ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
M-Media
– လူမျိုးရေးခွဲခြားခံရသူတွေ၊ ဘာသာရေးအရ စော်ကားခံရသူတွေအနေနဲ့ အကူအညီတောင်းခံနိုင်မယ့် ဖုန်းလိုင်းတစ်ခုကို အင်္ဂလန်က ဗလီဝတ်ကျောင်းတော်များ ကိုယ်စားပြုတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့က ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ စီစဉ်ပေးဖို့ ဆောင်ရွက်နေပါတယ်။
လန်ကာရှိုင်းယားမွတ်စလင်များကောင်စီ (LCM) အဖွဲ့က စီစဉ်နေတာဖြစ်ပြီး ကောင်စီဥက္ကဌ အဘ်ဒူလ် ဟာမစ်ဒ် ကူရာရှီက လူတော်တော်များများဟာ ရဲဌာနရဲ့ လုပ်ရပ်တွေကို အယုံအကြည်မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၄ ခုနှစ် ဇူလိုင်လကနေ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း အမုန်းရာဇ၀တ်မှု ၁၂၄ ခုလောက် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကူရာရှီကတော့ တကယ်လက်တွေ့ ဖြစ်ပွားနှုန်းဟာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။ ဒေသန္တရ ရာဇ၀တ်မှုဆိုင်ရာရဲမင်းကြီး ကလိုက်ဗ် ဂရန်းရှောကတော့ အမုန်းရာဇ၀တ်မှုတွေဟာ သူတို့ အဓိကထား ကိုင်တွယ်နေတဲ့ အမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“အကြောင်းအမျိုးမျိုးကြောင့် မွတ်စလင်တွေဟာ ရဲတပ်ဖွဲ့ကို အယုံအကြည် သိပ်မရှိကြပါဘူး။ တစ်ခါတစ်ရံ အဖြစ်အပျက်တစ်ခုကို ရဲတိုင်တဲ့အခါ ရဲတွေက အရေးမပါတာတွေကိုပဲ မေးမြန်းကြပါတယ်၊ ဒါကြောင့် သူတို့ကို အားကိုးလို့ မရနိုင်ဘူးလို့ မှတ်ယူထားကြပါတယ်” လို့ ကူရာရှီက ဆိုပါတယ်။
အစ္စလာမ်ကြောက်ရောဂါနဲ့ပက်သက်ပြီး ဂရန်းရှောက “လူတွေကို ပူးပေါင်းပါဝင်စေချင်ပါတယ်၊ အကူညီပေးလို့ရအောင်လို့ နှောင့်ယှက်ခံရသူတွေရဲ့ အသံတွေကို လွှင့်ထုတ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်
အခုအကူအညီပေးရေး ဖုန်းလိုင်းဟာ ပေါင် ၄၀၀၀ ခန့် ကုန်ကျခဲ့ပြီး ရဲတပ်ဖွဲ့က တစ်စိတ်တစ်ပိုင်း ထောက်ပံ့ ပေးထားကာ ဖေဖော်ဝါရီလ အဆုံးပိုင်းလောက်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီဖုန်းလိုင်းဟာ အင်္ဂလန်မှာ မွတ်စလင်ကိုယ်စားပြုအဖွဲ့အစည်းတစ်ခုရဲ့ ပထမဆုံး အကူအညီပေးရေး ဖုန်းလိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီဖုန်းလိုင်းကို ဗလီနဲ့ မဒရ်ဆာကျောင်း ပေါင်း၁၀၀ ကျော်မှာ အသုံးပြုနိုင်ဖို့ LCM က စီစဉ်နေပါတယ်။
ရုံးဖွင့်ရက်တွေမှာ တစ်နေ့လေးနာရီခန့် လိုင်းဖွင့်ထားမှာ ဖြစ်ပြီး လူထုအနေနဲ့ နှုတ်နဲ့သော်လည်းကောင်း ကိုယ်ထိလက်ရောက်သော်လည်း မည်သည့်ပုံစံမျိုးနဲ့မဆို စော်ကားမှုတွေကို ရဲတပ်ဖွဲ့ရဲ့ သင်တန်းပေးလေ့ကျင့်ထားသူများထံ သတင်းပေးပို့ တိုင်ကြားနိုင်မှာ ဖြစ်ပါတယ်။
ဖုန်းခေါ်ဆိုမှုတွေကို အမည်ဖော်ပြ၍ဖြစ်စေ၊ အမည်မဖော်ပြဘဲနဲ့ ဖြစ်စေ ခေါ်ဆိုနိုင်မှာဖြစ်ပြီး အခင်းဖြစ်ပွားမှုအသေးစိတ်ကို ခေါ်ဆိုသူရဲ့ ခွင့်ပြုချက်နဲ့ ရဲတပ်ဖွဲ့ကို ပေးပို့တိုင်ကြားသွားမှာ ဖြစ်ပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.