်းဆုံး
    S-400 နဲ့ အဆင်ပြေမယ့် အခြေအနေတွေကို ကြည့်ရအုံးမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်” လို့ အာဒိုဂန်က ပြောကြားခဲ့ပါတယ်။
    ရုရှားထံကနေ S-400 ဒုံးခွင်းစနစ်ကို ၀ယ်ယူခဲ့တဲ့အတွက် တူရကီနဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ အမေရိကန်က ဒီကိစ္စကို ရှုတ်ချခဲ့သလို F-35 တိုက်လေယာဉ်တူရကီနဲ့ ပူးပေါင်းထုတ်လုပ်မှု၊ တူရကီ လေယာဉ်မှူးတွေကို လေ့ကျင့်ပေးမှု အစီအစဉ်တွေကို အမေရိကန်က ရပ်ဆိုင်းခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
    အာဒိုဂန်ကတော့ မိမိတို့အနေနဲ့ ရုရှားရဲ့ Su-35 နဲ့ Su-57 တိုက်လေယာဉ်တွေကိုပါ ၀ယ်ယူဖို့ ရှိနေတယ်လို့ ပြီးခဲ့တဲ့လနှောင်းပိုင်းက ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • တူရကီ ဗိသုကာအဖွဲ့က သာမန်ဗလီများမှခွဲထွက်သည့် ဒီဇိုင်းသစ်တစ်ခု ရေးဆွဲ
    တူရကီ ဗိသုကာအဖွဲ့က သာမန်ဗလီများမှခွဲထွက်သည့် ဒီဇိုင်းသစ်တစ်ခု ရေးဆွဲ
    စက်တင်ဘာ ၉၊ ၂၀၁၉
    M-Media
    -တူရီနိုင်ငံ အရှေ့တောင်ပိုင်းက အူရ်ဖာမြို့မှာ ဆောက်လုပ်မယ့် ဗလီဝတ်ကျောင်းတော် တစ်လုံးအတွက် ဗိသုကာအဖွဲ့တစ်ခုက သာမန်ဒီဇိုင်းတွေနဲ့ ခွဲထွက်ပြီး သဘာဝကို ရောင်ပြန်ဟပ်စေမယ့် ဒီဇိုင်းတစ်ခုကို ရေးဆွဲခဲ့ပါတယ်။
    BeOffice Architects အဖွဲ့က ကမ္ဘ္ဘာတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်တွေမှာတွေ့ရတဲ့ အချွန်အတက်ဒီဇိုင်းမျိုး မဟုတ်ဘဲ စက်ဝိုင်းပုံစံ ဆွဲထားတာပါ။ သစ်ပင်ပန်းမာလ်တွေနဲ့ စိမ်းစိုမှုကို အဓိကထားကာ သဘာဝအလင်းရောင်း အပြည့်အ၀ ရရှိဖို့လည်း ပညာရှင်တွေက ထည့်သွင်းစဉ်းစားထားပါတယ်။ မင်နာရတ်မျှော်စင်တော့ လေးထောင့်ဖြစ်ပါတယ်။
    ဗလီဝတ်ကျောင်းတော်ရဲ့ ပရဝုဏ်ကို ကျယ်ကျယ်ဝန်းဝန်းထားပြီး သစ်ပင်တွေ၊ ရေပန်းတွေ၊ ချောင်းငယ်လေးတွေ သာသာယာယာနဲ့ စိတ်အပန်းဖြေ ကြည်နူးစရာနေရာတစ်ခုအဖြစ် ဗိသုကာပညာရှင်တွေက ဖန်တီးထားသလို၊ ဗလီဆောက်လုပ်ရေးနဲ့ လည်ပတ်ရေးအတွက် သဘာဝပစ္စည်းတွေကိုသာ လေ့လွင်းမှုအနည်းဆုံးနဲ့ အသုံးပြုဖို့ စီစဉ်ထားပါတယ်။
    BeOffice Architects အဖွဲ့က ဗလီကို ၀တ်ပြုရာနေရာတစ်ခုအဖြစ်ထက် ပညာရေး၊ လူမှုရေး
    ပံ့ပိုးကူညီပေးတဲ့နေရာ၊ ပြည်သူလူထုအကြား စုစည်းညီညွတ်စေတဲ့ နေရာတစ်ခုအဖြစ် ရည်ရွယ်ကာ ဒီဇိုင်းဆွဲထားတာလို့ ပြောကြားခဲ့ပါတယ်။
    Ref: Archdaily
  • အမေရိကန်မရောင်းလျှင် ရုရှားထံမှ တိုက်လေယာဉ်ဝယ်မည်ဟု တူရကီပြော
    အမေရိကန်မရောင်းလျှင် ရုရှားထံမှ တိုက်လေယာဉ်ဝယ်မည်ဟု တူရကီပြော
    သြဂုတ် ၂၉၊ ၂၀၁၉
    M-Media
    ရုရှား၏ Su-35 တိုက်လေယာဉ်များ
    -အမေရိကန်တိုက်လေယာဉ် F-35 အစား ရုရှားလုပ် Su-35 နဲ့ Su-57 တိုက်လေယာဉ်တွေကို ၀ယ်ယူနိုင်တယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပြီး အမေရိကန်နဲ့ တူရကီတို့အကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်မယ့် အခြေအနေ ဖြစ်လာပါတယ်။
    ရုရှားကနေ S-400 ဒုံးခွင်းစနစ်တွေကို တူရကီက ၀ယ်ယူလိုက်တဲ့အတွက် အမေရိကန်နဲ့ တူရကီအကြား တင်းမာမှုတွေ မြင့်တက်နေပြီး တူရကီကို F-35 တိုက်လေယာဉ်တွေ ရောင်းချမှုနဲ့ လေယာဉ်မှူးတွေ လေ့ကျင့်ပေးမယ့် အစီအစဉ်တွေ ရပ်ဆိုင်းမယ်လို့ အမေရိကန်က ပြောကြားထားပါတယ်။
    ရုရှားဟာ S-400 ဒုံးခွင်းစနစ် ဒုတိယအသုတ်ကို အခုတစ်ပတ်အစောပိုင်းမှာ တူရကီထံ ပေးပို့ခဲ့ပါတယ်။
    အာဒိုဂန်ကတော့ အမေရိကန်တိုက်လေယာဉ်အစား၊ ရုရှားလုပ် တိုက်လေယာဉ်တွေ ၀ယ်ယူဖို့ သုံးသပ်နေတယ်လို့ ဆိုပါတယ်။
    “Su-35 နဲ့ Su-57 တို့ဟာ နောက်ထပ် ရွေးချယ်စရာ ဘာ့ကြောင့် မဖြစ်နိုင်ရမှာလဲ။ ကျွန်တော် ဒီကို အကြောင်းမဲ့လာတာ မဟုတ်ပါဘူး” လို့ အခုတစ်ပတ်အစောပိုင်း မော်စကိုမှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် အာဒိုဂန်က ပြောကြားခဲ့ပါတယ်။
    F-35 တိုက်လေယာဉ်အစီအစဉ်မှာ တူရကီရဲ့ပါဝင်မှုနဲ့ပတ်သက်ပြီး အမေရိကန်ဖက်က နောက်ဆုံးအဖြေတစ်ခု ထွက်လာရင် ရုရှားတိုက်လေယာဉ် ၀ယ်၊ မ၀ယ်ကို ဆုံးဖြတ်သွားမယ်လို့လည်း အာဒိုဂန်က ဆိုပါတယ်။
    အမေရိကန် ကာကွယ်ရေးဝနကြီး မာ့ခ် အက်စပါက တူရကီအနေနဲ့ F-35 အစီအစဉ်မှာ ပြန်လည်ပါဝင်ချင်ရင် S-400 ၀ယ်ယူမှုကို စွန့်လွှတ်ရလိမ့်မယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
    Ref: Aljazeera