News @ M-Media

Tag: UN

  • အစ္စရေးကိစ္စ မကျေနပ်၍ လူ့အခွင့်အရေးကောင်စီမှ နှုတ်ထွက်ကြောင်း အမေရိကန်ကြေငြာ

    အစ္စရေးကိစ္စ မကျေနပ်၍ လူ့အခွင့်အရေးကောင်စီမှ နှုတ်ထွက်ကြောင်း အမေရိကန်ကြေငြာ

    ဇွန် ၂၀၊ ၂၀၁၈
    M-Media

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး

    – အစ္စရေးနဲ့ပတ်သက်ပြီး နာတာရှည်ဘက်လိုက်မှုကြောင့် ကုလ လူ့အခွင့်အရေးကောင်စီက နှုတ်ထွက်တယ်လို့ အမေရိကန်က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    “လူ့အခွင့်အရေးကို ပြောင်လှောင်နေတဲ့ ကြောင်သူတော်၊ တစ်ဘို့တည်းအဖွဲ့အစည်းမှာ ဆက်ပြီးပါဝင်ဖို့အတွက် စိတ်မသန့်တာကြောင့် ဒီလို နှုတ်ထွက်ရခြင်း ဖြစ်ပါတယ်” လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက အမရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုနဲ့အတူ ပြောကြားခဲ့ပါတယ်။

    ကုလ လူ့အခွင့်အရေးအကြီးအကဲ ဇိုက် ရာအဒ် အလ် ဟူစိန်က အမေရိကန်အစိုးရရဲ့ ဒီလုပ်ရပ်ဟာ စိတ်ပျက်စရာဖြစ်ပေမယ့် အံ့သြစရာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ဒီနေ့ကမ္ဘာရဲ့ လူ့အခွင့်အရေး အခြေအနေအရ အမေရိကန်ဟာ နောက်ပြန်ဆုတ်ရမှာမဟုတ်ဘဲ၊ ရှေ့ဆက်တိုးရမှာပါ”

    ဥရောပသမဂ္ဂက ဒါဟာ ကမ္ဘာ့စင်မြင့်မှာ ဒီမိုကရေစီကို ဦးဆောင်သူ၊ ပံ့ပိုးသူဆိုတဲ့ အမေရိကန်ရဲ့အခန်းကဏ္ဍကို ပျက်စီးစေမယ့်အန္တရာယ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဒါဟာ ၀မ်းနည်းဖွယ်ရာလုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

    အမေရိကန်ရဲ့ အဓိကမဟာမိတ် အစ္စရေးက အမေရိကန်အနေနဲ့ လူ့အခွင့်အရေးကောင်စီက ဒီလိုနှုတ်ထွက်မှုဟာ သတ္တိရှိတဲ့လုပ်ရပ် ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

    ဂါဇာကမ်းမြှောက်မှာ ပါလက်စတိုင်း အရပ်သားတွေကို အစ္စရေးက ပစ်ခတ်သတ်ဖြတ်မှုကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေငြာချက်ကို ကုလက ပြီးခဲ့တဲ့တစ်မှာ မဲခွဲအတည်ပြုခဲ့ပြီးတဲ့နောက် အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    အစ္စရေးရဲ့လုပ်ရပ်တွေကို အရေးယူဖို့၊ စုံစမ်းစစ်ဆေးဖို့၊ ဆန့်ကျင်ရှုတ်ချဖို့အတွက် ကုလက ဆောင်ရွက်တဲ့အခါတိုင်း အမေရိကန်ဟာ အမြဲလိုလို ဗီတိုအာဏာသုံးပြီး ပယ်ချလေ့ ရှိပါတယ်။

    Ref: Aljazeera

  • လုံခြုံရေးကောင်စီမှ ဗီတိုကိုင်ထားသည့်နိုင်ငံများကို ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန် ဝေဖန်

    လုံခြုံရေးကောင်စီမှ ဗီတိုကိုင်ထားသည့်နိုင်ငံများကို ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန် ဝေဖန်

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈
    M-Media

    ကုလ လူ့အခွင့်အရေးအကြီးအကဲ ဇိုက် ရာအဒ် အလ်-ဟူစိန်

    -‘လတ်လောသမိုင်းမှာ လူသားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအခံရဆုံး အခြေအနေတွေ’ ကို တားဆီးဖို့ ပျက်ကွက်မှုအတွက် လုံခြုံရေးကောင်စီက ဗီတိုအာဏာကိုင်ထားတဲ့နိုင်ငံတွေကို ကုလ လူ့အခွင့်အရေးအကြီးအကဲ ဇိုက် ရာအဒ် အလ်-ဟူစိန်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

    ဂျီနီဗာမှာ မနေ့ကလုပ်တဲ့ ကုလ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကမ္ဘာပေါ်က ‘အဆိုးဝါးဆုံး ထိခိုက်ခံစားရမှုတွေ’ ဆက်လက်ဖြစ်ပွားနေမှုမှာ တာဝန်အရှိဆုံးသူတွေဟာ ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့ဖြစ်ပြီး အဲဒီနိုင်ငံတွေဟာ ဗီတိုအာဏာကို အလွဲသုံးစားလုပ်နေတယ်လို့လည်း သူက ဆိုပါတယ်။

    “သတ်ဖြတ်မှုတွေ၊ ထိခိုက်မှုတွေအတွက် ရာဇ၀တ်ကြောင်းအရ ဒုတိယံမိ တာဝန်ရှိသူတွေ၊ ဆိုးဆိုးဝါး ထိခိုက်ခံစားရမှုတွေ ဆက်လက်ဖြစ်ပွားမှုအတွက် တာဝန်ရှိသူတွေဟာ ကုလလုံခြုံရေးကောင်စီက အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ ဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေ အလွန်အမင်း ထိခိုက်ခံစားနေရတာတွေကို လျော့ဖိုနိုင်ဖို့ အလိုအပ်ဆုံးအချိန်မှာ တစ်ညီတစ်ညွတ်တည်း အရေးယူတုန့်ပြန်ဖို့ ဆောင်ရွက်မှုတွေကို ပိတ်ပင်ဖို့ ဗီတိုအာဏာကို အသုံးပြုနေသမျှ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဟာ ထိခိုက်သူတွေရဲ့ရှေ့မှာ အဖြေပေးရပါလိမ့်မယ်”

    ပြင်သစ်နဲ့ ယူကေတို့ဟာ ဗီတိုအာဏာကို စည်းနဲ့ကမ်းနဲ့ အသုံးချရမှာ ရှေ့ဆောင်လမ်းပြသူတွေ ဖြစ်တယ်လို့လည်း အလ်-ဟူစိန်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံက အရှေ့ဂူတာဒေသ၊ ကွန်ဂိုက ကာဆိုင်ဒေသ၊ ယီမင်နဲ့ ဘူရန်ဒီနိုင်ငံတွေ၊ မြန်မာနိုင်ငံက ရခိုင်ဒေသတွေမှာ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကို အရေးမယူနိုင်တာနဲ့ ပတ်သက်ပြီးလည်း သူက ထောက်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာကြီး၏ မတည်ငြိမ်မှုများအတွက် ကုလအတွင်းရေးမှူးချုပ် သတိပေး

    ကမ္ဘာကြီး၏ မတည်ငြိမ်မှုများအတွက် ကုလအတွင်းရေးမှူးချုပ် သတိပေး

    ဇန်န၀ါရီ ၁၊ ၂၀၁၈
    M-Media
    – ခြားနားမှုများကို အတူတကွ ပူးပေါင်းဖြေရှင်းခြင်း မရှိပါက ကမ္ဘာကြီးမှာ မညီမျှမှု၊ အမျိုးသားရေးဝါဒ၊ နိုင်ငံခြားသားကြောက်ရောဂါများကြောင့် ၀ရုန်းသုန်းကား ဖြစ်ဖွယ်ရှိနေပြီး နျူစစ်ပွဲပင် ဖြစ်လာနိုင်သည်ဟု ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်သည်။
    “လွန်ခဲ့တဲ့တစ်နှ်စ် ကျွန်တော် တာဝန်စထမ်းဆောင်စဉ်တုန်းက ၂၀၁၇ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ လက်တွေ့အခြေအနေတွေအရ ကမ္ဘာကြီးဟာ ပြောင်းပြန်ဖြစ်နေပါတယ်။ ပဋိပက္ခတွေက နက်ရှိုင်းလာပြီး၊ အန္တရာယ်သစ်တွေလည်း ထွက်ပေါ်လာပါတယ်။ နျူလက်နက်နဲ့ပတ်သက်တဲ့ ကမ္ဘာကြီးရဲ့ စိုးရိမ်သောကရောက်မှုတွေဟာ စစ်အေးခေတ်နောက်ပိုင်းမှာ အမြင့်ဆုံးကို ရောက်လာပါတယ်”
    ထို့ပြင် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုမှာ မိမိတို့ထက် ပိုမိုမြန်ဆန်နေကြောင်း၊ မညီမျှမှုများ မြင့်တက်လာပြီး  ဆိုးဆိုရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည် မြင်လာရကြောင်း ဂူတာရက်စ်က ထည့်သွင်း ပြောကြားခဲ့သည်။
    နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် အဆိုပါပဋိပက္ခများ ဖြေရှင်းခြင်း၊ မုန်းတီးမှုများကို ကျော်လွှာခြင်း၊ ဘုံတန်ဖိုးများကို ကာကွယ်ခြင်း စသည်တို့ကို လုပ်နိုင်မည်ဖြစ်သော်လည်း အတူတကွ ဆောင်ရွက်ရမည်ဟု အထွေထွေ အတွင်းရေးမှူးက ဆိုသည်။
    ထို့ပြင် ကွာဟချက်များကို ကျဉ်းမြောင်းစေရန်၊ မတူကွဲပြားမှုများအတွက် တံတားထိုးရန်၊ ဘုံရည်ရွယ်ချက်များအတွက် ပြည်သူများကို စုစည်းကာ ယုံကြည်ချက် ပြန်လည်တည်ဆောက်ရန် ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။
    Ref : Alarabiya
  • ဂျေရုစလင်ကိစ္စအတွက် အမေရိကန်က ကုလကို ခြိမ်းခြောက်စာပေးပို့

    ဂျေရုစလင်ကိစ္စအတွက် အမေရိကန်က ကုလကို ခြိမ်းခြောက်စာပေးပို့

    ဒီဇင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး

    – ဂျေရုစလင်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်၏ ဆုံးဖြတ်ချက်ကို ပယ်ချရန်ရှိနေသည့် ကုလအဖွဲ့ဝင်နိုင်ငံများအား အမေရိကန်သံအမတ် နစ်ကီဟာလေးက ခြိမ်းခြောက်စာ ပေးပို့လိုက်သည်ဟု သိရသည်။

    ပါလက်စတိုင်း၊ တူရကီနှင့် အာရပ်နိုင်ငံများ၏ တောင်းဆိုမှုကြောင့် ကုလမှာ မနက်ဖြန်တွင် ဂျေရုစလင်ကိစ္စအတွက် အရေးပေါ်ညီလာခံတစ်ခု ကျင်းပကာ အမေရိကန်က ဒီဇင်ဘာ ၆ ရက်နေ့တွင် အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုထားမှုကို ပယ်ချရန် ရှိနေသည်။

    ဟာလေးက ကုလသို့ ပေးပို့သောစာတွင် ကြာသာပတေးနေ့ အစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရုတစိုက် စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ ၎င်းတို့၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်သည့် နိုင်ငံများစာရင်းကို ပေးပို့ရန် ညွှန်ကြားထားသည်ဟု ဖော်ပြထားသည်။

    ပြီးခဲ့သည့်တစ်ပတ် လုံခြုံရေးကောင်စီတွင် အမေရိကန်၏လုပ်ရပ်အား ဆန့်ကျင်သော ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် နိုင်ငံ ၁၄ နိုင်ငံက ထောက်ခံသဘောတူခဲ့သော်လည်း အမေရိကန်က ဗီတိုဖြင့် ပယ်ချခဲ့သည်။

    ဟာလေးက လုံခြုံရေးကောင်စီတွင် တင်သွင်းသည့် မူကြမ်းမှာ စော်ကားမှုတစ်ခုဖြစ်ပြီး မည်သည့်အခါမှ မေ့ပျောက်၍ ရမည်မဟုတ်ကြောင်း၊ ပါလက်စတိုင်း-အစ္စရေး ပြဿနာ ဖြေရှင်းရေးတွင် ကုလက အကောင်းထက် အဆိုးကို ပိုလုပ်နေသော ဥပမာတစ်ခုဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

    အမေရိကန်၏ အဆိုပါအသိအမှတ်ပြုမှုမှာ ကုလ၏ ယခင်ဆုံးဖြတ်ချက်များနှင့် ဆန့်ကျင်ကာ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်နေသည့်အတွက် ကုလအထွေထွေညီလာခံက မနက်ဖြန်တွင် မဲအများစုဖြင့် ပယ်ချရန် ရှိနေသည်။

    ပါလက်စတိုင်းမှာ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထား၍ လွတ်လပ်သည့်နိုင်ငံတစ်ခု ထူထောင်ရန် ဆန္ဒရှိနေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ထိုဆန္ဒကို ထောက်ခံထားသည်။

    Ref: Aljazeera

  • ဂျေရုစလင်ကိစ္စအတွက် အရေးပေါ် ကုလအထွေအထွညီလာခံ ခေါ်မည်

    ဂျေရုစလင်ကိစ္စအတွက် အရေးပေါ် ကုလအထွေအထွညီလာခံ ခေါ်မည်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်မပြုရန် လုံးခြုံရေးကောင်စီ မူကြမ်းကို ယမန်နေ့တွင် အမေရိကန်က ဗီတိုအာဏာသုံး၍ ပယ်ချခဲ့ပြီးနောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထိုကိစ္စနှင့်ပတ်သက်၍ မကြာမီ အရေးပေါ်အစည်းအဝေး ကျင်းပမည်ဟု သိရသည်။

    အရေးပေါ်အစည်းအဝေး ကျင်းပရန်အတွက် ပါလက်စတိုင်း၊ အာရပ်နိုင်ငံများ၊ တူရကီနှင့် OIC တို့က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်နေ့က ကြေငြာခဲ့ပြီး ထိုဆုံးဖြတ်ချက်ကို ကမ္ဘာတစ်ဝှမ်းက ရှုတ်ချခဲ့ကြသည်။

    ဂျေရုစလင်တွင် အခြေစိုက်ကာ အစ္စရေးနှင့် သံအဆက်အသွယ်မလုပ်ရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းသည့် မူကြမ်းတစ်ခုကို ယမန်နေ့က လုံခြုံရေးကောင်စီတွင် အတည်ပြုရန် ဆောင်ရွက်ခဲ့သော်လည်း အမေရိကန်၏ ဗီတိုကြောင့် ပျက်ပြယ်ခဲ့ရသည်။

    ကုလ အထွေအထွေညီလာခံ သဘာပတိ မီရိုစလက်ဗ် လက်ဂ်ျကက်က အဆိုပါ အရေးပေါ် အစည်းအဝေးကို အမြန်ဆုံး ကျင်းပသွားမည်ဟု ပြောကြားခဲ့ပြီး ကုလဆိုင်ရာ ပါလက်စတိုင်းသံအမတ် ရီယဒ်မန်ဆူရ်က ဗုဒ္ဓဟူး၊ သို့မဟုတ် ကြာသာပတေးနေ့တွင် ကျင်းပမည်ဟု မျှော်လင့်နေသည်။

    မန်ဆူရ်က ၎င်းတို့၏ တောင်းဆိုမှုဖြင့် ပြုလုပ်မည့် အဆိုပါ အရေးပေါ်အစည်းအဝေးကို ၁၉၅၀ ကုလ အထွေအထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၃၇၇ (က) နှင့်အညီ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    Ref: Aljazeera