News @ M-Media

Tag: UNC

  • လူမျိုး ၁၃၅-မျိုးဟု ဆိုခြင်းမှာ ဥပဒေလား၊ နည်းဥပဒေလား၊ ညွှန်ကြားချက်လားဟု UNC ဆွေးနွေးပွဲမှ မေးခွန်းထုတ်

    စက်တင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    လင်းလင်း

    16

    ရန်ကုန် ။ ။ ပြည်ထောင်စုတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၉-ရက် နေ့လည် ၂း၀၀-နာရီတွင် အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC) ပါတီ ဌာနချုပ် ရုံးခန်း၌ ပြုလုပ်ခဲ့ပါတယ်။

    အဆိုပါ ဆွေးနွေးပွဲတွင် ပါတီ၏ လုပ်ဆောင်ချက်များထဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည်လည်း တစ်ခုအပါအ၀င် ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် တိုင်းရင်းသားအရေးကိစ္စကိုလည်း ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပသီလူမျိုးစု၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဥက္ကဌ ဦးမြင့်ဝေက ပြောကြားခဲ့ပါတယ်။ ပသီလူမျိုးစု သမိုင်းကြောင်းနှင့် ကြေညာချက်ကို ဗဟိုကော်မတီ အဖွဲ့ဝင် ဦးထွန်းဝင်းက ဖတ်ကြားပြီး၊ ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)မှ ဥပဒေရေးရာနှင့် သက်ဆိုင်သော အချက်အလက်များကို ဆွေးနွေးခဲ့ပါတယ်။

    ပါတီဝင် ၀ါရင့် ရှေ့နေကြီးတစ်ဦးမှ ဥပဒေနှင့်ပတ်သက်၍ ပြန်လည် ဆွေးနွေးခဲ့ရာ လူမျိုး ၁၃၅-မျိုး၊ ၁၄၄-မျိုးဆိုတာ ဥပဒေလည်းမဟုတ်သလို နည်းဥပဒေလည်း မဟုတ်ဆိုသည်ကို ထောက်ခံကြောင်း၊ ဥပဒေတွင်ရှိသည့် ပြဋ္ဌာန်းဥပဒေဆိုသည်မှာ လွှတ်တော်နှင့် ပါလီမန်တို့မှ ပြဋ္ဌာန်းရပြီး၊ နည်းဥပဒေဆိုသည်မှာ ၀န်ကြီးဌာနမှ ပြဋ္ဌာန်းထားသည့် ဥပဒေအပေါ် ထုတ်ပြန်ခြင်းဖြစ်သည်။ အမိန့်ကြေညာချက်၊ ညွှန်ကြားချက်ဆိုသည်လည်း ရှိသည့်အတွက် လူမျိုး ၁၃၅-မျိုး၊ ၁၄၄-မျိုး ဆိုသည်မှာ ဥပဒေမဟုတ်သလို၊ နည်းဥပဒေလည်းမဟုတ်ပဲ ညွှန်ကြားချက်သာဖြစ်ကြောင်း၊ ညွှန်ကြားချက်ဆိုသည်မှာ သူ့ဝန်ကြီးဋ္ဌာနအတွင်း မည်သို့လုပ်ဆောင်ရမည် ဆိုသည်ကို ညွှန်ကြားခြင်းသာဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြဋ္ဌာန်းဥပဒေ၊ နိုင်ငံသားဥပဒေပဲဖြစ်ဖြစ် ၁၉၈၂-ဥပဒေတွေနဲ့ ယှဉ်လာရင် ဖွဲ့စည်းပုံ အခြေခံဥပဒေသာ လိုအပ်ကြောင်း၊ ညွှန်ကြားချက်အား ဥပဒေက လွှမ်းမိုးသလို၊ ဥပဒေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက လွှမ်းမိုးနေသည့်အတွက် လူမျိုး ၁၄၄-မျိုးမှ ၁၃၅-မျိုးသို့လျှော့ချခြင်းသည် ဥပဒေအရလား၊ နည်းဥပဒေအရလားလျှော့ခြင်းလား၊ သို့တည်းမဟုတ် အမိန့်ညွှန်ကြားချက်ကို လွှမ်းမိုးခြင်းဖြစ်ခြင်းလား ဆိုသည်ကို မေးရမည်ဖြစ်ပြီး၊ လူမျိုး ၁၃၅-မျိုးဆိုသည်မှာ အမိန့်ညွှန့်ကြားချက်ကို လွှမ်းမိုးပါက အဆိုပါ ဥပဒေထုတ်ပြန်သူများမှ ပြည်သူများအား နားလည်အောင် တင်ပြရန်လိုကြောင်း၊ ထို့ကြောင့် ပြည်သူများမှ ရဲရဲဝံ့ဝံ့ ပြောဆိုသင့်ကြောင်း ပြောပြခဲ့ပါတယ်။

    ပသီလူမျိုးစုများသည် ဘယ်နေရာဒေသများတွင် နေထိုင်သလဲဆိုသည့် Friday ဂျာနယ် အယ်ဒီတာ၏ မေးခွန်းကိုတော့ ပသီလူမျိုးစုဆိုတာ ယခုမှ ၀င်ရောက်နေထိုင်ခြင်းမဟုတ်ပဲ ရှေးယခင် AD ၇-ရာစုလောက် ကတည်းက ကုန်ကူးသန်းသွားလာရာမှ မြန်မာပြည် ပင်လယ်ကမ်းရိုးတန်းတလျှောက် ၀င်ရောက်နေထိုင်ခဲ့ကြသူ၊ မြန်မာပြည်မြောက်ပိုင်းမှ ၀င်ရောက်လာခဲ့ကြသည့် ပါရှန်း၊ အာရဗ်အနွယ်ဝင်များနှင့် မြန်မာအမျိုးသမီးများ အိမ်ထောင်ကျရာမှ မွေးဖွားလာ သူများကို ခေါ်ဆိုခြင်းဖြစ်တာကြောင့် ပသီတို့သည် မြန်မာပြည် တနံတလျားတွင် ရှိနေကြပြီး ရှေးမြန်မာဘုရင်များလက်က အစုအဝေးလိုက် ရွာကြီးများ၊ ရပ်ကွက်ကြီးများချပေးထားခဲ့သည့်အတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အစုအဝေးလိုက်များ တွေ့နိုင်ကြောင်း၊ သို့အတွက် ပသီလူမျိုးဆိုသည်မှာ ပြန့်ကျဲနေထိုင်သည့် လူမျိုးဖြစ်သည့်အတွက် ပသီတို့အနေနှင့် သီးခြားပြည်နယ် တောင်းခံမည် မဟုတ်ကြောင်းကိုလည်း တပါတည်း ဖြေကြားခဲ့ပါတယ်။

    မိမိတို့အနေနှင့် မည်သည့်လူမျိုးဖြစ်သင့်သည်ကို ဆွေးနွေးအသိပေးပြောပြခြင်းဖြစ်သည့်အတွက် ဆုံးဖြတ်ရမည်မှာ မိမိကိုယ်တိုင်၏ အခွင့်အရေးသာဖြစ်ပြီး မိမိတို့အနေနှင့် ပျောက်ကွယ်နေသော လူမျိုးစုအား ပြန်လည်ဖော်ထုတ်ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ၎င်းဆွေးနွေးပွဲသို့ တက်ရောက်သည့် မီဒီယာမှ မေးမြန်းချက်များနှင့် တက်ရောက်သူများ၏ ဆွေးနွေးချက်များကို ဆွေးနွေးပြီးနောက် ညနေ ၅း၀၀-နာရီမှာ ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲသို့ လူ ၆၀-ခန့်ပါဝင် တက်ရောက်ခဲ့ကြပါတယ်။

    ဓါတ်ပုံများ FB တွင် ကြည့်ရန် Click Here

  • ၁၃၅-မျိုး စာရင်းတွင် မပါသေးသည့် တိုင်းရင်းသားများ အရေး အမျိုးသားညီညွတ်ရေး ကွန်ဂရက်မှ သမ္မတကြီးထံ ပေးစာပို့

    စက်တင်ဘာ ၂၇၊ ၂၀၁၃

    M-Media
    သုတ

    ရန်ကုန် ။ ။ ၁၆.၉.၂၀၁၃ နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦခင်ရီက တိုင်းရင်းသား ၁၃၅-မျိုးစာရင်းတွင် မပါဝင်သော လူမျိုးများမှာ တိုင်းရင်းသားမဟုတ်ကြောင်း ပြောကြားခဲ့သည့်အတွက် စာရင်းတွင် ထည့်သွင်းရန် ကျန်နေသေးသည့် တိုင်းရင်းသားလူမျိုးများအရေးအား အမျိုးသားညီညွတ်ရေး ကွန်ဂရက်ဌာနချုပ် (UNC)မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပေးစာတစ်စောင်ကို စက်တင်ဘာ ၂၅-ရက်နေ့က ပေးပို့လိုက်ကြောင်း သိရသည်။

    ၂၀၁၄-ခု ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသား လူမျိုး(၁၃၅)မျိုးစာရင်းတွင် မပါဝင်သော လူမျိုးများမှာ တိုင်းရင်းသား မဟုတ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည့်အတွက် ၁၉၇၂-ခုနှစ် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တိုင်းရင်းသား လူမျိုးစာရင်းတွင် (၁၄၄)မျိုးပါဝင်ပြီး ၁၉၈၃-ခုနှစ် စာရင်းထုတ်ပြန်ရာတွင် ၉-မျိုး လျော့နည်း ပျောက်ကွယ်နေပြီး (၁၃၅)မျိုးသာ ရှိတော့ပြီး ၁၉၈၃-ခုနောက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ စာရင်း ပြန်လည် စိစစ်ထုတ်ပြန်ခြင်း မရှိခဲ့ပါပဲ ယခုကဲ့သို့ ပြောကြားမှုအပေါ် နိုင်ငံတော် သမ္မတမှ ထည့်သွင်းစဉ်းစား လမ်းညွှန်ရန် ပေးပို့ခြင်းဖြစ်ကြောင်းသိရသည်။

    ဤကဲ့သို့ လူမျိုး ၁၃၅-မျိုးပြောကြားလိုက်သည်မှာ ရှေးယခင် လွန်ခဲ့သော ၁၀၀၀-ကျော်က စတင်ကာ လုပ်မြေ၊ နေမြေနှင့် အတည်တကျနေထိုင်လာပြီး သမိုင်းအထောက်အထား ခိုင်မာသည့် တိုင်းရင်းသားလူမျိုးအချို့မှာ ၎င်း(၁၃၅)မျိုးတွင် မပါဝင်ပဲ ကျန်ရှိနေသည့်အတွက် ၁၃၅-မျိုးဟုသာ သတ်မှတ်ပြီး တိုင်းရင်းသား အခွင့်အရေးဆုံးရှုံးရမည်ဆိုပါက မှန်ကန်မှု၊ တရားမျှတမှုရှိမည် မဟုတ်ပဲ အမှန်တည်ရှိနေသည့် တိုင်းရင်းသားလူမျိုးများကို မျက်ကွယ်ပြုကာ ၂၀၁၄-ခု သန်းခေါင်စာရင်းကောက်ယူမည်ဆိုပါက အခက်အခဲများစွာ ရှိလာနိုင်ပြီး တိုင်းရင်းသားဖြစ်ပါလျက် တိုင်းရင်းသားမဟုတ်ဟူသော စာရင်းတွင် ထည့်သွင်းခံရမည့် တိုင်းရင်းသားလူမျိုးများမှလည်း ကျေနပ်လက်ခံနိုင်မည် မဟုတ်သည့်အတွက် ပြန်လည်ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း တင်ပြထားသည်ဟု သိရပါသည်။

    အဆိုပါ ကိစ္စနှင့်ပတ်သက်၍ “ဒီ ၁၃၅-မျိုးနဲ့ ရပ်ထားလို့ မရဘူး။ ဒီ ၁၃၅ မျိုးမှာ ခြွင်းချန်ပြီး ကျန်ရစ်ခဲ့တဲ့ လူမျိုးစုတွေရှိတယ်ဆိုတာ ဆက်ပြီး ပြောရမယ်”လို့ စက်တင်ဘာ ၉-ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီမှာ ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)က ပြောကြားခဲ့ပါသည်။

    “၁၉၇၂-ခု စာရင်းက ၁၄၄-မျိုး၊ ၁၉၈၃-ကျတော့ ၁၃၅-မျိုး ဖြစ်သွားပြန်တယ်။ ဒါပေမယ့် တကယ့်တကယ်တမ်းမှာ တိုင်းရင်းသားတွေမှာ မျိုးနွယ်စုလေးတွေ အများကြီး ထပ်ကွဲနေတဲ့အတွက် ၁၄၄-မျိုးထက်မကရှိနေပါတယ်။ ၁၃၅-မျိုး တောင် မကပါဘူး။ ဒါကြောင့် အခုပြောတဲ့ တိုင်းရင်းသား ၁၃၅-မျိုးမှာ မပါဝင်သေးတဲ့ တိုင်းရင်းသားတွေအတွက် စဉ်းစားပါလို့ တိုက်တွန်းချင်ပါတယ်”လို့ ၎င်း ဦးခင်မောင်ချိုမှပင် ယနေ့မှာ M-Media ကို ပြောပြခဲ့ပါသည်။

    ၎င်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြားလိုက်သည့်အပေါ် တိုင်းရင်းသားများခေါင်းဆောင်များက ၁၉၈၃-ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသား ၁၃၅-မျိုးကို ပြန်လည် စိစစ်ရန် လိုအပ်ကြောင်းပြောကြားခဲ့ကြတာကို စက်တင်ဘာ (၂)ရက်နေ့က Unity ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သလို စက်တင်ဘာ (၁၀)ရက်နေ့က M-Media တွင်လည်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

    img430 img431

  • ပြည်သူလူထုအင်အားကို မျှော်လင့်ထားတဲ့ UNC

    ပြည်သူလူထုအင်အားကို မျှော်လင့်ထားတဲ့ UNC

    စက်တင်ဘာ ၁၆၊ ၂၀၁၃
    M-Media
    သုတ

    DSC00212

    ရန်ကုန် ။ ။ UNC (အမျိုးသားညီညွတ်ရေးကွန်ဂရက် ပါတီ)၏ ပသီအမျိုးသားရေးရာ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တတိယအကြိမ်မြောက် အကြံပြု ဆွေးနွေးပွဲကို မနေ့က နေ့လည် ၂း၃၀-နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ပါတီဋ္ဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီး လူ ၁၀၀-ခန့် တက်ရောက်ခဲ့ကြသည်။

    ၎င်းဆွေးနွေးပွဲတွင် သဘာပတိဦးမြင့်ဝေမှပြောကြားရာတွင် တိုင်းရင်းသားညီအစ်ကို မောင်နှမများ အချင်းချင်း စည်းလုံးညီညွတ်မှုရရှိအောင် ဆောင်ရွက်ရန်၊ ဒီမိုကရေစီဖော်ဆောင်ရေး အလွန် အရေးကြီးကြောင်း၊ ပါတီညီလာခံ ခေါ်ယူရန်နှင့် ပသီလူမျိုးမှာ ရှေးပဝေဿနီကပင် ရှိခဲ့ကြောင်းနှင့် ကွယ်ပျောက်နေသော လူမျိုးစုကို ပြန်လည်ဖော်ထုတ်ရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထုရဲ့ အင်အားကို UNC အနေနဲ့ အများကြီး မျှော်လင့်ထားကြောင်းကိုလည်း ပြောကြား ခဲ့သည်။ ထို့နောက် အထွေထွေအတွင်းရေးမှူး ဦးမြင့်သိန်းမှ ပါတီမူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ဥပဒေကိစ္စရပ်များ နိုင်ငံသားအခွင့်အရေးများနှင့်ပတ်သက်၍ ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)မှ ရှင်းလင်းပြောကြားသွားခဲ့သည်။ အမှုဆောင်အဖွဲ့ဝင် ဦးထွန်းဝင်းမှ နိုင်ငံရေးကိစ္စများအား ရှင်းလင်းပြောကြားသွားခဲ့ကြသည်။

    ထို့နောက် တက်ရောက်လာကြသူများမှာ သိလိုသည်များကို ၀ိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ လူငယ်များမှ သန်းခေါင်စာရင်းကိစ္စနှင့် မှတ်ပုံတင်ကိစ္စများကိုလည်း အဓိက ဆွေးနွေးသွားခဲ့သည်။ တက္ကသိုလ်ဘွဲ့ရ ကျောင်းသားတစ်ဦးမှ မိမိတို့ မြန်မာမွတ်စလင်မ်အများစုမှာ ၃-ခေါက်ချိုး မှတ်ပုံတင်သာ ကိုင်ဆောင် ထားရကြောင်း ကျောင်းပြီးသွားသော်လည်း ဘွဲ့လက်မှတ်မရရှိကြောင်း၊ ကျောင်းကို ပြောသောအခါ ကျောင်းကလည်း နိုင်ငံသားကတ်ရမှသာ ဘွဲ့လက်မှတ် ထုတ်ပေးမည် ဖြစ်ကြောာင်း ထို့ကြောင့် မိမိတို့ သူငယ်ချင်း အယောက်(၂၀)ခန့် ဘွဲ့လက်မှတ် မရရှိကြောင်း တို့ကို မေးမြန်းခဲ့ပြီး UNC အနေနဲ့ အဆိုပါ ကိစ္စရပ်များအတွက် နိုင်ငံတော်မှ တာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဘာသာတရားပြောင်းလဲလိုက်မှုကြောင့် မိမိအနေဖြင့် လူမျိုးလည်း ပျောက်သွားရသည်ဆိုသူ တက်ရောက်လာသူတစ်ဦးမှ “ကျွန်တော် အရင်က ဗုဒ္ဓဘာသာပါ။ အခုတော့ မွတ်စလင်မ်တစ်ယောက်ပါ။ ကျွန်တော်တို့က အခုအခြေအနေမှာ ပြေဇာပင်ဖြစ်နေရတယ်။ အဓိက မြန်မာနိုင်ငံမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ကိုင်ဆောင်ပြီးလုပ်နေတော့ ကျွန်တော်တို့ကို တိုင်းရင်းသားစာရင်းထဲ မပါဘူးဆိုပြီး ဘေးထုတ်ခံရတယ်။ ကျွန်တော်တို့ ဒီနေ့မှာ ကိုယ့်ကိုယ်ကို အယူသည်းနေမယ်ဆိုရင် မြေဇာပင်ခံရမှာ ကျွန်တော်တို့ရဲ့ သားသမီးမြေးတွေဖြစ်တယ်။ တက်ရောက်လာသူတွေကို ကျွန်တော် ဆွေးနွေးချင်တာက ကျွန်တော် ဒီပါတီကိုယ်စား ပြောတာလည်း မဟုတ်ဘူး။ ဧည့်သည်တစ်ယောက်အနေနဲ့ပြောတာပါ။ ကျွန်တော် ခံစားချက်နဲ့ ဒီစကားကို ပြောပါတယ်။ တချို့ကပြောတယ် ငါတို့က ဟိုဟာ ငါတို့က ဒီဟာဖြစ်လို့ ဒီပါတီကို ဘာလို့ ထောက်ခံရမလဲဆိုတာမျိုး ကျွန်တော့်သူငယ်ချင်းထဲမှာကို ပြောတယ်။ ဒါပေမယ့် ကျွန်တော်မေတ္တာရပ်ခံတာက ဒီပါတီဟာ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအတွက်လုပ်နေတာပါ။ ဒါကြောင့် ဟိုဟာဒီဟာဖြစ်လို့ မထောက်ခံဘူး မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ လူမျိုးတွေဟာ အများစု education ပိုင်းအားနည်းကြပါတယ်။ အဲဒါကို မြှင့်တင်ဖို့လိုပါတယ်။ ကျွန်တော့်ဇနီးကိုယ်တိုင်က မြန်မာစာ မသင်ခဲ့ရတော့ ဒါမျိုးတွေကို နားမလည်ဘူး။ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်က မြန်မာပဲ ဘာလို့ ပသီဆိုတာကိုပြောတာလဲလို့မေးတယ်။ ကျွန်တော်က အခု မွတ်စလင်မ်ဖြစ်လာတဲ့အတွက် မွတ်စလင်မ်ဆိုတာနဲ့ မှတ်ပုံတင်မှာ မြန်မာမဟုတ်တော့ဘူးလို့ ထည့်ခံရတယ်။ ကျွန်တော်လည်း လူမျိုးပျောက်သွားတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုဖြစ်နေတယ်။ တခြားတိုင်းရင်းသားတွေမှာလည်း ဘာသာပေါင်းစုံရှိကြတယ်။ ဥပမာ ကရင်မှာ ဗုဒ္ဓဘာသာရှိသလို၊ ခရစ်ယာန်လည်းရှိတယ်၊ မွတ်စလင်မ်လည်းရှိတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ စိတ်ဝမ်းမကွဲပဲနဲ့ တက်ညီလက်ညီ ပန်းတိုင်အရောက် သွားကြဖို့လိုတယ်။ ဒါကြောင့် သန်းခေါင်စာရင်း ကောက်ယူတဲ့အချိန်မှာလည်း မြန်မာမွတ်စလင်မ်တွေအားလုံး တညီတညွတ်တည်း ပသီလို့ ခံယူဖြည့်စေ ချင်တယ်။ ဒါက ကျွန်တော် ကိုယ်တိုင် ခံစားရတဲ့အတွေ့အကြုံအရ ပြောတာပါ။ လက်ခံတာ လက်မခံတာက ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။”လို့ ဆွေးနွေး ပြောကြားသွားခဲ့ပါတယ်။

    ဥက္ကဋ္ဌ နိဂုံးချုပ်စကားတွင် သားစဉ်မြေးဆက် မိမိတို့ကြောင့် နာမည်မပျက်ကြရအောင် အမျိုးသားရေးကို သစ္စာရှိရှိနဲ့ လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြား သွားခဲ့ပါတယ်။

  • “နိုင်ငံရေးနဲ့ ဘာသာရေးကို မရောယှက်စေချင်” အမျိုးသား ညီညွတ်ရေး ကွန်ဂရက် ဆွေးနွေးပွဲ

    စက်တင်ဘာ ၉၊ ၂၀၁၃
    M-Media
    လင်းလင်း

    IMG_20130908_161501

    ရန်ကုန် ။             ။ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီမှ  ပသီအမျိုးသားရေးရာ အမျိုးသမီးကဏ္ဍ ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာလ ၈-ရက်နေ့ နေ့လည် ၂-နာရီက ပါတီရုံးချုပ် တည်ရှိရာ မအူကုန်း၊ တာမွေမြို့နယ်၌ ပြုလုပ်ခဲ့သည်။

    ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေး ကွန်ဂရက်၏ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ပသီသမိုင်းကြောင်း၊ ပသီနှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အမျိုးသမီးနှင့် နိုင်ငံရေး အကြောင်း စသည်တို့ကို ပါတီခေါင်းဆောင်များမှ ဦးဆောင်ဆွေးနွေးကြပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက် လာကြသော အမျိုးသမီးများမှ သိရှိ လိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေး ခဲ့ကြသည်။

    “ပါတီလုပ်မယ်ဆို တိုင်ပင်ကြတော့ ဟိုးယခင်က ရှိခဲ့သည့် ပသီကွန်ဂရက်အမည်နဲ့ လျှောက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ အထင်နဲ့အမြင်လွဲခဲ့ပါတယ်။ ပသီအမျိုးသားကွန်ဂရက်နာမည်နဲ့ မရလို့ အမျိုးသားညီညွတ်ရေး ကွန်ဂရက်လို့ ပြောင်းလဲပြီး လျှောက်ထား ခဲ့ရပါတယ်။ ၂၈.၂.၂၀၁၃-ခုမှာ မှတ်ပုံတင်အမှတ် ၆၂ နဲ့ ပါတီမှတ်ပုံတင် ခွင့်ရခဲ့ပါတယ်။ မတ်လကစလို့ ဖြစ်ပေါ်လာတဲ့ ဆူပူ အကြမ်းဖက်မှုတွေဖြစ်ပြီးတဲ့နောက် သမ္မတကြီး ဦးသိန်းစိန်က ဒီအကြမ်းဖက်မှုတွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်သူတွေရှိတယ် ဖော်ထုတ် အရေးယူရမယ်လို့ ပြောခဲ့တဲ့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေက အရေးယူလိုက်ရင် ဒီကိစ္စရပ်တွေ ပြီးပြတ်သွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် ဇူလိုင်လ ၅-ရက်နေ့မှာ သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ ပေးခဲ့ပါတယ်။ အဲဒီပေးစာမှာ ကျွန်တော်တို့ပါတီဟာ ဘယ်အရပ်ဒေသမှာဖြစ်ပါစေ၊ ဘယ်လူမျိုး ဘယ်ဘာသာဝင်ကိုဖြစ်ပါစေ ဆူပူအကြမ်းဖက်တာကို ဆန့်ကျင်ကန့်ကွက်ပါတယ်၊ ဆူပူအကြမ်းဖက်မှုဟာ တိုင်းပြည်တိုးတက်တဲ့နေရာမှာ အနှောက်အယှက်ဖြစ်တယ်ကြောင့် အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ လောကမှာ အဆိုးအကောင်းရှိတာ သဘာဝပါ။ ဘယ်လူမျိုး ဘယ်ဘာသာမှာမဆို လူဆိုးတွေရှိသလို လူကောင်းတွေလည်းရှိပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်တာမျိုး မဖြစ်စေချင်ပါဘူး။”လို့ ဥက္ကဋ္ဌကြီး ဦးမြင့်ဝေမှ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။

    “ကျွန်တော်တို့ ပါတီက လိုအပ်ချက်တစ်ခုကြောင့် ပေါ်ပေါက်လာရတာပါ။ အရင်က ကျွန်တော်တို့တွေ အမှုမဲ့အမှတ်မဲ့ နေထိုင်ခဲ့ကြတယ်။ အဲလိုနေလာရင်း ကိုယ့်အမျိုးသားတိုးတက်မှုကို မတည်ဆောက်နိုင်ကြဘူး။ ဒီတော့ ပြဿနာတစ်ခုကြုံလာတိုင်း ဘယ်လိုဖြေရှင်းမလဲဆိုတာ မလုပ်နိုင်ခဲ့ကြဘူး။ အခုပါတီထူထောင်ခွင့်ရလာတဲ့အခါ ကျွန်တော်တို့အမျိုးသားတွေရဲ့ လိုအပ်မှုကို ကျွန်တော်တို့ လုပ်ကိုင်နိုင်ပြီဆိုတာ သိလာရတယ်။ အရင်က အလွယ်တကူနေလို့ရလို့ နေလာခဲ့ပေမယ့် အခုက ကျွန်တော်တို့တွေ ပြင်ဆင်ရတော့မယ်။ အများနဲ့ယှဉ်ပြေးရမယ့် အချိန်မှာ ကိုယ် ထိုင်နေလို့ မရဘူး။ ကျွန်တော်တို့ရဲ့ society ကို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲယူရမှာဖြစ်တယ်။ ပတ်ဝန်းကျင်က ရိုက်ခတ်ခဲ့တဲ့ အချက်တွေကို ကျွန်တော်တို့ မပြင်ဆင်ခဲ့ကြလို့ပါ။ ပညာရေးက အရေးပါပါတယ်။ ဒီနေ့ လူ့အဖွဲ့အစည်းကို ဦးဆောင်တာ ပညာရေးပါ။ ကျွန်တော်တို့ ပါတီအနေနဲ့ တဘက်က ပါတီတာဝန်တွေထမ်းဆောင်ရင်း တဘက်က ကိုယ့်အမျိုးသားတွေရဲ့ level educational ကို လုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ထာဝရ ငြိမ်းချမ်းရေးရဖို့က တိုင်းရင်းသားအချင်းချင်းသိမှု၊ နားလည်မှုတွေရှိဖို့ လိုပါတယ်။ ဒါတွေကို တိုင်းရင်းသားအဖွဲ့တွေ ဆက်သွယ်ပြီး အင်အားချင်း၊ ယဉ်ကျေးမှုချင်း၊ စွမ်းအားချင်းပေါင်းရင် ငြိမ်းချမ်းရေး ရကို ရမယ်။ Peace and development က ဆက်စပ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့တွေဟာ မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်”လို့ အတွင်းရေးမှူး ဦးမြင့်သိန်းမှ ပြောခဲ့ပါတယ်။

    နိုင်ငံရေးနဲ့ ဘာသာရေးကို ရောယှက်မှု မဖြစ်စေပဲ နိုင်ငံရေးကို ခွဲခြားနားလည်ဖို့ လိုတဲ့အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

    အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမလဲဆိုတဲ့ မေးမြန်းဆွေးနွေးချက်ကို “အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ အမျိုးသမီးတွေ ပညာတတ်မြောက်မှ သူတို့ရဲ့ကလေးငယ်တွေကို ထိန်းကျောင်းပဲ့ပြင်နိုင်ပြီး ကလေးတွေ ပညာတတ်မယ်။ ကလေးငယ်တွေ ပညာတတ်မှ တိုင်းပြည်တိုးတက်မယ်။ ကမ္ဘာ့သမိုင်းကြောင်းအရရော၊ ကုလသမဂ္ဂလူ့အခွင့်အရေးပြဌာန်းချက်တွေကရော ဘာကို လာတွေ့ရလဲဆိုတော့ အမျိုးသမီးအခွင့်အရေးကို ဘယ်လောက်ထိ မြှင်တင်ပေးဖို့လိုလဲဆိုတာ တွေ့ရတယ်။ ဖွံ့ဖြိုးတဲ့ ဥရောပနိုင်ငံတွေမှာ စစ်အေးကာလပြီးနောက် စနစ်တွေ၊ တိုက်ပွဲတွေအောက်မှ စနစ်တွေ ပြန်လည်ထူထောင်တယ်၊ အမျိုးသမီးတွေ အခွင့်အရေးကို ပိုလုပ်လာကြတယ်။ ဖွံ့ဖြိုးတိုးတက်လာရင် အမျိုးသမီး ရင်ဘောင်တန်းလာနိုင်မယ်။ အမျိုးသမီးတွေခေါင်းဆောင်တွေ ဘယ်မှာရှိလဲဆိုရင် အမျိုးသမီးတွေရာ တရားဥပဒေစိုးမိုးရေး၊ တရားသူကြီးတွေ၊ ရှေ့နေတွေနေရာမှာ နိုင်ငံရေးကို လုပ်နိုင်ကိုင်နိုင်တာတွေ့ရတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးမှာလည်း ရှေ့တန်းအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်”လို့ ထည့်သွင်း ဖြေကြားခဲ့ပါတယ်။

    IMG_20130908_161630

    20130908_142357

    20130908_144247

    20130908_145436

  • အမျိုးသားညီညွတ်ရေးကွန်ဂရက် ပါတီ မအူကုန်းကြေညာစာတမ်း

    ဇွန်လ ၂၂၊ ၂၀၁၃
    M-Media
    ဆူးထက်

    အမျိုးသားညီညွတ်ရေးကွန်ဂရက်(UNC) နိုင်ငံရေးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲ အခမ်းအနား ယနေ့ နေ့လည် (၁း၃၀)နာရီခွဲ၌ တာမွေမြို့နယ်ရှိ UNC ရုံးခန်းတွင်ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားများနှင့် စိတ်ပါဝင်စားသူများ၊ စုစုပေါင်း ၁၅၀-ခန့် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါနေအခမ်းအနားတွင် ထုတ်ပြန်ခဲ့သည့် မအူကုန်း ကြေညာစာတမ်း ဖြစ်ပါသည်။

    ရုံးခန်း ဖွင့်ပွဲ သတင်းအပြည့်အစုံဖတ်ရန်။ =>http://www.m-mediagroup.com/news/15128

    23
    24
    2526