မတ် ၃၊ ၂၀၁၄
M-Media
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ နေအိမ် စွန့်ခွာထွက်ပြေးခဲ့ရသော ရိုဟင်ဂျာများအား ကူညီထောက်ပံ့ရန်အတွက် ကန်ဒေါ်လာ ၁.၈၂ သန်း တန်းဖိုးရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုပေးပို့ရန် ယူနီဆက်ဖ်နှင့် တူရကီနိုင်ငံတို့ သဘောတူညီမှုရခဲ့သည်ဟု သိရသည်။
လူမျိုးရေးကို အခြေခံသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသော ရိုဟင်ဂျာများ အတွက် သောက်ရေသန့်များ ထောက်ပံ့ရန်နှင့် ၎င်းတို့၏ တစ်ကိုယ်ရေ သန့်ရှင်းရေး အခြေအနေများ တိုးတက်အောင်ဆောင်ရွက်ရာတွင် ထိုငွေများကို အသုံးပြုရန် စီစဉ်ထားသည်။
ရိုဟင်ဂျာများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် တူရကီ သမ္မတရုံး သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ် စီမံခန့်ခွဲရေးအဖွဲ့မှ ပြုလုပ်သော လှုပ်ရှားမှုများမှ ထိုငွေများကို ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသော ရိုဟင်ဂျာများအတွက် ယူနီဆက်ဖ်အား တူရကီနိုင်ငံမှ ယခုကဲ့သို့ အကူအညီများပေးပို့ခြင်းကို ကျေးဇူးတင် ပါကြောင်းနှင့် ဆီးရီးယား ဒုက္ခသည်များအတွက် အကူအညီပေးရေး အတွက် တူရကီ၏ စိတ်အား ထက်သန်မှုကိုလည်း ချီးကျူးပါကြောင်း ယူနီဆက်ဖ်မှ တာဝန်ရှိသူ ဒိုမီနစ် ဟိုင်ဒီက ပြောကြားခဲ့သည်။
တူရကီနိုင်ငံသည် ရခိုင်ပြည်နယ်မှ နှစ်ဘက် ဒုက္ခသည်များကို ထောက်ပံ့ရန် အတွက် ၂၀၁၂ ခုနှစ်အတွင်းက အမေရိကန် ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့ပြီးဖြစ်သည်။
ကုလသမဂ္ဂ၏ အဆိုအရ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ လူမျိုးစုများမှာ ကမ္ဘာ့ပေါ်တွင် ဖိနှိပ်အခံရဆုံး လူမျိုးများဖြစ်သည်ဟု သိရသည်။ ၎င်းတို့မှာ ဗုဒ္ဓဘာသာဝင် ရခိုင် အစွန်းရောက်များ၏ စနစ်တကျ တိုက်ခိုက် သတ်ဖြတ်မှုကို ခံစားနေရပြီး၊ လူတစ်သိန်းခန့်မှာ အခြေအနေအလွန် ဆိုးရွာကာ သီးသန့် ဖယ်ထုတ်ခြင်းခံထားရသည့် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရသည်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ၎င်းတို့၏ နိုင်ငံသားဖြစ်မှုမှာ ဆုံးရှုံးခဲ့ရပြီး၊ နိုင်ငံမဲ့များ ဘ၀သို့ ရောက်နေကြသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဦးရေ ၁.၃ သန်းခန့် ရှိသည်ဟု ခန့်မှန်းရသည်။
ဓါတ်ပုံအညွှန်း စစ်တွေမြို့မှ ဒုက္ခသည်စခန်းတွင် ဆေးကုသရန်စောင့်ဆိုင်းနေစဉ် ငိုကြွေးနေသည့် ရောဂါသည် ကလေးငယ်အား မိခင်ဖြစ်သူမှ ချော့မြူနေစဉ် (၂၀၁၂ ခုနှစ် နိုဝင်ဘာ Photo-AFP)
Ref: World Bulletin