News @ M-Media

မီဒီယာများတွင် ဝေဖန်ခံနေရသည့် ဥိးပိန်တံတား ပြုပြင်နေသည်ဟု အစိုးရ သတင်းစာဖော်ပြ

ဧပြီ ၂၄၊ ၂၀၁၄
M-Media
.ဝေယံ
25_Apr_2014 km
နှစ်ပေါင်း ၁၆၅ သက်တမ်းရှိပြီဖြစ်တဲ့ မန္တလေးတိုင်း၊ အမရပူရမှ ဦးပိန် တံတားကြီးအား ပြုပြင် မွမ်းမံနေကြောင်း ယနေ့ ထုတ်နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြ ထားသည်။

အမရပူရ တောင်သမန်အင်းရှိ ကမ္ဘာကျော် ဦးပိန်တံတားဟာ မူလရှေးလက်ရာ နည်းပါးလာတဲ့အပြင် ထိန်းသိမ်းဖို့ ငွေကြေး မတတ်နိုင်တော့တဲ့ အတွက် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းမှု စာရင်းက ပယ်ဖျက်ဖို့ ရှိကြောင်း သတင်းဆောင်းပါး တပုဒ်ကို ဧရာဝတီ သတင်းဌာနမှ ဖော်ပြီးနောက် တပတ်အကြာမှာ ဦးပိန်တံတားပြုပြင်နေကြောင်း အစိုးရမှ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအတွက် ၀င်ငွေအများဆုံး ရှာဖွေပေးနေတဲ့ နေရာတခုဖြစ်တဲ့ ကမ္ဘာကျော် ဦးပိန်တံတားနှင့် ပတ်သက်ပြီး “(ယဉ်ကျေးမှု) ၀န်ကြီး ဦးအေးမြင့်ကြူက တံတားကြီးက ပြုပြင်နေရတဲ့အတွက် အဓိပ္ပါယ် အနှစ်သာရ မရှိတော့ဘူး၊ မူလသစ်လုံးတွေက နည်းလာပြီ၊ နောက်ပြီး ထိန်းသိမ်းဖို့  ငွေမတတ်နိုင်တော့ဘူး။ အဲဒီအတွက် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး စာရင်းက ပယ်ဖျက်ဖို့ ပြောလာတာပါ” လို့ ယဉ်ကျေးမှု ၀န်ကြီးဌာနက အရာရှိတဦးက ပြောကြားခဲ့တယ်လို့ ဧရာဝတီရဲ့ သတင်းဆောင်းပါးမှာ ထည့်သွင်းဖော်ပြထားပါသည်။

ဦးပိန်တံတားဟာ ပုဂံမင်းလက်ထက် အစ္စလာမ်ဘာသာဝင် မင်းမှုထမ်းတစ်ဦးဖြစ်တဲ့ မြို့စာရေး မောင်ပိန် က ၁၈၄၉  ခုနှစ် မှာ ဆောက်လုပ်ခဲ့တဲ့အတွက် ဦးပိန်တံတားလို့ အမည်တွင်ခြင်းဖြစ်ပါသည်။

၂၀၁၃ ခုနှစ် မတ်လ ၂၃ ရက်ကလည်း အမရပူရမြို့နယ်ရှိ နှစ်ပေါင်းရာကျော် သက်တမ်းရှိသည့်  လင်းဇင်းကုန်း သမိုင်းဝင် မွတ်စလင်သုဿာန်အတွင်းရှိ သင်္ချိုင်းဂူများနှင့် ဗလီတစ်လုံးအား မန္တလေးမြို့ စည်ပင်သာယာရေးအဖွဲ့က ဘူဒိုဇာထိုးကာ ဖျက်သိမ်းခဲ့သည်။

Comments

Leave a Reply