News @ M-Media

ဂျေရုစလင်ကိစ္စအတွက် အမေရိကန်က ကုလကို ခြိမ်းခြောက်စာပေးပို့

ဒီဇင်ဘာ ၂၀၊ ၂၀၁၇
M-Media

ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး

– ဂျေရုစလင်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်၏ ဆုံးဖြတ်ချက်ကို ပယ်ချရန်ရှိနေသည့် ကုလအဖွဲ့ဝင်နိုင်ငံများအား အမေရိကန်သံအမတ် နစ်ကီဟာလေးက ခြိမ်းခြောက်စာ ပေးပို့လိုက်သည်ဟု သိရသည်။

ပါလက်စတိုင်း၊ တူရကီနှင့် အာရပ်နိုင်ငံများ၏ တောင်းဆိုမှုကြောင့် ကုလမှာ မနက်ဖြန်တွင် ဂျေရုစလင်ကိစ္စအတွက် အရေးပေါ်ညီလာခံတစ်ခု ကျင်းပကာ အမေရိကန်က ဒီဇင်ဘာ ၆ ရက်နေ့တွင် အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုထားမှုကို ပယ်ချရန် ရှိနေသည်။

ဟာလေးက ကုလသို့ ပေးပို့သောစာတွင် ကြာသာပတေးနေ့ အစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရုတစိုက် စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ ၎င်းတို့၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်သည့် နိုင်ငံများစာရင်းကို ပေးပို့ရန် ညွှန်ကြားထားသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့်တစ်ပတ် လုံခြုံရေးကောင်စီတွင် အမေရိကန်၏လုပ်ရပ်အား ဆန့်ကျင်သော ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် နိုင်ငံ ၁၄ နိုင်ငံက ထောက်ခံသဘောတူခဲ့သော်လည်း အမေရိကန်က ဗီတိုဖြင့် ပယ်ချခဲ့သည်။

ဟာလေးက လုံခြုံရေးကောင်စီတွင် တင်သွင်းသည့် မူကြမ်းမှာ စော်ကားမှုတစ်ခုဖြစ်ပြီး မည်သည့်အခါမှ မေ့ပျောက်၍ ရမည်မဟုတ်ကြောင်း၊ ပါလက်စတိုင်း-အစ္စရေး ပြဿနာ ဖြေရှင်းရေးတွင် ကုလက အကောင်းထက် အဆိုးကို ပိုလုပ်နေသော ဥပမာတစ်ခုဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

အမေရိကန်၏ အဆိုပါအသိအမှတ်ပြုမှုမှာ ကုလ၏ ယခင်ဆုံးဖြတ်ချက်များနှင့် ဆန့်ကျင်ကာ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်နေသည့်အတွက် ကုလအထွေထွေညီလာခံက မနက်ဖြန်တွင် မဲအများစုဖြင့် ပယ်ချရန် ရှိနေသည်။

ပါလက်စတိုင်းမှာ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထား၍ လွတ်လပ်သည့်နိုင်ငံတစ်ခု ထူထောင်ရန် ဆန္ဒရှိနေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ထိုဆန္ဒကို ထောက်ခံထားသည်။

Ref: Aljazeera