News @ M-Media

Tag: US

  • ကင်ဂျုံအွန်နဲ့ အဆက်အသွယ် ရှိနေသေးဟု ထရမ့်က မိတ်ဆွေများကို ပြောထား

    ကင်ဂျုံအွန်နဲ့ အဆက်အသွယ် ရှိနေသေးဟု ထရမ့်က မိတ်ဆွေများကို ပြောထား

    ဖေဖော်ဝါရီ ၁၁၊ ၂၀၂၂
    M-Media

    -မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ဆက်အသွယ်ရှိတယ်လို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူနဲ့ ပတ်သက်ဆက်နွယ်သူတွေကို ပြောထားကြောင်း ဂျာနယ်လစ် မက်ဂီ ဟာဘာမန်က CNN သတင်းဌာနကို ဖွင့်ဟခဲ့ပါတယ်။

    ဟာဘာမန်ဟာ နယူးယောက်တိုင်းမ်စ်သတင်းဌာနရဲ့ သတင်းထောက်တစ်ဦးဖြစ်ပြီး The Confidence Man ဆိုတဲ့ အမည်နဲ့ ထရမ့်အကြောင်း စာအုပ်ရေးထားကာ မကြာခင် ဖြန့်ချီမှာ ဖြစ်ပါတယ်။

    အပြန်အလှန်စာတွေပေးပို့ပြီးတဲ့နောက် သူနဲ့ ကင်ဂျုံအွန်တို့ ချစ်သွားကြပြီလို့ ထရမ့်က ၂၀၁၈ ခုနှစ်မှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် ၃ ကြိမ်တွေ့ဆုံခဲ့ရာမှာ နျူလက်နက်စွန့်ဖို့ ကင်ဂျုံအွန်ကို ထရမ့်တစ်ယောက် မစည်းရုံးနိုင်ခဲ့ပါဘူး။

    မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ ထရမ့်ရဲ့စကားကို အတည်ပြုလို့ ရနိုင်မှာမဟုတ်သလို၊ အမှန်ဟုတ်ချင်မှလည်း ဟုတ်လိမ့်မယ်လို့ ဂျာနယ်လစ် ဟာဘာမန်က ဆိုပါတယ်။

    “သူ့စကားနဲ့ တကယ်ဖြစ်နေတာတွေ သိပ်မကိုက်တာ အမြဲတမ်းပါပဲ။ ကင်ဂျုံအွန်နဲ့ စာအဆက်အသွယ်ရှိတယ်၊ ဆွေးနွေးတာမျိုးတွေ ရှိတယ်လို့ သူက လူတွေကို လိုက်ပြောနေပါတယ်”

    ကင်ဂျုံအွန်က သူနဲ့အဆက်အသွယ်ရှိတဲ့ တစ်ဦးတည်းသော နိုင်ငံခြားခေါင်းဆောင်ဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

    အမေရိကန်အစိုးရနဲ့ အိမ်ဖြူတော်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။ အမေရိကန်ဥပဒေအရ သာမန် အမေရိကန်နိုင်ငံသားတစ်ယောက်ဟာ နိုင်ငံခြားအစိုးရ၊ နိုင်ငံခြားခေါင်းဆောင်တွေနဲ့ အစိုးရခွင့်ပြုချက်မရှိဘဲ ဆွေးနွေးညှိနှိုင်းတာဟာ ရာဇဝတ်မှုမြောက်ပါတယ်။

    Ref: Reuters

  • အမေရိကန်၏ စီးနင်းမှုတစ်ခုအတွင်း IS အကြမ်းဖက်ခေါင်းဆောင် သေဆုံး

    အမေရိကန်၏ စီးနင်းမှုတစ်ခုအတွင်း IS အကြမ်းဖက်ခေါင်းဆောင် သေဆုံး

    ဖေဖော်ဝါရီ ၄၊ ၂၀၂၂
    M-Media

    -ဆီးရီးယားက အမေရိကန်စစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုတွင်း IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ အီဘရာဟင် အလ် ဟာရှီမီ အလ် ကိုရိုက်ရှီဟာ အသေခံဗုံးခွဲပြီး သေဆုံးသွားတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ကြာသာပတေးမှာ ထုတ်ပြန်ပါတယ်။

    ဆီးရီးယား-တူရကီနယ်စပ် အတ္တမီမြို့က လူနေ ၃ ထပ်တိုက်ခန်းတစ်ခုမှာ ပုန်းအောင်းနေတဲ့ ကိုရိုက်ရှီကို ဖမ်းဆီးနိုင်ဖို့အတွက် လပေါင်းများစွာ ပြင်ဆင်လေ့ကျင့်ခဲ့ရတယ်လို့လည်း ​ဘိုင်ဒန်က ဆိုပါတယ်။

    ၂၀၁၉ ခုနှစ် အမေရိကန်ကွန်မန်ဒိုတွေရဲ့ စစ်ဆင်ရေးအတွင်း IS ခေါင်းဆောင် အဘူ ဘာကာ အလ် ဘဂ္ဂဒါဒီ သေဆုံးခဲ့ပြီးနောက်ပိုင်း ကိုရိုက်ရှီက IS ခေါင်းဆောင်နေရာကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

    ကိုရိုက်ရှီရဲ့ အသေခံဗုံးခွဲမှုကြောင့် သူရဲ့ဇနီးနဲ့ ကလေးတွေပါ သေဆုံးခဲ့ပါတယ်။ စီးနင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေဖက်ကတော့ ထိခိုက်သေဆုံးမှု မရှိပါဘူး။

    စစ်ဆင်ရေးအစအဆုံးကို သမ္မတဘိုင်ဒန်က အိမ်ဖြူတော်ကနေ တိုက်ရိုက်စောင့်ကြည့်ညွှန်ကြားခဲ့ပါတယ်။

    “ကျွန်တော်တို့တပ်ဖွဲ့တွေရဲ့ သတ္တိဗျတ္တိကြောင့် စက်ဆုပ်ဖွယ်အကြမ်းဖက်ခေါင်းဆောင် ကိစ္စချောသွားပါပြီ” လို့ စစ်ဆင်ရေးအပြီး မိန့်ခွန်းမှာ ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • ရုရှားရန်ရှိနေသည့် ယူကရိန်းသို့ အမေရိကန်က စစ်လက်နက်များ ပေးပို့

    ရုရှားရန်ရှိနေသည့် ယူကရိန်းသို့ အမေရိကန်က စစ်လက်နက်များ ပေးပို့

    ဇန်နဝါရီ ၂၄၊ ၂၀၂၂
    M-Media

    -အမေရိကန်က ပေးပို့ထောက်ပံ့တဲ့ လက်နက် ဒုတိယအသုတ် ရောက်ရှိလာတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

    ယူကရိန်းနယ်စပ်မှာ ရုရှားက စစ်သည် ၁ သိန်းလောက်နဲ့ စစ်လက်နက်ပစ္စည်းတွေ ထပ်တိုးချထားတဲ့အတွက် ယူကရိန်းကို ဝင်​တိုက်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေတဲ့အချိန် အမေရိကန်ရဲ့ ဒီလို ထောက်ပံ့မှု ပေါ်ပေါက်လာတာပါ။

    ကန်ဒေါ်လာ သန်း ၂၀၀ ဖိုးရှိတဲ့ လက်နက်ခဲယမ်းတွေ ယူကရိန်းကို ထောက်ပံ့သွားမယ်လို့ အမေရိကန်က ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။ စ​နေနေ့က ပထမအသုတ်နဲ့ တနင်္ဂနွေက ဒုတိယအသုတ် ယူကရိန်းမြို့တော် ကိဗ်ကို ရောက်လာတာ ဖြစ်ပါတယ်။

    ဝန်ကြီး Reznikov က မိတ်​ဆွေ အမေရိကန်ထံကနေ တန် ၈၀ ကျော်လောက်ရှိတဲ့ လက်နက်ခဲယမ်းတွေ ရောက်ရှိလာပြီး ဒါဟာ ယူကရိန်း ကာကွယ်ရေးစွမ်းအားကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဘော်လ်ကန် ၃ နိုင်ငံဖြစ်တဲ့ အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့က ယူကရိန်းကို လက်နက်ထောက်ပံ့ပေးဖို့လည်း အမေရိကန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ခွင့်ပြုခဲ့ပါတယ်။

    Ref: Reuters

  • မဲရှုံးသဖြင့် မဲပေးစက်များကို သိမ်းစည်းရန်အထိ ထရမ့်က ကြံစည်ခဲ့

    မဲရှုံးသဖြင့် မဲပေးစက်များကို သိမ်းစည်းရန်အထိ ထရမ့်က ကြံစည်ခဲ့

    ဇန်နဝါရီ ၂၂၊ ၂၀၂၂
    M-Media

    -အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးပြီး ရာထူးကမဆင်းခင် အီလက်ထရောနစ် မဲပေးစက်တွေကို သိမ်းဆည်းစစ်ဆေးဖို့အတွက် ကာကွယ်ရေးဝန်ကြီးကို အမိန့်ပေးဖို့ ကြိုးစားခဲ့မှု အထောက်အထားတွေ ပေါ်ထွက်လာပါတယ်။

    ၂၀၂၁ ခုနှစ် လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေက ဝင်ရောက်စီးနင်းတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးမှုမှာ အသုံးပြုနိုင်ဖို့ အမေရိကန် နိုင်ငံတော်မော်ကွန်းတိုက်က ထရမ့်လက်ထက် မှတ်တမ်းတွေတစ်ချို့ကို ထုတ်ပြန်ပေးခဲ့ပါတယ်။

    စာရွက်စာတမ်းပေါင်း ၇၅၀ လောက်ရှိတဲ့ အဲဒီမှတ်တမ်းတွေမှာ ထရမ့်ဟာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပစ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ရက်စွဲ တပ်ထားတဲ့ အိမ်ဖြူတော်ရဲ့ အမိန့်မူကြမ်းတစ်ခုမှာ ထရမ့်ဟာ သူမဲရှုံးတဲ့ ပြည်နယ်တွေမှာ အီလက်ထရောနစ် မဲပေးစက်တွေကို သိမ်းဆည်းကာ၊ အထူးကိုယ်စားလှယ်ခန့်ပြီး မဲမသမာမှုတွေကို စစ်ဆေးပေးဖို့ ကာကွယ်ရေးဝန်ကြီးကို ညွှန်ကြားထားတာ တွေ့ရပါတယ်။

    လက်နဲ့ရေတွက်တဲ့ မဲပုံးတွေကို သိမ်းဆည်းဖို့ ပြည်ထောင်စု ရဲတပ်ဖွဲ့ကို ညွန်ကြားမှုလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ဒီအမိန့်ကို ထရမ့်က လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါဘူး။

    ဂျိုးဘိုင်ဒန် အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစက်တွေ Hack ခံခဲ့ရသလို၊ ဗင်နီဇွဲလား၊ ကျူးဘားနဲ့ တရုတ်တို့လို ကွန်မြူနစ်နိုင်ငံတွေက ငွေကြေးသုံးပြီး ရလဒ်ပြောင်းအောင် ကြိုးစားခဲ့တယ်လို့ ထရမ့်နဲ့ သူ့အစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ချို့က စွပ်စွဲခဲ့တာပါ။

    ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုပြီး ထရမ့်အစိုးရက တရားရုံးကို တိုင်ကြားမှုတွေလုပ်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် ထရမ့်ရဲ့ လှုံ့ဆော်မှုတွေကြောင့် သူ့ကို ထောက်ခံသူတွေဟာ လွှတ်တော်ကို ဝင်စီးခဲ့ပြီး အမေရိကန်သမိုင်းတစ်လျှောက် အကျည်းတန်ဆုံးဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်အတွက် ထရမ့်မှာ အပြစ်ရှိတယ်လို့ လွှတ်တော်က သူရာထူးကမဆင်းခင် သီတင်းပတ်အနည်းငယ်အလိုမှာ ဆုံးဖြတ်ခဲ့ပါတယ်။

    Ref: CNA

  • သေပြီဟုသတင်းလွှင့်၍ မုဒိမ်းမှုကိုရှောင်ခဲ့သူ ကန်နိုင်ငံသား စကော့တလန်တွင် ပြန်ဖမ်းမိ

    သေပြီဟုသတင်းလွှင့်၍ မုဒိမ်းမှုကိုရှောင်ခဲ့သူ ကန်နိုင်ငံသား စကော့တလန်တွင် ပြန်ဖမ်းမိ

    ဇန်နဝါရီ ၁၅၊ ၂၀၂၂
    M-Media

    -မုဒိမ်းမှုနဲ့ အခြားအမှုတွေကို ရှောင်ရှားဖို့အတွက် သေဆုံးပြီလို့ သတင်းလွှင့် ထွက်ပြေးတဲ့ အမေရိကန်အမျိုးသားတစ်ဦးကို စကော့တလန်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

    အသက် ၃၄ နှစ်အရွယ်ရှိတဲ့ နီကိုလက်စ် အလာဗာဒီယန်ဆိုသူဖြစ်ပြီး ကိုဗစ်ကူးစက်မှုကြောင့် မြို့တော် ဂလက်စကိုက ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာပါ။

    အမေရိကန်ပြည်ထောင်စု ယူတာပြည်နယ်မှာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးကို ၂၀၀၈ ခုနှစ်က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့အတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့က အလာဗာဒီယန်ကို အလိုရှိနေတာ ဖြစ်ပါတယ်။ ယူတာမှာ သူ့ရဲ့အမည်က နီကိုလက်စ် ရော့စီ ဖြစ်ပါတယ်။

    အဲဒီအချိန်တုန်းက DNA ကို အလာဗာဒီယန်ရဲ့ မွေးရပ်ဖြစ်တဲ့ အိုဟိုင်ယိုးက မှတ်တမ်းတွေနဲ့ ၂၀၁၇ ခုနှစ်ရောက်မှ တိုက်ဆိုင် အတည်ပြုနိုင်ခဲ့တာပါ။

    ကြာသာတေးနေ့က ထုတ်ပြန်တဲ့ တရားရုံးမှတ်တမ်းတွေမှာ အမေရိကန် ရဲတပ်ဖွဲ့နဲ့ တရားရေးအဖွဲ့တို့က သူ့ကို သေသွားပြီလို့ထင်အောင် အလာဗာဒီယန်က လှည့်ဖျားနိုင်ခဲ့ပြီး စကော့တလန်နိုင်ငံ ရိုဒီကျွန်းမှာ လာရောက် ဇာတ်မြှုပ် နေထိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    မွေးစားမိဖတွေရဲ့ အကြွေးဝယ်ကတ်ကို အလွဲသုံးစားပြုမှုအတွက် အိုဟိုင်းယိုးပြည်နယ်က အလာဗာဒီယန်ကို အလိုရှိနေသလို​၊ လိင်ပိုင်းဆိုင်ရာ စော်ကားသူအဖြစ် မှတ်ပုံမတင်ခဲ့တဲ့အတွက် စကော့တလန် ရဲတပ်ဖွဲ့ကလည်း သူ့ကို အလိုရှိနေပါတယ်။

    အလာဗာဒီယန်ဟာ ရိုဒီကျွန်းက မိသားစုနဲ့ ကလေးသူများ စောင့်ရှောက်ရေးဌာနကို တစ်စိုက်မတ်မတ် ဝေဖန်သူဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ဖေဖော်၀ါရီလ ၂၉ ရက်မှာ သူသေဆုံးသွားတယ်ဆိုတဲ့ သတင်းနဲ့ ဘုရားကျောင်းမှာ အသုဘအခမ်းအနား ကျင်းပခဲ့တယ်ဆိုတဲ့သတင်း သတင်းစာတွေမှာ ပါလာခဲ့ပါတယ်။

    ဒါပေမယ့် အမှန်တကယ် မသေဆုံးဘူးဆိုတာ ရိုဒီကျွန်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ်မှာ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

    လက်ရှိ ဂလက်စကိုဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ အလာဗာဒီယန်ကို အမေရိကန်ဆီလွှဲပြောင်းဖို့ စကော့တလန်အာဏာပိုင်တွေက စီစဉ်ထားပြီး ဖြစ်ပါတယ်။

    Ref: Aljazeera