News @ M-Media

Tag: uphaykhin

  • ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အမှတ်တရ

    ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အမှတ်တရ

    ဖေဖော်ဝါရီ ၁၂ ၊ ၂၀၁၅
    M-Media
    PL
    ယနေ့ ၂၀၁၅ ခုနှစ် ၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်တဲ့ (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် M-Media မှာ တင်ဆက်ခဲ့သည့် ပြည်ထောင်စုနေ့နှင့် ဆက်စပ်သည့် သတင်းဆောင်းပါး၊ စာအုပ်များကို စုစည်းတင်ဆက်လိုက်ပါတယ်။

    ၁) “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင်တို့ရဲ့ အခန်းကဏ္ဍ’’
    http://www.m-mediagroup.com/news/24187

    ၂) ပင်လုံ ဦးဖေခင်နှင့် ဘက်မလိုက်
    http://www.m-mediagroup.com/news/24791

    ၃) ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး (၁။ ဦးဖေခင်)
    http://www.m-mediagroup.com/news/10882

    ၄) ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း
    http://www.m-mediagroup.com/news/20365

    ၅) သက်ရှိ ပင်လုံမှတ်တမ်း
    (ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်လက်မှတ်ရေးထိုးရန် ရှမ်းပြည်သို့ လာရောက်စဉ်က တောင်ကြီးမှ ပင်လုံ၊ ပင်လုံမှ တောင်ကြီးသို့ သူ့ကိုယ်ပိုင်ဂျစ်ကားဖြင့် အကြိုအပို့လုပ်ခဲ့သူ ဦးဖရွတ်ခန်းခေါ် ဦးခန်း)
    http://www.m-mediagroup.com/news/32147

    ၆)ကိုယ်တွေ့ပင်လုံ EBook (By ဦးဖေခင် )
    http://www.m-mediagroup.com/news/9470

  • ပင်လုံ ဦးဖေခင်နှင့် ဘက်မလိုက်

    ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၄
    M-Media
    ဆောင်းပါးရှင်- ဟာဂျီ-၀င်းအောင်
    General-Aung-San-and-U-Phay-Khin

    ကျနော်စိတ်ကူးထားတဲ့ စီစဉ်ထားတဲ့ ရန်ကုန်တက္ကသိုလ် မွတ်စလင်အသင်းအား တမ်းတခြင်း ဆောင်းပါးကို ခဏထားကာ ပင်လုံ ဦးဖေခင်နှင့် ဘက်မလိုက် အကြောင်းရေးဖို့ ဖန်လာလို့ပါ။ ထုံးစံအတိုင်း ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ နီးလာပြီဆို၊ ပင်လုံကိုသတိရကြ ပြောကြဆို ရေးကြသားကြတယ်။

    မွတ်စလင် ကလောင်ရှင် နှစ်ယောက်ရေးသားကြတဲ့ ဆောင်းပါးနှစ်ပုဒ်ကိုလည်း မကြာသေးခင်က ဖတ်လိုက်ရလို့ အဲဒီဆရာနှစ်ယောက်ကို အကြောင်းပြုကာ အနာဂတ်အတွက် ကျနော်မျှော်လင့်ထားတဲ့ မွတ်စလင်လူငယ်များအား ရည်းစူးကာ ဒီဆောင်းပါးရေးသားရခြင်းဖြစ်တယ်။

    ပင်လုံဆိုတာ

    ပင်လုံမြို့လေးမှာ ၁၉၄၆ ခု၊ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့က လက်မှတ်ရေးထိုးတဲ့အတွက် ပင်လုံစာချုပ်လို့တွင်ပြီး လွတ်လပ်ရေးရတဲ့အခါ အဲဒီနေ့လည်း ပြည်ထောင်စုနေ့ ဖြစ်လာတယ်။

    လွတ်လပ်ရေးတောင်းဆိုရာမှာ တောင်းတန်းဒေသ ပါဝင်ဖို့အတွက် ရှမ်း၊ကချင်၊ ချင်းကိုယ်စားလှယ်များနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးညှိနှိုင်း သဘောတူခဲ့ကြတာဖြစ်တယ်။ ပင်လုံစာချုပ် အပြည့်အစုံနဲ့ ထိုးထားတဲ့လက်မှတ်တွေကို လေ့လာကြည့်၊ လူအချို့ထင်မှတ်မှားနေသလို တိုင်းရင်းသားလူမျိုးပေါင်းစုံ ညီလာခံကြီးမဟုတ်ဆိုတာ ခွဲခြားသိမြင်ဖို့ သိပ်အရေးကြီးတယ်။

    ပင်လုံစိတ်ဓါတ်ဆိုတာ အဓိပ္ပါယ်လေးနက်လို့ ဦးဖေခင်ရေးသားတဲ့ ကိုယ်တွေ့ပင်လုံစာစာအုပ်ကို (ဖြစ်နိုင်ရင် မူရင်း အင်္ဂလိပ်)၊ဦးပုကလေးရေးတဲ့ ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲစာအုပ်တို့နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ၊ တက္ကသိုလ်နေ၀င်းဆောင်းပါးများ ဖတ်ကြည့်ရင် တိုင်းရင်းသား ယဉ်ကျေးမှု အဆိုအကတွေကို ပြည်ထောင်စုနေ့မှာကြည့်ပုံ၊ တိုင်းရင်းသားလို ၀တ်ပြီး မဲသွားဆွယ်ပုံတွေလို အပေါ်ယံခပ်တိမ်တိမ် မဟုတ်ဆိုတာတွေ့ရပေလိမ့်မယ်။

    ပင်လုံအစ ရွှေတိဂုံညီလာခံက

    ပင်လုံစာချုပ် အထမြောက်စေတဲ့ မျိုးစေ့ကို ၁၉၄၆ ခုဇန်န၀ါရီလ ဖဆပလ ရွှေတိဂုံညီလာခံကချမှတ်ပေးခဲ့ပုံ၊ တင်သွင်းဆုံးဖြတ်ခဲ့တဲ့  အဆိုများအနက် ဗမက(ဗမာမူစလင်ကွန်ဂရက်) ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် ဦးဖေခင် တင်သွင်းတဲ့  မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသောအခါ ရှမ်းအပါအ၀င် တောင်တန်းဒေသအားလုံးကိုပါ တစ်စုတစ်စည်းတည်းပေး ရန်ဟူသော အဆိုအမှတ်(၇)လည်းပါဝင်ပုံ၊ ၁၉၄၆ ခုမတ်လ (၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပခဲ့သော ပင်လုံပထမ စည်းဝေးပွဲမှ အားနည်းချက်များကို သုံးသပ်ကာ၊ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ(၃) ရက်နေ့မှ (၁၃)ရက်နေ့အထိကျင်းပသည့်  ဒုတိယစည်းဝေးပွဲသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ဦးဆောင်ပြီး ခက်ခက်ခဲခဲနှင့်ကြိုးပမ်း  ကာ သဘောတူညီချက်ရယူခဲ့ပုံ၊ တို့ကိုလေ့လာကြည့်ပါက တွေ့ရပေလိမ့်မယ်။

    တောင်တန်းဒေသဌာနခွဲ

    ဖဆပလအဖွဲ့ချုပ်မှာ အသစ်ဖွင့်လိုက်တဲ့ တောင်တန်းဒေသဌာနခွဲကို ဦးဆောင်ဖို့လူ စဉ်းစားကြရာ  ဦးဖေခင်ကို ဗိုလ်ချုပ်အောင်ဆန်းက မျက်စိကျတယ်။ ရန်ကုန်တက္ကသိုလ် ရှမ်းပြည်ကျောင်းသူ ကျောင်းသားများအသင်းရဲ့ ပထမဆုံး အတွင်းရေးမှုးဖြစ်ခဲ့တာကို ပဲခူးဆောင်မှာအတူနေခဲ့လို့သိတာရယ်၊ ရှမ်းလူငယ်ခေါင်းဆောင်များနဲ့ရင်းနှီးတာရယ်၊ ပြီးတော့ တောင်ကြီးသား တပိုင်းမို့ ဒေသနိုင်ငံရေးကို နှံ့စပ်တာရယ်တို့ကြောင့်လို့ ယူဆစရာ အကြောင်း များစွာရှိတယ်။

    ဖဆပလအဖွဲ့ချုပ် အမှုဆောင် အစည်းဝေးမှာ  ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း အဆိုတင်သွင်းတဲ့  ဦးဖေခင်ကို အထွေထွေ အတွင်းရေးမှူး သခင်သန်းထွန်းက ထောက်ခံတယ်။ တွဲဖက်အတွင်းရေးမှူး ဦးကျော်ငြိမ်း အဆိုတင်သွင်းတဲ့ ဗိုလ်ခင်မောင်ကလေးနဲ့ စဉ်းစားကြပြီးနောက် ဦးဖေခင်ကိုတောင်တန်းဒေသဌာနခွဲ အတွင်းရေးမှူးအဖြစ် ခန့်ထားလိုက်တယ်။  ဒီနေရာမှာ စာဖတ်သူလူငယ်များ အထူးသဖြင့် စာရေးနေကြတဲ့ ကလောင်ရှင်များ သတိထားစေချင်တာကို တင်ပြပါရစေ။  အမျိုးသားခေါင်းဆောင်ကြီးအဖြစ် ရှမ်းရှမ်းတောက်သြဇာကြီးမားနေပေမယ့် အစည်းအဝေးကိုတင်ပြဆွေးနွေးစေတယ်၊ တွဲဖက်အတွင်းရေးမှူး ဦးကျော်ငြိမ်းကလည်း အပြိုင်အဆို တင်သွင်းတယ် ဆိုတဲ့ လုပ်ထုံးလုပ်နည်း၊ အရွေးမခံရတဲ့ ဗိုလ်ခင်မောင်ကလေးကို ပင်လုံသွားတဲ့ အခါ ခေါ်သွားတာတို့ကို ဒီကနေ့နိုင်ငံရေးနဲ့ ယှဉ်ပြီးလေ့လာကြစေချင်တယ်။

    ပင်လုံသွား ကိုယ်စားလှယ်အဖွဲ့

    ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ပင်လုံကိုလိုက်ပါသွားကြသူ အားလုံးကို ကိုယ်စားလှယ်အဖွဲ့ထဲပါဝင်တာမဟုတ်ဘူး။ ဥပမာ၊  ဒေါ်ခင်ကြည်၊ အပါးတော်မြဲ ဗိုလ်ထွန်းလှ၊ ဓာတ်ပုံဆရာ ဦးပုကလေး။ ကိုယ်စားလှယ်အဖွဲ့ထဲ ပါဝင်ကြသူတွေ တစ်ဦးချင်းမှာ ဘာဖြစ်လို့ လိုက်သွားရသလဲ ဆိုတာအကြောင်းကိုယ်စီနဲ့ပါ။ အဲဒီအချိန်က သူတို့တာဝန်ယူထားတာနဲ့ လေ့လာကြည့်ရင် သိနိုင်တယ်။

    ဖဆပလ ခေါင်းဆောင်များဖြစ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဇံဝေ၊ ဦးဖေခင်၊ဗိုလ်ခင်မောင်ကလေးတို့နဲ့ ဖဆပလ ခေါင်းဆောင်မဟုတ်တဲ့ ဦးတင်ထွဋ် ဘာဖြစ်လို့ အရေးပါတဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်ဖြစ်ရသလဲလေ့လာကြည့်ပါ။ ဗြိတိသျှ အစိုးရ ဓနသဟာယနှင့်နိုင်ငံခြားရေး ဌာနမှ မစ္စတာဘော်တွန်လေလို မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း အတူ လိုက်ပါသွားကြတယ်။ အောင်ဆန်း အက်တလီစာချုပ်နဲ့ယှဉ်ပြီး လေ့လာရင် အဖြေရလိမ့်မယ်။

    ဦးဖေခင်နဲ့ ဦးအောင်ဇံဝေ

    ဒီဆောင်းပါးရေးရခြင်း အကြောင်းရင်းထဲ ပါဝင်တဲ့ကိစ္စကို ပြန်ကောက်ပါ့မယ်။ ဦးဖေခင်ဟာ ဖဆပလအဖွဲ့ချုပ် တောင်တန်းဒေသဌာနခွဲ အတွင်းရေးမှူးအဖြစ် လိုက်ပါသွားရတာပါ။ ပင်လုံစာချုပ် အထမြောက်သွားလို့ အထိမ်းအမှတ် ကျောက်တိုင်ဆောက်ဖို့ တောင်တန်းဒေသဌာနခွဲ အတွင်းရေးမှူးအဖြစ် ငွေထုတ်ပေးရတဲ့ မှတ်တမ်းကိုကြည့်ပါ။ ဦးဖေခင် ဗမာမူစလင် ကွန်ဂရက် ဒုဥက္ကဌအဖြစ် ဆက်ဖြစ်နေဆဲပါပဲ။ ဒါပေမယ်လို့ ပင်လုံနဲ့ ဗ.မ.က တိုက်ရိုက်မပတ်သက်ဘူး။

    အလားတူပဲ ဦးအောင်ဇံဝေလည်း ရခိုင် အမျိုးသားမို့ ဗိုလ်ချုပ်အောင်ဆန်းက ခေါ်သွားတာမဟုတ်ဘူး၊ ဖဆပလ ခေါင်းဆောင်အနေနဲ့ ဗိုလ်ခင်မောင်ကလေးလို လိုက်ပါသွားခြင်းတာဖြစ်တယ်။ ပင်လုံမှာ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ ရှမ်းစတဲ့ တိုင်းရင်းသား ကိစ္စရပ်များသာ ဆွေးနွေးကြောင်း မှတ်တမ်းများ တွေ့ရပြီး ရခိုင်ကိစ္စဝေးလို့ ရခိုင်ဆိုတဲ့ စကားလုံး ဘယ်နေရာမှ မတွေ့မိဘူး။

    ဗိုလ်ချုပ်အောင်ဆန်းနဲ့ဘာသာရေး

    လတ်တလော ရခိုင်နဲ့ မွတ်စလင်ကြား ဖြစ်ပွါးနေတာကို ပင်လုံမှာ ရခိုင်ဦးအောင်ဇံဝေနဲ့ မွတ်စလင်ဦးဖေခင်တို့ အဆင်ပြေပြေ လုပ်ဆောင်ကြပုံကို သတိရထောက်ပြတဲ့ စိတ်ကူးက အဖိုးတန်ကောင်းမွန်လို့ ချီးကျူးစရာပါ။ သို့သော်လည်း အထက်မှာ ရှင်းပြခဲ့သလို ကိုယ့်တာဝန်နဲ့ကိုယ် လိုက်ပါသွားကြခြင်းဖြစ်တယ်။ လူမျိုးစွဲ ဘာသာစွဲ အကင်းဆုံးခေါင်းဆောင်မို့ ဗိုလ်ချုပ်အောင်ဆန်းက ရခိုင်အမျိုးသားဦးအောင်ဇံဝေနဲ့ မူစလင်ခေါင်းဆောင် ဦးဖေခင်တို့ကို ခေါ်သွားတာလို့ဆိုရင်တော့ လုံးဝမှားပါလိမ့်မယ်။ သတင်းဆောင်းပါးမို့ တိကျမှန်ကန်တဲ့ အကြောင်းအရာ အချက်အလက်ပေါ် အခြေခံရပါ့မယ်။

    ပင်လုံခရီးစဉ်အတွင်း ဘာသာရေးကိစ္စ ပြောဆိုဆွေးနွေးကြခြင်းမရှိပဲ၊ ၁၉၄၇ ခု၊ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ထဲမှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ထည့်သွင်းဖို့ ဒီးဒုတ်ဦးဘချိုက အဆိုတင်သွင်းတဲ့အခါကျမှ ကန့်ကွက်ရင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြောကြားချက်ဟာ အင်မတန် အဖိုးတန်လှပါတယ်။ပါးစပ်ပြော မဟုတ်ဘဲ ပုံနှိပ်စာကို ရအောင်ရှာကြပါ။ ဦးနုကသူ့ “ စနေတာတေသား”  စာအုပ်ထဲမှာ ခပ်ဖော့ဖော့နဲ့ မရေမရာရေးထားတယ်။ ထိုင်းနိုင်ငံထုတ် တင်မောင်ဝင်းရဲ့ “ နိုင်ငံရေးသမားနှင့်နိုင်ငံရေး”   စာအုပ်ထဲမှာတော့ အတော်များများကို  မူရင်းအတိုင်းထည့်ထားတယ်။ သုတေသီ ကိုအောင်ထွန်းကို အားကိုးကြရမယ်။

    ဖဆပလ အစ

    သတိထားမိတဲ့ နောက်တချက်ကတော့ ဖဆပလကို ဒုတိကမ္ဘာစစ်ပြီးတော့မှ ဖွဲ့တယ်ဆိုတာပါ။ တော်လှန်ရေး ကာလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ၊ တပ်မတော်နဲ့ ပြည်သူ့အရေးတော်ပုံပါတီ(နောက် ဆိုရှယ်လစ်ပါတီ) တို့ပေါင်းပြီး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်မြောက်ရေး ဖတပလ ကိုဖွဲ့တယ်၊ စစ်ရေးခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံရေးခေါင်းဆောင်က သခင်စိုးပါ။ အဆင့်ဆင့်ပြောင်းလဲ ဖြစ်ထွန်းတာတွေကို ရှာဖွေလေ့လာကြည့်ရင် စိတ်ဝင်စားစရာ ရေးစရာကုန်ကြမ်းတွေ အများကြီးရလို့၊ နောက်ရေးဖို့ အထောက်အထား အကိုးအကား စိတ်ကူးစိတ်သန်းရလာကြမယ် မဟုတ်ပါလား?

    ဘက်မလိုက်နှင့်မြန်မာ

    ဘက်မလိုက်လှုပ်ရှားမှု ( Non-Alignment Movement အဖွဲ့ကြီး ) ပေါ်ပေါက်လာစေဖို့ ကနဦးကြိုးပမ်းစဉ်ကပင် မြန်မာနိုင်ငံဟာ အဓိကနေရာကပါခဲ့တယ်။ ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားသမ္မတ ဆူကာနို (စစ်အာဏာရှင် ဆူဟာတို မဟုတ်) အိမ်ရှင်အဖြစ် ကျင်းပတဲ့ အာရှအာဖရိက ထိပ်သီးစည်းဝေးပွဲသို့အသွား တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၊ အိန္ဒိယ၀န်ကြီးချုပ် နေရူး၊အီဂျစ်သမ္မတ နတ်ဆာတို့ ရန်ကုန်ဝင်လာပြီး ၀န်ကြီးချုပ် ဦးနုနဲ့ သင်္ကြန်ရေကစားကြတာ ကျနော်မှတ်မိသေးတယ်။  အဲဒီဘန်ဒေါင်းညီလာခံက ချမှတ်လိုက်တဲ့ မူငါးချက်ဟာ ဘက်မလိုက်လှုပ်ရှားမှု ( Non-Alignment Movement ) အဖွဲ့ အတွက် အခြေခံဖြစ်သွား သလို မြန်မာနိုင်ငံကလည်း ဘက်မလိုက်နိုင်ငံခြားရေး ၀ါဒ ကျင့်သုံးလာခဲ့တယ်။

    ၁၉၆၁ ခုနှစ်က ယူဂိုစလားဗီးယားနိုင်ငံ ဘဲလ်ဂရိတ်မမြို့မှာ ပထမဆုံးအကြိမ် ဘက်မလိုက်လှုပ်ရှားမှု ညီလာခံသို့ ၀န်ကြီးချုပ် ဦးနုတက်ရောက် အရေးပါတဲ့အခန်းကပါဝင်ခဲ့တယ်။ နောက်နှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီးနောက်  မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးကပဲ ဦးဆောင်တယ်။ ၁၉၇၉ ခုနှစ် ကျူးဘားနိုင်ငံ ဟာဗာနားမြို့က (၆)ကြိမ်မြောက် ညီလာခံသို့ နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်မြင့်မောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရောက်ရှိသွားတယ်။

    Non-Aligned_Movementမြန်မာလည်းထွက် ၀န်ကြီးလည်းပြုတ်

    ညီလာခံစနေတော့မှ ဘက်မလိုက်လှုပ်ရှားမှု ( Non-Alignment Movement ) အဖွဲ့ကြီးက နှုတ်ထွက်ကြောင်း ကြေညာကာ ပြန်လာခဲ့ကြ ဆိုတဲ့သံကြိုးစာ ရောက်လာတော့ သိနားလည်တဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိကြီးတွေက ရှင်းလင်းထောက်ပြလို့ သဘောပေါက်သွားတဲ့ ဗိုလ်ချုပ်မြင့်မောင်က အကျိုးသင့်အကြောင်းသင့် အစီရင်ခံစာပို့လိုက်တယ်။ ချက်ချင်း ပြန်လာခဲ့ကြဆိုတဲ့ ဒုတိယ သံကြိုးစာနဲ့အတူ ရန်ကုန်ပြန်ရောက်လာကြတယ်။

    အဲဒီ ၁၉၇၉ ခု၊ စက်တင်ဘာလမှာပဲ ဗိုလ်ချုပ်မြင့်မောင် ရာထူးကပြုတ်သွားပြီး ထောက်လှမ်းရေးက ဦးလေးမောင် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတယ်။ ပြည်ပြေးလို့ ပြောဆိုတိုက်ခိုက် ရေးသားခံနေရတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနုက နိုင်ငံရေး မလုပ်တော့ဘူးဆိုကာ အိန္ဒိယနိုင်ငံမှာ တရားအးထုတ်နေတယ်။ ဦးဖေခင်က အငြိမ်းစားသံအမတ်ကြီးအဖြစ် ရန်ကုန်မှာပါ။ စိတ်ကူးပေါက်ရာထလုပ် ပါးစပ်ထဲတွေ့ရာ ပြောတတ်တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အဲဒီလုပ်ရပ်ကြောင့် မြန်မာ အရှက်ရ၊ နိုင်ငံတကာမှာလည်း ဂယက်ရိုက်သွားတယ်။ အဲဒီလို နိုင်ငံတကာ ညီလာခံကြီးသို့ တက်ရောက် မိန့်ခွန်းပေးနိုင်ဖို့ အရည်အချင်းမရှိလို့ လုပ်တာဆိုကာ တီးတိုး ထင်ကြေးပေးသံတွေလည်း ထွက်လာတယ်။ ဘက်မလိုက်လှုပ်ရှားမှုဆိုတာကို သိထားဖို့ လိုအပ်လာပြီ။
    ဗိုလ်ချုပ်ကြီးနေ၀င်းနှင့်ဦးဖေခင်

    ဘက်မလိုက်လှုပ်ရှားမှုအကြောင်း ပြည့်ပြည့်စုံစုံရေးပေးပါလို့ ဦးနေ၀င်းက မေတ္တာရပ်ခံတဲ့အတိုင်း ဦးဖေခင်ကရေး ကြောင်းဖတ်လိုက်ရတယ်။ စဉ်းစားကြည့်ရအောင်။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်းဟာ သူ့ဆရာအရင်း ဦးန၊ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို ထောင်သွင်းအကျဉ်းချ၊ ကွယ်လွန်သွားတဲ့ မြန်မာ့ဂုဏ်ဆောင် ဦးသန့်ကိုလည်း ရုပ်ပျက်ဆင်းပျက်လုပ်၊ သူအကြီးအကျယ် မုန်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရင်းနှီးသူဦးဖေခင်ကို မေတ္တာရပ်ခံပါ့မလား? ပြီးတော့ မွတ်စလင်လေ။

    ဆက်စဉ်းစားကြဖို့ ကျနော်ကြားဖူးတာကို ပြောပြပါ့မယ်။ ရန်ကုန်ဂေါက်ကွင်းမှာ ဒေါက်တာလှဟန်ကို ဦးဖေခင်က ဘက်မလိုက်လှုပ်ရှားမှု ( Non-Alignment Movement ) အကြောင်း ပြောပြဖြစ်တယ်။ ဖဆပလမှာ ဦးနုနဲ့အတူလုပ်ခဲ့တာ၊ ၁၉၄၇ ခုနှစ်ကတည်း ဆက်တိုက်သံအမတ်ကြီးလုပ်လာစဉ် အီဂျစ်မှာတာဝန်ကျတော့ သမ္မတနတ်ဆာနဲ့ရင်းနှီးတာကြောင့် အများကြီးသိထားတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာလှဟန်က တိုက်တွန်းတော့ ဦးဖေခင်က တိကျ မှန်ကန်ဖို့ ဦးနု အခန်းချန်ထားလို့ မရဘူးဆိုတာ ထောက်ပြပြီးနောက် ရေးဖြစ် သွားတာပါ။ အဲဒီအချိန်က နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး အခြေအနေများကို ကြည့်ရင် ဦးနေ၀င်းကမေတ္တာရပ်ခံတဲ့အတိုင်း ဦးဖေခင်ကရေးတယ်ဆိုတာ မဖြစ်နိုင်ပါ။

    အပြစ်ရှာခြင်းမဟုတ်

    မိမိထက် အသက်လေးဆယ်လောက်ငယ်တဲ့ လူငယ်စာရေးဆရာ နှစ်ယောက်အား မထောက်မထား အပြစ်ရှာဟု ဆိုသူများရှိနိုင်သလို၊ ဘာမဟုတ်တာလေးတွေကို ပုံကြီးချဲ့တယ်လို့ ပြောချင် သူတွေကလည်း ပြောချင်ကြပေ လိမ့်မယ်။ သတင်းနောက်ခံ ဆောင်းပါး ဆိုတာ တိကျမှန်ကန်ရမယ်၊ ဖြစ်စေချင်တာရယ်၊ ဖြစ်နိုင်တာရယ်၊ တကယ်ဖြစ်တာရယ်တို့ကို ခွဲသိရမယ်၊ ရေရှည်ရေးဖို့ အထောက်အထား အကိုးအကားတွေ စုဆောင်းထား ရမယ်ဆိုတဲ့ အတွေ့အကြုံကို ဝေငှချင်လို့ ခုလိုအပင်ပန်းခံကာ ရေးသားရခြင်းဖြစ်ပါတယ်။

    ဖော်ပြပါဆရာနှစ်ယောက်သာမက တခြားလူငယ်ကလောင်ရှင်များ အတွက်ပါရည်ရွယ်တယ်၊ မြန်မာ့မွတ်စလင် သမိုင်းမှာ မကြုံစဖူးအဖြစ်ဆိုးနေတဲ့ကာလရဲ့ အနာဂတ်ဟာ လူငယ်တွေလက်ထဲရှိတာပါ။ ဒီဆောင်းပါးရေးခြင်းအားဖြင့် ကျနော့လို သက်ကြီးကလောင်အို အဖို့စေတနာ ပီတိကလွဲလို့ နာမည်ကျော်စရာ အကြောင်းမရှိပါဘူး။ အဖြစ်သဘော ပေါ့ပေါ့တန်တန် မရေးကြပဲ အဆင့်မီကလောင်ရှင် (Professional Writer) ဖြစ်စေချင်တဲ့ စေတနာကိုသိမြင်လာကြလို့ လိုလားကြတယ်ဆိုရင် ရေးပြစရာတွေ အများကြီး၊ကျနော့ထံ တိုက်ရိုက်ဆက်သွယ်ကြရင် နွေးထွေးစွာကြိုဆိုပါတယ်။

    ဟာဂျီ-၀င်းအောင်
    Email:  [email protected]

     

  • “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင်တို့ရဲ့ အခန်းကဏ္ဍ’’

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄
    ဆောင်းပါးရှင်-  ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)

    PL

    မြန်မာ့လွတ်လပ်ရေးသမိုင်းမှာပါဝင်ခဲ့တဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ပြည်ထောင်စု စိတ်ဓါတ်ကိုဖေါ်ညွှန်းနိုင် ခဲ့တဲ့ ပင်လုံ စာချုပ်ချုပ်ဆိုတဲ့ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့ဆိုပြီး မြန်မာနိုင်ငံမှာ ဂုဏ်ယူကျင်းပ ခဲ့ကြပါတယ်။

    ဒီနေ့  ပြည်ထောင်စုနေ့ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင် တို့ရဲ့အခန်းကဏ္ဍ’’ဆိုတဲ့ ခေါင်းစဉ်ကို တင်ပြလိုပါတယ်။

    ရည်ရွယ်ချက်ကတော့ အတိတ်သမိုင်းမှာ မြန်မာမွတ်စလင်မ်တွေရဲ့ တိုင်းပြည်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့မှုကို ဂုဏ်ပြုရင်း ဒီနေ့ မြန်မာမွတ်စလင်မ် မျိုးဆက်တွေအနေနဲ့ ပြည်ထောင်စုစိတ် ဓါတ်ဆိုတဲ့ သဘောတရားကို မှန်ကန်စွာမွေးမြူပြီး လူသားအကျိုးပြုနိုင်ရေး အတွက်ဖြစ်ပါတယ်။

    တမန်တော်မြတ်(ဆွ)က မွတ်စလင် တစ်ဦးရဲ့ ယုံကြည်ချက်ရဲ့ အနိမ့်ဆုံးအရည်အသွေးဆိုတာ လမ်းပေါ်မှာရှိနေတဲ့ သူတစ်ပါးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို ဖယ်ရှားပေးခြင်းလို့သွန်သင်ထားပါတယ်။ ကုရ်အာန်ကျမ်းမြတ်အရတော့—- မွတ်စလင် တစ်ဦးရဲ့ မြင့်မားတဲ့အရည်အသွေးမှာ အိဟ်စါန်လို့ခေါ်တဲ့ “ကောင်းကျိုးပြုအလှဆင်ခြင်း’’ ပဲဖြစ်ပါတယ်။ မိမိကိုယ်မိမိ အလှဆင်ဖို့ လိုအပ်သလို ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်၊ ဒေသ၊ လူအဖွဲ့အစည်း၊ တိုင်းပြည်၊ ကမ္ဘာဂြိုဟ်နဲ့ စကြ၀ဠာကြီးကို အကျည်းတန်စေတဲ့ အရာတွေ ဖယ်ရှားပြီး ကောင်းကျိုးပြုအလှဆင်ဖို့ပဲဖြစ်ပါတယ်။

    ဖ.ဆ.ပ.လ ခေါ် အမျိုးသားတပ်ဦး

    ၁၉၄၁ခုနှစ်၊ သြဂုတ်လဆန်းမှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့အခါ အမျိုးသားခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း က ဖ.ဆ.ပ.လ လို့ခေါ်တဲ့ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည့်သူ့လွတ်လပ်ရေးအဖွဲ့ ချုပ် – တစ်နည်းပြောရရင် အမျိုးသား တပ်ဦးတစ်ရပ်ကိုဖွဲ့စည်းပြီး အပြီးတိုင်လွတ်လပ်ရေးနဲ့အမျိုးသားညီညွတ် ရေး ကြိုးပမ်းတည်ဆောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့ ဗိုလ်ထွန်းလှ(တက္ကသိုလ် နေ၀င်း)က ဒီကိစ္စနဲ့ပတ်သက်ပြီး ၁၂-၂-၁၈၈၆နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ “ပထမ ပင်လုံကွန် ဖရင့်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ရာမှာ – ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ရဲ့အမျိုးသားတပ်ဦးကြီးမှာ မန်းဘခိုင် (ကရင်)၊ ဦးအောင်ဇံဝေ(ရခိုင်)၊ ဆမားဒူးဝါးဆင်ဝါးနောင်(ကချင်)၊ ဦးဝမ္မသူးမောင်(ချင်း)၊ ရှမ်းပြည်နယ်လူထု ခေါင်းဆောင်ဦးတင်အေး၊ လင်းခေးဦးထွန်းမြင့် တို့အပြင် ဗမက လို့ခေါ်တဲ့ ဗမာမွတ်စလင် ကွန်ဂရက်က ဆရာကြီးဦးရာဇတ်၊ ဦးဖေခင်၊ ဦးခင်မောင်လတ်စတဲ့ ခေါင်းဆောင်များကို စည်းရုံးနိုင်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။

    ဗမက ခေါ် ဗမာမွတ်စလင်ကွန်ဂရက်

    မြန်မာနိုင်ငံဟာ သူ့ကျွန်ဘ၀ရောက်ခဲ့ပြီးနောက် YMBA လို့ခေါ်တဲ့ ဗုဒ္ဓကလျာဏယုဝ အသင်း ပေါ်ပေါက် ခဲ့စဉ်က မြန်မာမွတ်စလင် တွေက BMS လို့ခေါ်တဲ့ ဘားမားမွတ်စလင် စိုစိုင်ယီတီ အသင်းထောင်နိုင် ခဲ့ကြပါတယ်။ GCBA ခေါ် မြန်မာအသင်းချုပ်ကြီး ပေါ်လာတော့ GCBMA လို့ခေါ်တဲ့ မြန်မာမွတ်စလင် အသင်း ချုပ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလိုနဲ့ သခင်တွေ ဦးစီးတဲ့ ဒို့ဗမာအစည်းအရုံးပေါ်လာပြီး သူ့ကျွန်ဘ၀လွတ်မြောက် ရေးတိုက်ပွဲဝင်လာတော့မြန်မာမွတ်စလင် အချို့က ဒို့ဗမာအစည်းအရုံးကိုဝင်ခဲ့ကြပြီး အချို့ကတော့ဗမာ မွတ်စလင် နိုးကြားရေးအဖွဲ့ကို ထူထောင်ပြီး တိုင်းပြည်ရေး တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဆရာကြီး ဦးရာဇတ်က ဥက္ကဌ၊ ဦးသန်းရွှေက အတွင်းရေးမှူးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာ စစ်ကြီးဖြစ်လာပြီး စစ်ကြီးပြီး တော့ မန္တလေးကိုရောက်ရှိလာတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီးဦးရာဇတ်နဲ့ ဗမာမွတ်စလင် နိုးကြားရေး ခေါင်းဆောင်ဟောင်းတွေကိုခေါ်ယူပြီး တစ်တိုင်းပြည်လုံးသွေးစည်းညီညွတ်ရေးလိုအပ်နေကြောင်း၊ ဗမာမွတ်စလင် တွေအနေနဲ့လည်း ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပြော ဆိုခဲ့ပါတယ်။

    ဗိုလ်ချုပ်ရဲ့ အကြံပြုချက်အရ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ဗမာမွတ်စလင် ခေါင်းဆောင်တွေပါဝင်တဲ့ ဗမာမွတ်စလင် ညီလာခံကြီးတစ်ရပ်ကို ၁၉၄၅ခုနှစ်၊ ဒီဇင်ဘာလ(၂၄ ၊ ၂၅ ၊ ၂၆)ရက်များမှာ ပျဉ်းမနားမြို့ မှာ ကျင်းပခဲ့ပြီး ဆရာကြီးဦးရာဇတ် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ဗမက ခေါ်ဗမာမွတ်စလင်မ်ကွန်ဂရက် (Burman Muslim Congress)ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပါတယ်။

    ဗမာမွတ်စလင် ကွန်ဂရက်(ဗမက)မှ ပင်လုံစာချုပ်မျိုးစေ့စိုက်ခြင်း

    ဗမက ဖွဲ့စည်းပြီး ရက်(၂၀)ကျော်အကြာဖြစ်တဲ့ ၁၉၄၆ခုနှစ်၊ ဇန္န၀ါရီလ (၁၇)ရက်နေ့ကနေ (၂၃)ရက်နေ့ အထိ ရန်ကုန်မြို့ ၊ ရွှေတိဂုံအလယ်ပစ္စယံမှာ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးရဲ့ ပြည်လုံးကျွတ် ညီလာခံကြီးကို ကျင်းပခဲ့ကြပါတယ်။ အဲဒီညီလာခံကြီးမှာ “ဖဆပလ” က “ဗမက” ကို ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ်နဲ့အတူ လူမျိုးရေးအဖွဲ့စာရင်းမှာ တပ်တစ်တပ်အနေနဲ့ ပါဝင်ခွင့်ပြုခဲ့ပါတယ်။ ၄-၂-၁၉၄၆နေ့ထုတ် ဒီးဒုတ်ဂျာနယ် စာမျက် နှာ(၂၂)မှာ “မြန်မာပြည်၏ကံကြမ္မာကို ဖန်တီးမည့်ပုဂ္ဂိုလ်များ၊ ဖဆပလညီလာခံမှ တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့ဝင်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေါ်ပြခဲ့ရာ

    (၁)ဗိုလ်ချုပ်အောင်ဆန်းကဥက္ကဌ

    (၂)တစ်သီးပုဂ္ဂလခေါင်း ဆောင်(၁၀)ဦးထဲမှာ ဆရာကြီးဦးရာဇတ်ပါဝင်ခဲ့တယ်။

    (၃)ပြီးတော့ နိုင်ငံရေးပါတီများဖြစ်ကြတဲ့ ကွန်မြူနစ်၊ ဆို ရှယ်လစ်နဲ့ မျိုးချစ်တို့က ကိုယ်စားလှယ်သုံးဦးစီပါဝင်ပါတယ်။

    (၄)လူမျိုးရေးအဖွဲ့ (၃)ဖွဲ့ထဲမှာ ရခိုင်၊ ကရင်နဲ့ ဗမာ မွတ်စလင် တို့ပါဝင်ပြီး ဗမာမွတ်စလင် ကွန်ဂရက်က ကိုယ်စားလှယ် ဦးမောင်စိန်၊ ဦးဖေခင်(နောင်-၀န်ကြီးနဲ့ သံ အမတ်ကြီး)နဲ့ မစ္စတာ လတစ်ဖ်(နောင်-၀န်ကြီး)တို့ ပါဝင်ခဲ့ကြပါတယ်။ ဆရာကြီးဦးရာဇတ်ဟာ ဗမကရဲ့ ဥက္ကဌ ဖြစ်ပေမယ့် တစ်ဦးပုဂ္ဂလခေါင်းဆောင် အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

    အဲဒီညီလာခံကြီးမှာ လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ အဆိုပေါင်း(၁၈)ခု တင်သွင်းဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီအဆိုတွေအနက် ညီညွတ်ရေးအဆိုကို ဗိုလ်ချုပ်ကိုယ်တိုင်တင်သွင်းခဲ့ပြီး အဆိုအမှတ်(၆)ဖြစ်တဲ့ တိုင်းရင်း သား လူနည်းစုအရေးကို ဒီးဒုတ်ဦးဘချိုက တင်သွင်းခဲ့ပါတယ်။ ဗမာမွတ်စလင်မ်နဲ့ပတ်သက်တဲ့သဘောထားကို တင်ပြဆွေးနွေးပြီး ထောက်ခံရာမှာ—

    • ဗမာမွတ်စလင်တွေဟာ ဗမာနဲ့ခွဲလို့မရတဲ့ မြန်မာတွေဖြစ်ကြောင်း

    • ပျဉ်းမနားမှာကျင်းပခဲ့တဲ့ ဗမက ညီလာခံကြီးမှာ ဗမာမွတ်စလင်မ်တွေဟာ ဗမာဖြစ်ကြောင်း ကြွေးကြော် ဆုံးဖြတ်ခြင်းကို ဒီ ဖ.ဆ.ပ.လ ညီလာခံကြီးက အထူးချီးကျူးဝမ်းမြောက်ကြောင်း

    • ဗမာမွတ်စလင် တို့ကို တိုင်းရင်းသားလူနည်းစုတို့ရထိုက်တဲ့အခွင့်အရေးတွေ ပေးမယ်ဖြစ်ကြောင်း

    • ဗမာမွတ်စလင် တွေကို မြန်မာလူမျိုးတို့ အခွင့်အရေးကိုပေးမှာဖြစ်ကြောင်း ဖ.ဆ.ပ.လညီလာခံကြီး က ကြွေးကြော်ကြောင်း ဖေါ်ပြပါ ရှိခဲ့ပါတယ်။အကြောင်းအသေးစိတ်ကို ဒီးဒုတ်ဂျာနယ် (၄-၂-၁၉၄၆)၊ စာမျက်နှာ(၃၁-၃၃)မှာ “ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးက တိုင်းရင်းသားလူနည်းစုပြဿနာကို ရှင်းလိုက်ပြီ’’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

    ဗမာမွတ်စလင် တွေ ဂုဏ်ယူဖို့ကောင်းတာက “ဗမက”က အဆိုအမှတ်(၇) တင်သွင်းခဲ့ရာမှာ လွတ်လပ်ရေး ယူတဲ့အခါ ရှမ်းပြည်နယ် အပါအ၀င်တောင်တန်းဒေသ အားလုံးကို တစ်ပေါင်းတည်းပေါင်းစည်းရေးအဆိုပဲ ဖြစ်ခဲ့ပါတယ်။

    တစ်နည်းပြောရရင် ဗမာမွတ်စလင် တွေဟာ ပြည်ထောင်စုစိတ်ဓါတ်(၀ါ)ပင်လုံမျိုးစေ့ကိုသမိုင်းဝင်စိုက်ခဲ့ခြင်းပဲဖြစ်ပါတယ်။

    ဒီဂုဏ်ယူဖွယ်ဖြစ်ရပ်ကို ဒီအဆိုကို တင်သွင်းခဲ့တဲ့ ဦးဖေခင်ကိုယ်တိုင် ရေး သားပြုစုပြီး နိုင်ငံတော်က ထုတ်ဝေခဲ့တဲ့ “ကိုယ်တွေ့ပင်လုံ’’ ဆိုတဲ့စာအုပ် (၁၉၉၀)မှာလည်း အသေးစိတ် လေ့လာနိုင်ကြပါတယ်။

    မြန်မာမွတ်စလင် တို့သည် မိမိတို့အရေးထက် တိုင်းပြည်လွတ်လပ်ရေးကို ဦးစားပေးခဲ့ကြခြင်း

    အခုလို ဗမာမွတ်စလင် ကွန်ဂရက်ကို ဖ.ဆ.ပ.လညီလာခံကြီးက လူမျိုးရေးအဖွဲ့စာရင်းမှာထည့်သွင်း လက်ခံပြီး တိုင်းရင်းသား လူနည်းစု အခွင့်အရေးပေးမယ်၊ မြန်မာတွေရဲ့ လူများစုအခွင့်အရေးကိုလည်း ရမယ် ဆိုတဲ့ သဘောထားဆုံးဖြတ်ချက်ဟာ ဗမာမွတ်စလင်မ်တွေ အတွက် ထူးခြားချက်ဖြစ်ခဲ့ပါတယ်။ ဗမာမွတ်စလင် တွေဟာ ကရင်လို တိုင်းရင်းသား လူနည်းစု အခွင့်အရေး ယူမလား။ ဗမာနဲ့ရောပြီး ဗမာအဖြစ် လူများစုအခွင့်အရေး လူနည်းစုယူမလားဆိုတဲ့ ကိစ္စ ဆုံးဖြတ်ဖို့ ဗမကရဲ့ ပြည်လုံးကျွတ် ညီလာခံကြီး ၁၉၄၆ခုနှစ်၊ ဒီဇင်ဘာလမှာ ရန်ကုန်မြို့မှာ ကျင်းပဖို့ဖြစ်လာခဲ့ပါတယ်။

    အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့လွတ်လပ်ရေးကြိုးပမ်းမှုအပေါ် အချို့သော လူမျိုးစုခေါင်းဆောင် တွေက ဗိုလ်ချုပ်ဟာ ငါတို့ကိုယ်စားလှယ် မဟုတ်ဘူးဆိုပြီး ကန့်ကွက်မှုတွေ ပေါ်ပေါက်လာနေခဲ့ပါတယ်။ဒါကြောင့် ဗမာမွတ်စလင်တွေဟာ ကိုယ့်လူမျိုးစု အရေးထက် တိုင်းပြည်လွတ်လပ်ရေးကို ဦးစားပေးပြီး ဗမာမွတ်စလင်တွေဟာ ဗမာဖြစ်တယ်ဆိုပြီး ဗိုလ်ချုပ်ကို အပြည့်အဝေ ထောက်ခံ အားပေးခဲ့ကြပါတယ်။

    ဒါကြောင့်လည်း ၁၉၄၇ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမှာရော၊ ၁၉၄၈ခုနှစ်ခုနှစ် လွတ်လပ် ရေးရတဲ့ အခါမှာပါ မွတ်စလင်တွေဟာ ဂုဏ်ပြုခံရပြီး ထိုက်တန်တဲ့ အခွင့်အရေးအတွေ အပြည့်အ၀ရခဲ့ကြပါ တယ်။ ၀န်ကြီးတွေ၊ အမတ်တွေ ဖြစ်ခဲ့ကြပြပါတယ်။ ဒါပေမယ့် ကာလကြာပြီး ခေတ်စနစ်တွေ တစ်စစပြောင်း လဲလာမှုနဲ့အတူ သမိုင်းတွေမေ့ပြီး ပြည်ထောင်စု စိတ်ဓါတ်ဆိုတာ ဗမာမွတ်စလင် တွေနဲ့ မသက်ဆိုင်သလို ထင်ခံလာရခြင်းပဲဖြစ်ပါတယ်။

    254785_270685116278536_100000111498246_1168218_7646605_n

    ပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စုစိတ်ဓါတ်သင်္ကေတ

    ပထမပင်လုံညီလာခံကို ၁၉၄၇ခုနှစ်၊ မတ်လ(၁)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ဗိုလ် ချုပ်အောင်ဆန်း မတက်ရောက်နိုင်ခဲ့တဲ့ အတွက် ဖ.ဆ.ပ.လက ဒု-ဥက္ကဌဦးနု ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည် တောင်ကြီးက ဦးဖေခင် (ဗမာမွတ်စလင်) ကို တက်ရောက်စေခဲ့ပါတယ်။ ဦးဖေခင်ဟာ ဖ.ဆ.ပ.လရဲ့တောင်တန်းဒေသ ဌာနခွဲ အတွင်းရေးမှူးဖြစ်နေပါပြီ။

    ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လန်ဒန်မြို့မှာ ၀န်ကြီးချုပ် အက်တလီနဲ့ မြန်မာ့ လွတ်လပ်ရေး ယူတဲ့အခါ ရှမ်းပြည်အပါအ၀င် တောင်တန်းဒေသတွေနဲ့ ပြည်မ ပူးပေါင်း ရေးအစီအစဉ်ဆွေးနွေးချိန်မှာ ရှမ်းစော်ဘွား နှစ်ဦးအမည်နဲ့ “အောင်ဆန်းဟာ ရှမ်းပြည်ကိုယ်စား မပြု၊ ပြည်မမှ မြန်မာခေါင်းဆောင် တစ်ဦးသာဖြစ်သည်”

    ဆိုတဲ့ ကြေးနန်းစာတစ်စောင် ဗြိတိသျှအစိုးရဆီကို ရောက်လာခဲ့တဲ့အတွက် အနှောင့်အယှက် တစ်ရပ်ဖြစ်လာခဲ့ ပါတယ်။ အဲဒီအခါ ဖ.ဆ.ပ.လ အဖွဲ့ချုပ်က ဦးနုက တောင်တန်းဒေသ အတွင်းရေးမှူး ဦးဖေခင်ကို ရှမ်းပြည်ကို အမြန်သွားပြီး ရှမ်းစော်ဘွားတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်စေခဲ့ပါတယ်။ ဦးဖေခင်ကလည်း ဦးတင်အေး၊ ဦးထွန်းမြင့်အစရှိတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ တိုင်ပင်ပြီး တောင်ကြီးမြို့မှာ လူထုအစည်းအဝေးကြီးတစ်ရပ် ကျင်းပခဲ့ပါတယ်။

    အဲဒီလူထုအစည်းအဝေးကြီး ကနေ ရှမ်းပြည်နယ်လွတ်မြောက်ရေး အဖွဲ့ချုပ်က ဗမာပြည်မနဲ့ အတူ ရှမ်းပြည်နယ်ကို လွတ်လပ်ရေး ချက်ခြင်းပေးဖို့နဲ့ လန်ဒန်ရောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ကိုထောက်ခံကြောင်းအဆိုကို တစ်ခဲနက်ထောက်ခံ အတည်ပြု ခဲ့ကြပါတယ်။ မြို့တွင်းမှာလည်း ကြွေးကြော်ပြီးစီတန်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ ဗမာမွတ်စလင် ဦးဖေခင် အနေနဲ့ ဒီလိုရှမ်းပြည် သူလူထုက ဗိုလ်ချုပ်အောင်ဆန်းကို အပြည့်အ၀ထောက်ခံကြောင်းကို ဖ.ဆ.ပ.လအဖွဲ့ချုပ်ကို ကြေးနန်းတစ်စောင်၊ လန်ဒန်ကိုကြေးနန်း တစ်စောင်ပို့နိုင်ခဲ့တဲ့ အတွက် မြန်မာလွတ်လပ်ရေးကို အာမခံချက်ပေးတဲ့ အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

    ဒီလိုနဲ့ ဗိုလ်ချုပ်ဟာ လန်ဒန်ကပြန်ရောက်လာပြီး ရက်အနည်းငယ်အတွင်းမှာ တိုင်းရင်းသားလူမျိုးစု တွေရဲ့ တရားဝင်ဆန္ဒရယူဖို့ ပင်လုံညီလာခံခရီးဆက်ခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၁) ရက်နေ့ညအထိ ကိုယ်စားလှယ်အားလုံး လက်မှတ်ရေးထိုးဖို့မသေချာဘဲ လိပ်ခဲတည်းလည်းဖြစ်နေခဲ့ပြန်ပါ တယ်။ ဗိုလ်ချုပ်လည်းစိတ်ပျက်ပြီးအပါးတော်မြဲ ဗိုလ်ထွန်းလှကို ရန်ကုန်ပြန်ဖို့လေယာဉ်လက်မှတ်မှာခိုင်းတဲ့ အခြေအနေဆိုက်ရောက်လာပါတော့တယ်။ ဒါပေမယ့် ဦးဖေခင်နဲ့ ဗိုလ်ထွန်းလှ တို့တိုင်ပင်ပြီး လူမျိုးစုခေါင်း ဆောင်တွေကို တစ်ဖက်က စည်းရုံးရင်း ကျန်တစ်ဖက်ကလည်း ဗိုလ်ချုပ်ကို ရန်ကုန်မပြန်ဖို့ ဖြောင်းဖျ ခဲ့ကြပါ တယ်။ ဒါကြောင့် ဗိုလ်ထွန်းလှက ဦးဖေခင်ရဲ့ ကိုယ်တွေ့ ပင်လုံစာအုပ် အမှာစာမှာ ဦးဖေခင်နဲ့ သူတို့နှစ်ဦး ဒီလို မဆောင်ရွက်နိုင် ခဲ့ရင် မြန်မာပြည်ရဲ့ ကံကြမ္မာတစ်မျိုးဖြစ်ပြီး နယ်ချဲ့ အကြိုက်ဖြစ်သွားမယ်လို့ ရေးခဲ့ပါ တယ်။

    General-Aung-San-and-U-Phay-Khin

    အလားတူ ဦးတင်ဧ(ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သူနဲ့ အငြိမ်းစားနိုင်ငံတော်ကောင်စီဝင်)က လည်း သူ့ရဲ့အမှာစာမှာ – ပင်လုံစာချုပ်ကြီး အောင်မြင်စွာ ချုပ်ဆိုနိုင်ဖို့ ဦးဖေခင်ဟာ ဖ.ဆ.ပ.လ အဖွဲ့ချုပ်နဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ ချုပ်ကြားမှာ အောင်သွယ်တော်ကြီး သဖွယ်ဖြစ်ခဲ့တယ်လို့ ဂုဏ်ပြုရေးသားခဲ့ပါ တယ်။ ဒီလိုနဲ့၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာ သမိုင်းဝင် ပင်လုံ စာချုပ်ကြီးအောင်မြင်စွာ ချုပ်ဆို နိုင်ခဲ့ပြီး ဧပြီလမှာ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကြီးကို လည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ကြ ပါတယ်။

    ပြည်ထောင်စု စိတ်ဓါတ်မရှိရင် နိုင်ငံရေရှည် တည်တံ့ခြင်း၊စစ်မှန်တဲ့တိုးတက်ဖွံ့ဖြိုးခြင်းဆိုတာလည်း မရှိ နိုင်ပါဘူး။ ပြည်ထောင်စု စိတ်ဓါတ်ကို ဖျက်ဆီးနိုင်တာဟာ မျက်ကန်းမျိုးချစ် စိတ်ဓါတ်(၀ါ)အစွန်းရောက်တဲ့ လူမျိုးရေး ၀ါဒပဲဖြစ်ပါတယ်။

    မြန်မာမွတ်စလင်များ အနေနဲ့ သမိုင်းကိုသင်ခန်းစာယူပြီး စစ်မှန်တဲ့ပြည်ထောင်စု စိတ်ဓါတ်နဲ့ လောကကြီးကို အလှဆင်ကြဖို့ တိုက်တွန်း အပ်ပါတယ်။

    အလ်ဟာဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)

    Image: taileng.net

    မှတ်ချက်-  (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် အလ်ဟာဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) ၂၀၁၀ ခုနှစ်က ရေးသားထားသော ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

  • ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး (၁။ ဦးဖေခင်)

    ကျော်မိုးအောင်
    M-Media

    ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြု အမှတ်တရ

    254785_270685116278536_100000111498246_1168218_7646605_n

    “ကိုဖေခင်-ခင်ဗျားကို ကျွန်တော်ပြောစရာရှိတယ်။ တော်လှန်ရေးသမားဆိုတာ သုံးမျိုးသုံးစား ရှိတယ်။ ခင်ဗျား သိလား။

    ပထမတစ်မျိုးက လက်နက်ကိုင်ပြီးတိုက်ရဲတယ်။ သတ်ရဲဖြတ်ရဲ အသေခံရဲတယ်။ ဒုတိယ အမျိုးအစားက မတိုက်ရဲမခိုက်ရဲ ၊ မသတ်ရဲမဖြတ်ရဲဘူး ၊ အသေလည်းမခံရဲဘူး ၊ ဒါပေမယ့် တစ်ရွာဝင် တစ်ရွာထွက်အပင်ပန်းခံ အဆင်းရဲခံပြီး စည်းရုံးရေးလုပ်နိုင်တယ်၊ စားစရာရရင်စား မရရင်မစားဘဲ ဇွဲနပဲနှင့်အငတ်ခံနှိင်တယ်။ တတိယအမျိုးအစားက တိုက်လည်းမတိုက်ရဲ အသေလည်းမခံရဲ အဆင်းရဲ အငတ်အပြတ်လည်းမခံနှိင်ဘူး၊ ခပ်ကြောကြောလေးဝတ်စားပြီး ဦးနှောက်သုံးပြီး တိုင်းပြည်အကျိုးအတွက် ဘာလုပ်ပေးရမလဲ လုပ်ပေးနိုင်တယ် ဆိုတဲ့လူစားမျိုးဖြစ်တယ်။ ခင်ဗျားက အဲဒီအမျိုးအစားထဲပါတယ်။ ခင်ဗျားကို ကျုပ်တာဝန်ပေးစရာရှိတယ်။””

    အထက်ပါစကားကို ရွှေတိဂုံအလယ်ပစ္စယံ လူထုညီလာခံသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက) ဒုတိယ ဥက္ကဌ၊ ညီလာခံကိုယ်စားလှယ်အဖြစ်တက်ရောက်ကာ “ညီလာခံအဆိုအမှတ်(၇)  တောင်တန်းနယ်ဒေသနှင့် ပြည်မ ပူးတွဲလွတ်လပ်ရေးရယူသင့်ကြောင်း အဆို” တင်သွင်းခဲ့သူ ဦးဖေခင်အား မြန်မာ့316831_270685979611783_100000111498246_1168221_2167098_nလွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ခေါ်တွေ့ကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    ဦးဖေခင်နှင့် ဗိုလ်ချုပ်တို့သည် တက္ကသိုလ်ကျောင်းသားဘ၀ကပင် သိကျွမ်းကြသူများ ဖြစ်သည်။ ၁၉၃၀ပြည့်နှစ် တစ်ဝိုက်က ပဲခူးဆောင်တွင် အတူနေခဲ့ကြသူများ၊ အဆောင်သဟာယ နှင့် စာဖတ်အသင်း အမှုဆောင် မဂ္ဂဇင်း အယ်ဒီတာနေရာ အတွက် မဲပြိုင်ခဲ့ကြဖူးသူများဖြစ်သည်။ ထိုစဉ်ကတည်းကပင် ဗိုလ်ချုပ်အနေဖြင့် ဦးဖေခင်၏ စည်းရုံးရေးစွမ်းရည်ကို ကိုယ်တွေ့သိရှိခဲ့သည်။

    ကျောင်းကထွက်ကြသောအခါ ဗိုလ်ချုပ်က နိုင်ငံရေးနယ်ပယ်ထဲရောက်သွားပြီး ဦးဆောင်နေစဉ် ဂျပန်ခေတ်ကာလအထိ သူတို့နှစ်ဦးပြန်လည်မဆုံဖြစ်ကြ။ ဦးဖေခင်ကလည်း ယင်းကာလ တစ်လျှောက် တောင်ကြီးမြို့တွင် နေထိုင်ကာ တောင်တန်းဒေသ တိုင်းရင်းသားများနှင့် အစဉ်တွေ့ဆုံပြီး တိုင်းရင်းသားများနောင်ရေးကို စိုးရိမ်စိတ်ထားနေ မိသည်။ နိုင်ငံရေးလုပ်ရန် မူလကရည်ရွယ်ချက် မရှိသော်လည်း စိတ်ဝင်စားမှုရှိသူဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးနယ်ပယ်ထဲ ဆွဲသွင်း၍ ဖဆပလအဖွဲ့ချုပ်အလုပ်အမှုဆောင် ဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နယ်ခြားဒေသဌာနခွဲ အတွင်းရေးမှူး အဖြစ်လည်းကောင်း ရွေးချယ် တာဝန်ပေးခန့်အပ်ခဲ့သည်။

    ထိုခေတ်အခြေအနေကို သိမြင်နိုင်ရန်အနည်းငယ်ဖော်ပြလိုပါသည်။ ညီလာခံကျင်းပချိန် (၁၉၄၆ ဖေဖော်ဝါရီလ) သည် ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ်လက်ထက် ဗြိတိသျှအလိုတော်ရိ “ဆာပေါ်ထွန်း”အစိုးရခေတ်ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့တို့က တိုင်းရင်းသားပြည်သူများအား သွေးခွဲအုပ် ချုပ်သည့် “Divide and Rule” စနစ် တည်တံ့ရေးအတွက် အစွမ်းကုန် ဖိနှိပ်ချုပ်ခြယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်နေချိန်ဖြစ်ပြီး ရှမ်းပြည်နယ်မှ တိုင်းရင်းသားကိုယ်စားလှယ်များ ပြောင်ပြောင်တင်းတင်း ထင်ထင်ပေါ်ပေါ် ညီလာခံမတက်ရောက်ဝံ့ကြသည့် ကာလဖြစ်သည်။ ထိုအခြေအနေမျိုးတွင် တာဝန်ခံပြောဆိုပေးသည့် ဦးဖေခင် အား ဗိုလ်ချုပ်အနေဖြင့် ယုံကြည်စွာ တာဝန်ပေးခဲ့ ခြင်းပင်ဖြစ်ပါသည်။

    ဦးဖေခင် အဆိုတင်သွင်းရာတွင် ဆာဒေါ်မာန်စမစ်၏ ဆင်းမလား စက္ကူဖြူ စာတမ်းသည် တောင်တန်းဒေသများကို ချန်လှပ်ထားပြီး ဆက်လက်ခြယ်လှယ်ဖို့ ၄င်းတို့၏ အလိုတော်ရိ ပဒေသရာဇ်တို့ ရာသက်ပန်တည်မြဲစေဖို့အတွက် နယ်ချဲ့၏ မဟာဗျူဟာ တစ်ရပ်ဖြစ်ကြောင်း၊ နယ်ချဲ့အင်္ဂလိပ်တွေက  နှစ်ပေါင်း(၇၀)နီးပါး အုပ်စိုးခဲ့ပြီးမှ ယင်းနယ်များမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် မထိုက်တန်သေးဟုဆိုလျှင် နောင်နှစ်ပေါင်း (၁၀၀)ကြာသည် အထိ စောင့်ရဦးမည်လားဟု မေးလိုကြောင်း၊ မိမိတို့သည် ကျွန်ဘ၀ကို အတူတူရောက်ခဲ့သည့် အတွက် လွတ်လပ်သည့်အခါတွင်လည်း အတူတူပင် တစ်ပြိုင်တည်း လွတ်လပ်ချင်ကြောင်း၊ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးသည် အင်္ဂလိပ်နယ်ချဲ့တို့၏ ဆုံးဖြတ်ရန်ကိစ္စ မဟုတ်ဘဲ၊ မိမိတို့အချင်းချင်း လွတ်လွတ်လပ်လပ် ကူးလူး ဆက်ဆံ ညှိနှိုင်းဆုံးဖြတ်ရမည့် ကိစ္စသာဖြစ်ကြောင်း ရှမ်းပြည်လူထုကြီးကလည်း ပဒေသရာဇ်စော်ဘွားတွေ၏ ဖိနှိပ်ချုပ်ချယ်မှုများအား ဆက်လက် သည်းမခံနိုင်တော့ကြောင်း ပြောကြား သွားခဲ့သည်။

    Uphaykhin2ယင်းသို့ တာဝန်ပေးခဲ့ပြီး တစ်နှစ်ခန့်အကြာ ၁၉၄၇ ဇန်န၀ါရီလ ၆ ရက်နေ့တွင် ဗိုလ်ချုပ် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်သို့ သွားရောက်ကာ နန်းရင်းဝန် မစ္စတာ အက်တလီနှင့် တွေ့ဆုံပြီး မြန်မာ့လွတ်လပ်ရေး ရယူရာတွင် တောင်တန်းနှင့်ပြည်မ ပူးတွဲရယူမည် ဖြစ်ကြောင်း ပြတ်သားစွာတောင်းဆိုခဲ့ကြသည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးနေကြစဉ်တွင် ရှမ်းပြည်နယ်မှ စော်ဘွားနှစ်ဦး အမည်ဖြင့် “အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု၊ ပြည်မမှ မြန်မာခေါင်းဆောင် တစ်ဦးသာဖြစ်ကြောင်း ”  ကြေးနန်းစာ တစ်စောင် ဗြိတိသျှအစိုးရထံသို့ ရောက်လာသည်။ တောင်တန်းဒေသလွတ်လပ်ရေးအတွက် ရတက်မအေးဖွယ်အခြေအနေပင်။

    ထိုအချိန်တွင် ဦးဖေခင်၏ ဦးဆောင်စည်းရုံးမှု၊ စွမ်းစွမ်းတမံ စည်းရုံးကြိုးပမ်းဆောင်ရွက်မှုကြောင့် တောင်ကြီးမြို့၌ကျင်းပသည့် လူထုအစည်းအဝေး၏ တစ်ခဲနက် ထောက်ခံဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်အပါအ၀င် တောင်တန်းဒေသအားလုံးကို ကိုယ်စားပြုသော ခေါင်းဆောင်ဖြစ်ကြောင်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားပြည်သူများအတွက် အရေးဆိုရန် အကြွင်းမဲ့ထောက်ခံကြောင်း ကြေးးနန်းတစ်စောင် လန်ဒန်သို့ နောက်နှစ်ရက်ခန့်အကြာတွင် ပြတ်သားစွာ ပေးပို့ရေးသားဖော်ပြနိုင်ခဲ့သည်။

    Bogyoke Aung San and U Pe Kin at Inlay Lake

    အဆိုပါကြေးနန်းကြောင့်လည်း ဆွေးနွေးပွဲပြေလည်ချောမောကာ မြန်မာ့လွတ်လပ်ရေးအာမခံ ချက်ပေးသည့် ““ အောင်ဆန်း-အက်တလီ စာချုပ် ” ကို (၂၇-၁-၁၉၄၇) တွင် အောင်မြင်စွာ ချုပ်ဆိုနိုင် ခဲ့ခြင်းဖြစ်သည်။ ထိုစာချုပ် ချုပ်ဆိုပြီးနောက် မြန်မာပြည်သို့ ဗိုလ်ချုပ်တို့ပြန်လာကြကာ ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့သို့ ညီလာခံ တက်ရောက်ကြကာ ဆက်လက်ဆွေးနွေးကြသည်။ ဖေဖော်ဝါရီလ (၁၁)ရက်နေ့အထိ ကိုယ်စားလှယ်အားလုံး လက်မှတ်ရေးထိုးရန် မသေချာဘဲ လိပ်ခဲတည်းလည်း ဖြစ်နေကြရသည်။ ဗိုလ်ချုပ်ကိုယ်တိုင် စိတ်ပျက်လာရာမှ သူ၏အပါးတော်မြဲ ဗိုလ်ထွန်းလှအား ရန်ကုန်ပြန်တော့မည်ဆိုကာ လက်မှတ်ဝယ်ခိုင်းခဲ့သည်။ ဗိုလ်ထွန်းလှက ဦးဖေခင်နှင့် တိုင်ပင်ကာ လက်မှတ်မ၀ယ်သေးဘဲ နှစ်ဦးသား တစ်ဖက်မှ လူမျိုးစုခေါင်းဆောင်ကြီးများအား ကြိုးစားစည်းရုံးရင်း တစ်ဖက်မှလည်း ဗိုလ်ချုပ်အား ရန်ကုန် မပြန်ရန် ဖျောင်းဖျပြောဆိုခဲ့ခြင်းသာ နောက်တစ်နေ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် “ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ” ဟူ၍ ဖြစ်ပေါ်လာစေခဲ့သည့် “ ပင်လုံစာချုပ် ” ကိုအောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

    လွတ်လပ်ရေးအတွက် အရေးဆိုသည့် ထိုအချိန်ထိုကာလက နိုင်ငံရေးအခြေအနေသည် အလွန် ပါးနပ်စွာ ကိုင်တွယ်ခြင်းမပြုပါက လွတ်လပ်ရေးနှင့် အလှမ်းဝေးသွားနိုင်သည့် အခြေအနေမျိုးပင်။ ဗြိတိသျှတို့၏ သွေးခွဲမှုအောက်တွင် တစ်ဦးနှင့်တစ်ဦး စိမ်းကားလျက်ရှိပြီး နက်ရှိုင်းစွာသံသယ၀င်နေ ကြသည့်အချိန်အခါတွင် “ ပြည်ထောင်စု ” တစ်ခုအောင်မြင်စွာ ပေါ်ထွန်းလာရေး အတွက် အဓိက အကျဆုံးလက်မှတ်ရေးထိုးနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုသည့် ထိုနေ့ကို “ ပြည်ထောင်စုနေ့ ” အဖြစ် သတ်မှတ်ခဲ့ပါသည်။ တိုင်းပြည်အတွက် အလွန်အရေးကြီးသည့် “ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ” အတွက် ဗိုလ်ချုပ်ကိုယ်တိုင် လုထုခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ပေးခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ် ကွန်ဂရက်(ဗမက)  ၏ ဒု-ဥက္ကဋ္ဌ ဦးဖေခင် တာဝန်ကျေပွန်ခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။

    နောင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးသည့်နောက်တွင် ဦးဖေခင် သည် ၀န်ကြီးတစ်ဦးအဖြစ် လည်းကောင်း၊ ပါကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ ကမ္ဘာ့ကုလသမဂ္ဂ (နယူးယောက်)၊ အီဂျစ်၊ ဆီးရီးယား၊ ရုရှ၊ ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ မလေးရှား၊ စင်္ကာပူနိုင်ငံတို့တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ နှစ်ပေါင်း ၂၅ နှစ်ကာလတာမျှ တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင် ခဲ့ပြီး နိုင်ငံတော်မှ မဟာသရေစည်သူဘွဲ့နှင့် နိုင်ငံဂုဏ်ရည်ပထမအဆင့်ဘွဲ့များ ချီးမြှင့်ခံယူခဲ့ရကာ ရန်ကုန်မြို့၌ပင် အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသွားပြီဖြစ်ပါသည်။

    ( ကိုးကား – ဦးဖေခင်ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၌ ရေးသားခဲ့သော အခန်းဆက်ဆောင်းပါးကို ရဲခေါင်မောင်မောင် ဘာသာပြန်သည့် ကိုယ်တွေ့ပင်လုံ စာအုပ် ဆဋ္ဌမအကြိမ်၊ ၁၉၉၀ ပြည့်နှစ်ထုတ် )

  • ကိုယ်တွေ့ပင်လုံ EBook (By ဦးဖေခင် )

    ဒီဇင်ဘာ ၃၀၊ ၂၀၁၂

    M-Media

    ပင်လုံမျိုးစေ့ချခဲ့သူ [ဗမာမွတ်စလင်မ် အစည်းအရုံး (ဗ.မ.က)]

    ကျွန်တော်သည် ၁၉၄၅-ခုနှစ်၊ ဒီဇင်ဘာလတွင် ပျဉ်းမနားမြို့၌ ကျင်းပခဲ့သော ဗမာ-မွတ်ဆလင်ကွန်ဂရက်(ဗ-မ-က)မှ ရွှေတိဂုံညီလာခံကြီးသို့ တက်ရောက်ရန် အာဇာနည်ဆရာကြီးဦးရာဇတ်၊ ဝန်ကြီးဟောင်း ဦးခင်မောင်လတ်တို့နှင့်အတူ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခြင်းခံရသူဖြစ်ပါသည်။ ဗ-မ-ကမှာ ဖဆပလအဖွဲ့ချုပ်ကြီး ၏အလံတော်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

    ကျွန်တော်ရောက်ရောက်ချင်းဆိုသလို ဖဆပလအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးသခင်သန်းထွန်းရှိရာ စမ်းချောင်းနေ အိမ်သို့ သွားခဲ့သည်။ ကိုသန်းထွန်းမှာ ၁၉၂၈-ခုနှစ်က တောင်ကြီးတွင် ကျွန်တော်နှင့်ကျောင်းနေဘက် သူငယ်ချင်း ဖြစ်သည်။ ကျွန်တော်ရောက်သွားသော အခါ ကိုသန်းထွန်းမှာ (မကြာမီ ၄င်းအထွေထွေအတွင်းမှူးဖြစ်မည့် ကွန်မြူနစ်ပါတီ အစည်းအဝေး ထိုင်နေဆဲဖြစ်သည်ကို တွေ့ရပါသည်။)

    အစည်းအဝေးကြီးပြီး၍ ၄င်းတို့ထွက်လာကြသောအခါ သခင်သန်းထွန်းက သူ့လူတွေနှင့်ကျွန်တော့်အား မိတ်ဆက်ပေးပါသည်။ ၄င်းတို့အနက် သခင်ချစ်တစ်ဦးကိုသာ ကျွန်တော် မှတ်မိပါတော့သည်။ ကျွန်တော့်သူငယ်ချင်း သခင်သိန်းဖေ(မြင့်)မှာ ထိုအချိန်က ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဖြစ်၍ ၄င်းကိုလည်း တွေ့ရပါသည်။

    ကိုသန်းထွန်းနှင့်ကျွန်တော် အာလာပသလ္လာပစကားများပြောကြပြီးနောက် ၄င်းထံ ကျွန်တော်ရောက်လာရခြင်းမှာ “တောင်တန်းဒေသနှင့်မြန်မာပြည်မပူးပေါင်းရေးအဆို” တစ်ရပ်ကို ညီလာခံတွင် တင်သွင်းလိုသည့်ကိစ္စအတွက် ဖြစ်ကြောင်း ကျွန်တော်က ပြောပြသည်။ ကျွန်တော်က “စက္ကူဖြူစာတမ်းဟာ ကျွန်တော်တို့ပြည်မကို လွတ်လပ်ရေး မပေးမဖြစ်လို့ ပေးလိုက်ရရင်တောင်မှတောင်တန်းဒေသတွေကို ဆက်လက်စိုးမိုးခြယ်လှယ်ဖို့ အင်္ဂလိပ်နယ်ချဲ့တို့ရဲ့ခြေလှမ်းပဲဟု ပြောသည်ကို ကိုသန်းထွန်းက သူလည်း ဒီလိုပဲ ယူဆသည်ဟု ပြန်ပြောပါသည်။

    ဤသို့ဖြင့် ကျွန်တော်သည် ညီလာခံကြီးတွင် တောင်တန်းဒေသများ မြန်မာပြည်မနှင့်ပူးပေါင်းရေးဟူသော ခေါင်းစဉ်ဖြင့် တစ်ရပ်ကို ညီလာခံအစီအစဉ်တွင် ထည့်သွင်းပေးရန်ပေးအပ်ခဲ့ပါသည်၊ ကျွန်တော်မှတ်မိသရွေ့ အဆိုအမှတ်စဉ်(၇)ဖြစ်ပါသည်။

    Pin Lone By U Phay Kin

     

    PDF Download Link

    E-book is created by shanyoma