News @ M-Media

Tag: Venezuela

  • ဗင်နီဇွဲလားတစ်နိုင်ငံလုံး ၂ ရက်ဆက်မီးပြတ်နေ၍ ကျောင်းများ၊ လုပ်ငန်းများ ပိတ်ထားရ

    ဗင်နီဇွဲလားတစ်နိုင်ငံလုံး ၂ ရက်ဆက်မီးပြတ်နေ၍ ကျောင်းများ၊ လုပ်ငန်းများ ပိတ်ထားရ

    မတ် ၈၊ ၂၀၁၉
    M-Media

    – ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ ဗင်နီဇွဲလားမှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဟာ ၂ ရက်တိုင်လာခဲ့ပြီး ကျောင်းတွေ အလုပ်တွေ အားလုံး ပိတ်ထားရပါတယ်။

    နိုင်ငံရဲ့ အကြီးဆုံး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှာ စက်ပိုင်းဆိုင်ရာ ပြဿနာကြောင့် မတ်လ ၇ ရက်နေ့ နေ့လည်ပိုင်းကတည်းက ဓာတ်အား ပြတ်တောက်သွားတာ ဖြစ်ပါတယ်။ အစိုးရကတော့ မီးပြတ်တာဟာ အယူအဆမတူသူတွေရဲ့ အဖျက်အမှောက်လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဗင်နီဇွဲလားနိုင်ငံ ဒေသတော်တော်များများမှာ လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်လေ့ရှိပေမယ့် အာဏာရ ဆိုရှယ်လစ်အစိုးရ လက်ထက်မှာ တစ်နိုင်ငံလုံး တစ်ရက်ထက်ပိုပြီး မီးမပြတ်ဖူးပါဘူး။ လက်ရှိမှာ နိုင်ငံတောင်ပိုင်း ပေါ်တိုအော်ဒက်ဇ် တစ်မြို့တည်းသာ ဓာတ်အား ရရှိတယ်လို့ ဆိုပါတယ်။

    မီးမလာတာကြောင့် ကျောင်းတွေ၊ အလုပ်တွေ ပိတ်ထားရသလို၊ ဓာတ်အားနဲ့သွားတဲ့ ရထားလည်း ပိတ်ထားရပါတယ်။

    ရာထူးကနေ ဆင်းပေးဖို့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုကို ခံနေရတဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုက နိုင်ငံရဲ့ ဓာတ်အားပြဿနာဟာ အမေရိကန်ကျော်ထောက်နောက်ခံပြုတဲ့ အဖျက်အမှောက်လုပ်ငန်းကြောင့် ဖြစ်တယ်လို့ တစ်စိုက်မတ်မတ် စွပ်စွဲပြောဆိုထားပါတယ်။

    အစိုးရဝေဖန်ရေးသမားတွေက ဆိုရှယ်လစ်ခေါင်းဆောင် ဟူဂိုချားဗက်ဇ်က ၂၀၀၇ ခုနှစ်မှာ လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းပြီးကတည်းက စွမ်းအင်ကဏ္ဍမှာ စိမံခန့်ခွဲမှု အမှားတွေ လုပ်ဆောင်ခဲ့ပြီး၊ ဓာတ်အားရရှိရေးအတွက် ဒေါ်လာဘီလီယံချီ အသုံးပြုခဲ့ပေမယ့် ခြစားမှုတွေကြောင့် ကုန်သွားခဲ့တယ်လို့ ဆိုပါတယ်။

    Ref: Reuters

  • အကူအညီပိတ်ဆို့မှုနှင့်အတူ ဗင်နီဇွဲလား နိုင်ငံရေးမတည်ငြိမ်မှု ပိုမိုပြင်းထန်လာ

    အကူအညီပိတ်ဆို့မှုနှင့်အတူ ဗင်နီဇွဲလား နိုင်ငံရေးမတည်ငြိမ်မှု ပိုမိုပြင်းထန်လာ

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
    M-Media

    ဆန္ဒပြနေသည့် ဗင်နီဇွဲလားပြည်သူတစ်ဦး

    – နိုင်ငံတကာက ပေးအပ်တဲ့ အကူအညီတွေကို သွားယူတဲ့ ပြည်သူတွေကို ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်မှုကြောင့် မနေ့က အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ပြီး၊ သမ္မတ မာဒူရိုနဲ့ အနောက်နိုင်ငံတွေအကြား တင်းမာမှုတွေကလည်း ပိုမို မြင့်တက်လာပါတယ်။

    ငွေကြေးဖောင်းပွမှု၊ စီးပွားရေးအကြပ်အတည်းတွေကြောင့် အတိဒုက္ခရောက်နေကြတဲ့ ဗင်နီဇွဲလားပြည်သူတွေအတွက် ကုလနဲ့ အနောက်နိုင်ငံတွေက အကူအညီတွေ ပေးပို့ထားပေမယ့် သမ္မတ မာဒူရိုက နယ်စပ်တွေကို ပိတ်ထားတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးကားတွေ ၀င်ရောက်နိုင်ခြင်း မရှိပါဘူး။

    မနေ့က နယ်စပ်မြို့ Santa Elena de Uairen မှာ ပြည်သူတစ်ချို့ဟာ နယ်စပ်ဖြတ်ကျော်ပြီး ဘရာဇီးလ်ဖက်မှာရောက်နေတဲ့ အကူအညီတွေကို သွားယူဖို့ ကြိုးစားရာမှာ ဗင်နီဇွဲလား စစ်သားတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပါတယ်။

    မိမိကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေငြာထားပြီး အနောက်နိုင်ငံတွေက ထောက်ခံထားတဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုင်ဒိုက နိုင်ငံအတွင်း သိန်းသန်းချီတဲ့ ပြည်သူတွေဟာ အကူအညီတွေ လိုအပ်တဲ့အတွက် ကိုလံဘီယာနဲ့ ဘရာဇီးလ်နယ်စပ်မှာ ရောက်နေတဲ့ စားနပ်ရိက္ခာကားတွေ နိုင်ငံအတွင်း ၀င်ရောက်ဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ မာဒူရိုက ဒီအကူအညီပေးရေးဟာ သူ့ကိုဖြုတ်ချဖို့အတွက် အမေရိကန်ရဲ့ လှည့်ကွက်ဖြစ်တယ်လို့ ပြောထားတာပါ။

    ဂွိုင်ဒိုက ဗင်နီဇွဲလားစစ်တပ်အနေနဲ့ သူ့ကို သစ္စာခံဖို့လည်း တိုက်တွန်းထားပါတယ်။ နယ်စပ်မှာချထားတဲ့ စစ်သားတွေထဲက ၆၀ ကျော်လောက် ဘက်ပြောင်းလာကြတယ်လို့ ကိုလံဘီယာအာဏာပိုင်တွေက ပြောကြားထားပြီး အများစုက အောက်ခြေစစ်သားတွေ ဖြစ်ပါတယ်။

    အကူအညီတွေကို ၀င်ရောက်ခွင့်မပေးတဲ့အတွက် ဗင်နီဇွဲလားပြည်သူတွေက နယ်စပ်မြို့တွေမှာ ဆန္ဒပြမှုတွေ ပြုလုပ်နေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်း ရှိနေပါတယ်။

    သမ္မတမာဒီရိုက ကိုလံဘီယာနိုင်ငံနဲ့ သံတမန်အဆက်အသွယ်ဖြတ်တောက်ကြောင်း စနေနေ့က ကြေငြာခဲ့ပြီး သံတမန်တွေ နိုင်ငံအတွင်းကနေ ချက်ခြင်းထွက်သွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

    မနေ့ညပိုင်း ထောက်ခံသူတွေကိုပြောကြားတဲ့မိန့်ခွန်းမှာ သမ္မတမာဒူရိုကို ဖြုတ်ချရေး နည်းလမ်းအားလုံးကို စဉ်စားထားကြောင်း တနင်္လာနေ့ ဘိုဂိုတာမှာ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်နဲ့ တွေ့ဆုံဖို့ရှိကြောင်း အတိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုင်ဒိုက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • သောကြာနေ့မနက် နိုင်ငံတကာ သတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာ သတင်းများ

    နိုဝင်ဘာ ၉၊ ၂၀၁၈
    M-Media

    ချိုဘီမြစ်အတွင်း ကျွဲများ ရေနစ်သေဆုံးမှု

    ဂျာနယ်လစ် ကာရှိုဂျီ၏ ရုပ်အလောင်းကို ဆော်ဒီတာဝန်ရှိသူများက အက်စစ်ဖျော ဖျောက်ဖျက်
    ================
    အောက်တိုဘာ ၂ ရက်နေ့က အစ္စတန်ဘူလ်မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီရဲ့ ရုပ်အလောင်းကို ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေက အပိုင်းပိုင်းတစ်ကာ အက်စစ်နဲ့စား ဖျောက်ဖျက်ပစ်လိုက်တယ်လို့ တူရကီရှေ့နေချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ဆော်ဒီကောင်စစ်ဝန်ရုံးရဲ့နေအိမ်၊ ရေဆိုးထုတ်ပိုက်လိုင်းနဲ့ ရေဆိုးမြောင်းတွေမှာ ဟိုက်ဒရိုဖလူအိုရစ်အက်စစ်နဲ့ အခြား ဓာတုပစ္စည်းအကြွင်းအကျန်တွေကိုလည်း တူရကီအာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။ ကောင်စစ်ဝန်ရုံးရဲ့အိမ်ကို တူရကီအာဏာပိုင်တွေက အောက်တိုဘာ ၁၆၊ ၁၇ ရက်နေ့တွေမှာ ၀င်ရောက် စစ်ဆေးခဲ့ပေမယ့် တစ်ချို့နေရာတွေကို ၀င်ကြည့်ခွင့် မရခဲ့ပါဘူး။ ကာရှိုဂျီအသတ်ခံရမှုကို ဆော်ဒီအစိုးရက ပထမပိုင်းမှာ ငြင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ၀န်ထမ်းတွေနဲ့ ထိုးကြကြိတ်ကြရင်း သေဆုံးသွားတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ရုရှားပြဿနာကိုင်တွယ်သည့် မူလာကို ထရမ့်က ထုတ်ပယ်ရန်ရှိဟု သတင်းထွက်
    ==================
    ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်မှု ရှိလားဆိုတာကို စုံစမ်းစစ်ဆေးနေတဲ့ အထူးကိုယ်စားလှယ် ရောဘတ်မူလာကို သမ္မတထရမ့်က ထုတ်ပယ်ဖို့ အကွက်ဆင်နေတယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ထောင်နဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဟာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ထရမ့်ဟာ ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်ကို ရာထူးကနေ ဗုဒ္ဓဟူးနေ့က ထုတ်ပယ်ခဲ့ပြီး သူ့ဖက်ကို ပိုပြီးယိမ်းတဲ့ အရာရှိချုပ် မက်သယူး ၀ှီတကာကို ယာယီရှေ့နေချုပ်အဖြစ် ခန့်အပ်ထားပါတယ်။ ဆက်ရှင်ဟာ ရုရှားပြဿနာမှာ ပါဝင်ခဲ့ပေမယ့် ရုန်းထွက်သွားခဲ့ပြီး ထရမ့်က ဒီကိစ္စကို မကျေနပ်တဲ့အတွက် ထုတ်ပယ်လိုက်တယ်လို့ ယူဆနေကြပါတယ်။ ထရမ့်ဟာ နောက်ပိုင်းမှာ ရောဘတ်မူလာကိုပါ ဖြုတ်ဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

    ဗင်နီဇွဲလားမှ ပတ်ဝန်းကျင်နိုင်ငံများသို့ ထွက်ပြေးရသူ ၃ သန်းအထိ ရှိလာ
    ==============
    စီးပွားရေးအခြေအနေ ဆိုးရွားမှု၊ အကြမ်းဖက်မှု၊ ငွေကြေးဖောင်းပွမှု၊ အစားအသောက် ဆေးဝါး ပြတ်လပ်မှုတွေကြောင့် ဗင်နီဇွဲလားနိုင်ငံကနေ ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၃ သန်းအထိ ရောက်လာပြီလို့ ကုလက သတိပေးခဲ့ပြီး လူ ၁၂ ယောက်မှာ ၁ ယောက်က ဒုက္ခသည်အဖြစ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ အဲဒီအထဲက ၂.၃ သန်းဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ထွက်ပြေးကြတာ ဖြစ်ပါတယ်။ ကိုလံဘီယာမှာ ဗင်နီဇွဲလားဒုက္ခသည် ၁ သန်းကျော်၊ အီကွေဒေါမှာ ၂ သိန်းကျော်၊ အာဂျင်တီးနားမှာ ၁ သိန်းကျော်၊ ချီလီမှာ ၁ သိန်းကျော်၊ ဘရာဇီးလ်မှာ ၈ သောင်းခွဲ အသီးသီး ရှိနေပါတယ်။

    နမီးဘီးယားနိုင်ငံတွင် ခြေင်္သေ့လိုက်၍ ထွက်ပြေးရာမှ ကျွဲ ၄၀၀ ရေနစ်သေ
    ==================
    အာဖရိကက ဘော့စ်ဝါနာနဲ့ နမီးဘီးယားနိုင်ငံကြားမှာရှိတဲ့ ချိုဘီမြစ်အတွင်းမှာ ကျွဲပေါင်း ၄၀၀ လောက် ရေနစ်သေဆုံးခဲ့ပြီး ခြသေ့င်္ ၃ ကောင်လိုက်လို့ ထွက်ပြေးရာကနေ ကျွဲတွေ အချင်းချင်းတိုးဝှေ့တာကြောင့် ဒီလိုသေဆုံးခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဖြစ်အပျက်အတွက် နှစ်နိုင်ငံစလုံးက အာဏာပိုင်တွေက စုံးစမ်းစစ်ဆေးမှု ပြုလုပ်နေပေမယ့် အရင်ကလည်း ဒါမျိုး ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ကျွဲတွေရဲ့အသားတွေကို ဒေသတွင်း ပြည်သူတွေကို လှူဒါန်းသွားဖို့ ရှိနေပါတယ်။

    Ref: Aljazeera

  • ဗင်နီဇွဲလား တရားရုံးချုပ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခံရသည်ဟု သမ္မတမာဒူရို ထုတ်ပြန်

    ဗင်နီဇွဲလား တရားရုံးချုပ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခံရသည်ဟု သမ္မတမာဒူရို ထုတ်ပြန်

    ဇွန် ၂၈၊ ၂၀၁၇
    M-Media

    မာဒူရိုအစိုးရအား ဆန့်ကျင်သူပုန်ထရန် တိုက်တွန်းနေသည့် ရဲတပ်ဖွဲ့မှ ရဟတ်ယာဉ်ပိုက်လော့ ပီရက်ဇ်

    – ဗင်နီဇွဲလားနိုင်ငံရှိ တရားရုံးချုပ်အဆောက်အဦးကို ရဲတပ်ဖွဲ့ရဟတ်ယာဉ်က ဗုံးကြဲရန် ကြိုးစားမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သမ္မတ နီကိုလက်စ် မာဒူရိုကမူ ထိုလုပ်ရပ်ကို ‘အကြမ်းဖက် တိုက်ခိုက်မှု’ ဟု ခေါ်ဆိုခဲ့ကာ ၎င်း၏ ဆိုရှယ်လစ်အစိုးရကို အတည်မငြိမ်ဖြစ်စေရန် ပူးပေါင်းကြံစည်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယမန်နေ့က နိုင်ငံပိုင်မီဒီယာမှနေ၍ မာဒူရို မိန့်ခွန်းပြောကြားနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပေါ်မှ လက်ပစ်ဗုံးနှစ်လုံး ပစ်ချခဲ့ကာ တစ်လုံးမှာ မပေါက်ကွဲခဲ့ဘဲ ဗင်နီဇွဲလား အထူးတပ်ဖွဲ့က အဆိုပါ ရဟတ်ယာဉ်ကို မောင်းထုတ်နိုင်ခဲ့သည်ဟုလည်း သမ္မတက ဆိုသည်။

    “ငြိမ်းချမ်းရေးကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးကို အသင့်ပြင်ခိုင်းထားပါတယ်”

    သို့သော်လည်း အတိုက်အခံများကမူ ထိုအဖြစ်အပျက်မှာ အကြောက်တရားပြန့်နှံစေရန်နှင့် အခြေခံဥပဒေ ပြန်လည်ရေးဆွဲရေး မာဒူရို၏ အစီအစဉ်အား ကန့်ကွက်ကြသူများကို နှိမ်နှင်းမှုမှာ တရားမျှတသယောင် ဖြစ်စေရန် သမ္မတကိုယ်တိုင်က ကြံစည်ခြင်းဖြစ်သည်ဟု ဆိုရှယ်မီဒီယာများမှတစ်ဆင့် စွပ်စွဲပြောကြားခဲ့သည်။

    ရဟတ်ယာဉ်ပေါ်မှ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုအတွက် မည်သည့် ထိခိုက်ဒဏ်ရာရရှိမှု သတင်းမှ ပေါ်ထွက်မလာသေးဘဲ၊ AP သတင်းဌာနမှ သတင်းထောက်ကမူ ရဟတ်ယာဉ်တစ်စင်းမှာ မြို့လယ်ကောင်တွင် ပျံဝဲနေကာ သေနတ်သံများလည်း ကြားရကြောင်း၊ သို့သော်လည်း အဆိုပါပစ်ခတ်မှုမှာ ရဟတ်ယာဉ်မှ ပြုလုပ်ခြင်းလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြောကြားခဲ့သည်။

    မာဒူရိုမှာ ပြည်သူများ၏ ဆန့်ကျင်ဆန္ဒပြမှုများ၊ အစိုးရအဖွဲ့အတွင်း ၎င်းနှင့် သဘောထားမတူများ၏ ပြစ်တင်ရှုတ်ချမှုများကို ပြီးခဲ့သည့်လများအတွင်း ဆက်တိုက် ရင်ဆိုင်ခဲ့ရသည်။

    အစိုးရဆန့်ကျင်ရေး ပိုစတာကို ချိတ်ဆွဲထားသည့် အပြာရောင် ရဟတ်ယာဉ်တစ်စင်း၏ ဓာတ်ပုံ၊ မာဒူရို၏ အာဏာရှင်အုပ်စုကို သူပုန်ထရန် ရဲတပ်ဖွဲ့ ရဟတ်ယာဉ်ပိုက်လော့ အော်စကာပီရက်ဇ်ဆိုသူက တိုက်တွန်းဆော်သြမှု ဗီဒီယိုတစ်ခုတို့မှာလည်း ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့နေသည်။

    Ref: Aljazeera