News @ M-Media

Tag: UK Muslims

  • ယူကေနာမည်ကြီး ဖက်ရှင်ကုမ္ပဏီက မွတ်စလင်အမျိုးသမီးများအတွက် ရေကူးဝတ်စုံ ဖန်တီးရောင်းချ

    ယူကေနာမည်ကြီး ဖက်ရှင်ကုမ္ပဏီက မွတ်စလင်အမျိုးသမီးများအတွက် ရေကူးဝတ်စုံ ဖန်တီးရောင်းချ

    မတ် ၂၀၊ ၂၀၁၆
    M-Media

    fashion

    – ယူကေရှိ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်သော Marks & Spencer ကုမ္ပဏီက မွတ်စလင်အမျိုးသမီးများအတွက် ရေကူးဝတ်စုံကို တီထွင်ထုတ်လုပ်ကာ ရောင်းချပေးနေသည်ဟု သိရသည်။

    မွတ်စလင်အမျိုးသမီးများ၏ ကာအိနြေ္ဒကို ကာကွယ်ပေးနိုင်မည့် အဆိုပါ ရေကူးဝတ်စုံမှာ ဦးခေါင်းအား ဖုံးအုပ်သည့် ခေါင်းဆောင်ပုဝါလည်း ပါဝင်ပြီး မျက်နှာ၊ လက်ဖ၀ါးနှင့် ခြေဖ၀ါးတို့မှအပ တစ်ကိုယ်လုံးကို ဖုံးအုပ်ပေးထားမည်ဖြစ်သည်။

    ရေကူးဝတ်စံများမှာ ပေါ့ပါးပြီး၊ အသားအရေအား နေလောင်ခြင်းမှ ကာကွယ်ပေးကာ အနက်နှင့် အပြာဟူ၍ အရောင် ၂ မျိုး ဖန်တီးထားသည်။ ၀တ်စုံများကို လန်ဒန်မြို့ရှိ Marks & Spencer ပင်ရင်းနှင့် ဆိုင်ခွဲများတွင် ၀ယ်ယူနိုင်ပြီး အွန်လိုင်းမှလည်း မှာယူနိုင်သည်။

    အစ္စလာမ်ဘာသာဝင်များ မြင့်တက်လာခြင်းကြောင့် modest fashion ဟုခေါ်သည့် မွတ်စလင်အမျိုးသမီးများအတွက် သီးသန့်ဖက်ရှင်ဈေးကွက်မှာလည်း ကြီးထွားလာခဲ့သည်။ ယူကေရှိ ပထမဆုံး modest fashion စတိုးဆိုင်ကို ဘရက်ဖို့ဒ်ရှိ ရှော့ပင်းစင်တာတွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည်။

    ထို့အပြင်အခြားသော ဖက်ရှင်ကုမ္ပဏီများဖြစ်သည့် Mango Uniqlo နှင့် DKNY တို့ကလည်း ပြီးခဲ့သည့် ရမ်ဇာန်ဥပုသ်လမှ စတင်ကာ ထိုဖက်ရှင်များကို မိတ်ဆက်ပေးခဲ့ကြသည်။

    Ref: Dailymail

  • IS မှာ အစ္စလာမ်မှ သွေဖည်သည့်အဖွဲ့သာဖြစ်သည်ဟု ထင်ရှားသည့် ဗြိတိန်မွတ်စလင်များပြော

    IS မှာ အစ္စလာမ်မှ သွေဖည်သည့်အဖွဲ့သာဖြစ်သည်ဟု ထင်ရှားသည့် ဗြိတိန်မွတ်စလင်များပြော

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
    M-Media

    uk muslim

    – နယ်ပယ်ပေါင်းစုံက ထင်ရှားတဲ့ကျော်ကြားတဲ့ ဗြိတိန်မွတ်စလင်အားလုံးနီးပါးက IS အဖွဲ့ဟာ မွတ်စလင်လူထုကြီးရဲ့ အမြင်တွေ၊ ကျင့်သုံးမှုတွေကို ကိုယ်စားမပြုဘဲ သွေဖည်တဲ့ အုပ်စုဖြစ်တယ်လို့ တစ်ညီတစ်ညွတ်တည်း ပြောကြားခဲ့ကြောင်း စစ်တမ်းကောက်ယူမှုအရ သိရပါတယ်။

    အဲဒီစစ်တမ်းကို 5Pillars အစ္စလာမ့်မစ်ဖိုရမ်က ကောက်ယူကာ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထင်ရှားပေါက်ရောက်တဲ့ ဗြိတိန်မွတ်စလင် ၉၀ ရာနှုန်းကျော်က အရပ်သားတွေကို သတ်ဖြတ်နေခြင်းဟာ အစ္စလာမ်ရဲ့ သွန်သင်မှုနဲ့ မညီညွတ်ဘူးလို့ ပြောခဲ့ကြပါတယ်။

    နောက်ပြီး အစ္စလာမ်မှာ တိုက်တွန်းထားတာက မည်သည့်ဘာသာဝင်ဖြစ်စေ၊ မည်သည့် လူ့အသိုင်းအ၀ိုင်းကဖြစ်စေ၊ မည်သည့် လူမျိုး သို့မဟုတ် မည်သည့်အခြေအနေမှာဖြစ်စေ မေတ္တာနဲ့ တရားမျှတမှု လက်ကိုင်ပြုထားရမယ်လို့သာ ဆုံးမထားတယ်လို့ စစ်တမ်းကောက်ယူခံရတဲ့ မွတ်စလင်တွေက ပြောကြားခဲ့ကြပါတယ်။

    ဒီစစ်တမ်းကောက်ယူမှုရဲ့ ရည်ရွယ်ချက်က အစ္စလာမ့်ရဲ့ စံသင်ကြားမှုတွေကို ထွန်းကားစေဖို့ ရည်ရွယ်တာဖြစ်ပြီး ရှေ့ဆောင်အီမာမ်တွေ၊ မွတ်စလင်ပညာရှင်တွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ ဂျာနယ်လစ်တွေနဲ့ ဘလော့ဂ်ဂါတွေက ပါဝင် ဖြေကြားခဲ့ကြပါတယ်။

    နောက်ပြီး အစ္စလာမ်သာသနာမှာ အတင်းအကြပ်ထိမ်းမြားတာ၊ အတင်းအကြပ် ဘာသာကူးပြောင်းစေတာ၊ လူမျိုးရေးခွဲခြားတာတွေကို လက်မခံဘူးလို့လည်း သူတို့တွေက ဖြေကြားခဲ့ကြပါတယ်။

    စစ်တမ်းကောက်ယူသူတွေကတော့ ဒီရလဒ်တွေကို နိုင်ငံရေးသမားတွေ၊ မီဒီယာတွေက အသုံးပြုပြီး မွတ်စလင်လူထုကြီးက ယုံကြည်လက်ခံထားတဲ့ အစ္စလာမ့်သဘောတရားတွေအပေါ်မှာ ပိုမိုနားလည်မှု ရရှိစေဖို့အတွက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဗြိတိန်နိုင်ငံမှာ မွတ်စလင်တွေအပေါ် အလယ်အလတ်သမား၊ လစ်ဘရယ်သမား၊ ပြုပြင်ပြောင်းလဲရေးသမား၊ ရှေးရိုးစွဲဝါဒီများ၊ အစွန်းရောက်များ၊ အစ္စလာမ့်ဝါဒီများ စသဖြင့် စုံနေအောင် တံဆိပ်ကပ်ကြပါတယ်။ ဒါဟာ မွတ်စလင်လူ့အဖွဲ့အစည်းအတွင်းမှာရော၊ ဗြိတိန်ရဲ့ မွတ်စလင်ဟုတ်တဲ့ ပြည်သူလူထုအတွင်းမှာပါ သွေးကွဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလေ့လာမှုကို လုပ်တဲ့ ရည်ရွယ်ချက်ကို မီဒီယာတွေ၊ ပညာရှင်တွေနဲ့ ပေါ်လစီရေးဆွဲသူတွေအတွက် ‘စံ အစ္စလာမ်’ ဆိုတာ ဘာလဲလို့ ဆန်းစစ်ကြတဲ့အခါ ခိုင်မာတဲ့ အထောက်အထား ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။ ” လို့ အဲဒီ စစ်တမ်းကောက်ယူမှုရလဒ်မှာ ဖော်ပြထားပါတယ်။

    ဗြိတိန်အပါအ၀င် ဥရောပတစ်ဝှမ်း၊ အစ္စလာမ်ကမ္ဘာနဲ့ ကမ္ဘာ့နိုင်ငံတွေက မွတ်စလင်တွေရဲ့ IS အကြမ်းဖက်အဖွဲ့အပေါ် သဘောထားအမြင်တွေကို စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်လျက်ရှိနေရာမှာ မွတ်စလင်လူထုကြီးက အဲဒီအကြမ်း ဖက်အဖွဲ့ဟာ အစ္စလာမ်နဲ့မဆိုင်သလို၊ အစ္စလာမ်သာသနာကို အလွဲသုံးစားလုပ်နေတဲ့အဖွဲ့အဖြစ် တစ်ညီတစ်ညွတ်တည်း ဖြေကြားခဲ့ကြပါတယ်။

    Ref: IINA

  • လူမျိုးရေး ခွဲခြားစော်ကားခံရသူများအတွက် အကူအညီပေးရေးဖုန်းလိုင်းကို ယူကေမွတ်စလင်အဖွဲ့တစ်ခုက စီစဉ်နေ

    လူမျိုးရေး ခွဲခြားစော်ကားခံရသူများအတွက် အကူအညီပေးရေးဖုန်းလိုင်းကို ယူကေမွတ်စလင်အဖွဲ့တစ်ခုက စီစဉ်နေ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    uk anti

    – လူမျိုးရေးခွဲခြားခံရသူတွေ၊ ဘာသာရေးအရ စော်ကားခံရသူတွေအနေနဲ့ အကူအညီတောင်းခံနိုင်မယ့် ဖုန်းလိုင်းတစ်ခုကို အင်္ဂလန်က ဗလီဝတ်ကျောင်းတော်များ ကိုယ်စားပြုတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့က ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ စီစဉ်ပေးဖို့ ဆောင်ရွက်နေပါတယ်။

    လန်ကာရှိုင်းယားမွတ်စလင်များကောင်စီ (LCM) အဖွဲ့က စီစဉ်နေတာဖြစ်ပြီး ကောင်စီဥက္ကဌ အဘ်ဒူလ် ဟာမစ်ဒ် ကူရာရှီက လူတော်တော်များများဟာ ရဲဌာနရဲ့ လုပ်ရပ်တွေကို အယုံအကြည်မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် ဇူလိုင်လကနေ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း အမုန်းရာဇ၀တ်မှု ၁၂၄ ခုလောက် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကူရာရှီကတော့ တကယ်လက်တွေ့ ဖြစ်ပွားနှုန်းဟာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။ ဒေသန္တရ ရာဇ၀တ်မှုဆိုင်ရာရဲမင်းကြီး ကလိုက်ဗ် ဂရန်းရှောကတော့ အမုန်းရာဇ၀တ်မှုတွေဟာ သူတို့ အဓိကထား ကိုင်တွယ်နေတဲ့ အမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အကြောင်းအမျိုးမျိုးကြောင့် မွတ်စလင်တွေဟာ ရဲတပ်ဖွဲ့ကို အယုံအကြည် သိပ်မရှိကြပါဘူး။ တစ်ခါတစ်ရံ အဖြစ်အပျက်တစ်ခုကို ရဲတိုင်တဲ့အခါ ရဲတွေက အရေးမပါတာတွေကိုပဲ မေးမြန်းကြပါတယ်၊ ဒါကြောင့် သူတို့ကို အားကိုးလို့ မရနိုင်ဘူးလို့ မှတ်ယူထားကြပါတယ်” လို့ ကူရာရှီက ဆိုပါတယ်။

    အစ္စလာမ်ကြောက်ရောဂါနဲ့ပက်သက်ပြီး ဂရန်းရှောက “လူတွေကို ပူးပေါင်းပါဝင်စေချင်ပါတယ်၊ အကူညီပေးလို့ရအောင်လို့ နှောင့်ယှက်ခံရသူတွေရဲ့ အသံတွေကို လွှင့်ထုတ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်

    အခုအကူအညီပေးရေး ဖုန်းလိုင်းဟာ ပေါင် ၄၀၀၀ ခန့် ကုန်ကျခဲ့ပြီး ရဲတပ်ဖွဲ့က တစ်စိတ်တစ်ပိုင်း ထောက်ပံ့ ပေးထားကာ ဖေဖော်ဝါရီလ အဆုံးပိုင်းလောက်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီဖုန်းလိုင်းဟာ အင်္ဂလန်မှာ မွတ်စလင်ကိုယ်စားပြုအဖွဲ့အစည်းတစ်ခုရဲ့ ပထမဆုံး အကူအညီပေးရေး ဖုန်းလိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

    အဲဒီဖုန်းလိုင်းကို ဗလီနဲ့ မဒရ်ဆာကျောင်း ပေါင်း၁၀၀ ကျော်မှာ အသုံးပြုနိုင်ဖို့ LCM က စီစဉ်နေပါတယ်။

    ရုံးဖွင့်ရက်တွေမှာ တစ်နေ့လေးနာရီခန့် လိုင်းဖွင့်ထားမှာ ဖြစ်ပြီး လူထုအနေနဲ့ နှုတ်နဲ့သော်လည်းကောင်း ကိုယ်ထိလက်ရောက်သော်လည်း မည်သည့်ပုံစံမျိုးနဲ့မဆို စော်ကားမှုတွေကို ရဲတပ်ဖွဲ့ရဲ့ သင်တန်းပေးလေ့ကျင့်ထားသူများထံ သတင်းပေးပို့ တိုင်ကြားနိုင်မှာ ဖြစ်ပါတယ်။

    ဖုန်းခေါ်ဆိုမှုတွေကို အမည်ဖော်ပြ၍ဖြစ်စေ၊ အမည်မဖော်ပြဘဲနဲ့ ဖြစ်စေ ခေါ်ဆိုနိုင်မှာဖြစ်ပြီး အခင်းဖြစ်ပွားမှုအသေးစိတ်ကို ခေါ်ဆိုသူရဲ့ ခွင့်ပြုချက်နဲ့ ရဲတပ်ဖွဲ့ကို ပေးပို့တိုင်ကြားသွားမှာ ဖြစ်ပါတယ်။

    Ref: IINA

  • သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး အင်္ဂလန်တွင် တည်ဆောက်မည်

    သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး အင်္ဂလန်တွင် တည်ဆောက်မည်

    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media

    ecomosque

    – အင်္ဂလန်ရှိ သမိုင်းဝင်မြို့ဖြစ်သော ကမ်းဘရစ်ခ်ျတွင် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် ဗလီဝတ်ကျောင်းတော်တစ်လုံးကို ခမ်းနားထည်ဝါစွာ ဆောက်လုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

    မြို့အတွင်း မြို့ငယ်လေးများရှိ ဗလီဝတ်ကျောင်းတော်များတွင် ၀တ်ပြုသူများ ပြည့်လျှံလာခဲ့ပြီးနောက် ယခုကဲ့သို့ ဗလီဝတ်ကျောင်းတော်သစ်လုံး တည်ဆောက်ရန်အတွက် ကမ်းဘရစ်ခ်ျမြို့ရှိ အစ္စလာမ်ဘာသာဝင်များက စီစဉ်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန်အတွက် ၂၀၀၈ ခုနှစ်တွင်ကတည်းက မြေနေရာဝယ်ထားခြင်းဖြစ်ပြီး ဗလီဝတ်ကျောင်းတော်တစ်ခုထက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သည့် အဆောက်အဦးတစ်ခု ဖြစ်လာစေရန် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေးအဖွဲ့မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    ”အစ္စလာမ့်လူ့အဖွဲ့အစည်းဟာ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာတွေကို တစ်လွဲမသုံးရေးမှာ အခြေခံပါတယ်။ ဒါ့ကြောင့် ဒီကမ်းဘရစ်ခ်ျမှာ ကျွန်တော်တို့ ဗလီဝတ်ကျောင်းတော်အသစ် ဆောက်လုပ်တဲ့အခါ ဒေသတွင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားမှုအတွက် ရှေ့တန်းကနေ ပါဝင်သွားမှာဖြစ်ပြီး နောက်ဆုံးပေါ် အပူစုပ်ပိုက်တွေ၊ ထိန်းသိမ်းမှု နည်းစနစ်တွေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ အမိုးတွေကို တပ်ဆင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဗလီဝတ်ကျောင်းတော်ရဲ့ ကာဘွန်ထုတ်လွှတ်မှုဟာ လုံးဝ ရှိမှာမဟုတ်ပါဘူး” ဟု ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးအဖွဲ့မှ ဥက္ကဌဖြစ်သူ အဘ်ဒူလ် ဟာကင်မ်မူရဒ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ဥရောပတွင် ပထမဆုံး သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် ဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ရန် ရည်ရွယ်ထားသည်ဟု ၎င်းက ဆိုပြီး မွတ်စလင်နေများအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရာများကို ကျေပွန်ရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

    အဆိုပါဗလီဝတ်ကျောင်းတော်၏ ဒီဇိုင်းအား နာမည်ကျော် ဗိသုကာပညာရှင် မာ့ခ် ဘာဖီးလ်ဒ်က ရေးဆွဲပေးထားသည်။ ဘာဖီးလ်ဒ်မှာ London Eye နှင့် Kew Treetop Walkway တို့ကဲ့သော နာမည်ကျော် အဆောက်အဦးများအတွက် ဒီဇိုင်းဆွဲပေးသူလည်း ဖြစ်သည်။

    ”ဒီဗလီဝတ်ကျောင်းတော်ဟာ အလုံးစုံကောင်းမွန်ပြီး ရေရှည်တည်တံ့ကာ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု ဖြစ်လာမှာပါ။ ပြီးတော့ ပတ်ဝန်းကျင်က လေးစားလောက်တဲ့ အဆောက်အဦးတစ်ခုလည်း ဖြစ်ပါလိမ့်မယ်” ဟု ဟာကင်မ် မူရဒ်က ထပ်လောင်းပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း အပန်းပြေနားနေနိုင်မည့် ပန်းခြံတစ်ခုကို ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး အဆောက်အဦး ပတ်ပတ်လည်တွင်လည်း သစ်ပင်များ၊ စက်ဘီးစီးနိုင်အသည့်လမ်းများကို ထည့်သွင်းကာ၊ မြေအောက်တွင် ကားပါကင် ပါဝင်မည်ဖြစ်သည်။

    ထိုဗလီဝတ်ကျောင်းတော်အတွက် ပေါင် ၁၃ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ၀တ်ပြုသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၀၀၀ ကို နေရာပေးနိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည်။ ထို့ပြင် မွတ်စလင်မဟုတ်သည့် လူ့အဖွဲ့အစည်းများပါ အသုံးပြုနိုင်သည့် စာသင်ဆောင်နှင့် အစည်းအဝေးခန်းမများလည်း အဆိုပါဗလီဝတ်ကျောင်းတော်တွင် ပါဝင်မည်ဖြစ်သည်။

    “ဗလီဝတ်ကျောင်းတော်အသစ်ဟာ တကယ်ကို့ စိတ်ချမ်းမြေ့စရာနေရာလေးနဲ့ နာမ်ပိုင်းဆိုင်ရာ ငြိမ်းအေးမှုရရှိတဲ့ နေရာ ဖြစ်လာမှာပါ။ ပြီးတော့ အများပြည်သူသုံး ပို့ဆောင်ရေးစန်နဲ့ရော လမ်းလျှောက်ပြီးတော့ရော လာနိုင်တဲ့နေရာမှာ တည်ဆောက်မှာဖြစ်ပါတယ်” ဟု ဟာကင်မ်မူရဒ်က ဆိုသည်။

    Ref:worldbulletin

  • မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်းပြရန် ယူကေရှိ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး  ဥပုသ်သီလဆောက်တည်

    မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်းပြရန် ယူကေရှိ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး ဥပုသ်သီလဆောက်တည်

    ဇူလိုင် ၉၊ ၂၀၁၅
    M-Media

    bt

    – ရမ်ဇာန်ဥပုသ်လ၏ နာမ်ပိုင်းဆိုင်ရာ အနှစ်သာရကို အားကျသည့်အနေဖြင့် အင်္ဂလန်မှ သင်းအုပ်ဆရာတစ်ဦးမှာ ရမ်ဇာန်လအတွင်း ဥပုသ်သီလ ဆောက်တည်ခဲ့ပြီး ယူကေမွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့ကာ ဒုက္ခရောက်နေသူများအတွက် ရန်ပုံငွေလည်း ရှာဖွေပေးခဲ့သည်ဟု သိရသည်။

    “အယူဝါဒနှစ်ခုအကြားမှာ နားလည်မှု တိုးမြှင့်ဖို့ ပြီးတော့ ဥပုသ်သီလဆောက်တည်ခြင်းရဲ့ ရှုထောင့်တွေ၊ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်းတစ်ခုချင်းဆီက အစားသောက်၊ အပျော်အပါး ရှောင်ရှားရတာတွေကို မျှဝေဖို့ ဒါဟာ ကောင်းမွန်တဲ့ အခွင့်အလမ်းပါပဲ။ ကျွန်တော်တို့ရဲ့ အယူဝါဒနှစ်ခုအကြားက ခြားနားမှုတွေကိုလည်း ကျွန်တော်တို့ သတိမူမိသလို၊ လူ့အဖွဲ့အစည်းကို
    ချစ်ခြင်းမေတ္တာနဲ့ အလုပ်အကျွေးပြုဖို့ ကျွန်တော်တို့ရဲ့ ဘုံဆန္ဓကိုလည်း သိရှိစေပါတယ်” ဟု ဘာမင်ဂမ် All Saints Church မှ ဘုန်းတော်ကြီး အန်သိုနီ မာလေးက ပြောကြားခဲ့သည်။

    ထို့ပြင် တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံမှု မြှင့်တင်ခြင်း၊ မျှဝေသင်ယူခြင်းနှင့် စစ်မှန်သော ဆက်ဆံရေး တည်ဆောက်ခြင်းတို့ ဆောင်ရွက်နိုင်ပါက ကောင်းမွန်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    မာလေး၏ ထိုလှုပ်ရှားမှုမှာ ၎င်း၏ ဘုရားကျောင်း အနီးအနားရှိ ဟူစိန်နီယာ ဗလီဝတ်ကျောင်းတော်မှ အဖွဲ့ဝင်များက Lent ဟုခေါ်သည့် ခရစ်ယာန်တို့၏ ရက် ၄၀ ဥပုသ်တွင် ပါဝင်ခဲ့မှုကို အားကျသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ရက် ၄၀ ဥပုသ်တွင် ခရစ်ယာန်တို့မှာ မွတ်စလင်များကဲ့သို့ မကောင်းသော အလေ့အထများအား ရှောင်ကျဉ်ရသည်။

    ထိုကဲ့သို့ ဥပုသ်သီလဆောက်တည်ခြင်းအပြင် မာလေးမှာ အီရတ်နိုင်ငံရှိ ငြှင်းပမ်းနှိပ်စက်ခံ မွတ်စလင်များနှင့် ခရစ်ယာန်များအား အကူအညီပေးနေသည့် Human Felief ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေရရှိရန်လည်း ဆောင်ရွက်ပေးခဲ့သည်။

    မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် ရမ်ဇာန်လတွင် ဥပုသ်သီလဆောက်တည်သည့် ခရစ်ယာန်ဘာသာဝင်များမှာ မာလေးတစ်ယောက်တည်း မဟုတ်ချေ။

    ယခုလအစောပိုင်းက ကမ္ဘာတစ်ဝှမ်းမှ ခရစ်ယာန်ဘာာဝင်များမှာ #Christian4Ramadan ဟု အမည်ပေးထားသည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီး မြင့်မြတ်သော ရမ်ဇာန်ဥပုသ်လ၏ အနှစ်သာရကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များနှင့်အတူ မျှဝေခံစားခဲ့ကြသည်။

    ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များကလည်း ခရစ်ယာန်တို့၏ ရက် ၄၀ ဥပုသ်တွင် ပါဝင်ကာ စည်းလုံးညီညွတ်မှုကို ပြသရန် #Muslims4Lent မည်ရသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။

    ဘုန်းတော်ကြီး မာလေး၏ ထိုကဲ့သို့ ဥပုသ်သီလဆောက်တည်မှုကို မွတ်စလင်များက ချီးကျူးခဲ့ကြသည်။

    “ရက် ၄၀ ဥပုသ်ကို ဆောက်တည်ခဲ့ကြတဲ့ All Saints Church က ဒေသခံတွေနဲ့အတူ စည်းလုံးညီညွတ်မှုကိုပြဖို့ ဒါဟာ အကောင်းဆုံး လက္ခဏာလို့ ကျွန်တော်ထင်ပါတယ်” ဟု ဟူစိန်နီယာ ဗလီဝတ်ကျောင်းတော်မှ ဘာသာပေါင်းစုံကိစ္စများကို ဆောင်ရွက်နေသူ နာဆရင် ရှားက ပြောကြားခဲ့သည်။

    ဟူစိန်နီယာ ဗလီဝတ်ကျောင်းတော်နှင့် All Saints Church တို့၏ ဆက်ဆံရေးမှာ ပြီးခဲ့သည့်နှစ် ခရစ္စမတ်တွင် ဗလီဝတ်ကျောင်းတော်မှ ဘုရားကျောင်းအား ချောကလတ်သေတ္တာ လက်ဆောင်ပေးပြီးနောက်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဘုရားကျောင်းကလည်း အီဒ်းနေ့လက်ဆောင်ကို ဗလီသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

    ထို့ပြင် အဆိုပါဘုရားကျောင်းနှင့် ဗလီတို့က ပူးပေါင်း၍ ဒေသခံများအား အခမဲ့ ကားရေဆေးပေးခြင်း၊ ဒေသစီတွင်းစီမံကိန်းအတွက် အစည်းအဝေးများလုပ်ခြင်း၊ ၀တ်ပြုရာနေရာများသို့ သွားရောက်လေ့လာနိုင်ရန် စီစဉ်ပေးခြင်း စသည့်လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။

    Ref: Onislam