News @ M-Media

Tag: U Pain Bridge

  • ဦးပိန် နှင့် တောင်သမန်တံတား

    ဦးပိန် နှင့် တောင်သမန်တံတား

    ဆောင်းပါးရှင်- မောင်သန်းဆွေ (ထားဝယ်)

    forpage21fq
    တောင်သမန်အင်းကိုဖြတ်၍ တည်ဆောက်ထားသော သမိုင်းဝင်တံတားကြီးကို တောင်သမန်တံတားဟု မခေါ်ကြဘဲ တံတားဒါယကာ စာရေးတော်ကြီး ဦးပိန်နှင့်တွဲ၍ ဦးပိန်တံတားဟုသာ ခေါ်ကြ ပါသည်။ (တောင်သမန်ကိုလည်း အချို့က တောင်တမန်ဟုခေါ်သည်။)
    ပုဂံမင်းတရား လက်ထက် တော်တွင် မြို့ဝန်ဘိုင်ဆပ်၏ မြို့စာရေးမှာ ဦးပိန်ဖြစ်သည်။ မြို့ဝန်ဘိုင်ဆပ်အကြောင်းကို စာရေးသူ ရေးသည့် သမိုင်းသံသရာ စာအုပ်တွင် ” ပုဂံမင်းလက်ထက် မြို့ဝန်ဘိုင်ဆပ်၏မျိုးရိုး ” ခေါင်းစဉ် ဖြင်ပါသည်။

    ထိုဆောင်းပါး၏ အဓိက ဖော်ပြချက်မှာမြို့ဝန်ဘိုင်ဆပ်သည် ပသီ(ယခုခေတ် ခေါ် အစ္စလာမ်ဘာသာဝင်)ဖြစ်သော်လည်း အိန္ဒိယနိုင်ငံသား မဟုတ်၊ သူ၏မျိုးရိုးမှာ မဏိပူရ၊ ကူကီချင်း၊ ကသဲ(ကသည်း) စော်ဘွားမျိုးရိုးဖြစ်ပြီး ကသဲ(ကသည်း) စော်ဘွား” သနာဟံ “၏ ညီတော်စော်  ဘွား ” ဇင်ကွဲတာပံ ”သည် မြို့ဝန်ဘိုင်ဆပ်၏ အဘိုးအရင်းပင်ဖြစ်ကြောင်း၊ သူ၏ အမည်အရင်းမှာ ဘိုင်ဆပ် မဟုတ်ကြောင်း၊ ” ဆေရက်ခန် ” ခေါ်ကြောင်း၊ ”ဘိုင်” ဆိုသည်မှာ သူတို့ဘာသာ စကား အရ ”အစ်ကို”ဟု သဘောရ၍ “ဆပ်”ဆိုသည်မှာ”ဆရာ” ဟုသဘောရ ကြောင်း၊ သို့ဖြစ်၍ ”ဘိုင်ဆပ်” ဆိုသည်မှာ”အစ်ကိုဆရာ”ဟု အဓိပ္ပာယ်ရသဖြင့် တမင်ပင် အထက်စီးဖြင့်ခေါ်စေခြင်း ဖြစ်ဟန်တူကြောင်း ရေးသားခဲ့ပါသည်။

    အမှန်မှာ ဘိုင်ဆပ်၏ မြန်မာ အမည်သည် ဦးအောင်မြတ် ဖြစ်ကြောင်း သူ၏သမီးမှမွေးသော သား၏သားဖြစ်သူ ဦးမောင်မောင်ကြီး(မန်း) ကရေးခဲ့သည်ကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။ အချို့သော စာရေးဆရာများက ” တောင်သမန်(အင်း)တစ်ဖက်တွင် ပသီအများအပြား နေထိုင်ကြသည့် ဗုန်းအိုးရွာရှိသည်။ ဘိုင်ဆပ်တို့က ရွှေမြို့တော်တွင် အာဏာ သိမ်းလိုသောအခါ အလွယ်တကူ ပသီများလာရောက်၍ ကူညီရန် ဦးပိန်တံတားကို ဆောက်လုပ် ခြင်းဖြစ်သည်။ ” ဟုရေးသားခဲ့ကြသည်။

    ထိုရေးသားချက်မှာ အခြေအမြစ် မခိုင်လုံသော ရေးသား ချက်သာဖြစ်သည်ဟု ဆိုချင်သည်။ ထိုစဉ်က မြို့ဝန်ဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန်တို့စိတ်ထဲတွင် မည်သို့ရှိမည်ကို မသိရသော်လည်း မြို့ဝန်နှင့် မြို့စာရေးဆိုသူတို့မှာ ခွဲခြား၍ မရသောသူများ ဖြစ်ပါသည်။ တစ်စိတ်တစ်ဝမ်းတည်းသာဖြစ်မည်။ မြို့ဝန်၏ အလိုကို မြို့စာရေးက မကျော်လွှားနိုင် ပေ။ ဦးပိန်သည်လည်း ပသီ(အစ္စလာမ် ဘာသာဝင်)ဖြစ်သည်။

     စာရေးသူအနေဖြင့် တောင်သမန် အင်းကိုဖြတ်၍ ဆောက်ထားသော တံတား တစ်ဖက်တွင်ရှိသည့် ဗုန်းအိုးရွာမှ လူများက အမရပူရ မြို့တော်သို့ အလွယ်တကူ လာ၍ အာဏာသိမ်းရန်၊ ကူညီရန် ဖြစ်သည်ဆိုသည်ကို သဘောမတွေ့ ပါ။ အဘယ်ကြောင့်ဆိုသော် ထိုတစ်ဖက်ရွာမှ အမရပူရ ထီးနန်းသို့ ကုန်းကြောင်းဖြင့် ပတ်လာလျှင် ထိုတံတားမှဖြတ်၍ လာသည်ထက် နီးသည်ကို တွေ့ရသောကြောင့် ဖြစ် ပါသည်။ တံတားကြီး မ ဆောက်ခင် ဆာအာသာ ဖယ်ယာ ခေါင်းဆောင်သောဗြိတိသျှိ သံအဖွဲ့တစ်ဖွဲ့ အင်းဝမြို့သို့ လာကြ စဉ်က တောင်သမန်အင်းကို သူတို့ပိုင် သင်္ဘောဖြင့်ဖြတ်ပြီး ၀င်လာကြသည်မှာ နန်းတော်မြို့ရိုး အထိ ပေါက်ခဲ့သည်ဆိုသော သမိုင်းကြောင်းရှိသည်။

    တံတားကြီးဆောက်ပြီးခဲ့သည့်နောက်တွင် နယ်ချဲ့ သင်္ဘောများနန်းတော်ဦးအထိ မရောက်နိုင်တော့ပေဟု ဆိုပါသည်။ အိမ်ရှေ့စံညီတော်ကနောင်မင်းက နောင်တော်မင်းတုန်းမင်းတရား အမရပူရနန်းမှမန္တလေးသို့ ထီးရောနန်းပါပြောင်း ရခြင်းကို ထောက်ခံခြင်းမှာ အကြောင်းရှိသည်။ သက္ကရာဇ် ၁၂၁၇ ခုနှစ်၊ ၀ါခေါင်လတွင်  အိန္ဒိယနိုင်ငံမှ ဗြိတိသျှအစိုးရက အထက်မြန်မာနိုင်ငံတော်ကစေလွှတ်သည့် သံ တော်တို့တွင် ရာဇသံလက်ဆောင်တော်များနှင့် မှူးကြီးမတ်ကြီးတို့ကို စေလွှတ် ပါမည်ဟု လျှောက် ထားလိုက်ရင်းအတိုင်း၊ အင်္ဂလိပ်ဝန်ကြီး ဆာအာသာဖယ်ယာပင် ခေါင်းဆောင်၍ အရာရှိ၁၇ယောက်၊ လူငယ် ၁၄၀၊ ဂေါ်ယာစစ်ပိုင် ၁၀၀၊ ဘင်ခရာအငြိမ့်တီး ဂေါ်ယာ ၁၅၊ လူငယ်နောက်ပါ ၁၇၀၊ မြင်း နှင့် မြင်းစီး ၁၅၊ စုစုအမှုထမ်းလူငယ် ၄၄၀၊ ၂စု ၄၅၇၊ မီးသင်္ဘော ၂စီး၊ တွဲသမ္ဗန်ကြီး ၂စင်းနှင့် လာ ရောက်ရာ မြန်မာအဖွဲ့ ကမ မလွန်မြို့မှ ကြိုဆိုရပါသည်။

    လမ်းစဉ်တစ်လျှောက်၌လည်း ထွက်၍ကြိုဆိုကြရသည်။ အရှင့်နန်းမတော်ဘုရားဝန်၊ အကောက်ဝန်၊ ရွှေတိုက်ဝန်၊ ဖောင်ဝန်စာရေးကြီး၊ သင်္ဘောစာရေးကြီးတို့က ကျောက်တစ်လုံးမှနေ၍ ခတ်လှော်တော်၊ လှေလှော်တော်၊ လှေပေါင်း ၁၀၀၀ ကျော်နှင့် ကြိုယူသည်။ စစ်ကိုင်းမြို့ သံတဲသို့ရောက်လျှင် ၀န်ကြီး၊ ၀န်ထောက်တို့က နှုတ်ခွန်းဆက်သသည်။ စစ်ကိုင်းမြို့ သံတဲမှ တောင်သမန်သံတဲသို့ သံတို့စီးသည့် မီးသင်္ဘော ၂ စင်း၊ ဆွဲသမ္ဗန်ကြီး ၂ စင်း၊ ခတ်လှေ၊ လှော်လှေများနှင့် မြစ်ငယ်ဝ၊ ရွှေကြူးပေါက်လမ်းမှ တောင်သမန် အင်းအတွင်းသို့ဝင်လာ၍ မကွေးမြို့စား ၀န်ကြီး အစရှိသော မြန်မာအရာရှိတို့က ကြိုဆိုဆောင်ယူ သည်။

    ဤသို့ ဆာအာသာဖယ်ယာတို့သံအဖွဲ့၊ မီးသင်္ဘော ၂စင်း၊ ဆွဲသမ္ဗန်ကြီး ၂စင်းဖြင့် ၀ါခေါင်လ တောင်သမန်အင်း ရေပြည့်နေချိန်တွင် ၀င်ရောက်လာသည်ကို အိမ်ရှေ့စံ ကနောင်မင်း မည်သို့မျှ  ဘ၀င်မကျဟု ဆိုလေသည်။ အမရပူရနန်းတော်သို့ တောင်သမန် ဦးပိန်တံတားကြီး ခံနေ၍သာ ကပ်ပြီး ရောက်မလာနိုင်ဖြစ်သည်။ ထို့ကြောင့် အမရပူရထီးနန်းတွင် ဆက်လက်စိုးစံပါက မိုးတွင်း လများတွင်ရန်သူအင်္ဂလိပ်တို့ ထီးနန်းအနီးအထိရေလမ်းမှ ၀င်ရောက်လာနိုင်သည်ကိုတွေးမိ၍ မန္တလေးတောင်ခြေသို့ ထီးနန်းရောမြို့ပါပြောင်းရန်နောင်တော်မင်းတရားကြီး၏ အကြံကိုထောက် ခံခြင်းဖြစ်သည်ဟုဆိုပါသည်။

    တက္ကသိုလ်နေ၀င်းဘာသာပြန်သည့်အင်းဝရောက် ဗြိတိသျှသံစာအုပ် တွင်လည်း ”အမရပူရမြို့ ပတ်ဝန်းကျင်ကို တစ်နှစ်လျှင် နှစ်လကျော် ရေလွှမ်းမိုး လျှက်ရှိရာ လူအ များစီးပွားရေးအတွက်ကုန်ပစ္စည်းများ ၀ယ်ယူဖြတ်သန်း သွားလာရန်အတွက် အမြော်အမြင်ကြီး စွာဖြင့်တံတားကြီး ဆောက်လုပ်ခဲ့ခြင်းဖြစ်ပေသည်။” ဟု သူ့ဆောင်းပါးတွင် အတိအလင်းဖော်ပြ ထားပါသည်။

    မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၄) အမရပူရမြို့အကြောင်းတွင် “ပုဂံမင်းလက်ထက်က မြို့စာရေးမောင်ပိန်သည် ထိုအင်းကိုဖြတ်၍ သင်သားတံတားကြီးတစ်ခု ဆောက်လုပ် လှူဒါန်းခဲ့ရာ ယခုတိုင် ရှိသေးသည်။ တောင်သမန်အင်းတစ်ဖက်တွင် ပုဂံမင်း တည်ထားခဲ့သော ကျောက်တော် ကြီးဘုရားရှိသည်။” ဟု ဖော်ပြထားရာ ပသီ(အစ္စလာမ်ဘာသာဝင်)တစ်ဦးဖြစ်သော မြို့စာရေး ဦးပိန်သည် စေတနာဆန္ဒ အလျောက် တံတားဆောက်လုပ်လှူဒါန်းရာတွင် တံတားတစ်ဖက်တစ် ချက်ရှိ ရွာများမှ မြန်မာ ဗုဒ္ဓဘာသာဝင်များ လွယ်လင့်တကူ အန္တရာယ်ကင်းရှင်းစွာ ဘုရားဖူးသွား နိုင်စေရန် စေတနာကိုလည်း မည်သူမျှ ငြင်းနိုင်မည် မဟုတ်ပါဟု မြန်မာ့ စွယ်စုံကျမ်းက ဆောက် လုပ်လှူဒါန်းခဲ့ ရခြင်းအကြောင်းကိုဖော်ပြထားပါသည်။

    ဦးပိန်ဆောက်လုပ်ခဲ့သည်မှာ တောင်သမန်အင်းကိုဖြတ်သည့် တံတားကြီးတစ်စင်းသာမကဘဲ စကျင်ဝချောင်း ကိုဖြတ်လျက် တောင်ကြီး တံတား၊ ပန်းဘဲတံတား၊ မင်္ဂလာအမြှောက်ဗုံးအိုးဗုံထောင် တံတား၊ စကျင်တံတား၊ ရွှေလေး တံတား၊ တောင်မြင့် တံတား၊ ရွှေတောင်တံတား၊ ဂျင်းကုန်းတံတား၊ ရွှေတုံးတံတား၊ ကြက်မွေးတံတား စသည့်တံတား ၁၀စင်းကိုလည်း ဆောက် လုပ်လှူဒါန်းခဲ့ပါသည်။

    ထိုတံတားများအနက် သွားလာ၍လွယ်ကူသော တံတားများကို စာရေးသူကိုယ်တိုင် လိုက်ကြည့်ခဲ့ ဖူးပါသည်။ တံတားများဆောက်ရန် လိုအပ်သောပန်းပဲသမားများနှင့် လက်သမားများနေထိုင်ရန် ပန်းပဲရွာနှင့်လက်သမားရွာကိုလည်း တည်ပေးခဲ့သည်ဆိုသည်။ ဦးပွားဘုရားအနောက်ဘက်၌ ရေ ကန်တစ်ကန်၊ ဘုရားကြီးလိပ်ကန်တို့ကိုလည်း တူးဖော်လှူဒါန်းပေးခဲ့လေသည်။

    အမရပူရမြို့သစ် တည်သောအခါ အင်းဝနန်းတော်ဟောင်းမှ တိုင်နှင့်သစ်သားများကိုယူ၍တံတားဆောက်လုပ်သည် ဆိုသော ပါးစပ်ရာဇ၀င်ရှိသည်။ ဟုတ်မဟုတ် မပြောနိုင်ပါ။ သို့သော်ဦးပိန်သည်တံတားများ ဆောက်လုပ်ရန်အတွက် ကျွန်းသစ်ခုတ် ခွင့်ရရှိသည်။ မြစ်ရေကြီးသောအခါ ကျွန်းသစ်များကိုဖောင်     ဖွဲ့ပြီး သယ်ဆောင်ခဲ့ရသည်ဟု အမရပူရရောက် အင်္ဂလိပ်သံမှူးဟင်နရီထူးက တံတားကြီးပုံတူကို ရေးဆွဲဖော်ပြပြီး ရေးခဲ့သည်ဟု ဆရာကြီးဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) က ပြောဖူးသည်။ စာရေးသူအနေဖြင့်ဟင်နရီထူး ရေးဆွဲသည့် ပုံကိုမြင်ဖူးသော်လည်း ရေးခဲ့သည့်စာကိုမဖတ်ဖူးပါ။ သို့သော် တက္ကသိုလ်နေ၀င်း ဘာသာပြန် အင်းဝရောက်ဗြိတိသျှသံ စာအုပ်တွင် “တံတားကြီးသည် အသစ် စက်စက်ဖြစ်ပြီး ကျွန်းဝရန်တာနှစ်ဖက်တွင် ပန်းပုပန်းနွယ်တို့ဖြင့် ပြုလုပ်ထားသည်” ဟု အတိအကျဖော်ပြထား ပါသည်။

    သမိုင်းပါမောက္ခဒေါက်တာကျော်သက်ရေးသားသည့် မြန်မာနိုင်ငံသမိုင်းစာ အုပ် စာမျက်နှာ ၃၇၄ တွင်ပုဂံမင်း (၁၈၄၆-၁၈၅၂)နှင့် ပတ်သက်ပြီး “ပုဂံမင်းသည်စကုတွင် ဆည်မြောင်းကန်ချောင်းများကို ဖောက်လုပ်သည်။ ထိုဒေသများတွင် စေတီပုထိုးတည်ထားသည်။ သာသနာ့ဘောင်သို့ဆွေမျိုးများကို သွတ်သွင်းချီးမြှင့်၍ သာသနာ့ဒါယကာအဖြစ် ခံယူခဲ့သည်။ ညောင် ရွှေစော်ဘွား၏ သမီးတော်နှင့် လက်ဆက်သည်။ သူပုန်ထခြင်းကို ငြိမ်သက်ပိပြားအောင် ပြုလုပ်သည်။ တရုတ်နိုင်ငံမှ သံတမန်အဖွဲ့ကို တန်းတူနိုင်ငံမှစေလွှတ်သော သံအဖွဲ့ကဲ့သို့ လက်ခံပြုစု သည်။ နိုင်ငံခြားသားများက ပုဂံမင်း၏အကြောင်းကိုပြောဆိုသည်မှာ တစ်မျိုးတစ်ဖုံမူကွဲလေသည်။

    ၎င်းတို့အဆိုအရထင်ရှားသည့်အချက်ကား ပုဂံမင်းသည်တန်ခိုးအာဏာကို အလွဲသုံးစားပြုသည် ကိုလည်းကောင်း၊ တိုင်းကျိုးပြည်ကျိုးကို ဆောင်ရွက်ခြင်းမပြုဟုလည်းကောင်း ဆိုကြသောအချက် ဖြစ်သည်။ တိုင်းရေးပြည်ရာကို မင်းကလျစ်လျူရှုထားသည့်အတွက် တန်ခိုးအာဏာကိုအလွဲသုံးစား ၍ ဟော့ရမ်းမှုပြုကျင့်သူများပေါ်ပေါက်ခဲ့သည်။ ဥပမာ-အမရပူရမြို့ဝန်ဖြစ်သောပသီမောင်ဘိုင်ဆပ် နှင့်မောင်ပိန်ကဲ့သို့သော ဟော့ရမ်းသူများ ပေါ်ပေါက်ခြင်းပင်ဖြစ်သည်။”

    တစ်ဖန်စာမျက်နှာ(၃၇၅)တွင်”…..နောက်ဆုံးတွင်အများပြည်သူတို့သည် အကြောင်းစုံကို သိကြ၍ ၎င်းတို့နှစ်ဦးလွန်စွာမုန်းတီးလာသောအခါ ပြည်သူတို့ကျေနပ်စေရန် ပုဂံမင်းကကွပ်မျက်သုတ်သင် လေသည်။” ဟု ဒေါက်တာကျော်သက်က တင်ပြထားပါသည်။

    ဒေါက်တာကျော်သက်၏တင်ပြထားချက်သည် ယထာဘူတကျမည် ထင်ပါသည်။ မြို့ဝန်ဘိုင်ဆပ်၊ ဦးပိန်နှင့် ပုဂံမင်းသားတို့သည် ငယ်စဉ်က တောင်သမန်အင်း အနောက်ဘက်ရှိဘုန်းတော်ကြီးကျောင်းတွင် စာအတူသင်ခဲ့ကြသည်။ ဘိုင်ဆပ်သည် ပုဂံမင်း၏လူပျိုတော်တစ်ဦးဖြစ်ပြီး မင်းသားအလိုကျဆောင်ရွက်ခစားရသူဖြစ်သည်။

    ပုဂံမင်းနန်းတက်သောအခါ ဘိုင်ဆပ်၏အရည်အသွေးကိုငယ်စဉ်ကပင်သိ၍ မြို့ဝန်ခန့်ပြီး ဦးပိန်ကို မြို့စားရေးခန့်အပ်ခဲ့လေသည်။ ဘိုင်ဆပ်အကြောင်းကို ယခင်ဆောင်းပါးတွင် ရေးသင့်သလောက် ရေးပြီးပြီးဖြစ်သည်။ ထို့ကြောင့်မြို့စာရေး ဦးပိန်အကြောင်းကိုသာ ဆက်လက်ဖော်ပြလိုပါသည်။

    ဦးပိန်သည်(၁၁၆၈-၁၂၁၃)လည်း မဏိပူရ ကသဲ(ကသည်း) သူကြွယ်မျိုးရိုးမှ ဆင်းသက်လာသူဖြစ် သည်။ စာရေးသူက အထက်တွင် ဦးပိန်၏ကောင်းမှုမှာ ရေကန်နှစ်ကန်သာ ဖြစ်သည်ဟု ဆိုသော် လည်း သူ့အဆက်အနွယ်တို့၏ ပြောပြချက်အရ ဦးပိန်သည် တောင်သမန် တံတားကြီး အပါအ၀င် တံတား ၁၁စင်း၊ ရေကန် ၁၁ကန် ကောင်းမှုပြုခဲ့သည်ဟုဆိုပါသည်။ ဦးပိန်တွင် ဒေါ်ခင်ခင်ကြီး၊ ဒေါ်ဒေါ်စိန်၊ ဒေါ်ငယ်နှင့် အခြားအမည်မသိ ဇနီး ၄ ဦးရှိသည်ဆိုသည်။ ဒေါ်ခင်ခင်ကြီးမှ သူကြီး ဦးဥာဏ်ကိုမွေးသည်။ ဒေါ်ဒေါ်စိန်မှ ဦးသာရွှန်းဆိုသူကို မွေးသည်။ ဒေါ်ငယ်မှ ဦးဖေလင်းနှင့် ဦးသာချစ်ကယ်တို့ကို မွေးသည်။ အမည်မသိ ဇနီးမှ ဦးရှင်နှင့်ဦးဖိုးသင်တို့ကို မွေးသည်ဆိုရာ ဦးပိန်၌ သား ၆ ယောက်သာရှိပြီး သမီးရှိပုံမရပေ။ ထိုသား ၆ ယောက်မှ ဆင်းသက်လာသည်မှာ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆက်သို့ပင်ရောက်နေပြီဖြစ်ပါသည်။ ထိုမျှပင်ကမည်မဟုတ်ပါ။ ဦးပိန် ၏အဆက်အနွယ်များသည် ယခုအခါ ဦးရေအားဖြင့် ၁၀၀ခန့်မက ရှိမည်ဟုဆိုပါသည်။

    ဤဆောင်းပါးကိုရေးရခြင်းဖြစ်သည်မှာ တောင်သမန် တံတား ဒါယကာဦးပိန်ဘက်မှ အကောင်းမြင် ၀ါဒတစ်ခု တည်းဖြင့် ရေးသားခြင်း မဟုတ်ပါ။ မြို့ဝန်ဘိုင်ဆပ်နှင့် ဦးပိန်တို့သည် ပသီ(အစ္စလာမ်ဘာသာဝင်) ဖြစ်ခဲ့ကြသော်လည်း အိန္ဒိယမှလာသူများ မဟုတ်။ မဏိပူရ၊ ကူကီချင်း၊ ကသဲ(ကသည်း)၊ စော်ဘွား မျိုး၊ သူကြွယ်မျိုးတို့မှ ဆင်းသက်လာသူများဖြစ်သည်ဆိုသည်ကတစ်ကြောင်း၊ မင်းလိုလိုက် မင်းကြိုက်ဆောင်ရာတွင် မြို့ဝန်နှင့်မြို့စာရေးတို့ဖြစ်၍ အခွင့်အရေးယူကောင်းယူနိုင်ပါသည်။ သို့သော်တောင်သမန်အင်းကိုဖြတ်၍ တံတားကြီးဆောက်ရာ၌အာဏာသိမ်းရန် ကြံစည်သည်ဟူသော အရေးအသားသမိုင်းတွင် ရှာ၍ပင်မတွေ့ရဆိုသည်ကတစ်ကြောင်း၊

    ဘိုင်ဆပ်နှင့် ဦးပိန်တို့ မင်းပြစ်မင်းဒဏ်သင့်၍ ကွပ်မျက်ခံရပြီးနောက် ဘုရင့်ယောက်ဖဦးကျောက်လုံး မြို့ဝန်ဖြစ်လာခြင်းဖြင့် ထိုသူ နှစ်ဦး အပေါ် အထင်အမြင် လွဲမှားစေသော အရေးအသားများ မည်သည့်ဘက်မှ လာခဲ့သည်ကို သိရှ်ိလောက်ပါသည်။ ပုဂံမင်း သစ္စာခံ ဘက်တော်သား ဆူးငြောင့်ခလုတ်အားလုံးကို တောရှင်းထားပြီး သောကြောင့်သာ ပုဂံမင်းကိုလွယ်လင့်တကူ နန်းချနိုင်ခဲ့သည်ဟု ပြောနိုင်ပါသည်ဆိုသည့်အကြောင်း တို့ကို ဖော်ပြလို၍ ဖြစ်ပါသည်။

    မြန်မာနိုင်ငံရှိ တံတားကြီးများ အမျိုးမျိုးအနက်၊ ယနေ့ အမရပူရမှတောင်သမန်တံတားကြီးဟုပင် ခေါ်ခေါ် ဤတံတားကြီးသည် မြန်မာနိုင်ငံ တွင် လည်းကျော်ကြား၊ ကမ္ဘာနှင့် ချီ၍လည်းကျော်ကြားသော တံတားကြီးဖြစ် ပါသည်။ မြန်မာနိုင်ငံသို့လာသည့် တိုင်းတစ်ပါးသား တိုးရစ်များ ကလည်း ဤ တံတားကြီးကို လာကြည့်ဖြစ်အောင် လာကြည့်ကြ ရသည်။ နိုင်ငံတော် အစိုးရ၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှလည်း တံတားကြီး၏တည်တံ့ခိုင်မြဲရေးကို တာဝန်ယူ၍ စောင့်ရှောက်နေရသည်။ လူအများ ကလည်း ၀ိုင်းဝန်းကူညီစောင့်ရှောက်ကြရမည်။  (တစ်လောက တိုင်တစ်တိုင်တွင် ဆေးလိပ် မီးထည့် ခဲ့၍ ထိုတိုင်မီးလောင် သွားရသည်။) မည်သို့ပင်ဆိုစေ တောင်သမန်အင်းနှင့် အင်းဖြတ်တံတား၊ တံတားဒါယကာ ဦးပိန်တို့၏ အမည်များကိုကားတွဲလျက် အစဉ်သတိရနေကြမည်သာ ဖြစ်ပါသည်။

    မောင်သန်းဆွေ၊ ထားဝယ်၊

    ကိုးကားချက်
    ၁။ ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး(တတိယတွဲ)
    ၂။ မောင်သန်းဆွေ (ထားဝယ်)
    ထီးဓလေ့၊ နန်းဓလေ့
    ၃။ တက္ကသိုလ်နေ၀င်း အင်းဝရောက် ဗြိတိသျှသံ(ဘာသာပြန်)
    ၄။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄
    ၅။ ဒေါက်တာကျော်သက် မြန်မာနိုင်ငံသမိုင်း
    ၆။ ဦးမောင်မောင်ကြီး(မန်း) ဘိုင်ဆပ်၏ မြန်မာအမည် ဦးအောင်မြတ်အကြောင်းစာတမ်း
    ၇။ မောင်မြသန်း မောင်ဝမ်ဆန်း(သံဖြူဇရပ်)သို့ အိတ်ဖွင့်ပေးစာ
    ၈။ ဦးပိန်အနွယ်ဆက်များ ပြုစုထားသည့် စာရေးတော်ကြီးဦးပိန်၏ ဆွေစဉ်မျိုးဆက်ဇယား

     

    ၂၀၁၅ ဇွန်လ ထုတ် ရွှေအမြုတေ မဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

  • ရာမည-သွေးမွန်သို့ အာသောက ကျောက်စာကို အမည် ပြောင်းကြစို့။

    မေ ၂၈ ၊ ၂၀၁၄
    M-Media
    .ဆောင်းပါးရှင်- မောင်သမာဓိ

    forpage21fq

    ၁။ မြန်မာမွတ်ဆလင် ဦးပိန်၏ အမည်ကို မကြားချင်သူ။

    ၂၀၁၄ မေလ ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၆ တွင် ရေးသားထားသော ဆောင်းပါး ရှင် ရာမည-သွေးမွန်ရဲ့ တောင်သမန် တံတားလို့ ခေါ်ပါ အမည်ရ ဆောင်းပါးကို ဖတ်ရှုပြီးနောက် အတွေးနယ် ချဲ့မိတယ်ခင်ဗျာ့။

    အထက်ပါဆောင်းပါးရှင် အဆိုအရ လောင်းကစား ခုံမင်သော ပုဂံမင်းသည် ၎င်းနှင့် ပုလင်းတူ ဘူးဆို့ ဝါသနာတူ မျိုးခြား ဘိုင်ဆပ်ကို မြို့တော်ဝန်ခန့်ထားရာ ဘိုင်ဆပ်၏တပည့် မြို့စာရေး ဦးပိန်က တောင်သမန် အင်း ကိုဖြတ်၍ တံတားထိုးရန် အကြံပြုလေသောကြောင့် ပုဂံမင်းက ခွင့်ပြုသဖြင့် ၁၈၄၉ ခုနှစ်တွင် စတင် တည် ဆောက်ကာ ၁၈၅၀ ခုနှစ်တွင်ပြီး၍ ဦးပိန်တံတားဟု အမည်တွင်ကြောင်း  ရေးသားထားပါသည်။

    attack

    ဒါပေမဲ့ မြို့ဝန် ဘိုင်ဆပ်နဲ့ ဦးပိန်တို့နှစ်ဦးဟာ တံတားတည်ဆောက်ရာမှာ ဘုရင့်ဘဏ္ဍာတော်ငွေ အလွဲ သုံးစာမှုနဲ့ ကွပ်မျက်ခံရတဲ့ လူဆိုးတွေဖြစ်လို့ သူတို့ တည်ဆောက်ခဲ့တဲ့ တံတားကို ဦးပိန်တံတားလို့ မခေါ်သင့်ဘဲ တောင်သမန်တံတားလို့သာ ခေါ်သင့်ကြောင်း ရေးသားထားတာဟာ တကယ်တော့ ပြည်ထောင်စုသား မြန်မာ မွတ်ဆလင် တို့၏ သမိုင်းကိုဖျောက်ရန် ကြိုးပမ်းမှုများမှ တစ်ခုသာ ဖြစ်တယ်ခင်ဗျာ့။

    ၂။ ခေတ် အဆက်ဆက် မြန်မာ မွတ်ဆလင်တို့၏ သမိုင်းကို ဖျောက်ရန် ကြိုးပမ်းမှုများမှာ အဆန်း မဟုတ်ပါ။

    (က) အောက်ပါ ဓါတ်ပုံတွင် ဖေါ်ပြထားသော ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့ရှိ ပြည်ထောင်စုသား မြန်မာမွတ်ဆလင်တို့ အတွက် မင်းတုန်းမင်းကြီး တည်ထားပေးခဲ့သော ဟာ့ဂ်ျပြုစဉ် တည်းခိုရန် နိုင်ငံတော်ပိုင် ဒေါင်းဇရပ်နှင့် မြေကွက်မှာ ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်ကပင် လက်သည် မပေါ်ဘဲ ကွယ်ပျောက် သွားခဲ့ ရပါပြီ။

    min-don-min-mecca

    (ခ) မင်းတုန်းမင်းကြီး ကိုယ်တော်တိုင် ရွှေပနက်တင်ကာ တည်ဆောက်ပေးခဲ့သော မန္တလေး နန်းတွင်း ပလီသည်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် လက်စဖျောက် ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

    shwe pa nat masjid

    (ဂ) ဘိုးတော်ဘုရားမှ ရခိုင်ပြည်ကို သိမ်းပိုက်ပြီး ရမ်းဗြဲမြို့ အစ္စလာမ် သာသနာပိုင်အဖြစ် ခန့်အပ်ခဲ့ သော အာဗေ့ရှာ ဟိုစင်နီ၊ သတ္တစာဆိုတော်ကြီးဦးနုနှင့် တံတား ၁၁ စင်း ကန် ၁၁ ကန် ဒါယကာ ဦးပိန်၊ ဆင် ဖြူရှင် ဖမ်ဆီးခေါ်ဆောင်ခဲ့သော ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါး တို့၏ သမိုင်းဝင် အုတ်ဂူများ တည်ရှိ သော တောင်သမန် အင်းဘေးမှ လင်းဇင်းကုန်း သုဿန်နှင့် ပလီကို သမ္မတကြီး ဦးသိန်းစိန် လက်ထက် ၂၀၁၄ ခု မတ်လ ၂၃ ရက်နေ့က ဘူဒိုဇာများဖြင့် ထိုး၍ ရှင်းလင်း ဖယ်ရှားလိုက်ကြလေသည်။

    10152412_684968381545635_1200128292_n

    ၃။ အာသောက ကျောက်စာကို ပြောင်းဖို့ အမည် ရွေးကြစို့။

    ဗုဒ္ဓဘာသာ သမိုင်းတွင် အဓိက နေရာမှ ပါဝင်သော အာသောကမင်းကြီးသည် မင်းညီမင်းသား အရင်း အခြာ ၉၀ ကျော် ၁၀၀ ပတ်လည်ကို ကွပ်မျက်ပြီး ဘုရင်လုပ်ခဲ့သူ ဖြစ်ကြောင်း သီတဂူ ဆရာတော်ဘုရား ဟော ကြားတော်မူသော တရားတစ်ခုကို FM ရေဒီယိုမှတဆင့် နာခဲ့ဘူးပါသည်။ သို့သော် ဗုဒ္ဓမြတ်စွာ ဘုရား၏ တရား တော်ကို နာယူပြီးနောက် အဇာတသတ်မင်းကဲ့သို့ပင် အမြင်မှန်ရရှိကာ သောတပန် ဖြစ်ခဲ့တယ်လို့ ဆိုတယ် ခင် ဗျာ့။ ဒီနောက် ဗုဒ္ဓစာပေတွေကို သမိုင်းတန်ဘိုး မဖြတ်နိုင်တဲ့ ကျောက်စာတွေအဖြစ် ရေးထွင်းခဲ့လို့ အာသောက ကျောက်စာရယ်လို့ ကမ္ဘာပေါ်မှာ နာမည်တွင်ခဲ့တယ်မဟုတ်လား ရာမည-သွေးမွန်ခင်ဗျား။

    ကောင်းပြီ…ဒါဆိုရင် ဦးပိန်ဟာ လူဆိုးဖြစ်လို့ ဦးပိန်တံတားကို တောင်သမန်တံတားလို့ ပြောင်းလဲ ခေါ် ဝေါ်ချင်တဲ့ ရာမည-သွေးမွန် အနေဖြင့် တချိန်က လူဆိုးလူမိုက်ကြီး ဖြစ်ခဲ့ဘူးတဲ့ အာသောကမင်းကြီး ရေး ထွင်း ခဲ့တဲ့ ကျောက်စာကို ဘယ်ကဲ့သို့သော အမည်ကို ပြောင်းလဲခြင်းဖြင့် တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ် ဆန်း အရေးမှား အမှတ် မှားဖြင့် ကမ္ဘာ့အလယ်တွင် အရုပ်ဆိုး အကျည်းတန်စေသော ကိစ္စများမှ ကင်ဝေးနိုင်မယ် ဆိုတာကို ပြန်ကြားပေးစေချင်ပါတယ်ခင်ဗျား။

    မောင်သမာဓိ
    ၂၇ မေ ၂၀၁၄

    ဆောင်းပါးရှင် မောင်သမာဓိ မှ M-Media သို့ပေးပို့လာသောဆောင်းပါးဖြစ်ပါသည်။

  • ဦးပိန်တံတားအား အစိုးရသတင်းစာ အမည်ပြောင်းခေါ်

    ရန်ကုန်၊ မေ ၁၅
    မြန်မာသံတော်ဆင့်မှ ကူးယူဖော်ပြသည်။

    105_0578

    နိုင်ငံပိုင်သတင်းစာ တစ်ခု ဖြစ်သည့် မေလ ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၌ မန္တလေးမြို့၊ တောင်သမန် အင်းရှိ ဦးပိန်တံတားအား ““တောင်သမန်တံတား”” ဟု ခေါ်ရန်ဆောင်းပါးရှင် ရာမည-သွေး မွန်ရေးသား ထား သည့် ““တောင် သမန်တံတားလို့ခေါ်ပါ””ဆောင်းပါး ထည့်သွင်းဖော်ထားခြင်းမှာ မဖြစ် သင့်ကြောင်းနှင့် သမိုင်း အတိုင်းသာ ရှိသင့်ကြောင်း သမိုင်းသုတေသီ နှင့်မန္တလေးမြို့ခံပြည်သူများကသုံး သပ်လျက်ရှိသည်။

    ဆောင်းပါးရှင်၏ ဖော်ပြချက်အရ ဦးပိန်တံတားတည်ဆောက်သူ မှာပုဂံမင်းမှ မြို့တော်ဝန်ခံထားသူ လူမျိုးခြား ဘိုင်ဆပ်ဆိုသူထံ၌ တာဝန်ထမ်းဆောင်သူမြို့စာရေး ဦးပိန် ဖြစ်ကြောင်း၊ ဦးပိန်က ဒေသခံပြည် သူများ သွားလာ ရေးအဆင်ပြေစေရန် အတွက် တောင်သမန်အင်းအား ဖြတ်၍ တံတားထိုးရန် အကြံပြုရာ ဘိုင်ဆပ်က ပုဂံမင်းထံ တင်ပြကာ ခွင့်ပြုချက်ရယူပြီး တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။…

    ယင်းသို့ တည်ဆောက်ရန် အတွက် ပုဂံမင်းထံမှ လိုအပ်သည့် ကျွန်းတိုင်များနှင့် လူအင်အားများ ရခဲ့သော် လည်း နဂိုမူလအကြံအစည် ဖြစ်သည့် ဘုရင့်ဘဏ္ဍာတော်မှ တံတားဆောက်လုပ်စရိတ် စာရင်း ဇယားပြ၍ ထုတ်ယူသုံးစွဲခဲ့ကြောင်း၊ ထို့ပြင် ဦးပိန်မှာမြို့တော်ဝန်ဘိုင်ဆပ် နှင့် ပေါင်းကာ ကိုယ့်အမျိုးသားချင်း နှိပ်စက်မှုများ ပြုလုပ်၍ လူမုန်းများ ခံရကြောင်း၊ ယင်းကြောင့်ပြည်သူ များတိုင်တန်း ခံရရာမှ မြို့တော်ဝန် ဘိုင်ဆပ်၊ ဦးပိန်နှင့် အပေါင်းအပါတို့ ကွပ်မျက် ခံခဲ့ရကြောင်းဖော်ပြထားသည်။

    ထို့ပြင် ဦးပိန်မှာ တံတားဒါယ ကာအဖြစ်အခေါ်ခံထိုက်သူမဟုတ်၊ တံတားကို အမှီပြု၍ ပြည်သူလူ ထုအပေါ် ခေါင်းပုံဖြတ်၊ အမြတ် ထုတ်သူသာ ဖြစ်ကြောင်း၊ ယင်းအတွက်မြန်မာ့ ဂုဏ်ဆောင် ပုဂ်္ဂိုလ်အဖြစ် ချီးကျူးသင့် သလောဟု ဆောင်းပါးရှင် ရာမည-သွေးမွန်က မေးခွန်းထုတ်ရေးသားထားသည်။

    ““သမိုင်းရဲ့ အရှိတရားအတိုင်း ထားတာတော့ ပိုပြီး သင့်မြတ်မယ် လို့ယူဆပါတယ်။ဒီနေရာမှာ လူမျိုးရေးတို့၊ ဘာသာရေးတို့ကို ဘေး ဖယ်ထားပြီးတော့ သူ့သမိုင်းမှာ ရှိ နေတဲ့အတိုင်းလေးသမိုင်းအတိုင်း ထားတာက ပိုကောင်းလိမ့်မယ်လို့ ယူဆပါတယ်။ သူလုပ်ခဲ့လို့ သူ့ တံတားဆိုပြီးတော့ လူတွေက တောက်လျှောက် ခေါ်ခဲ့ကြ တာပဲလေ”” ဟု သမိုင်းသုတေသီ ဒေါက်တာမြင့်သိန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

    attack

    ယင်းသို့ ဦးပိန်တံတားနှင့် ပတ်သက်၍ ရေးသားရာ၌လည်း ၂၀၁၀ ခုနှစ်ထုတ် စာရေးဆရာ သန်းဝင်းလှိုင်၏ အနှစ်ချုပ် မြန်မာ့သမိုင်း၊ အဘိဓာန်(ပထမတွဲ)အား မှီးငြမ်း ကိုးကားထားခြင်း ဖြစ်ကြောင်းလည်း ဖော်ပြပါရှိပြီး အကောင်းဆုံးမှာ ကမ္ဘာလှည့် ခရီးသွားများနှင့် စိတ်ဝင်စားသူများ သိရှိမှတ်သားနိုင်ရန် တောင်သမန်တံတား သမိုင်းအကျဉ်းကို တံတားဦး၌ ရေးသား စိုက်ထူထားသင့်သည်ဟု တိုက်တွန်းထားသည်။

    သို့သော် ဆောင်းပါး ဖော်ပြထားရာ၌ ထူးခြားချက်အနေဖြင့် တံတားတည်ဆောက်ရာ၌ အဓိကကျသည့် မြို့ စာရေး ဦးပိန်အား အထူးပြုဖော် ပြထားခြင်းမရှိဘဲ လူမျိုးခြားဖြစ်သူ ဘိုင်ဆပ်အားအထူးပြုသည့် အနေဖြင့် ““ဘိုင်ဆပ်”” ဟူ၍ မျက်တောင် အဖွင့်အပိတ်ဖြင့် ဖော်ပြထားခြင်း ဖြစ်သည်။

    ““ကျွန်တော့် သုံးသပ်ချက်ကတော့ အလုပ်မရှိ၊ အလုပ်ရှာတယ်လို့ပဲ မြင်ပါတယ်။ ဦးပိန်တံတားက နိုင်ငံတကာ ထိလည်း အမည်ပေါက် ပြီးသား၊တွင်ပြီးသား။ ဒါကိုမှ ထပ် ပြီးပြင်ချင်တယ်ဆိုရင်လည်းဒါတွေ ကမလိုအပ်ဘူး။ ဒီ့ထက် အရေးတကြီး လုပ်ရမယ့် အလုပ်တွေအများ ကြီးရှိတယ်။ဘိုင်ဆပ်က လူမျိုးခြား ဖြစ်လို့၊ ဘာသာခြား ဖြစ်လို့ ဆိုလို့ ရှိရင် မြန်မာစာ အသုံးအနှုန်းထဲမှာ ရောက်နေတဲ့ ရေဒီယိုတို့၊ ကွန်ပျူတာတို့၊ ကားတို့ အဲဒါတွေပါ လိုက် ပြီးမြန်မာမှုပြုကြပါလား၊ အားနေကြရင်””ဟု မန္တလေးမြို့ခံ စာရေး ဆရာ ဦးကျော်ရင်မြင့်က မြန်မာ သံတော်ဆင့်သို့ ဆိုသည်။

    u-pain-1-2

    မန္တလေးမြို့၌ နေထိုင်သူကို မောင်မောင်ကလည်း ““ ဦးပိန်ဆောက်ခဲ့တဲ့ တံတားကိုဦးပိန် တံတားလို့ ခေါ်ရမှာ။ ကောင်းခြင်း၊ မကောင်းခြင်းကသမိုင်းမှာ သူ့ဟာနဲ့သူ ရေးထိုးထားပြီးသား။ အဲဒါကို တောင်သမန်အင်း တံတား ပြောင်း ခေါ်ဖို့ဆိုတာ၊ တောင်သမန် အင်းတံ တားဆိုရင် ကောင်းပြီဘယ်သူ ဆောက်ခဲ့သလဲ။ ဒါမျိုးမေးစရာ တွေ ဖြစ်လာမှာပဲ။ ဦးပိန်တံတားကို ဦးပိန်တံတားအဖြစ်နဲ့ပဲ ရှိနေစေချင် တယ်ပေါ့။ ဒီဟာကြီးက မကောင်း လို့ဆိုတာ ဒါသမိုင်းကို ဖျောက်တာပဲ။ ဒါဖျောက်ဖို့မသင့်တဲ့ ကိစ္စပဲလို့ စိတ်ထဲမှာ ထင်တယ်”” ဟု မြန်မာ သံတော်ဆင့်သို့ ပြောသည်။

    အဆိုပါ ဦးပိန်တံတားမှာ မန္တလေးတိုင်း၊အမရပူရမြို့၌ မြို့စာ ရေးဦးပိန် ဦးဆောင်ကာ ၁၂၁၁ ခုနှစ်က တည် ဆောက်ခဲ့ခြင်း ဖြစ် ကာ နှစ်နှစ်ကြာတည်ဆောက် ခဲ့ရ သည်။ တံတားအရှည် ၇ ဒသမ ၈ ဖာလုံရှိကာ တိုင်လုံး ရေ ၁၀၈၆ လုံးဖြင့် အခန်းပေါင်း ၄၈၂ ခန်း၊ ဇရပ်ပေါင်း ၄ ခုထည့်သွင်း တည် ဆောက်ထားသည်။

    မူရင်းသတင်းလင့် =>http://goo.gl/ngjgGz

    ဆက်စပ်ပိုစ်များဖတ်ရန်
    ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့ => http://www.m-mediagroup.com/news/1011

  • ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့

    ဖေဖော်ဝါရီ  ၁၁၊ ၂၀၁၁
    M-Media
    ဆောင်းပါးရှင်- မောင်သဲနီ

    ဦးပိန်တံတားခေါ် တောင်သမန် တံတားကိုပုဂံမင်း လက်ထက်သက္ကရာဇ် ၁၂၀၉ ခုနှစ်မှာ အမရပူရမြို့ ၀န် ဦးဘိုင်ဆပ်နဲ့ မြို့စာရေး မောင်ပိန် တို့ဦးဆောင် ဆောက်လုပ်ခဲ့ပါတယ် ။ အဲဒီတံတား ဟာဒီကနေ့ မြန်မာ ပြည်ရဲ့ ဂုဏ်ဆောင်တံတား ဖြစ်နေပါပြီး။ အရှေ့အာရှမှာ သက်တန်းအရှည်းဆုံး သစ်သားတံတားအဖြစ် ကျွန်တော်တို့ ဂုဏ်ယူ ၀င့်ကြွားနေ ရပြီး ကမ္ဘာလှည့် ခရီးသည်တွေရဲ့မျက်စိ ပသေဒ ဆွဲဆောင် ခြင်းခံနေရတဲ့ နေရာလည်းဖြစ် ၊ နိုင်ငံခြားငွေရှာပေးနေတဲ့ နေရာလည်းဖြစ်ပါတယ် ။ ဒါသမိုင်း ၊ အမွေ၊ မြန်မာယဉ် ကျေးမှုအ မွေ တစ်ခုပါ။ ကျွန်တော်တို့ ထိန်းသိမ်းရမှာပါ။

    ဒီအကြောင်းကို စာရေးဆရာတစ်ချို့ မကြာခန ဂုဏ်ယူစွာ ထုတ်ဖေါ်ရေးသားကြပါတယ်။ အဲဒီလိုရေး တဲ့အခါမှာလည်း တစ်ခါတစ်ခါ မြန်မာ ဘုရင် နဲ့ မြန်မာဘုရင် ရဲ့မြောက်စား ခံရသူတွေကို အထင်သေးစေတဲ့ နိုင်ငံခြားသားများ ရဲ့စွပ်စွဲ နှိမ်ချရေးသာချက်တွေကို အထောက် အကူ ပြုမဲ့ အရေးသားတွေ ဖေါ်ပြလာတာကို မကြာခဏတွေ့ရတဲ့အတွက် အတော်ပဲဝမ်းနည်းကြေကွဲရပါတယ် ။ ဒီကနေ့ ဒီလောက်တောင် အရေးထား ဂုဏ်ယူ နေရတဲ့ အဆင်ရောက်ရ တဲ့ ဦးပိန် တံတားဆောက် လုပ်ခြင်း ရည်ရွယ်ချက် ကိုလည်း မဟုတ်တလျား စွပ်စွဲရေးသား တာလည်း တွေ့ရတက်ပါတယ်

    .. မြို့ဝန်ကုလား ဘိုင်ဆပ် တို့ရဲ့အကြံက အင်းရဲ့အရှေ့ဘက်မှာရှိတဲ့ ဘိုင်ဆပ်နဲ့ ဘာသာတူနဲ့ အမျိုးအနွယ်တွေကို ဘိုင်ဆပ်အလိုရှိတဲ့အချိန်မှာ အလျင်မြန် အလွယ်တကူရောက်ရှိပြီ အမရပူရ ထီးနန်းကိုတောင် အရယူဖို့ကြံစည် ထားတယ်… လို့စွပ်စွဲ ထားချက်ကို ဖေါ်ပြလေ့ရှိပါတယ်။

    အဲဒီလိုစွပ်စွဲရအောင် ခိုင်လုံတဲ့ အထောက်အထားလည်း မရှိပါဘူး။ ခိုင်မာတဲ့သမိုင်းစာအုပ် တွေဖြစ်တဲ့ ဦးကုလား ရာဇ၀င် ၊ မှန်နန်းရာဇ၀င် ၊ ကုန်းဘောင်မဟာ ရာဇ၀င်များမှာလည်း လုံးဝမပါပါဘူး။ စာဖတ်ပရိသတ် များကို ဦးပိန်တံတားဆောက်လုပ်ရခြင်းရဲ့ အကြောင်းအရင်းတွေကို အရှိကိုအရှိတိုင်းသိရှိအောင် ဖေါ်ပြလိုက်ပါတယ် ။

    အဲဒီတံတားကြီး မဆောက်ခင် အသာဖယ်ယာ ခေါင်းဆောင်တဲ့သံအဖွဲ့ အင်းဝမြို့ကို လာကြတုန်းက တောင်သမန်ကို သူတို့ပိုင်တဲ့ သဘောင်္နဲ့ဖြတ်ပြီး ၀င်လာကြတာ နန်းတော်မြို့ရိုးအထိ ပေါက်ခဲ့တယ် ။ ဆိုတဲ့ သမိုင်းကြောင်းရှိဘုးတယ်။ ဒီ ဦးပိန် တံတား ဆောက်ပြီးနောက်မှာ တော့ နယ်ချဲ့ သင်္ဘောတွေ ဟာ နန်းတော်ဦးထိ မရောက်နိုင်တော့ပါဘုး။ ဒါကိုတော့မြင်တက်ဖို့ လိုပါတယ်။

    (အစ္စလာမ်ဓမ္မဗိမာန် နှစ် ၂၀ပြည့် အထူးစာစောင် စာမျက်နှာ ၁၀၂ မှာ တိုင်းရင်းသား အစ္စလာမ့်သာသနာ ၀င်လောကမှာ မြန်မာ့ သမိုင်း နှင့်ပတ်သက်ပြီး လေးစားခံရတဲ့ဆရာကြီး ပသီဦးကိုကိုလေး ၏ ဟောပြောချက် (ချက် (၃) ချက် ဆောင်းပါးမှ)

    ဤသို့ နယ်ချဲ့ အန္တရယ်မှ လွတ်ကင်းအောင် ပရိယယ်ကြွယ်ကြွယ်ဖြင့် တားဆီးနိုင်ခဲ့ပါတယ်။ အမရပုရ မြို့ပတ်ဝန်ကျင် ကိုတစ်နှစ်လျှင် နှစ်လကျော် ရေလွှမ်းမိုး လျက်ရှိရာ လူများစီးပွားရေး အတွက်ကုန်ပစ္စည်းများ ၀ယ်ယူ ဖြတ်သန်း သွားနိုင်ရန်အတွက်အမျှော် အမြင်ကြီးစွာဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

    ( တက္ကသိုလ် နေ၀င်း ဘာသာပြန် အင်းဝရောက် ဗြိတိသျှသံ )

    မြို့စာရေးဦးပိန်သစ်သား တံတား တစ်ခုဆောက်လုပ်ရခြင်းရဲ့ရည်ရွယ်ချက် နဲ့ပတ်သက်ပြီး မြန်မာ့စွယ်စုံကျမ်း အတွဲ( ၁၄) အမရပုရမြို့အကြောင်း မှာ-

    ပုဂံမင်း လက်ထက်က မြိုစာရေး မောင်ပိန်သည် ထိုအင်းကိုဖြတ်၍ သစ်တားတံတားကြီးတစ်ခု ဆောက်လုပ်လှုဒါန်းခဲ့ရာ ယခုတိုင် ရှိသေးသည်။ တောင်သမာန် အင်းတစ်ဖတ်တွင် ပုဂံမင်း တည်းထားခဲ့သော ကျောက်တော်ကြီးဘုရားရှိသည်။ …လို့ဖေါ်ပြထားတော့ အစ္စလာမ် ဘာ သာ ၀င် တစ်ဦး ဖြစ်တဲ့မြို့စာရေး မင်းမောင်ပိန် ဟာစေတနာအလျောက် တံတား ဆောက် လုပ်လှူဒါန်းရာမှာ တံတားတစ်ဖတ်ချက်မှာရှိတဲ့ ရွာများက မြန်မာ ဗုဒ္ဓဘာသာ ၀င်တွေ လွယ် လင့် တကူ အန္တရယ်ကင်းရှင်စွာနဲ့ ဘုရားဖူး သွားနိုင်ပါစေ ဖို့ဆိုတဲ့ စေတနာကိုလည်း ဘယ် သူမှ မငြင်းနိုင်ပါဘူး ။ မြန်မာစွယ်စုံကျမ်း လိုခိုင်မာတဲ့ ကျမ်းကြီးက ဆောက်လုပ်လှူဒါန်း ခဲ့သည် ဟု ဖေါ် ပြထားပါသည်။

    မြို့စာရေးမင်း ဦးပိန် ဆောက်လုပ်ခဲ့သည်မှာ ဦးပိန်တံတာား တစ်ခုတည်းသာမက ဦပိန်သည် စကျင်ဝချောင်း ကိုဖြတ်လျက် တောင်ကြီးတံတား ဟင်္သာတံတား ၊ ပန်ဘဲတဲ့တား၊ ဗုံအိုးတံတား ၊ စကျင်ဝတံတား ၊ ကုက္ကိုင်တံတား များကိုလည်း ဆောက်လုပ်ခဲ့ပါသည်။ တံတားများဆောက်လုပ်၇န် လိုအပ်သော ပန်းဘဲသမားများနှင့် လက်သမားများ နေထိုင်ရန် ပန်းဘဲရွာ နှင့် လက်သမားရွာ ကိုလည်း တည်ပေးခဲ့ပါသည်။

    နောက်စွပ်စွဲချက်တစ်ခုရှိသေးတယ် .။ အမရပူရ မြို့သစ်တည်တဲ့အခါ အင်းဝနဲ့ စစ်ကိုင်းဘက် က နန်းတော် ဟောင်းတွေ အိမ်တော်ဟောင်းတွေ ၊ ကြမ်းအဟောင်းတွေ ကို ဖျက်ပြီး တောင်သမန် တံတားကြီးမှာ အသုံးပြုတာပေါ့ ဆိုတဲ့ စွပ်စွဲ ချက် ။ ထိုစွပ်စွဲချက် ပါးစပ်စကား သည် လုံးဝယုတ္တိမရှိပေ။ နန်းတော်များ၊ ဘုန်းကြီးကျောင်းများ၊ မင်းစိုးရာဇာ များ၏ အိမ်များတွင် မည်သူမျှ ဖိနပ်မစီးတက်ရပါ။ တံတားဆောက်၇ာတွင် သုံးသည် ဟုဆိုလျှင် မြန်မာ့အယူအဆအရ နာမ်နှိမ်ရာကျ ဘုရင် လာခွင့်ပြုမည် မဟုတ်ပါ.။ နန်းတော်တိုင်သည် လူကြီး တစ်ပိုက်ကျော်ကျော် ရှိပါသည်။ ဦးပိန်တံတားမှာ လူကြီးတစ်ပိုက်လုံးပတ်မရှိပါ။ နန်းတော်ကို မမြင်ဖူး သော မန္တလေးသား မဟုတ်သည့် သမိုင်းဆရာတစ်ချို့ ရဲ့စွပ်စွဲချက်သာဖြစ်တန်ရာ၏ လို့ မောင်မောင်ခင် (BSc. Dip Ed )က ၁၉၉၅ ခု၊ ဖေဖေါ်ဝါရီလထုတ် မိုးသောက်ကြယ် မဂ္ဂဇင်းမှာ ရေးသားထားပါတယ် ။

    ဦးပိန်သည် တံတားများဆောက်လုပ်၇န် အတွက်ကျွန်းသစ် ခုတ်ခွင့်ရရှိလေသည်။ မြစ်ရေကြီးသောအခါ ကျွန်းသစ်များဖောင်ဖွဲ့ပြီး သယ်ဆောင်ခဲ့လေသည်။ အဟောင်းများ မပါပဲ သစ်သားဖြင့် ဆောက်ခဲ့သည်။ အမရပုရ ရောက် အင်္ဂလိပ်သံမှူး ဟာင်နရီ ယူးက ဦးပိန်တံတား ကြီးပုံတူကို ရေးဆွဲဖေါ်ပြခဲ့ပေသည်။ တံတားကြီးသည် အသစ်စက်စက် ဖြစ်ပြီး ကျွန်းဝရန်တာ နှစ်ဘက်တွင် ပန်းပု၊ ပန်းနွယ်ဖြင့် ပြုလုပ်ထားသည်ဟု အတိအကျဖေါ်ပြထားသည်။ …လို့ (တက္ကသိုလ် နေ၀င်း ဘာသာပြန် – အင်းဝရောက်ဗြိတိသျှ ) စာအုပ်မှာ ရေးသားထားပါတယ် ။ ဒါကြောင့် စွပ်စွဲချက် ဟာလည်း အခြေအမြစ်မရှိပါဘူး။

    နောက်စွပ်စွဲချက်တစ်ခုက မြို့ဝန်ဘိုင်ဆပ် က သူရဲ့ရဲစွမ်း သတ္တိကြောင့်မြို့ဝန်ဖြစ်လာတာ မဟုတ်ပါဘူး ။ သူကကြက်တိုက် ငှက်တိုက် နွားတိုက်၊ ဆိတ်တိုက ဆိုတဲ့ အတက်တွေ ကို ဘုရင်က သဘောကျလို့ မြို့ဝန် ဖြစ်လာရတော့ နာယဂုဏ်ခြောက်ပါး နဲ့ ဘယ်ညီနိုင်မှာလဲ …လို့စွပ်စွဲ ပါသေးတယ်…

    အဲဒီလိုစွပ်စွဲတာက ကျွန်တော်တို့ မြန်မာဘုရင်တွေကို ဆင်ခြင်တုံတရား နည်းပါးသူအဖြစ် ရေးရာ ပြောဆိုရာ ကျပါတယ် ။ ဘုရားကျောင်းကန် များနဲ့ စည်းကားအောင် လမ်းတံတားများနဲ့ တင့်တယ်အောင် ဆောင်ရွက်နိုင်မဲ့ မြိုတော်စည်ပင်အောင် တာဝန်ယူနိုင်တဲ့ မြို့တော်ဝန်တစ်ဦးကို တာဝန်ပေးရွေးချယ်ရာမှာလဲ ပေါ့ပေါ့တန်တန်ရွေးမှာမဟုတ်ပါဘူး ။ မြိုတော်ဝန် တာဝန်ကလည်း ကြီးမားတဲ့ အတွက် တော်ရုံတန်ရုံ အရည်အချင်းနဲ့ စြဖ်နိုင်မှာမဟုတ်ပါဘုး ။ ဘုရင်ကို နှိမ့်ချဟန် အရေးအသားတွေဟာ မြန်မာအရေးကို ကိုနှိမ်ချင်ကြတဲ့ အနောက်နိုင်ငံသားတွေ ရဲ့လေသံမျိုးဖြစ်နေပါတယ် ။ မြို့စား ၊ ရွာစား၊ မြို့ဝန်ဖြစ်တဲ့ အဆင့်တွေဟာ သာမန်မဟုတ်ပါ့ဘုး .။

    သူတို့မှာအဆင့်ပေါင်းများစွာ ကိုကျော်ဖြတ်ပြီးမှ အဲီးနေရာကိုရောက် ရတာပါ။ မြန်မာနန်းတွင်း အမှုထမ်းတွေမှာ အရည်အချင်း သတ်မှတ်ချက်တွေရှိပါတယ် ။ သေဖေါ်ရှင်ဖတ် ငါးယောက်တစ်စု ကို တစ်အိုးစားလို့ခေါ်ပါတယ်။ နှစ်အိုးစားကို အကြပ်တစ် ယောက်ထား ပါတယ် ။ အကြပ်ငါးယောက် ပါတဲ့အိုးစားအစုကို သွေးသောက်တစ်ယောက် ထားပါတယ် ။ သွေးသောက်နှစ်ယောက် ကိုတပ်မှုး တစ်ယောက်ထား ပါတယ် အဲဒီတပ်မှူးငါးယောက် ကိုအုပ်ချုပ်ရတဲ့အစုကို ဗိုလ် တစ်ယောက် ထားတယ်။

    အဲဒီထဲက ခြေဆယ်ပွဲရမှ ဆင်အစုကို ၀င်ရတယ်။ ဆင်တယ်ပွဲရမှ သွေးသောက်အစုကို ရောက်တယ် ။ အဲဒီအဆင့်တွေကို ဖြတ်ကျော်ပြီးမှ မြို့စား၊ ရွာစား၊ မြို့ဝန် မှူးမတ်တွေ ဖြစ်ကြရတာပါ။ အဲဒါတွေကိုသိရက်သားနဲ့ မြို့ဝန်ရာထူးကို လွယ်လွယ် ခန့်လိုက်တယ် ပြောတာဟာ ဘုရင်ကို အရည်အချင်းမဲ့ သူအဖြစ် စွပ်စွဲလိုက်တာ သာဖြစ်ပါတယ်။ဒါကြောင့် သမိုင်းဆရာ ဒေါက်တာ ကျော်သက်က သူရေးတဲ့ မြန်မာနိုင်ငံ သမိုင်း စာအုပ်စာမျက်နှာ ( ၃၇၄ ) မှ ပုဂံမင်း ( ၁၈၄၆- ၁၈၅၂) နဲ့ပတ်သက်ပြီး ထီးနန်း ကိုသာယာဝတီမင်း ၏ သားတော်ကြီးပုဂံမင်းက ဆက်ခံလေသည်။ ပုဂံမင်း လက်ထက်နှင့် ပတ်သက်၍ ကုန်းဘောင် ရာဇ၀င် တွင်ပုဂံမင်းကို ရှေးအစဉ်အလာ မင်းများကဲ့သို့ မင်းဖြစ် သည်ဟု ဖေါ်ပြထားသည်။

    ပုဂံမင်းသည် စတုတွင် ဆည်မြောင်း၊ ကန်ချောင်းများ ကို ဖေါက်လုပ်သည်။ ထိုဒေသများတွင် စေတီပုထိုး တည်ထားသည့် သာသနာဘောင် သို့ ဆွေမျိုးများအား သွတ်သွင်းချီမြင့် ၍ သာသနာဒါယကာ အဖြစ်ခံယူခဲ့ပါသည်။ ညောင်ရွှေစော်ဘွား ၏သမီးတော် နှင့် လက်ဆက်သည်။ သူပုန်ထခြင်း ကို ငြိမ်သက်ပိပြားအောင် ပြုလုပ်သည်။ တရုတ်နိုင်ငံမှ သံတမန်အဖွဲ့ကို တန်း တူနိုင်ငံမှ စေလွှတ်သော သံအဖွဲ့သို့ လက်ခံပြုစု သည်ဟု ပါ၇ှိလေသည်။ လိုပုဂံမင်း ကောင်းကြောင်းေ၇းသားထားချက်များကိုတွေ့ရှိနေပါတယ်။ နိုင်ငံခြားသား များက ပုဂံမင်း၏ အကြောင်းကိုပြောဆိုကြသည်မှာ တစ်မျိုးတစ်ဖုံ ကွဲလေသည်။ ၄င်းတို့အဆိုအရ ထင်ရှားသည့် အချက်ကား ပုဂံမင်းသည် တန်ခိုးအာဏာ ကို အလွဲသုံးစား ပြုသည် ဟုလည်းကောင်း၊ တိုင်းကျိုးပြည်ကျိုး ကိုဆောင်ရွက်ခြင်း မပြုဟု လည်ကောင်း ဆိုကြသော အချက်ဖြစ်လေသည်။ တိုင်းရေးပြည် ရာကို မင်းက လစ်လျူရှူ ထားသည့်အတွက် တန်ခိုးအာဏာ ကိုအလွဲသုံးစား ၍ ဟောရမ်းမှုများ ပေါ်ပေါက်ခဲ့သည်။

    နောက်စွပ်စွဲမှု တစ်ခုလည်း ရှိပါသေးတယ် ။ အဲဒါကတော့ ဘိုင်ဆပ်မြို့ဝန်ဖြစ်တာနဲ့ အမရပူရ ကအမျိုးသားကောင်း အမျိုးသမီးကောင်းတွေ မှာ အသက်သေတဲ့ သူနဲ့ ဘ၀ပျက်တဲ့သူနဲ့ ဆွေတော်မျိုးတော်တွေမှာ တောင်အ၇ှက်ကွဲခဲ့ရတယ် ဆိုတဲ့စွပ်စွဲချက်ပါပဲ။

    ဒါနဲ့ပတ်သက်ပြီး အခုလို သမိုင်းအမှန်ကို ပြန်တင်ပြချင်ပါတယ်

    မြန်မာရာဇ၀င်တွင် အာဏာ အတွက်အဖေကိုသားသတ် ၊ သားကိုအဖေသတ် ၊ အစ်ကိုကို ညီသတ် ၊ ညီကို အစ်ကိုသတ်၊ စသော ရှုပ်ထွေးလှသော နန်းတွင် ရေးရာ မှာမင်းညီမင်းသား သို့မဟုတ် ဘုရင် တစ်ပါး ပါးရဲ့ သစ္စာတော်ခံအဖြစ် တာဝန်ထမ်းဆောင် ရတာ လွယ်ကူတာ တော့မဟုတ်ပါဘုး။ အဲဒီအခြေအနေ တွင်ဦးဘိုင်ဆပ် တို့ အမှုတော် ထမ်းခဲ့ရတဲ့ ဖြစ်က ကြိုးတန်းပေါ်လမ်းလျှောက်ရ သကဲ့သို့ အန္တရယ်များလှပါတယ် ။ ဒီနေရာမှာ မြို့တော် ၀န်ဘိုင် ဆပ် နှင့်မြို့စာရေး ဦးပိန်တို့အကြောင်း ကို ၁၉၉၅ခုနှစ် ဖေဖေါ်ဝါရီလထုတ် မိုးသောက်ကြယ် မဂ္ဂဇင်းပါ သမိုင်း သုတေသီ ဆရာဦးမောင်မောင်ခင် BSc (Dip Ed) ရဲရာဇ၀င် အဆောင်ဆောင်မှ မွှေနှောက် စုစည်းထားသော ရွှေမြို့တော်ဝန် ဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန် စွပ်စွဲချေပချက် မှ ထုတ်နှုတ်ပြီး အနည်းငယ် တင်ပြချင်ပါတယ်။

    မြို့တော်ဦးဘိုင်ဆပ် ၊ဦးပိန် နှင့်ပုဂံမင်းတို့သည်။ ငယ်စဉ်က တောင်သမန်အင်း အနောက်ထိပ်ရှိ ဘုန်းတော်ကြီး ကျောင်းတွင် စာအတု သင်အံခဲ့ကြသည်။ ဘိုင်ဆပ်သည် ပုဂံမင်းသား ၏ယုံကြည်ချက် သဒ္ဒါ ရင်းနှီးစွာ ဆက်ဆံရသော လူပျိုတော် တစ်ဦးဖြစ်ပြီး မင်းသားအလိုကျ တာဝန်များ ဆောင်ရွက်ခံစား တေနရလေသည်။ သာယာဝတီမင်း သည် မိမိ၏ သားကြီး ပြည်မင်းသား အားဒဂုံမြို့မှအပြန်အ ထင်မှားပြီး သာယာဝတီ မင်း၏ မိဖုရား မမြကလေး၊ ပြည်မင်းသား နှင့်မြေးတော် ကလေးများသည် မင်းမိန်ဖြင့် အကွပ်မျက်ခံရလေသည်။ ပြည်မင်းသား အသတ်ခံရပြီးနောက် သာယာဝတီ မင်းနတ် ရွာစံလေသည်။ ပုဂံမင်းက ခမည်းတော်အရိုကအရာ ကို ဆက်ခံခဲ့လေသည်။ ပုဂံမင်းသည် မိမိနန်းတက် သောအခါ ဦးဘိုင်ဆပ်၏ အရည်အသွေကို ငယ်စဉ် ကတည်းက ပင်သိရှိပြီးဖြစ် ၍ မြို့တော်ဝန်ခန့်ပြီး ဦးပိန်ကို စာရေးခန့်ခဲ့ပေသည်။ ဦးဘိုင်ဆပ်သည် နန်းမြိုတော် အတွင်းနှင့်မြို့ပြင် နျစ်ရပ်စလုံးကို အုပ်ချုပ်ရသော ရွှေမြို့တော်ဝန်ပင်ဖြစ်သည်။

    မြို့တော်ဝန် ဦးဘိုင်ဆပ် သည်အမရပူရ မြို့တော်တွင် ဘုန်းတော်ကြီး ကျောင်းများအနက် ရှားရှားပါးပါး အုတ်တိုက်ကျောင်း ကြီးတစ်ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ မြို့တော်ဝန် ဦးဘိုင်ဆပ် သည်အခွန် အတုပ်ကောက် ရာတွင် တိုင်းသူပြည်သား နှင့်မင်းမှုထမ်းများ အပေါ်ခြားနားခြင်း မပြုဘဲ မင်းမိန်အတိုင်း စည်းကြပ်ကောက်ခံခဲ့သည်။ ထို့ကြောင့် အခွန်မဆောင်လိုသော မင်းမှုထမ်းများ၏ မျက်မုန်းကျိုးခြင်းခံ ရလေသည်။ နေပြည်တော် ၌ ပြည်မင်းသားသစ္စာခံ ဘက်တော်သားများက လည်းရှိနေပါသည်။ ပုဂံမင်း ၏ သစ္စာခံ ဘက်တော် သားအပေါ် မလိုမုန်းထား မှုများလည်းရှိကြပေမည်။

    ဤသည်မှာ ဓမ္မတာပင်ဖြစ်သည်။ အပြစ်ဆိုဖွယ်ရာမရှိပေ။ ဦးဘိုင်ဆပ်သည် လည်းကျမ်း တော်ရွက် သစ္စာ တော်ခံ တစ်ဦး ဖြစ်သည်နှင့်အညီ စေသည့် ကျွန် ၊ထယ်သည့်နွား ကွဲသို့ အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ရပေသည်။ ပုဂံမင်း ၏ အတိုက်ခံများအားလုံး မှာလည်း အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ရပေသည်။ ပုဂံမင်း ၏ အတိုက်အခံအားလူံးမှာလည်း ရွှေမြိုတော်ဝန် ဦးဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန် တို့ကို မလိုမုန်း တီးကြပေမည်။ ၄င်းတို့ကဲ့သို့ သစ္စာရှိ မင်းမှုထမ်း လူယုံများရှိနေ၍ ပုဂံမင်းကို လုပ်ကြံရန်မလွယ်ကူပေ။ ဘိုင်ဆပ်နှင့် တောင်သမန်တံတား ဒါယကာ ဦးပိန်တို့ကို အပြစ်ရှာမှာသာလျှင် ပုဂံမင်း၏ ထီးနန်း ကိုလွယ်လင့်တကူ ရရှိပေမည်။ ကနောင်းမင်းသား ၏နောက်လိုက် အဖွဲ့များသည် လည်းပုဂံမင်းနှင့် နိုင်ငံရေးအရ ဆန့်ကျင်သူများ ဖြစ်ကြပေသည်။

    ဤအခြေအနေတွင် ဦးဘိုင်ဆပ် တို့ကို ဒုက္ခပေးလိုသော နောက်ထပ် အုပ်စုတစ်ခုကလည်းရှိနေသည်။ ယင်းသည် အခြားမဟုတ်၊ ပုဂံမင်း မိဖုရား၏ မောင်တော်ဦးကျောက်လုံး တို့အုပ်စု ဖြစ်သည်။ ၄င်းဦးကျောက်လုံးက ဦးဘိုင်ဆပ် ကိုမြို့ဝန် ရာထူးမှဖြတ် ချ ၍ မိမိမြို့ဝန်ဖြစ်လိုသည်.။

    တစ်နေ့ ဦးဘိုင်ဆပ်သမီး ကို ဦးကျောက်လုံးက ခိုးယူပေါင်းသင်းသည်။ ဦးဘိုင်ဆပ်က သမီးခိုးမှု ကို မင်းကြီးအား တိုင်တန်း ရန်နန်းတော်သို့ ၀င်ခဲ့သည်။ မိဖုရား ကြီးက မိမိ ၏ မောင်တော် ဦးကျောက်လုံး မယား လိုလားမှုကို ပုဂံမင်းအား ကြိုတင် လျှောက်ထားခဲ့လေသည်။ ဦးဘိုင်ဆပ် ပုဂံမင်း ရှေ့တော်သို့ ရောက်၇ှိလာသောအခါ ဘုရင်က အရိပ်အကဲကြည်ပြီး …ယောက်ဖတော် မောင်ကျောက်လုံး ၏ ယောက္ခကြီးနောက် ကျလှချည်လား …ကျီဆည် တော်မူ ခဲ့လေသည်။ ဦးဘိုင်ဆပ် နှင့်မောင်ကျောက်လုံး တို့လည်း သမီးကိစ္စနှင်ပတ်သက်ပြီး တစ်ဦးနှစ်တစ်ဦး ကျားနှင့်ဆင်ကဲ့သို့ ရန်စောင်နေခဲ့ကြသည်။

    ထိုအတောအတွင်း မင်းမှု ထမ်းနာခံတော်ဦရွှေရ သမီး မနစ်ကို ရွှေနားဋောင်း အမှုနှင့် ချုပ်ထားခဲ့ရမှနာခံတော် ဦးရွှေရ တောင်းပန်မှုကို ထောက်ထားပြီး မနစ်အား လက်မဖောက်တန်း အချူပ်ထောင်မှ လွှတ်ပေးခဲ့လေသည်။ ဒုတိယအကြိမ် မနစ်ကို ဥိကျောက်လုံး ၏ အစ်မတော်မိဖုရားကြီးက သောက်တော်ရွှေ ဖလား တစ်လုံး ပျောက်ဆုံးမှုဖြင့် ဖမ်းဆီးခဲ့သည်။ မနစ်က ကိုယ်လုပ် တော်တစ်ပါး ခိုးယူထားကြောင်းချေပခဲ့သည်။ မိဖုရားကြီးလည်း ဦးဘိုင်ဆပ်အား ကိုယ်လုပ်တော်မိဖုရား ငယ်တစ်ပါး ခိုးဝှက်ထား သည်ဟူ ၍ပင် ထင်မြင်ချက်ပေးပြီး စုံစမ်းခိုင်လေသည်။

    တစ်နေ့ ပုဂံမင်းတ ရားကြီး ရုပ်စုံသဘင် ကြည့်ရှုတော် မူနေရာ မှရုတ်တရက် ကိုယ်လုပ်တော် မိဖုရားငယ် ထံကြွမြန်း တော်မူခဲ့ လေသည်။ ဦးဘိုင်ဆပ် သည်ရွှေဖလား ပျောက်ဆုံးမှု ကိုစုံစမ်းရန် ကိုယ်လုပ်တော် မိဖုရား ငယ်ထံ ၀င်ရောက်ခဲ့ လေသည်။ စစ်ဆေး မေးမြန်ပြီးအပြန် ဦးဘိုင်ဆပ်သည် ပုဂံမင်းတရားကြီးနှင့် ဆုံဆည်းခဲ့သည်။ ပုဂံမင်းတရား ကြီးရုပ်စုံ သဘင် ကြည့် တော်မူနေရာ မှရုတ်တရက် မိဖုရား ကြွရောက်မူခြင်းသည် မလိုမုန်းထားသူများ၏ ဆင်ကွက်ပင် မဟုတ်ပါလော။ မိဖုရားငယ်ကလည်း မိမိအပေါ် ယုံမှားသံသယ ရှိနေမှုကို ရှက်တော်မူပြီး လွတ်အောင်တိုင်ကြားပေမည်။ နောက်ဆုံးကုန်ဘောင်ဆက် မဟာရာဇ၀င်ကြီး တတိယအတွဲ စာမျက်နှာ ၈၆- ၈၈ အရ ဦးဘိုင်ဆပ် ၊ ဦးပိန်နှင့်တကွ ငရွှေဘော်၊ ငမှုန် ၊ငရှင်ကလေး ၊ ငကျားကြီး၊ ငကြံ တို့ကွပ်မျက် ခြင်းခံရပေသည်။ တစ်နေ့သောအခါ ပုဂံမင်း ကိုယ်တိုင် သူအချစ်ဆုံး ဦးဘိုင်ဆပ်ကို မသတ်ချင်ဘဲ သတ်ခဲ့ရကြောင်း အင်းဝရောက် သံ တွင် ဖေါ်ပြထားပါသည်။

    ဒါတွေကတော့ ဦးဘိုင်ဆပ်၊ ဦးပိန်တို့ ကို မလိုမုန်းတီစွာ မကြာခဏ အရေးယူခံ ရခြင်းရဲ့ အဓိက အချက် များသာဖြစ်ပါတယ်

    မင်းလိုလိုက် မင်းကြိုက် ဆောင်ရာတွင် အခွင့်အရေး ယူကောင်းယူခဲ့နိုင်ပါသည်။ သို့သော် အာဏာသိမ်းရန်ကြံစည် သည်ဟူသော အရေးအသား မှာသမိုင်းတွင်ရှာမတွေ့ခဲ့ရပါ။ ဦးဘိုင်ဆပ် ကွပ်မျက်ခံရပြီးနောက် ဘုရင့်ယောက်ဖဦးကျောက်လုံး ရွှေမြို့တော်ဝန်ဖြစ်လာခြင်း ဖြင့် ဦးဘိုငဆပ်အပေါ် အထင်အမြင် လွဲမှားစေသော အရေးအသားများမှ မည်သူဘက်ကနေ လာခဲ့သည်ကို သိရှိလောက်ပြီဟု ယူဆပါသည်။ ပုဂံမင်းသစ္စာခံ ဘကတော်သား ဆူးငြောက်ခုတ် အားလုံးကို တောရှင်း ထားပြီဖြစ်သောကြောင့် ပုဂံမင်းအား လွယ်လင့်တကူ နန်းချ နိုင်ခဲ့လေသည်။

    မှားယွင်းတဲ့အကိုးကား တွေ ထင်ရာစွပ်စွဲ လွဲမှားတဲ့ကောက်ချက် တွေကို တစ်ဖတ်သတ် ရေးကြတာ တွေဟာမကြာမဏ တွေ့ရပါတယ်။

    ၁၉၉၈ ခုနှစ် ၊သြဂုတ် လထုတ် ရနံသစ်မဂ္ဂဇင်းမှာ မောင်ဝမ်းဆန်း (သံဖြူဇရပ်) က မြို့ဝန်ဘိုင်ဆပ်၊တောင် သမာန်အင်းဖြတ် ဦးပိန်တံတား အကြောင်းတစ်လွဲတွေ ရေးလို့ စာရေးသူက အိတ်ဖွင့်ပေးစာလေး တစ်ခုရေးပေးဖုးတယ်။ အခုတစ်ခါ ၁၆.၉.၂၀၀၉ ထုတ် News Watch Weekly စောင့်ကြည့်သတင်း ဂျာနယ်မှာ ယဉ်ကျေးမှု အမွေခံ တောင်သမာန် တံတာကြီး ဂုဏ်ဒြပ် ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်လွဲရေးသား လာပြန်ပါတယ် ။သမိုင်းတစ်ခေတ်မှာ သူဘက်ကိုယ်ဘက် ပြသနာတွေ အကြားမှာ ကိုယ့်အုပ်စု မဟုတ်ရင် စွပ်စွဲ ပုတ်ခတ်ရေး တက်ကြတဲ့ အစဉ်အလာ အရရေး သားထားတဲ့ သို့မဟုတ် စွပ်စွဲပြောဆိုတက်တဲ့ အတင်းစကားတွေကို အလေးထားေ၇းသားလာကြတော့ မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာနိုင်ပါတယ် ။

    ဒါကြောင့် ဘယ်စာရေး ဆရာပဲဖြစ်ဖြစ် တိုင်းရင်းသား နိုင်ငံသားမြန်မာ မွတ်စလင် အကြောင်း ရေးတော့မယ်ဆိုရင် ၁၉၅၉ ခုနှစ်ထုတ် ရာဇ၀င် ပါမောက္ခ ရွှေပြည်ဆရာဦးဘတင်တည်းဖြတ်ပြီး ရာဇ၀င်သုတေသီဆရာကြီး ရွှေဘိုဦးဘဦး ရေးတဲ့ေ၇ွှမန်းအနှစ်တရာပြည့် ဗမာမွတ်စလင်တို့ ၏ အထ္တုပတ္တိ စာအုပ်အပါအ၀င် ဆရာချယ် တို့ပသီဦးကိုကိုလေး တို့လို သမိုင်း သုတေသီ တွှေရဲ့စာအုပ် တွေကိုလည်း လေ့လာပြီးမှ ရေးသား သင့်ကြပါတယ် ။ ဒါမှလည်း ကျွန်တော် တို့ရဲ့ မြန်မာယဉ်ကျေးမှု အမွေကို အားလုံး ၀ိုင်းဝန်း ထိန်းသိမ်း နိုင်ကြမှာ ပါ ဖြစ်ကြောင်း တင်ပြရင်း………..

    စာရေးဆရာ မောင်သဲနီ တင်ပြသည်။ မွတ်စလင်သတင်းစဉ် မှကူးပါသည်။

    မှတ်ချက်- ဖေဖော်ဝါရီ  ၁၁၊ ၂၀၁၁ တွင် ဖော်ပြခဲ့ပြီးသော ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။

  • မီဒီယာများတွင် ဝေဖန်ခံနေရသည့် ဥိးပိန်တံတား ပြုပြင်နေသည်ဟု အစိုးရ သတင်းစာဖော်ပြ

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media
    .ဝေယံ
    25_Apr_2014 km
    နှစ်ပေါင်း ၁၆၅ သက်တမ်းရှိပြီဖြစ်တဲ့ မန္တလေးတိုင်း၊ အမရပူရမှ ဦးပိန် တံတားကြီးအား ပြုပြင် မွမ်းမံနေကြောင်း ယနေ့ ထုတ်နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြ ထားသည်။

    အမရပူရ တောင်သမန်အင်းရှိ ကမ္ဘာကျော် ဦးပိန်တံတားဟာ မူလရှေးလက်ရာ နည်းပါးလာတဲ့အပြင် ထိန်းသိမ်းဖို့ ငွေကြေး မတတ်နိုင်တော့တဲ့ အတွက် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းမှု စာရင်းက ပယ်ဖျက်ဖို့ ရှိကြောင်း သတင်းဆောင်းပါး တပုဒ်ကို ဧရာဝတီ သတင်းဌာနမှ ဖော်ပြီးနောက် တပတ်အကြာမှာ ဦးပိန်တံတားပြုပြင်နေကြောင်း အစိုးရမှ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

    ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအတွက် ၀င်ငွေအများဆုံး ရှာဖွေပေးနေတဲ့ နေရာတခုဖြစ်တဲ့ ကမ္ဘာကျော် ဦးပိန်တံတားနှင့် ပတ်သက်ပြီး “(ယဉ်ကျေးမှု) ၀န်ကြီး ဦးအေးမြင့်ကြူက တံတားကြီးက ပြုပြင်နေရတဲ့အတွက် အဓိပ္ပါယ် အနှစ်သာရ မရှိတော့ဘူး၊ မူလသစ်လုံးတွေက နည်းလာပြီ၊ နောက်ပြီး ထိန်းသိမ်းဖို့  ငွေမတတ်နိုင်တော့ဘူး။ အဲဒီအတွက် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး စာရင်းက ပယ်ဖျက်ဖို့ ပြောလာတာပါ” လို့ ယဉ်ကျေးမှု ၀န်ကြီးဌာနက အရာရှိတဦးက ပြောကြားခဲ့တယ်လို့ ဧရာဝတီရဲ့ သတင်းဆောင်းပါးမှာ ထည့်သွင်းဖော်ပြထားပါသည်။

    ဦးပိန်တံတားဟာ ပုဂံမင်းလက်ထက် အစ္စလာမ်ဘာသာဝင် မင်းမှုထမ်းတစ်ဦးဖြစ်တဲ့ မြို့စာရေး မောင်ပိန် က ၁၈၄၉  ခုနှစ် မှာ ဆောက်လုပ်ခဲ့တဲ့အတွက် ဦးပိန်တံတားလို့ အမည်တွင်ခြင်းဖြစ်ပါသည်။

    ၂၀၁၃ ခုနှစ် မတ်လ ၂၃ ရက်ကလည်း အမရပူရမြို့နယ်ရှိ နှစ်ပေါင်းရာကျော် သက်တမ်းရှိသည့်  လင်းဇင်းကုန်း သမိုင်းဝင် မွတ်စလင်သုဿာန်အတွင်းရှိ သင်္ချိုင်းဂူများနှင့် ဗလီတစ်လုံးအား မန္တလေးမြို့ စည်ပင်သာယာရေးအဖွဲ့က ဘူဒိုဇာထိုးကာ ဖျက်သိမ်းခဲ့သည်။