News @ M-Media

Tag: UNC

  • UNC ပါတီမှ ပယ်ချခံ ကိုယ်စားလှယ် ၆ ဦးမှ သုံးဦးကို ကော်မရှင် ပြန်လည်ခွင့်ပြု

    UNC ပါတီမှ ပယ်ချခံ ကိုယ်စားလှယ် ၆ ဦးမှ သုံးဦးကို ကော်မရှင် ပြန်လည်ခွင့်ပြု

    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    မိုးစက်
    UNC
    ရန်ကုန်။    ။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော မူလက ပယ်ချခံထားရသော အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ ၆ ဦးအနက် ကိုယ်စားလှယ်လောင်းသုံးဦး ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါပါတီမှ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်း (၁၂) ဦးတင်သွင်းထားသော်လည်း (၆) ဦးသာ ရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ ကိုယ်စားလှယ်လောင်း (၆) ဦးအဖြစ်လျှောက်ထားသူများသည် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အယူခံဝင်ခဲ့ရာ ကော်မရှင်မှ သုံးဦးကို ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီမှ ဥပဒေတာဝန်ခံ ဦးရန်နိုင် (မြောင်းမြ) က M-Media သို့ပြောသည်။

    “အန်ကယ်တို့ကိုသူတို့ပယ်တာက ၂၀၀၈ ဖွဲ့စည်းပုံမှာ မရှိတော့တဲ့ ဥပဒေတွေ၊ အဖေ အမေ နိုင်ငံသားဖြစ်မှုမှာ သံသယရှိတဲ့ ဆိုတဲ့ဟာတွေနဲ့ဆိုတော့ အဲဒါတွေကို အန်ကယ်တို့ဘက်က အထောက်အထားခိုင်မာစွာနဲ့ ပြန်လည်ဖြေရှင်းပြီး ကော်မရှင်မှာ အယူခံဝင်ခဲ့တာပါ” ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

    ရွေးကောက်ပွဲကော်မရှင်ထံမှ ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်သည့် တရားဝင်စာကို မရရှိသေးပေမယ့် လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကိုယ်တိုင် ဖုန်းဆက်၍ပြောသည်ဟုလည်း ဦးရန်နိုင်က ဆိုခဲ့သည်။

    အမျိုးသားညီညွတ်ရေး ပါတီမှ ပြန်လည်ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များမှာ-  ဦးရန်နိုင် (မြောင်းမြ) (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)၊ ဦးအောင်မြင့်မင်း (တာမွေမဲဆန္ဒနယ်)၊ ဦးရန်နိုင်ဟိန်း (တောင်ဥက္ကလာမဲဆန္ဒနယ်) တို့ဖြစ်ကြသည်။

    ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ပြည်သူ့လွှတ်တော် အမတ် ဦးရွှေမောင် အပါအဝင် အစ္စလာမ်ဘာသာဝင် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲကော်မရှင်မှ ၇၀% ထက် မနည်းပယ်ချခဲ့ရာ သက်ဆိုင်ရာပါတီများမှ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရန် ကော်မရှင်ထံသို့ အယူခံဝင်လျက်ရှိကြသည်။

  • ဘာသာရေး စော်ကားသည့် အောင်ဇေယျတု ဂျာနယ်အား အရေးယူဖို့  အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီမှ သမ္မတထံ အိတ်ဖွင့်ပေးစာပို့

    ဘာသာရေး စော်ကားသည့် အောင်ဇေယျတု ဂျာနယ်အား အရေးယူဖို့ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီမှ သမ္မတထံ အိတ်ဖွင့်ပေးစာပို့

    အောက်တိုဘာ ၃၀၊ ၂၀၁၄
    M-Media
    သတင်း- မိုးစက်
    president
    ရန်ကုန်။        ။ ၂၀၁၄-ခု အောက်တိုဘာလ ၁၇-ရက်နေ့ အောင်ဇေယျတုဂျာနယ် အမှတ်(၄၄) တွင် အစ္စလာမ်ဘာသာကို အစွန်းရောက်ဝါဒဖြင့် စွပ်စွဲပြီး တမန်တော် မုဟမ္မဒ်(ဆွ) ကို အမည်တပ်၍ စော်ကားထားခြင်းအပေါ်ကို အမျိုးသားညီညွတ်ရေး ကွန်ဂရက် ဌာနချုပ် (UNC ပါတီ) မှ  အောက်တိုဘာလ ၂၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်တို့ထံသို့  အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပြိး အောင်ဇေယျတုဂျာနယ်အား ထိရောက်စွာ အရေးယူပေးပါရန် ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

    ယင်းကြေငြာချက်တွင် အောင်ဇေယျတု ဂျာနယ်သည် ဘာသာရေး လူမျိုးရေး အမုန်းတရားများကို ပွားများစေသော ရေးသားချက်များပါဝင်နေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေ၊ သတင်းမီဒီယာ ဥပဒေပြဌာန်းချက်များကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေသောကြောင့် အကြမ်းဖက်မှုများကို ဦးတည်လာနိုင်ဖွယ်ရှိသော အဆိုပါ ဂျာနယ်အား ထိရောက်စွာ အရေးယူပေးပါရန် ဖော်ပြထားပါတယ်။

    “ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်တွေ အားလုံးက ချစ်ခင်မြတ်နိုးရတဲ့ တမန်တော်မြတ်ကြီးကို စော်ကားပါတယ်။ တမန်တော်ဆိုတာ အစ္စလာမ်ဘာသာဝင်တွေ အားလုံးလေးစားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေတွေရှိရဲ့သားနဲ့ အရေးမယူဘဲ ရေငုံနှုတ်ပိတ်လုပ်နေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ပသီ အမျိုးသားတွေ အနေနဲ့ ယခုလို တောင်းဆိုရခြင်းဖြစ်ပါတယ်” ဟု အမျိုးသားညီညွတ်ရေး ကွန်ဂရက်မှ ဒုဥက္ကဌ ဦးလှဝင်းက ပြောပါတယ်။

    အောင်ဇေယျတုဂျာနယ်မှ ရေးသားထားသည့် ရေးသားချက်များကို ထိရောက်စွာ အရေးယူပေးရန်အတွက် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့မှလည်း အောက်တိုဘာလ ၂၂ ရက်နေ့ ရက်စွဲဖြင့် သမ္မတထံသို့ တိုင်ကြားစာ ပေးပို့ထားကြောင်း သိရတယ်။

    ဒါဟာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ ဒုတိယအကြိမ် တိုင်ကြားခြင်းဖြစ်ပြီး  ၃၁.၁.၂၀၁၄ ရက်နေ့ထုတ် အောင်ဇေယျတု အမှတ် ၇ စာစောင်တွင်လည်း အလားတူ အစ္စလာမ်သာသနာကို စော်ကားရေးသားခဲ့၍  ဖေဖော်ဝါရီလ ၅ ရက်နေ့က နိုင်ငံတော်အစိုးရထံသို့ တရားဝင် ကန့်ကွက်တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် သက်ဆိုင်ရာ အာဏာပိုင်များမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

     

    declaration11

  • မန္တလေး အကြမ်းဖက်မှု ဖြစ်စဉ်တွင် ပျက်ဆီးမှုများ အစိုးရ တာဝန်ခံ လျော်ပေးရန် UNC ပါတီ တောင်းဆို

    ဇူလိုင် ၃ ၊ ၂၀၁၄
    M-Media
    .သီဟ

    ဇူလိုင်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့ ည များတွင် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC ) မှ ကြေညာချက် တစ်စောင် ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

    ကောလဟာလ သတင်းထုတ်လွှတ်ခြင်း ၊ အွန်လိုင်းတွင် လုပ်ကြံသတင်းခြင်းတို့ကို အကြောင်းခံကာ အုပ်စုဖွဲ့ ၍ တိုက်ခိုက် အကြမ်းဖက်ခြင်းသည် အကျင့်ပါခေါက်ရိုးကျိုး လုပ်ရပ်ဖြစ်နေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ နိုင်ငံသားများ အသက်၊ အိုးအိမ်၊ ဥစ္စာပစ္စည်း ဂုဏ်သိက္ခာ၊ လွတ်လပ်မှုတို့ကို ကာကွယ်ရန် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတိုင်းတွင် တာဝန်ယူမှု ပျက်ကွက်သည့် အစိုးရအဖွဲ့အစည်း များအား အပြင်းအထန်ရှုတ်ချကြောင်း၊ ယင်းတာဝန်ကို မပျက်မကွက် ထမ်းဆောင်ရန် အလေးအနက်တောင်းဆိုကြောင်း၊ ပြစ်မှုကျူးလွန်သူများကို အရေးယူ၍ တရားဥပေဒစိုးမိုးရေး ဆောင်ကျဉ်းပေးရန် နှင့် ပျက်ဆီး ဆုံးရှုံးမှုတန်ဖိုးကို အစိုးရ တာဝန်ခံ လျော်ပေးရန် တောင်းဆိုချက်တွေ ကြေညာချက်တွင် ပါရှိပါတယ်။

    ကြေညာချက်အပြည်အစုံကို ပူးတွဲပါ ပုံတွင်ဖတ်ရှုနိုင်ပါသည်။

    UNC 3

     

  • ပြည်တွင်းငြိမ်းချမ်းရေးကို တိုင်းရင်းသားများနှင့် အတူ လက်တွဲဆောင်ရွက်မည်ဟု UNC အတွင်းရေးမှူး ပြောကြား

    ဇန်န၀ါရီလ ၂၄၊ ၂၀၁၄
    M-Media
    အမ်တူးအေ
    UNC
    ရန်ကုန် ။ ။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC)၏ ပထမအကြိမ် ဗဟို ဦးစီး ညီလာခံကို ယနေ့ ဇန်န၀ါရီလ ၂၄-ရက်နေ့မှစတင်၍ ဇန်န၀ါရီ ၂၆-ရက်နေ့အထိ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဗုခါရီရှားခန်းမဆောင်၌ ကျင်းပပြုလုပ်လျက် ရှိသည်။

    အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC) ဦးစီးညီလာခံကို ၃-ရက်တာ ပြုလုပ်မည်ဖြစ်ပြီး ညီလာခံပိတ်သိမ်းပွဲ အခမ်းအနားကို ဇန်န၀ါရီ ၂၆-ရက်နေ့ နေ့လည် ၂-နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်မည်ဖြစ်ပြီး မီဒီယာများမှ တက်ရောက်နိုင်ရန်လည်း ဖိတ်ကြားထားကြောင်း သိရသည်။

    အဆိုပါ ဦးစီးညီလာခံသို့ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း တို့မှ ဗဟိုဦးစီးစုစုပေါင်း ၁၀၀-ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

    ညီလာခံနှင့်ပတ်သက်၍ UNC ၏ အတွင်းရေးမှူးအား မေးမြန်းခဲ့ပါသည်။

    “အခုပြုလုပ်တဲ့ ညီလာခံက UNC ရဲ့ ပထမဆုံးအကြိမ် ညီလာခံပါ။ ကျွန်တော်တို့ ပါတီရှိနေတယ်ဆိုတာကိုလည်း သိစေချင်တယ်။ ကျွန်တော်တို့တွေ ဘာတွေလုပ်နေတယ်ဆိုတာကိုလည်း သိစေချင်တယ် ဒါကြောင့် ညီလာခံကို လုပ်တာပါ။ ညီလာခံကနေ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်မယ်။ အခုက ဗဟို ဦးစီးညီလာခံပါ။ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့က တက်ရောက်ပါတယ်။

    ဟုတ်ကဲ့ ကျွန်တော်တို့ UNC အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား ပါတီတွေနဲ့ အတူ ပူးပေါင်းလက်တွဲ လုပ်ဆောင်နေပါမယ်။ အရင်ကလည်း လုပ်ဆောင်နေပါတယ်။ ဆက်ပြီးတော့လည်း လက်တွဲသွားမှာပါ။ ဒီလို လုပ်ဆောင်တဲ့အခါမှာလည်း ဒီမိုကရေစီ ကျင့်စဉ်တွေကို အကောင်အထည် ဖော်ဖို့ ပါတီအားလုံးနဲ့ လက်တွဲသွားမှာပါ။ အဓိက တိုင်းရင်းသား လူမျိုးစု ပါတီတွေနဲ့ ပူးပေါင်းသွားမှာပါ။

    နောက်တစ်ခုက ပျောက်ကွယ်နေတဲ့ ပသီလူမျိုးစုကို ပြန်လည် ဖော်ထုတ်ဖို့၊ ပသီလူမျိုးအဖြစ် နိုင်ငံတော်က အသိအမှတ်ပြုပေးဖို့၊ ၂၀၁၄-သန်းခေါင်စာရင်းနဲ့ နောက်ဆက်တွဲမှာလည်း ပသီလူမျိုးတွေကို အသိအမှတ်ပြုလာဖို့ ကြိုးစားပါမယ်။ ဟုတ်ကဲ့ ညီလာခံပြီးသွားရင်တော့ လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။

    ဟုတ်ကဲ့ပါ UNC က ၂၀၁၃-ခု ဖေဖော်ဝါရီ လနှောင်းပိုင်းမှာ ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးတဲ့ တစ်နှစ်နီးပါး ကာလအတွင်း ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာတွေက ပါတီရဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့ ချိတ်ဆက် လုပ်ဆောင်တာတွေ၊ ပါတီရဲ့ အာဘော်တွေဖြစ်တဲ့ စာစောင်ကို ထုတ်ဝေခဲ့တယ်။ ဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေကိုလည်း ဆက်တိုက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နောက်ပြီးတော့ ရခိုင်အရေး ကိစ္စနဲ့ တခြားသော အရေးကိစ္စတွေမှာ သမ္မတကြီးထံ တိုက်ရိုက် တင်ပြမှုတွေ လုပ်ခဲ့ပါတယ်။ ပသီလူမျိုးစုကို ထည့်သွင်းပေးဖို့ ၀န်ကြီးဦးခင်ရီနဲ့တွေ့ဆုံ ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။

    UNC အနေနဲ့ ပသီ တိုင်းရင်းသားဖြစ်ရေး တစ်ခုတည်းကိုပဲ ဦးတည်ဆောင်ရွက်တာ မဟုတ်ပါဘူး။ ဒီမိုကရေစီကျင့်စဉ်နဲ့ အညီ တိုင်းရင်းသားပေါင်းစုံနဲ့ လက်တွဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက် ဖော်ဆောင်သွားမှာဖြစ်ပါတယ်။”ဟု UNC  အမှုဆောင် အတွင်းရေးမှူးချုပ်ဖြစ်သူ ဦးညီညီလတ်မှ M-Media ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

  • အမျိုးသားညီညွတ်ရေးကွန်ဂရက် သင်္ဃန်းကျွန်းမြို့နယ် ရုံးခန်းဖွင့်

    အမျိုးသားညီညွတ်ရေးကွန်ဂရက် သင်္ဃန်းကျွန်းမြို့နယ် ရုံးခန်းဖွင့်

    အောက်တိုဘာ ၁၃၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    DSCN0069

    ရန်ကုန်   ။       ။        ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC) ပါတီရုံးခန်းကို ယနေ့ မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး သင်္ဃန်းကျွန်း မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပြီး စုစုပေါင်း လူ ၈၀-၀န်းကျင်ခန့် တက်ရောက်ခဲ့ပါတယ်။

    အဆိုပါ ရုံးခန်းဖွင့်ပွဲသို့ ပါတီဌာနချုပ်မှ ဥက္ကဌအပါအ၀င် အမှုဆောင်များလည်း တက်ရောက်ပြီး အမှာစကားပြော၍ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော တစ်ခြားသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များမှလည်း အသီးသီး မိတ်ဆက်စကားများပြောကြားခဲ့ကြပါတယ်။

    တိုင်းပြည်ဖွံဖြိုးတိုးတက်ရန်မှာ တိုင်းပြည်မှာ ဆူပူအကြမ်းဖက်မှုကင်းရှင်းပြီး တည်ငြိမ်အေးချမ်းမှုရှိဖို့ လိုပါတယ်။ ဒါကြောင့် အားလုံးမှာ ပြည်ထောင်စု မြန်မာနိုင်ငံသား ဆိုတဲ့ ပြည်ထောင်စု စိတ်ဓါတ်ရှိရမည်ဖြစ်ကြောင်း၊ မည်သည့်လူမျိုးမည်သည့်ဘာသာပင်ဖြစ်ပါစေ ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဦး ဒုက္ခရောက်ပါက အားလုံးဒုက္ခ ရောက်သလို ခံစားရကြောင်း၊ ပြည်မမှာ လမ်းပန်းဆက်သွယ်ရေးကောင်းသလို ပြည်နယ်တွေမှာလည်း ကောင်းစေရန်လိုကြောင်း၊ ပြည်သူလူထု လိုလားသည့် ပြည်သူ့ဆန္ဒကို နိုင်ငံရေးပါတီများမှလည်း ဖြည့်ဆည်းပေးရန်လည်း လိုပါကြောင်း၊ ဌာနချုပ်ဥက္ကဌမိန့်ခွန်းတွင် ပြောခဲ့ပါတယ်။

    “တိုင်းရင်းသားအခွင့်အရေး တန်းတူရရှိရေးဆိုတဲ့ပန်းတိုင်ကို ရောက်အောင် ချီတက်ရာမှာ အရင်ကဆိုရင် အချင်းချင်းစည်းလုံး ညီညွတ်မှု မရှိတဲ့အတွက် နှစ်ပေါင်း ၅၀-ကျော် ပန်းတိုင်နဲ့ ဝေးခဲ့ကြတယ်။ ဒီကနေ့ကာလ ပြောဆိုခွင့်၊ ပါတီတွေ လုပ်ဆောင်ခွင့် ရလာချိန်မှာ အရင်ကအကြောင်းအရာတွေကို သင်ခန်းစာယူ၍ စည်းလုံး ညီညွတ်စွာ နဲ့ လုပ်ဆောင်ကြဖို့လိုပါတယ်။ ကျွန်တော်တို့ သွားရမယ့်လမ်းဟာ ပန်းခင်းတဲ့လမ်းမဟုတ်ပဲ ဆူးငြောင့်ခလုတ်တွေ ခင်းထားတဲ့လမ်းဖြစ်တာကြောင့် စည်းလုံး ညီညွတ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်တွေ မျှော်မှန်းခဲ့တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် အမျိုးသားညီညွတ်ရေးကွန်ဂရက်ရဲ့ အောင်လံတော်ကို ၀င့်ဝင့်ကြွားကြွား စွင့်စွင့်ညားညား လွင့်ထူပြီး တက်ညီလက်ညီ စုပေါင်း ချီတက်ကြပါစို့”လို့ ၎င်းမိန့်ခွန်းမှာပင် ပြောကြားခဲ့ပါတယ်။

    ဌာနချုပ်ဗဟိုစည်းရုံးမှူး ဦးသန်းလွင်မှ အမျိုးသားညီညွတ်ရေးကွန်ဂရက် ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ငန်းများကို တဆင့်ပြီးတဆင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံပေါ်ပေါက်ရေးတို့ ဖော်ဆောင်ရန်၊ ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် နိုင်ငံသား ရပိုင်ခွင့်၊ လူနည်းစု တိုင်းရင်းသား တန်းတူအခွင့်အရေးများကို အာမခံရန်နှင့် ဖော်ဆောင်ပေးရန်၊ အကာအကွယ်ပြုရန်၊ စီးပွားရေးနှင့် လူမှုဖူလုံရေးဆိုင်ရာ ရပိုင်ခွင့်နှင့် အခွင့်အလမ်းများ ဖော်ထုတ်မြှင့်တင်သွားရန်ဖြစ်ပြီး UNC သည် လွတ်လပ်မှုကို ဖြည့်စွမ်းရန်၊ အချုပ်အခြာပိုင် နိုင်ငံတော်တွင် တာဝန်ရှိပြီး တန်းတူညီမျှသော တရားဥပဒေစနစ်က တည်ငြိမ်အေးချမ်းရေးနှင့် အာမခံ ကာကွယ်ပေးရမည်ဖြစ်ပြီး တရားမျှတမှုကို မတူကွဲပြားသော အတန်းအစား လူမျိုးအုပ်စု အမျိုးမျိုး၏ တန်းတူညီမျှမှု ရရှိရေးအပေါ် အခြေခံ၍ ဖော်ဆောင်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    အမျိုးသားဒီမိုကရေစီပါတီသစ်မှလည်း “UNC ပါတီအား တွေ့ရတာ ၀မ်းသာပါကြောင်း၊ တိမ်မြုတ်သွားတဲ့ လူမျိုးစုကို ဖော်ထုတ်ရာမှာ UNC က ဦးဆောင် ဖော်ထုတ် သွားမည်ကိုလည်း ဂုဏ်ယူပါကြောင်း၊ လက်တွဲလုပ်ဆောင်ကြရန်လိုကြောင်း၊ လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်တွေ ပါဝင်သွားစေဖို့က ကျွန်တော်တို့ရဲ့ ခံယူချက်ပဲဖြစ်တယ်”ဟု ပြောကြားသွားပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း “ပန်းတိုင်သွားရာလမ်းမှာ အခက်အခဲများစွာကို ကျော်ဖြတ်သွားရမှာဖြစ်ပါတယ်။ ပါတီတိုင်းမှာ ရည်မှန်းချက်တွေ ရှိပါတယ်။ ပါတီတိုင်းမှာ မူဝါဒတွေရှိပါတယ်။ UNC မှာလည်း ခုနက ဥက္ကဋ္ဌပြောသွားပါတဲ့ ပြည်သူတွေအတွက် မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ စနစ်ကောင်းရှိဖို့ လိုပါတယ်။ ဒီမိုကရေစီ စံနဲ့ စနစ်တွေလိုပါတယ်။ ၂၀၀၈ ဥပဒေက ဒီမိုကရေစီစံနဲ့ မကိုက်ညီတဲ့အတွက် ပါတီအများစုကလည်း ပြည်သူ့ဆန္ဒခံယူပြီး လုပ်ရှားနေကြပါ တယ်။ အသစ်ရေးများ ပြင်မလားဆိုတာကို နိုင်ငံရေးခေါင်းဆောင်တွေမှ ပြည်သူတွေကို ချပြဖို့ လုပ်ဆောင်နေကြတယ်။ ပြီးတော့ အခြေခံဥပဒေဆိုတာ ဘာလဲဆိုတာ ပြည်သူအားလုံး သိဖို့လိုပါတယ်။”လို့ ပြောခဲ့ပါတယ်။

    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှလည်း “ဒီနေ့ ဒီလိုအဖွဲ့ပေါ်လာတာ ကောင်းတဲ့ လက္ခဏာရပ်ပါ။ ဘယ်နေရာမဆို တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်တာ ထက် အဖွဲ့အစည်းနဲ့လုပ်တာ ပိုအောင်မြင်ပါတယ်။ နိုင်ငံရေးစကားပြောရရင် အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးဆိုတာ ရှိပါတယ်။ မိမိကိုယ်တိုင်အကျိုးစီးပွားအတွက် လုပ်ဆောင်တာဟာ အမျိုးသားနိုင်ငံရေးပါ။ ကလေးတွေကျောင်းမှာ စာသင်တာဟာလည်း နိုင်ငံရေး၊ ကျောင်းသားတွေ ကျောင်းသွားတာဟာလည်း နိုင်ငံရေးပါပဲ။ မျိုးဆက်တွေ မွေးထုတ်ပြီး ကြိုးစားလုပ်ဆောင်နေပါတယ်။

    ပါတီနိုင်ငံရေးဆိုတာမှာ စည်းတွေ၊ စနစ်တွေ၊ သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်မှုတွေလိုတယ်။ တစ်ဦးတစ်ယောက်တည်း မဖြစ်နိုင်ဘူး။ နိုင်ငံရေးဆိုတာ လက်ဝှေ့ပွဲ မဟုတ်ပါဘူး။ ခြင်းလုံးပွဲနဲ့တူပါတယ်။ သူ့ဘက်ရောက်လာရင် သူ့ဘက်က ခြေမကျအောင်ခတ်ရပါမယ်၊ ကိုယ့်အလှည့်ရောက်ရင် ကိုယ်တာဝန်ကျေအောင် ခတ်ရမယ်။ အဓိကကတော့ ပြည်သူလူထု စားဝတ်နေရေး ကောင်းအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာပဲ။ ပြည်သူလူထုနဲ့ ပါတီအကျိုးယှဉ်လာရင် ပြည်သူလူထုအကျိုးကို ဦးစားပေး လုပ်ဆောင်ရမှာဟာ ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ သြ၀ါဒပါပဲ”လို့ မိတ်ဆက်စကားပြောခဲ့ပါတယ်။