News @ M-Media

Tag: USA

  • တပ်သားသစ်များကို ညှင်းပမ်းသည့် မရိန်းတပ်ဖွဲ့ဝင်တစ်ဦး ထောင်ဒဏ် ၁၀ နှစ် ကျ

    တပ်သားသစ်များကို ညှင်းပမ်းသည့် မရိန်းတပ်ဖွဲ့ဝင်တစ်ဦး ထောင်ဒဏ် ၁၀ နှစ် ကျ

    နိုဝင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    – မွတ်စလင် တပ်သားသစ် ၁၂ ယောက်ကျော်ကို ညှင်းပမ်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တပ်သားတစ်ယောက် သေဆုံးသည်အထိ ဖြစ်ခဲ့သည့် အမေရိကန်မရိန်းတပ်ဖွဲ့ နည်းပြဆရာတစ်ဦးမှာ သောကြာနေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

    တပ်ကြပ် ဂျိုးဆက်ပ် ဖလစ်ဆိုသူဖြစ်ပြီး တောင်ကာရိုလိုင်းနား စစ်စခန်းရှိ ပဲရစ်ကျွန်း လေ့ကျင့်မှုတွင် ထိုကဲ့သို့ မတော်မတရား ဆောင်ရွက်ခဲ့မှုအတွက် အပြစ်ရှိကြောင်း ကြာသာပတေးနေ့တွင် တရားရုံးက ဆုံးဖြတ်ခဲ့သည်။

    စစ်သားများဖြင့် ဖွဲ့စည်းထားသည့် ခုံရုံးက အီရန်စစ်ပြန် ဖလစ်မှာ တပ်သားသစ်များကို အလွန်အမင်းကျဆင်းနေသော မြူနှင်းများတွင် လေ့ကျင့်စေပြီး အကြမ်းဖက်သမားများဟု ကဲ့ရဲ့ခဲ့သည့် နည်းပြ ၆ ဦးအနက် အပြစ်အရှိဆုံးဟု ဆုံးဖြတ်ခဲ့သည်။

    တပ်သားသစ်များမှ နှစ်ဦးကို ဖလစ်တို့အဖွဲ့က စက်ရုံးသုံး အင်္ကျီအခြောက်ခံစက်ထဲသို့ အတင်းအကြပ်ဝင်ရောက်စေပြီး ၎င်းတို့၏ ကိုးကွယ်ယုံကြည်မှုကို မစွန့်လွှတ်သည့်အတွက် အခြောက်ခံစက်ဖြင့် အပူတိုက်ခဲ့သည်။

    အောက်တိုဘာလက သေဆုံးခဲ့သည့် တပ်သားတစ်ဦးဖြစ်သူ ဆစ်ဒစ်၏ မိသားစုက ယင်းနည်းပြဆရာများထံမှ နစ်နာကြေး ဒေါ်လာ သန်း ၁၀၀ ရလိုကြောင်း တရားစွဲဆိုခဲ့သည်။

    ၎င်း၏သားမှာ ၀ရံတာ၌ ရပ်နေစဉ် အထက်အရာရှိတစ်ဦး တံခါးတွန်းဖွင့်ဝင်လာပြီး တွန်းချခဲ့သောကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး နည်းပြဆရာများက ထိုသေဆုံးမှုမှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှုဟု ချေပပြောဆိုခဲ့သည်။

    ထောင်ဒဏ် ၁၀ နှစ် ချမှတ်မှုမှာ တရားလိုရှေ့နေများ တောင်းဆိုသည့် ၇ နှစ်ထက် ပိုမို များပြားနေပြီး စစ်တပ် လုပ်ထုံးလုပ်နည်းများအရ အယူခံဝင်နိုင်မည်ဖြစ်သည်။

    Ref: alarbiya

  • “ဒေါ်နယ်ထရန့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူ အရှုပ်အထွေး”

    “ဒေါ်နယ်ထရန့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူ အရှုပ်အထွေး”

    ဇန်နဝါရီ ၂၉ ၊ ၂၀၁၇
    M-Media
    မောင်ရဲဝင်း (တောင်ကြီး) ရေးသည်။

    အမေရိကန်သမ္မတအဖြစ် ကျမ်းကျိန်ပြီး (၅) ရက်မြောက်တဲ့နေ့မှာ ဒေါ်နယ်ထရန့်ဟာ မဲဆွယ်စည်းရုံးရေးကာလက ကြွေးကြော်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စကို စတင်ကိုင်တွယ်ဖို့ ခြေလှမ်းပြင်ခဲ့ပါတယ်။ လက်ရှိထွက်ပေါ်လာတဲ့အထဲမှာ သုံးသပ်ကြည့်ရင် ထင်သာမြင်သာတဲ့ အချက် (၅) ချက်ရှိပါတယ်။ ဒါတွေကတော့

    ၁) မက္ကဆီကိုနိုင်ငံနဲ့ နယ်စပ်ဒေသတလျောက်မှာ တံတိုင်းကြီးဆောက်မယ်၊

    ၂) တရားမဝင် ဝင်ရောက်နေထိုင်နေသူတွေကို ပြန်ပို့မယ်၊

    ၃) အီရတ်၊ ဆီးရီးယား၊ အီရန်၊ ဆူဒန်၊ ဆိုမာလီယာ၊ ယီမင် နဲ့ လစ်ဗျား၊နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ရက်ပေါင်း (၃၀) ဆိုင်းငံ့မယ်၊

    ၄) ကမ္ဘာအရပ်ရပ်မှာရှိ ဒုက္ခသည်တိုင်းကို ပြည်ဝင်ခွင့် ရက်ပေါင်း (၁၂၀) ရက် ဆိုင်းငံ့မယ်၊ ဆီးရီးယားဒုက္ခသည်တွေကို ရက် အကန့်အသတ်မဲ့ ဆိုင်းငံ့မယ်၊

    ၅) နှစ်စဉ်ဒုက္ခသည်အသစ် ငါးသောင်း သာလက်ခံမယ်၊ ဆိုတာတွေဖြစ်ပါတယ်။

    ဒီအချက် (၅) ချက်ထဲမှာ အချို့သောမြန်မာပြည်သားတွေနဲ့ စပ်ဆက်မှုရှိတာကတော့ အချက် (၄) နဲ့ (၅) ဖြစ်ပါတယ်။ မြန်မာပြည်က ဒုက္ခသည်တွေကို အမေရိကန်ကို ခေါ်ယူနေသေးတာကတကြောင်း၊ အမေရိကန်နိုင်ငံရောက်နေပြီးသူတွေနဲ့ မိသားစုပြန်စုံခွင့်မှုအရ ခေါ်ယူနေသေးတာကတကြောင်းဖြစ်လို့ အချက် (၄) နဲ့ (၅) ဟာ ဆက်စပ်မှုအရှိဆုံးလို့ယူဆနိုင်ပါတယ်။

    မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်မယ့်ကိစ္စဟာ လူတွေရဲ့မျက်စေ့ထဲမှာ တရုတ်နိုင်ငံက မဟာတံတိုင်းကြီးလို ကြီးကြီးမားမား ခိုင်ခိုင်ခံခံကြီးလို့ ထင်မှတ်နေကြပေမယ့် နှစ်နိုင်ငံအကြားအတားအဆီဖြစ်မယ့် ဘာလင်တံတိုင်းကြီးလို့ တံတိုင်းမျိုးကို ရည်ညွန်းနေကြတာပါ။ အရှည်ကိုလည်း အတိအကျ မသတ်မှတ်ရသေးပဲ ဒေါ်လာ ၁၀ ဘီလီယံ ကနေ ဘီလီယံ ၂၀ အကြားကုန်မယ်လို့ အမျိုးမျိုး ထင်ကြေးပေးနေကြတာပါ။ ဒေါ်နယ်ထရန့်ကတော့ ကုန်ကျစရိတ်ကို မက္ကဆီကိုနိုင်ငံက နည်းအမျိုးမျိုးနဲ့ရအောင်ယူမယ်လို့ ကြိမ်းမောင်းထားပါတယ်။

    မက္ကဆီကိုဘက်ကလည်း တံတိုင်းခတ်မယ်ဆိုတဲ့ အိုင်ဒီယာကို သဘောတူပေမယ့် သူတို့ဘက်က ငွေကုန်ခံပေးရမယ်ဆိုလို့ သူတို့သမ္မတ အိမ်ဖြူတော်လာမယ့် အစီအစဉ်ကို ဖျက်လိုက်တယ်။ သူတို့ဘက်က လူတွေဝင်တယ်၊ ပစ္စည်းတွေဈေးပေါပေါနဲ့ဝင်တယ်၊ မူးယစ်ဆေးဝါးတွေ ဝင်တယ် ဆိုပေမယ့် အမေရိကန်နိုင်ငံဘက်ကနေ လက်နက်တွေဝင်နေတာကိုတော့ တားဆီးချင်ပုံရတယ်။

    မက္ကဆီကိုဘက်ကတင်းမာမှုကို တုန့်ပြန်တဲ့မနေနဲ့ မက္ကဆီကိုဘက်ကလာတဲ့ ပစ္စည်းတွေကို အခွန် ၂၀% တိုးကောက်မယ်လို့ အိမ်ဖြူတော်က လေသံပစ်ကြည့်ပါသေးတယ်။ မက္ကဆီကို အလုပ်သမားတွေကိုပြန်ပို့မယ်၊ အဲ့ဒီကလာတဲ့ ပစ္စည်းတွေကို အခွန်တိုးကောက်မယ်ဆိုရင် အမေရိကန်နိုင်ငံအတွင်း စားသောက်ကုန်တွေက အဆမတန် ဈေးကြီးလာမှာဖြစ်ပါတယ်။

    အရှေ့အလယ်ပိုင်းက ပြည်ဝင်ခွင့်နဲ့ပတ်သက်ရင်တော့ ဒေါ်နယ်ထရန်ဟာ သူပေးထားတဲ့ကတိကို အဖြစ်သဘောလောက် လုပ်ပြတယ်လို့မြင်ကြပါတယ်။ မွတ်စလင်တွေအားလုံးကို ပြည်ဝင်ခွင့်ပိတ်မယ်ဆိုရင် သမ္မတမှာ အတိုက်အခံတွေ ပိုများလာပါလိမ့်မယ်။ မွတ်ဆလင်တွေဘက်က ရပ်တည်ပေးတဲ့ အမေရိကန်ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ဝေဖန်မှုက ပြင်းထန်လာမှာဖြစ်ပြီး မွတ်စလင်တွေနဲ့ တသားတည်းရှိတဲ့ အမေရိကန်ပြည်သူ အမြောက်အများရှိတယ်ဆိုတာ ပိုမိုပေါ်လွင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရှေ့အလယ်ပိုင်းက နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့နိုင်ငံတွေကို ရွေးပြီး ရက်ပေါင်း (၃၀) ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

    ဒေါ်နယ်ထရန့်အနေနဲ့ ဒုက္ခသည်တွေကို (၄) လပိတ်လိုက်တဲ့ အချက်ကြောင့်လည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရပြန်ပါတယ်။ အဆိုးဆုံးကတော့ စစ်ဖြစ်နေတဲ့ဒေသက ဆီးရီးယား ဒုက္ခသည်တွေကို ပိတ်လိုက်တဲ့ကိစ္စပါပဲ။ ဒုသမ္မတ မိုက်ပန်က အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးလုပ်ခဲ့စဉ်မှာ ဆီးရီးယား ဒုက္ခသည်တွေကို အင်ဒီယားနားပြည်နယ်ထဲ အခြေချခွင့်ကို တားမြစ်ခဲ့ပါတယ်။

    နိုင်ငံရေးအခြေအနေအရ ပြည်ဝင်ခွင်ပိတ်ပင်တဲ့ သာဓကတွေရှိခဲ့ဖူးပါတယ်။ ဥပမာ မြန်မာစစ်အစိုးရရဲ့ အတွင်းလူတွေကို ပြညိယ်ဝင်ခွင့်ပိတ်တာမျိုး၊ ဇင်ဘာဘွေ အစိုးရထောက်ခံသူတွေ၊ တာလီဘန်နဲ့ ဆက်နွယ်သူတွေ၊ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်တွေကို ပိတ်ပင်တာမျိုးတွေရှိခဲ့ဖူးပါတယ်။ သမ္မတ ကာတာ လက်ထက်က အီရန်နိုင်ငံသားတွေကို ဗီဇာပိတ်ခဲ့ဖူးတယ်။ သမ္မတ ရေဂန် လက်ထက်က ကျူးဘားနိုင်ငံသားတွေကို ဗီဇာပိတ်ခဲ့ဖူးတယ်။

    အဲ့ဒီအပြင် လူဝန်မှုကြီးကြပ်ရေးနဲ့ပတ်သက်တဲ့ လျောက်လွှာတွေမှာ ကွန်မြူနစ်ပါတီဝင်ဖူးလားတို့၊ နာဇီအဖွဲ့ဝင်ဖြစ်ဖူးလားတို့ ခုထိမေးတုန်းရှိသေးပါတယ်။ ဒါကြောင့် လူတစုကို အခြေအနေရပိတ်ပင်တာဟာ သမ္မတ ဘောင်မကျော်ဘူးလို့ ထောက်ခံသူတွေကဆိုကြပါတယ်။

    နောက်ဆုံးတချက်ကတော့ ဒုက္ခသည်တွေခေါ်တဲ့ အရေအတွက် လျော့ချတဲ့ကိစ္စပါ။ အိုဘားမား လက်ထက်က နှစ်စဉ် ဒုက္ခသည်ခေါ်ယူမှုနှုန်း တသိန်းတသောင်း (၁၁၀၀၀၀) ခွင့်ပြုထားခဲ့ပါတယ်။ အခု နှစ်စဉ် ငါးသောင်း (၅၀၀၀၀) အထိ ပဲခေါ်ယူခွင့်ပြုတယ်လို့ သက်မှတ်လိုက်ပါတယ်။ ဒါဟာ ၁၉၈၀ ဒုက္ခသည်ဆိုင်ရာအက်ဥပဒေ ပြဌာန်းပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း ဒုက္ခသည်ဝင်ခွင့် အနည်းဆုံးပါပဲ။ ဒီကိစ္စအပေါ်မှာလည်း ဒုက္ခသည်တွေကို ခေါ်ယူတဲ့ အဖွဲ့အစည်းတွေက အယူခံဝင်စာတွေ တင်နေကြပါပြီ။
    ဘာသာရေးအပေါ်အခြေခံတဲ့ ဖိနှိပ်မှုခံဒုက္ခသည်တွေကို ပထမဦးစားပေးစနစ်နဲ့ ခေါ်ယူသွားမယ်လို့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးထားတဲ့ အမိန့်လမ်းညွန်ချက်မှာပါရှိပါတယ်။

  • မောင်တော လူ့အခွင့်အရေး စွဲချက် ပွင့်လင်းမြင်သာ စစ်ဆေးဖို့ ကန်တိုက်တွန်း

    မောင်တော လူ့အခွင့်အရေး စွဲချက် ပွင့်လင်းမြင်သာ စစ်ဆေးဖို့ ကန်တိုက်တွန်း

    အောက်တိုဘာ ၂၉ ၊၂၀၁၆

    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။

    31210b2b-e193-4bf9-be60-f77d4bb67ff2_w987_r1_s
    ရခိုင်ပြည်နယ် မောင်တောဒေသက မီးလောင် ပျက်ဆီးသွားတဲ့ ကျေးရွာ။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)

    ရခိုင်ပြည်နယ် မောင်တောဒေသတွင်း လုံခြုံရေးတပ်ဖွဲ့တွေ ဆောင်ရွက်နေတဲ့ နယ်မြေရှင်းလင်းမှုတွေမှာ မူဆလင်အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပါတ်သက်ပြီး အမေရိကန် အစိုးရက စိုးရိမ်စိတ်ပူကြောင်း မြန်မာအစိုးရ ဝန်ကြီးတွေကို တိုက်ရိုက်ပြောဆိုနေ သလို ပွင့်ပွင့်လင်းလင်းနဲ့ တရားဥပဒေနဲ့ အညီဆောင်ရွက်ဖို့နဲ့ သေသေချာချာ စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဌာနက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်က လူ့အခွင့်ရေးချိုးဖေါက်မှုတွေ လုပ်နေတာအတွက် ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ အရေးယူဒဏ်ခတ်မှု အခြေနေနဲ့ ပါတ်သက်ပြီး မေးမြန်းချက်ကိုတော့ အရေးယူဒဏ်ခတ်မှုတွေ လျှော့ချပယ်ဖျက်တာနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ရေးတွေ တကယ်လုပ်မလုပ် ဆက်လက် စောင့်ကြည့်နေတာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

    သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကတော့ ရခိုင်ပြည်နယ်က အခြေနေမှန်ကို သိရဖို့ နိုင်ငံတကာအဖွဲ့တွေ ဝင်ရောက်ခွင့်ပြုဖို့နဲ့ သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောင်းဆိုထားတဲ့ အတိုင်းမြန်မာ အစိုးရက ဆောင်ရွက်နေ ကြောင်း VOA ကို ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စကို နိုင်ငံခြားရေးဌာနက ကိုင်တွယ်နေကြောင်းနဲ့ လူ့အခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီး ဖိအားပေးမှုတွေ စွပ်စွဲဝေဖန်မှုတွေ လုပ်လာနိုင်တာမို့ ဥပဒေနဲ့ အညီ သတိကြီးကြီးထားပြီး ဆောင်ရွက်နေကြောင်း လည်း ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကလည်း အခုချိန်အထိ မူစလင်ကျေးရွာတွေ ဆီက လူ့အခွင့်ရေး ချိုးဖေါက်မှုနဲ့ ပါတ်သက်ပြီး တိုင်ကြားလာတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

    ဒီကိစ္စနဲ့ ပါတ်သက်ပြီး သေသေချာချာ စုံစမ်းစစ်ဆေးဖို့ Amnesty International လူ့အခွင့်ရေးအဖွဲ့ကြီးကသာမက Human Rights Watch အဖွဲ့ကြီးကလည်း ဒီလိုစုံစမ်းစစ်ဆေးရာမှာ ကုလသမဂ္ဂကို ဖိတ်ခေါ်ဖို့ ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

  • ရုရှကို တပ်လှန့်ဖို့ နော်ဝေးတွင် အမေရိကန်စစ်သား ၃၃၀ တပ်စွဲမည်

    ရုရှကို တပ်လှန့်ဖို့ နော်ဝေးတွင် အမေရိကန်စစ်သား ၃၃၀ တပ်စွဲမည်

    အောက်တိုဘာ ၂၆ ၊ ၂၀၁၆
    M-Media
    norway
    အိမ်နီးချင်း ရုရှားကို တပ်လှန့်ရန်အတွက် နော်ဝေးနိုင်ငံတွင်  အမေရိကန် စစ်သား ၃၀၀ ကျော် တပ်စွဲထားမည်ဖြစ်ကြောင်း နော်ဝေး အစိုးရက တနင်္လာနေ့က ကြေညာခဲ့သည်။

    ရုရှားနယ်စပ်တစ်လျှောက် ကီလိုမီတာ ၁၀၀၀ တစ်ဝိုက်တွင် လှည့်လည်သွားလာရန် နေရာချထားမည့် အမေရိကန် မရိန်းတပ်သား ၃၃၀ ကို အလွန်အေးခဲလုနီးပါးဖြစ်နေသည့် အခြေအနေတွင် သင်တန်းပေးခြင်းများ၊ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နော်ဝေးကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

    နော်ဝေးသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံကြီးနှင့် ဆက်ဆံရေးကောင်းမွန်သော်ငြားလည်း ယူကရိန်းနှင့် ဆီးရီးယားစစ်ပွဲများကြောင့် ရုရှားနှင့် အနောက်အုပ်စုကြား တင်းမာမှုများ မြင့်တက်နေချိန်၌ ယခုလိုကြေညာချက်မျိုး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

    အမေရိကန်သည် နေတိုးမဟာမိတ် နော်ဝေးနိုင်ငံတွင် စစ်ဘက်လက်နက်ကိရိယာ အမြောက်အများကို အထူးသဖြင့် တောင်များအတွင် လှိုင်းခေါင်းများတူ၍ တပ်ဆင်နေရာချထားနှင့်ပြီးဖြစ်သည်။ သို့သော် မည်သည့်စစ်သားကိုမျှ ချထားခြင်းမရှိသေးပေ။

    “အမေရိကန်ရဲ့ အစီအစဉ်ကိုတော့ ကြိုဆိုပါတယ်။ နေတိုးမဟာမိတ်နိုင်ငံအတွင်း စစ်ရေးလေ့ကျင့်ခန်း၊ သင်တန်းဆင်းလုပ်ငန်းနဲ့ အပြန်အလှန်စစ်ဆင်ရေးလုပ်ငန်းတွေ တိုးမြင့်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့လည်း ကောင်းကောင်း ကိုက်ညီပါတယ်” ဟု နော်ဝေးကာကွယ်ရေးဝန်ကြီး အိုင်နီအဲရစ်ဆင်ဆိုရစ်ဒီက ထုတ်ပြန်ချက်တစ်ခုတွင် ပြောခဲ့သည်။

    Ref;  AFP/de

  • NSA အဆောက်အဦးသို့ လူနှစ်ယောက်က ကားဖြင့် အတင်းဝင်ရောက်မှု ဖြစ်ပွား

    NSA အဆောက်အဦးသို့ လူနှစ်ယောက်က ကားဖြင့် အတင်းဝင်ရောက်မှု ဖြစ်ပွား

    မတ် ၃၁၊ ၂၀၁၅
    M-Media

    74c43148b53e4835be4a7f3450926209_18

    – အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ NSA သို့ဝင်ရာ ဂိတ်ပေါက်ဝတွင် လူ ၂ ဦးမှာ ကားတစ်စီးကို အတင်းမောင်းနှင် ၀င်ရောက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကာ အခြားတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု အမေရိကန် အာဏာပိုင်များက ပြောကြားလိုက်သည်။

    မေရီလန်းပြည်နယ်ရှိ NSA အဆောက်အဦးတွင် ဒေသစံတော်ချိန် ယမန်နေ့ နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးမှာ ဂိတ်ပေါက်ဝသို့ အတင်း မောင်းနှင် ၀င်ရောက်လာသောကြောင့် တာဝန်ရှိသူများက ဟန့်တားခဲ့ကြပြီး သနေတ်ဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    အဆိုပါပစ်ခတ်မှုအတွင်း ကားမောင်းလာသူထဲမှ တစ်ဦး သေဆုံခဲ့ပြီး ၎င်းတို့၏ ကားထဲတွင် မူးယစ်ဆေးဝါးများနှင့် သေနတ်တစ်လက်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ကာကွယ်ရေးဌာနမှ အမည်မဖော်လိုသည့် အကြီးတန်းအရာရှိတစ်ဦးကမူ ကားမောင်းလာသူ ၂ ဦးမှာ အမျိုးသမီးကဲ့သို့ ၀တ်စားခဲ့ကြသည်ဟု AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    NSA ထဲသို့ ၀င်ရောက်ခဲ့သည့် အဆိုပါကားမှာ ယမန်နေ့နံနက်အစောပိုင်းက အနီးအနားရှိ ဟိုတယ်တစ်ခုမှ ခိုးယူလာခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မေရီ ဖီလန်က ပြောကြားခဲ့သည်။

    နောက်ပိုင်းတွင် FBI က အဆိုပါ အဖြစ်အပျက်မှာ အကြမ်းဖက်မှုနှင့် ဆက်စက်မှုမရှိဟု ယုံကြည်ရပြီး အခြေအနေကိုလည်း ထိန်းသိမ်းပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    NSA ၀င်းအတွင်းမှ အဆောက်အဦးတစ်ခုမှာ ယခုလအစောပိုင်းတွင် ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပတ်ခတ်မှုအတွင်း ထိခိုက်ပျက်ဆီးခဲ့ရပြီး ပစ်ခတ်မှုအတွက် သံသယရှိသူ ဟွန်ယန်းဆိုသူကို ရဲတပ်ဖွဲ့က မတ်လ ၃ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

    Ref: Aljazeera