News @ M-Media

Tag: US

  • နျူသဘောတူညီချက်ကို ဖောက်ဖျက်လျှင် ဆိုးကျိုးများကြုံမည်ဟု ထရမ့်ကို အီရန် သတိပေး

    နျူသဘောတူညီချက်ကို ဖောက်ဖျက်လျှင် ဆိုးကျိုးများကြုံမည်ဟု ထရမ့်ကို အီရန် သတိပေး

    ဧပြီ ၂၄၊ ၂၀၁၈
    M-Media

    – ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကို အလေးထားဖို့ အီရန်သမ္မတ ရူဟာနီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တိုက်တွန်းလိုက်ပြီး ဒီလိုမှမဟုတ်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ ရရှိခဲ့တဲ့ ဒီသဘောတူညီချက်အရ အီရန်ဟာ သူ့ရဲ့ နျူအစီအစဉ်ကို ရပ်ဆိုင်းပေးခဲ့ပြီး အပြန်အလှန်အားဖြင့် နိုင်ငံတကာက အီရန်အပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။

    ဒါပေမယ့် ထရမ့်က ဒီကိစ္စကို ဝေဖန်မှုတွေလုပ်ခဲ့ပြီး အမေရိကန်ဟာ သဘောတူညီချက်ကနေ နှုတ်ထွက်မယ်လို့ ပြောဆိုထားပါတယ်။

    ဒီသဘောတူညီချက်မှာ အမေရိကန် ဆက်ပါမလားဆိုတာကို မေလ ၁၂ ရက်နေ့မှာ ထရမ့်က ဆုံးဖြတ်ဖို့ ရှိနေတဲ့အချိန် အီရန်က ဒီလို သတိပေးလိုက်တာပါ။

    ဒီနေ့ ရုပ်သံမိန့်ခွန်းမှာ ရူဟာနီက အိမ်ဖြူတော်အနေနဲ့ သဘောတူညီချက်က ကတိက၀တ်တွေအတိုင်း ဆောင်ရွက်မှုမရှိဘူးဆိုရင် အီရန်အစိုးရက ခိုင်ခိုင်မာမာ တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    နျူသဘောတူညီချက်မှာ ဆက်လက်ပါဝင်ဖို့အတွက် နိုင်ငံတကာခေါင်းဆောင်တွေက ထရမ့်ကို တိုက်တွန်းထားပါတယ်။

    ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်က တကယ်လို့ ထရမ့်အနေနဲ့ ဒီသဘောတူညီချက်ကနေ ထွက်မယ်ဆိုရင် နောက်ထပ် အစီအစဉ်တစ်ခု ရှိမှာမဟုတ်ဘူးလို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရုပ်သံ CBS နဲ့ တနင်္ဂနွေနေ့ အင်တာဗျူးမှာ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က အမေရိကန်ဟာ သဘောတူညီချက်ကနေ ထွက်မယ်ဆိုရင် အီရန်က နျူလုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media

    ကွယ်လွန်သွားသည့် ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို တာဂျီမာ

    ဆော်ဒီဘုရင့်နန်းတော်အနီး ဒရုန်းတစ်ခုကို ပစ်ချ
    ==========
    ဘုရင့်နန်းတော်အနီးမှာ ပျံဝဲနေတဲ့ ကစားစရာ ဒရုန်းတစ်ခုကို ပစ်ချလိုက်တယ်လို့ ဆော်ဒီအစိုးရက မနေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး ဒီအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။ ဒရုန်းကို စက္ကန့် ၃၀ ကြာ ပစ်ခတ်ခဲ့တဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာတွေမှာ ပျံနှံ့ခဲ့တာကြောင့် ဆော်ဒီမှာ နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်ပြီလားဆိုတဲ့ ပြောကြားမှုတွေလည်း ပေါ်ထွက်လာပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ပွားချိန် ဆော်ဒီဘုရင် ဆလ်မန်ဟာ နန်းတော်မှာ ရှိမနေပါဘူး။

    ဂျပန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို ကွယ်လွန်
    ===============
    ကမ္ဘာ့အသက်အကြီးဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံက အသက် ၁၁၇ နှစ်အရွယ်အဖွားအို နဘီ တာဂျီမာဟာ မနေ့က သူမရဲ့ဇာတိမြို့ ကီကိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူမဟာ ဇန်န၀ါရီလကတည်းက ကျန်းမာရေးကြောင့် ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။ တာဂျီမာဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လ အသက် ၁၁၇ နှစ်မှာ ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် စာရင်းဝင်ခဲ့တာပါ။ ဂျပန်နိုင်ငံက အသက် ၁၁၆ နှစ်အရွယ် အမျိုးသမီး ချီယို ယိုရှီဒါဟာ လက်ရှိမှာ ကမ္ဘာ့အသက်အကြီးဆုံးလူသား ဖြစ်လာပါတယ်။

    တရုတ်တွင် နဂါးလှေမှောက်မှု ၁၇ ဦးသေဆုံး
    ===============
    တရုတ်နိုင်ငံတောင်ပိုင်းမှာ မနေ့က နဂါးလှေ ၂ စီး နစ်မြုပ်ခဲ့တဲ့အတွက် လူ ၁၇ ဦးသေဆုံးခဲ့တယ်ုလို့ Xhinhua သတင်းဌာနက ဖော်ပြပါတယ်။ ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေတဲ့အချိန်မှာ ဒီလို တိမ်းမှောက်ခဲ့တာဖြစ်ပြီး လူ ၆၀ လောက် ရေနစ်ခဲ့ပေမယ့် ၄၀ ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ရွာသားတွေဟာ ရဲတပ်ဖွဲ့ကိုအကြောင်းမကြားဘဲ လေ့ကျင်မှုလုပ်ခဲ့တဲ့အတွက် စီစဉ်သူ ၂ ဦးကိ အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ နဂါးလှေလှော်ပြိုင်ပွဲကို နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။

    ကန်ဘဏ္ဍာရေးဝန်ကြီး တရုတ်သွားမယ်
    =====================
    တရုတ်နဲ့ အမေရိကန်အကြား လတ်တလောဖြစ်နေတဲ့ ကုန်သွယ်ရေတင်းမာမှုကိစ္စ ဆွေးနွေးဖို့အတွက် ဘေဂျင်းကိုသွားဖို့ စဉ်းစားနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မူချင်က မနေ့မှာ ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုဟာ သွင်းကုန်တွေအပေါ် အခွန်တွေ တိုးကောက်မယ်လို့ အပြန်အလှန်ကြေငြာခဲ့ပြီး ကမ္ဘာ့စီးပွားရေး ကမောက်ကမ ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: CNA, Aljazeera

  • အမေရိကန် ဒီမိုကရက်ပါတီက ထရမ့်အဖွဲ့နှင့် ရုရှားတို့ကို တရားစွဲ

    အမေရိကန် ဒီမိုကရက်ပါတီက ထရမ့်အဖွဲ့နှင့် ရုရှားတို့ကို တရားစွဲ

    ဧပြီ ၂၁၊ ၂၀၁၈
    M-Media

    – ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ အသာရအောင် ပူးပေါင်းကြံစည်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရုရှား၊ ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့တို့ကို ဒီမိုကရက်တစ်ပါတီက တရားစွဲဆိုလိုက်ပါတယ်။

    မနေ့က စွဲဆိုလိုက်တာဖြစ်ပြီး ရုရှားက သူတို့ဟာ ဒီမိုကရက်တစ် နိုင်ငံလုံးဆိုင်ရာကော်မတီ (DNC) ကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း ထရမ့်မဲဆွယ်ရေးအဖွဲ့ကို အသိပေးခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်ရဲ့ပုံရိပ်ကို ပျက်ဆီးစေတဲ့ သတင်းအချက်အလက်တွေ ထွက်လာခဲ့တယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။

    ထရမ့်ဟာ ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကူညီမှုကို လိုလိုလားလား လက်ခံခဲ့ပြီး၊ ရွေးကောက်ပွဲမှာ အသာရအောင် လုပ်ခဲ့ကြောင်း ၀ီကီလိခ်နဲ့ တည်ထောင်သူ ဂျူလီယန် အာဆန်တို့လည်း ဒီကိစ္စမှာပါဝင်ကြောင်း ဒီမိုကရက်တစ်ပါတီက ပြောကြားခဲ့ပါတယ်။

    “၂၀၁၆ ခုနှစ် သမ္မတမဲဆွယ်ရေးလှုပ်ရှားမှုမှာ ရုရှားဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို တိုက်ခိုက်ဖို့အတွက် အစွမ်းကုန် လုပ်ဆောင်ခဲ့ပြီး ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့ကလည်း လိုလိုလားလားနဲ့ ပူးပေါင်းခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ ဒါကို မကြုံစဖူး သစ္စာဖောက်မှုအဖြစ် မှတ်ယူလို့ရပါတယ်” လို့ DNC ဥက္ကဌဖြစ်တဲ့ တွမ် ပီရက်ဇ်က ပြောကြားခဲ့ပါတယ်။

    ထရမ့်မဲဆွယ်ရေးအဖွဲ့ကတော့ ဒီလိုတရားစွဲဆိုမှုဟာ လုံးဝ အကျိုးရှိမှာမဟုတ်ဘဲ အချိန်တန်ရင် ပယ်ချခံရလိမ့်မယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ထရမ့်က သူ့အဖွဲ့ဟာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုထားပြီး ရုရှားကလည်း ကန်ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

    ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် အမေရိကန်မှာ အထူးကိုယ်စားလှယ် မူလာဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

    Ref: Aljazeera

  • စနေနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    စနေနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    ဧပြီ ၂၁၊ ၂၀၁၈
    M-Media

    ဆွီဒင်မှ နာမည်ကြီး ဒီဂျေ တင်မ်ဘာလင်း

    မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုမလုပ်တော့
    ==============
    နျူလက်နက်နဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ထပ်လုပ်မှာမဟုတ်ဘဲ နျူလက်နက် စမ်းသပ်တဲ့နေရာကိုလည်း ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားက ဒီနေ့မနက်မှာ ကြေငြာလိုက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီပြောကြားမှုကို ကြိုဆိုခဲ့ပါတယ်။ ကင်ဂျုံအန်နဲ့ ထရမ့်တို့ဟာ မကြာခင်မှာ တွေ့ဆုံဖို့ရှိနေပြီး မနေ့ကလည်း ကင်ဂျုံအန်နဲ့ တောင်ကိုရီးယားသမ္မတတို့အကြား တိုက်ရိုက် ဖုန်းလိုင်းတစ်ခုကို တပ်ဆင်ခဲ့ပါတယ်။

    လက်နက်ကိုင်ခွင့်ကိစ္စအတွက် ကန်ကျောင်းသားများ ဆန္ဒထပ်ပြ
    =================
    လက်နက်ကိုင်ဆောင်ခွင့်ဥပဒေကို အစိုးရက ပြုပြင်ပြောင်းလဲမှု မရှိသေးတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံတစ်ဝှမ်းက ကျောင်းသားတွေဟာ မနေ့မနက်ပိုင်း ၁၀ နာရီတိတိအချိန်မှာ ကျောင်းခန်းတွေထဲကနေ အပြင်ကိုထွက်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ဖေဖော်ဝါရီလ ဖလော်ရီဒါ အထက်တန်းကျောင်းမှာ လူ ၁၇ ဦးသေဆုံးတဲ့ သေနတ်ပစ်မှုအပြီး ဒုတိယအကြိမ်မြောက် ကျောင်းခန်းအပြင်ထွက် ဆန္ဒပြမှု ဖြစ်ပါတယ်။

    နာမည်ကျော် ဆွီဒင်ဒီဂျေ အိုမန်တွင် သေဆုံး
    ===================
    ဂီတလောကမှာ Avicii လို့သိကြတဲ့ ဆွီဒင်က နာမည်ကျော် ဒီဂျေသမား တင်မ်ဘာလင်းကို အိုမန်မြို့တော် မူစကတ်က တိုက်ခန်းတစ်ခုမှာ မနေ့နေ့လယ်ပိုင်းက သေဆုံးလျက် တွေခဲ့ရပါတယ်။ အသက် ၂၈ နှစ်အရွယ်သာရှိသေးတဲ့ တင်မ်ဘာလင်းဟာ ဂီတထူးချွန်ဆု မြောက်များစွာ ရရှိထားသူ ဖြစ်ပါတယ်။ ဘာ့ကြောင့်သေဆုံးရလဲဆိုတာ မထုတ်ပြန်သေးပါဘူး။

    မသန့်ရှင်းသည့် တရုတ်ငါးသေတ္တာဗူးများကို မလေးနှင့် အင်ဒိုတို့ပိတ်
    ===============
    ဗူးထဲမှာ သန်ကောင်အသေတွေ တွေ့ခဲ့တာကြောင့် တရုတ်နိုင်ငံထုတ် ငါးသေတ္တာနှစ်မျိုးကို ဈေးကွက်ကနေ ပြန်သိမ်းဖို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ကြာသာပတေးနေ့မှာ အမိန့်ပေးခဲ့ပါတယ်။ Fujian Yongfa နဲ့ Dongshan Dongyi Foods ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ငါးသေတ္တာတွေဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံကလည်း ဒီပြဿနာကြောင့်ပဲ တရုတ်ထုတ် ငါးသေတ္တာ ၃ မျိုးကို ဈေးကွက်ကနေ ပြန်သိမ်းခဲ့ပါတယ်။

    Ref: CNA, Aljazeera

  • အကျိုးမရှိလျှင် ကင်ဂျုံအန်နှင့်ဆွေးနွေးမှုကို ဖျက်ပစ်မည်ဟု ထရမ့်ပြော

    အကျိုးမရှိလျှင် ကင်ဂျုံအန်နှင့်ဆွေးနွေးမှုကို ဖျက်ပစ်မည်ဟု ထရမ့်ပြော

    ဧပြီ ၁၉၊ ၂၀၁၈
    M-Media

    ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံနေသည့် ထရမ့်

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ဆွေးနွေးမည့် အစီအစဉ်အတွင် အကျိုးမဖြစ်ထွန်းဟု ယူဆပါက ဆွေးနွေးပွဲကို ဖျက်ပစ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်သည်။

    အမေရိကန်သို့ ရောက်ရှိနေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုဆွေးနွေးမှုအတွက် အကောင်းမြင်သည်ဟုလည်း ဆိုသည်။

    “မြွေမသေ တုတ်မကျိုး ရှိနေတာကို ကျွန်တော် ကြိုက်ပါတယ်။ အခုလည်း ဒီလိုအခြေအနေမျိုးပါ”

    မြောက်ကိုရီးယားအနေဖြင့် နျူအစီအစဉ်ကို စွန့်လွှတ်သည်အထိ အမြင့်ဆုံး ဆက်လက်ဖိအားပေးသွားမည်ဟုလည်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့သည်။

    ဂျပန်ဝန်ကြီးချုပ် အာဘေးက ဟန်ပြဆွေးနွေးပွဲအတွက် ကင်ဂျုံအန်ကို ဆုလာဘ်မပေးမိစေရန် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် အမေရိကန်တို့ကို တိုက်တွန်းခဲ့သည်။

    အမေရိကန် ထောက်လှမ်းရေးအကြီးအကဲ မိုက် ပွမ်ပီယိုမှာ အခုလအစောပိုင်းက မြောက်ကိုရီးယားသို့ သွားရောက်ကာ ကင်ဂျုံအန်နှင့် လျှို့ဝှက် တွေ့ဆုံခဲ့သည်ဆိုသည့် သတင်းကိုလည်း ထရမ့်က ယမန်နေ့တွင် အတည်ပြုခဲ့သည်။

    Ref: Aljazeera